နှစ်သစ်ကူးဖို့ နီးကပ်လာပါပြီ။ ကူးပြောင်းတော့မယ့် ၂၀၁၃ ခုနှစ်အတွက် ကြိုတင်ဟောကိန်းတွေ သိနိုင်ဖို့ နာမည်ကျော် မြန်မာ နက္ခတ္တဗေဒ ပညာရှင်တဦးဖြစ်သူ ဆရာ စံဇာဏီဘိုကို ဧရာဝတီက တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်နှေးကွေးနေမှာ ဖြစ်ကြောင်း လာမည့်နှစ် ဂြိုလ်ခွင်တွေအရ ခန့်မှန်း ဟောကိန်း ထုတ် လိုက်ပါတယ်။ သို့ပေမယ့် ၂၀၁၄ ခုနှစ်ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာခြင်းနဲ့အတူ အဓိက အပြောင်းအလဲ မြင်တွေ့ရဖွယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်၊ နက္ခတ္တဗေဒ ပညာရှင်၊ ဗြိတိန်နိုင်ငံ ကင်းဗရစ်ချ် တက္ကသိုလ် International Biographical Centre က နက္ခတ္တဗေဒ နဲ့ လက္ခဏာ ပညာရပ်တို့ အတွက် ၁၉၉၇ ခုနှစ်ရဲ့ ကျော်ကြား ထင်ရှား နိုင်ငံတကာ လူသား ဆု (International Man of the Year) ကို ပေးအပ်ချီး မြှင့် ခံခဲ့ရသူ ဆရာ စံဇာဏီဘိုဟာ အကျဉ်းသားဘ၀ အမှတ်တရတွေ ပြန်လည် ပြောပြခဲ့သလို လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ( ၁၂ သုံးလုံးနေ့) မှာ ကမ္ဘာကြီး ဘာကြောင့် မပျက်စီးခဲ့ သလဲ ဆိုတာလည်း ဧရာဝတီနဲ့ ဆွေးနွေးဖြစ်ကြပါတယ်။
မေး။ ။ ၂၀၁၃ ခုနှစ်အတွက် ဆရာ့ရဲ့ ကြိုတင်ဟောကိန်းက ဘာတွေလဲ။
ဖြေ။ ။ ၂၀၁၂ ခုနှစ်လို ခပ်မြန်မြန် အပြောင်းအလဲ ဖြစ်မှာ မဟုတ်ဘူး။ ၂၀၁၂ ခုနှစ်မှာ အချိန်တို အတွင်း တော်တော် များများ ဖြစ်ပျက်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်မှာ တုံ့ပြန်မှုတွေအားလုံး အရှိန်ကျလာနိုင်ဖွယ် ရှိတယ်။ မျှော်လင့်ထားတာ တွေ အားလုံး ဖြစ်လာနိုင်ပြီး၊ ၂၀၁၂ ခုနှစ်တုန်းကလိုတော့ မျှော်လင့်မထားတာတွေ မဖြစ်လာနိုင်ပါဘူး။
ဇန်နဝါရီ ၄ ရက်နဲ့ ဖေဖော်ဝါရီ ၁၉ ကြား ကာလ၊ ဧပြီ ၂၆ နဲ့ မေ ၂ ကြား ကာလ၊ ဇူလိုင် ၂၄ နဲ့ သြဂုတ် ၂၆ ကြား ကာလ၊ အဲဒီကာလတွေမှာ နိုင်ငံရေး အပြောင်း အလဲတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဘယ်သူမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မှာ မဟုတ်သေးဘူး။ တချို့ ဥပဒေတွေ၊ နည်း ဥပဒေတွေ နည်းနည်း တိုးတက်မှု ရှိလာနိုင်မယ်။ ဒါပေမယ့် အဲဒီကာလ ၃ ခု အတွင်းသာပဲဖြစ်မယ်။ (ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေလည်း အငြင်းပွားဖွယ်ရာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲရေး အတွက် နည်းလမ်းရှာနေတယ်)
တိုင်းပြည် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်မလာနိုင်ဘူး။ ဒါပေမယ့် ဇန်နဝါရီနဲ့ မတ်လကြားမှာ အစိုးရ ဝန်ကြီးဌာန အကြီး အကဲပိုင်းတွေ အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် အမတ်တဦး အနေနဲ့ သာမက လုပ်ပိုင်ခွင့် အာဏာ ပိုရှိလာနိုင် တယ်။ ဒီအပြင် ၂၀၁၃ ခုနှစ်မှာ သူဟာ အရင်ထက်ပိုမြင့်တဲ့ နေရာတခုကို ရောက်နိုင်တယ်။ ဆိုလိုတာက ဒုတိယ သမ္မတ ရာထူးတာဝန်မျိုး လိုပေါ့။ ဒါပေမယ့် သမ္မတတော့ မဖြစ်နိုင် သေးပါဘူး။
လာမယ့်နှစ်ရဲ့ စီးပွားရေးနဲ့ ငွေကြေး ကိစ္စတွေဟာ အရမ်းကောင်းလာဖို့တော့ မရှိဘူး။ ဧပြီ၊ မေ လ တွေမှာ ကုန်သည် စီးပွားရေး သမားတွေအတွက် သိပ်ကောင်းတဲ့ ကာလတွေတော့မဟုတ်ဘူး။ ရာသီဥတုနဲ့ပတ်သက်လို့ မေလ၊ သြဂုတ်လ၊ နိုဝင်ဘာ လတွေမှာ ဂရုစိုက်ရမယ်။ အထူးသဖြင့် မြေငလျင်တို့ ရေကြီးတာတို့ ဆိုလိုတာက မြေဓာတ်နဲ့ ရေဓာတ်ဆိုတဲ့ သဘော၊ ဒါတွေက အဓိက ဒုက္ခပေးနိုင်တယ်။
မေး။ ။ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ အခြေအနေ ဘာတွေ ဖြစ်လာနိုင်မလဲ၊ နောက်နှစ်အတွက် ငြိမ်းချမ်းရေး ကိစ္စ အပေါ် ဆရာ့အနေနဲ့ ကြိုတင်ဟောကိန်းက ဘယ်လိုထုတ်လိုပါသလဲ။
ဖြေ။ ။ ၂၀၁၃ ခုနှစ်မှာ ငြိမ်းချမ်းရေး အလံဖြူ ဝှေ့ယမ်းဖို့ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ၂ ဖက်စလုံးက ငြိမ်းချမ်းရေး ဆိုတဲ့ စကားတွေ ပြောနေပေမယ့် စစ်လက်နက် ပစ္စည်းတွေ ဆက်ပြီး အသုံးပြုနေဦး မယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားလုံးဟာ စားပွဲဝိုင်း ပေါ်မှာတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် တကယ့် လက်တွေ့ကွင်းထဲမှာ မဖြစ်နိုင်ဘဲ သူတို့တွေ အပြန် အလှန်တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပါပဲ။ အဲဒီ အခြေအနေက ၂၀၁၃ ခုနှစ် တနှစ်လုံး ဆက်ဖြစ်နေလိမ့်မယ်။
မေး။ ။ ၂၀၁၂ ကို ဘာကြောင့် အပြောင်းအလဲတွေ အများကြီး ဖြစ်တဲ့နှစ်လို့ ဆိုလိုခဲ့တာလဲ။
ဖြေ။ ။ အင်္ဂါဂြိုဟ် နဲ့ ကြာသပတေး ဂြိုဟ်တွေရဲ့ အခြေအနေကြောင့် အကောင်းဘက်ကို ရွေ့လျားခဲ့ကြတာပါ။
မေး။ ။ ၂၀၁၃ ခုနှစ်ကျော်ရင်ရော ဘာတွေ ဖြစ်လာနိုင်လဲ၊ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာ နိုင်မလား။
ဖြေ။ ။ အဓိက အပြောင်းအလဲတွေက ၂၀၁၄ ခုနှစ်မှာ ဖြစ်လာနိုင်ဖွယ် ရှိတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ပေါ့။ ရွေးကောက်ပွဲ မတိုင်ခင်မှာ စစ်တပ်က အာဏာသိမ်းတာမျိုးလည်း ဖြစ်မလာနိုင်ဘူးလို့ ကျနော် မြင်တယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ကျော်ရင် အားလုံး ကောင်းသွားမယ်။ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေဟာ အလွန် ကောင်းလာမယ်။ ကျနော်တို့ နိုင်ငံရဲ့ အိပ်မက်တွေ အားလုံး အကောင်အထည် ဖော်နိုင်လာမယ်။ ၁၉၈၈ ခုနှစ်က အိပ်မက်အားလုံး တကယ်ဖြစ် လာမယ်။ ( အသံကျယ်ကျယ်ဖြင့် ရယ်လျှက်)
၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်ကျော်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်လာမယ်။ နောက်လာမယ့် ရွေးကောက် ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်လာနိုင်တယ်။ ဒါက ညွန့်ပေါင်း အစိုးရလည်းဖြစ်နိုင်သလို အဲဒီလိုမျိုး တခုခုလည်း ဖြစ်လာနိုင်တယ်။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူး တာဝန် ရလာနိုင်ဖွယ်ရှိတယ်။ ပြီးရင် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် သမ္မတအဖြစ် ရွေးချယ်ခံရနိုင်တယ်။
မေး။ ။ အကျဉ်းထောင်နဲ့ပတ်သက်လို့ အမှတ်တရလေး ပြောပြပေးနိုင်မလား။
ဖြေ။ ။ ဒီဇင်ဘာလ ၂၂ ရက်နေ့ကပဲ ထောင်နဲ့ ပုဒ်မ ၅ ည ဇာတ်လမ်းများဆိုတာ ထုတ်ဝေ ဖြန့်ချိခဲ့တယ်။ ဒီစာအုပ်က ကျနော့် အတွက်မဟုတ်ဘူး။ ရံပုံငွေ အတွက် ထုတ်ဝေတဲ့ စာအုပ်ပါ။ ရလာတဲ့ ငွေကြေးတွေကတော့ နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်ကို လှူဒါန်းမှာ ဖြစ်ပါတယ်။ စာအုပ်ထဲက ဇာတ်လမ်းတွေ အားလုံးက ရယ်စရာ မဂ္ဂဇင်းမှာ ဖော်ပြထား ပြီးသားပါ။
ကျနော်က ဟိုး ၁၉၇၀ ကျော် ကာလများကနေ ၁၉၈၀ ကျော်ကာလများအတွင်း ထောင်ထဲကို ၃ ခါ အပို့ခံ ရတယ်။ အဲဒီစာအုပ် ထဲက ဝတ္တုတို အားလုံးက ကျနော်နဲ့ အတူနေခဲ့ဖူးတဲ့ အကျဉ်းသားတွေ အကြောင်းပါပဲ။ ဒါကလည်း ရယ်စရာ စာအုပ် တအုပ် ဆိုလည်း ဟုတ်တယ်။ ပြီးတော့ ကျနော်တို့ အကျဉ်းထောင်ထဲရှိနေတုန်းကတောင်မှ ကျနော်တို့ရဲ့ ဟာသတွေကို အဆုံးရှုံး မခံခဲ့ကြတဲ့ အကြောင်းလည်း ပါတယ်ပေါ့။ ဒါကြောင့် ကျနော်က ရယ်စရာ ဝတ္တုတိုလေးတွေ အားလုံးကို ချရေးခဲ့တာ။
ကျနော်တို့မှာ အဲဒီတုန်းက ထိခိုက် ကြေကွဲမှုတွေလည်း ရှိခဲ့ကြတယ်။ ဒဏ်ရာတွေ၊ အနာတရတွေ၊ ဒုက္ခတွေ အများကြီး ရင်ဆိုင်ကြုံတွေ့ ခဲ့ရတယ်။ ကျနော့် မိတ်ဆွေတချို့ အသက် ဆုံးပါးခဲ့ကြတယ်။ ကျနော်တို့ အချင်းချင်း တယောက်ကို တယောက် အရွှန်းဖောက်ပြီး ရယ်စရာတွေ ပြောဖြစ်ကြတော့ တချို့ရက်တွေက သိပ်ကို ချိုမြိန်ဖွယ် နေ့တွေလို့ ပြောချင် တယ်။ ဒါမျိုးက လိုတယ်လေ။ ဒီလိုမှ ကျနော်တို့ မနေထိုင်ခဲ့ရင် ကျနော်တို့ သေရင်သေ ဒါမှမဟုတ် ရူးရင်လည်း ရူသွားနိုင် တယ်။ ဒါကြောင့်လည်း ကျနော်တို့ချင်း သိပ်ချစ်ကြတာ။ အဲဒီနေရာမှာ သေဖော်ရှင်ဖက် ရဲဘော်ရဲဘက် သွေးသောက်တွေ လေ။
မေး။ ။ နောက်ဆုံး မေးခွန်းတခုအနနဲ့ ကမ္ဘာပေါ်က နက္ခတ္တပညာရှင် တော်တော်များများက ၁၂ သုံးလုံး ပူးတဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ကို ကမ္ဘာပျက်မယ်လို့ ကြိုတင် ခန့်မှန်း ထားခဲ့ကြတာ ဘာကြောင့် မပျက်ခဲ့တာလဲ။
ဖြေ။ ။ အပြောင်းအလဲက အခု ဖြစ်နေပြီဘဲ။ ခေတ်သစ်က ပေါ်ထွက်လာနေတယ်လေ။ ဒါက ကမ္ဘာတခုလုံးပျက်ဆီးသွား တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဆိုလိုတာက ကမ္ဘာသစ်ပေါ်ထွန်းလာနေတယ်။ မြန်မာ ပြက္ခဒိန်ရဲ့ ခန့်မှန်းမှုတွေ အရဆိုရင် တကယ်တော့ ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကမ္ဘာသစ်တည်တယ်လေ။ ဒီကနေ့ပေါ့။
မေး။ ။ ဒီကနေ့လား၊ ဒါဆို ကျနော်က ကျက်သရေ ရှိတဲ့ ဒီနေ့မှ ဒီကို လာခဲ့တာပေါ့။
ဖြေ။ ။ ဟုတ်တယ်။ ကျတော်တို့ ခေတ်သစ် တခုထဲကို ချဉ်းနင်းဝင်ရောက်နေပြီဖြစ်တယ်။ အခု ဒီကနေ့ကနေ လ အနည်းအငယ်အတွင်း အဆိုးတွေ အားလုံးဟာ မှေးမှိန်ပျောက်ကွယ်လာမယ်။ အကောင်းတွေ ပေါ်ထွက်လာမယ်။
Suu Kyi President in 2014? Just Ask the Stars ကို ဆီလျော်အောင် ဘာသာပြန်သည်။