မြန်မာပြည်ရောက် AAPP နဲ့ တွေ့ဆုံမေးမြန်းခြင်း

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရသည့် ၁၁ နှစ် မြောက်နှစ်ပတ်လည်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP ကို ၂၀၀၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့အစည်းမှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် နှင့် ကိုတိတ်နိုင် တို့သည် မြန်မာနိုင်ငံသို့ ဆယ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်လာရောက် လေ့လာခဲ့ကြသည်။ AAPP ရဲ့ မြန်မာပြည် ခရီးစဉ်၊ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ၊ AAPP ရဲ့ မြန်မာပြည်တွင်းအတွက် လုပ်ဆောင်နေမှုများ၊ အစိုးရကို တိုက်တွန်းလိုသည့် အချက်များကို ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။    ။မြန်မာပြည်ကို ရောက်လာတဲ့အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။    ။ လောလောဆယ် အဓိက အကြောင်းရင်းကတော့ ကျနော်တို့တွေ နှစ်ရှည်လများ မြန်မာပြည်နဲ့ ကင်းကွာခဲ့တယ်။ အဲဒီလိုပဲ ကျနော်တို့ရဲ့ ရဲဘော်ရဲဖက်တွေကို နှစ်ရှည်လများ မတွေ့တာရယ်။ ပြီးတော့ အတွေ့အကြုံကွာတယ်၊ အဲဒီအချိန်မှာဆိုရင် အမြင်တွေ နည်းနည်းကွာဟတယ်။ အဲဒီဒါတွေကို တွေ့ဆုံဆွေးနွေးရင်းနဲ့ အမြင်တွေကို ဖလှယ်ကြမယ်။ နောက်ပြီးတော့ အနာဂတ်မှာ ဒီထက်ကောင်းမွန်တဲ့ ဆက်ဆံရေးလမ်းကြောင်းတွေကို တည်ဆောက်မယ်။ ပြီးရင် ဘယ်လိုလက်တွဲမယ်ဆိုတာ ဆွေးနွေးကြမယ်။ ဒါက အကြောင်းရင်း တချက်ပေါ့။ နောက်တချက်က နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျနော်တို့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အဖွဲ့အစည်း အသီးသီးနေပြီးတော့ နိုင်/ကျဉ်း ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ထွက်လာမယ်။ အဲဒါတွေကို ဆွေးနွေးမယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ ကျနော်တို့လာတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့  တွေ့ပြီးတော့ အချင်းချင်း ဘယ်လိုရိုင်းပင်းကူညီကြမယ်လဲ၊ ဘဝထူထောင်ရေးအတွက် ဘယ်လို နည်းလမ်းတွေကို ရှာဖွေကြမလဲ။ အဲဒါမျိုးတွေအတွက် မြန်မာနိုင်ငံကို လာရောက်ရခြင်း ဖြစ်ပါတယ်။

မေး။    ။မြန်မာပြည်ကို ပထမဆုံးအကြိမ် လာရောက်တဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။နိုင်ငံရေး အပိုင်းအရဆိုရင် အပေါ်ယံ ပြောင်းလဲမှုတွေရှိတယ်။ ဥပမာ – မီဒီယာတွေ တစုံတရာ လွတ်လပ်တာမျိုးကို တွေ့ရတယ်။ ပြည်တွင်းစစ်ကလည်း ဆက်ရှိနေတုန်းပဲ။ လူအခွင့်အရေး ချိုဖောက်မှုတွေကလည်း ဆက်ရှိနေပါတယ်။ ပြည်တွင်းစစ် ကချင်ပြည်နယ်မှာ ဆိုးဆိုးရွားရွားဖြစ်နေတယ်။ ရခိုင်ပြည်နယ်ဘက်မှာဆိုရင် အဓိကရုဏ်းအနေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတာရှိတယ်။ နောက်အဖမ်းအဆီးတွေ ဆက်ရှိနေတုန်းပဲ။ ရန်ကုန်မြို့ပေါ်မှာ တွေရော၊ ကချင်ပြည်နယ်မှာရော၊ ရခိုင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ်မှာလည်း ရှိတယ်။ ဖမ်းဆီးတွေကတော့ အရမ်းစိတ်ပျက်ဖွယ်ရာ ကောင်းတယ်။ နည်းနည်း အားတက်စရာကတော့ပြောရရင် မီဒီယာတွေ လွတ်လပ်လာတယ်။ ဒါကတော့ နည်းနည်းအားတက်တာပေါ့။ စိတ်ပျက်စရာကတော့ ပိုပြီးတော့ များနေတာမျိုး တွေ့နေရပါတယ်။

မေး။    ။ နိုင်ငံရေး အကျဉ်းသားတွေ ရန်ကုန်နဲ့ နယ်တွေမှာ ဘယ်ဟာက ပိုများပါသလဲ။

ဖြေ။    ။အခုနောက်ပိုင်းဆိုရင် နယ်တွေက ပိုများနေတယ်။ ကချင်ပြည်နယ်ထဲမှာဆိုရင် မနှစ်ကတည်းက ဖမ်းထားတာ အယောက် ၁၀၀ လောက်ရှိတယ်။ ရခိုင်ပြည်နယ်မှာ အဖမ်းဆီးခံထားတာ လူပေါင်း ၁ ထောင် ရှိပါတယ်။ ဒါက အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်အရ လူ ၁ ထောင်လောက်က။ ဒီလူတွေဘာကြောင့် ဖမ်းဆီးထားလဲဆိုတာ၊ လူတွေ အားလုံးက အပြစ်ရှိတယ်ဆိုတာ ကျနော်တို့က ခွဲခွဲခြားခြား မသိဘူး။ ထင်သာမြင်သာ မဖြစ်နေဘူး။ အစိုးရက တကယ်လို့ ဖမ်းတယ်ဆိုရင် လူတွေနာမည် ကြေညာသင့်တယ်။ ပြီးရင် ဘာကြောင့်ဖမ်းတယ်ဆိုတာ ကြေညာသင့်တယ်။ ဒီလူတွေကို နှိပ်စက်ညဉ်းပန်းမှုတွေမပြုလုပ်ဖို့ လိုတယ်။ တကယ်လို လုပ်ခဲ့မယ်ဆိုရင်လည်း ပြုလုပ်တဲ့သူတွေကို အရေးယူဖို့လိုတယ်။

မေး။    ။AAPP အနေနဲ့ အကျဉ်းဦးစီးဌာနနဲ့ တွေ့ဖို့ရှိပါသလား။

ဖြေ။    ။လောလောဆယ်တော့ မရှိသေးဘူး။ အကျဉ်းဦးစီးဌာနက ဆိုတာထက် ကျနော်တို့ ပြည်ထဲရေး ဝန်ကြီးနဲ့တွေ့ဖို့ ပြောထားပါတယ်။ အကျဉ်းဦးစီးဌာနက တွေ့မယ်ဆို တွေ့လို့ရတာပေါ့။ ဒါပေမယ့် ကျနော်တို့ အဓိက လာရတဲ့ အကြောင်းရင်းကတော့ ဒီဘက်ခြမ်းပါတာပေါ့။ ကျနော်တို့ အလုပ်လုပ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသား ဟောင်းတွေကို တွေ့ဖို့၊ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့၊ သဘောထားချင်း အမြင်ချင်း ဖလှယ်ဖို့။ ပိုပြီးတော့ အဓိကကျပါတယ်။ အခု ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိပါတယ်။ ပြီးတော့ ဒီအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဘာတွေက အဟန့်အတား ဖြစ်နေလဲဆိုတာကို ကျနော်တို့ ဆွေးနွေးညှိနှိုင်း အဖြေထုတ်ကြမယ်။ ပြီးတော့ နိုင်/ကျဉ်း ဟောင်းတွေ ဘဝပြန်လည် ထူထောင်ရေးကို ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဘယ်လို အထောက်အကူပြုတဲ့ လုပ်ငန်းမျိုးတွေ စပြီးလုပ်ကြမလဲ၊ ပူးပေါင်းပြီး လုပ်ကြမှာလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာပါ။ ဟိုနေ့ကဆိုရင် NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) နဲ့ တွေ့ခဲ့တယ်။ ကျနော်တို့ NLD အဖွဲ့နဲ့ AAPP ပေါင်းပြီးတော့ နိုင်/ကျဉ်း၊ အခုလွှတ် မြောက်လာတဲ့ နိုင်/ကျဉ်ဟောင်းတွေရဲ့ ပညာရေး၊ သူတို့ရဲ့ သားသမီးတွေရဲ့ ပညာရေးကို ကျနော်တို့ ညှိနှိုင်းကြမယ်။ ပူးပေါင်းပြီး အထောက်အကူပြုလုပ်ငန်းတွေ ဆွေးနွေးနေတာရှိပါတယ်။ တချို့ကို ကျနော်တို့ သဘောတူညီမှု ရထားတာ ရှိပါတယ်။ ကျနော်တို့ မကြာခင်မှာတော့ စပြီးတော့ ပူးတွဲလုပ်ငန်းလေး လုပ်ဖြစ်မယ်ထင်ပါတယ်။

မေး။    ။AAPPနဲ့ ပူးပေါင်းမယ့်အဖွဲ့အစည်းက ဘယ်ဟာတွေလဲ။

ဖြေ။    ။ကျနော်တို့ ပူးပေါင်းမယ့် အဖွဲ့အစည်းက ဘယ်လိုလဲ ဆိုတော့ ၈၈ ကျောင်းသားတွေရှိမယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့တွေရှိမယ်။ တချို့ပါတီတွေရှိမယ်ဆိုတော့ အဲ့ဒီအဖွဲ့အစည်းတွေ အားလုံးက ကျနော်တို့ ပူးပေါင်းဖို့ရှိပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသား ဖွင့်ဆိုချက်ကို တူညီတာတွေ ညှိနှိုင်းပြီး တသံတည်း ဖြစ်အောင် ကြိုးစားပါမယ်။ အဲဒီကမှတဆင့် သက်ဆိုင်ရာ အာဏာရပါတီနဲ့ သက်ဆိုင်ရာကို ကျနော်တို့ တင်ပြပါမယ်။ အခုအထိ အစိုးရဘက်ကလည်း နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက်ဆိုတာ မရှိသေးဘူး။ တရားဝင် သတ်မှတ်ပေးဖို့ အသိအမှတ်ပေးဖို့အတွက် တိုက်တွန်းသွားမှာပါ။ နိုင်/ကျဉ်းသားတွေဟာ ဒုက္ခနဲ့၊ တချို့ဆိုရင် ပတ်စ်ပို့မရဘူး။ အလုပ်မရဘူး။ အစိုးရကနေပြီးတော့ နှောက်ယှက်ဟန့်တားတာတွေ ရှင်းပေးရမယ်။ နိုင်/ကျဉ်းသားတွေက ထောင်ကနေ လွတ်လာပြီးရင် ဒု နိုင်ငံသား ဖြစ်သွားကြတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ ဒါကြောင့် နိုင်/ကျဉ်း ဟောင်းတွေကို လူ့အခွင့်အရေးတွေ ရလာအောင်ဆောင်ရွက်သွားမှာပါ။

မေး။    ။လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ အကျဉ်းသား ဘယ်နှယောက်လောက် ရှိသေးလဲ။

ဖြေ။    ။ ၂၂၃ ယောက်ပါ။ ဒါကထောင်ချပြီးပါပြီ။ ကချင်ပြည်နယ်မှာ အမှုရင်ဆိုင်နေရတဲ့ သူတွေ ရာနဲ့ချီရှိပါတယ်။ ရန်ကုန်တို့ လက်ပံတောင်းတောင်ကိစ္စတို့မှာ အမှုရင်ဆိုင်နေရတာ အယောက် ၆၀ ကျော်ရှိပါတယ်။ ခြုံပြောရရင် အားလုံး ၃၆၀ ကျော်လောက်တော့ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဖမ်းထားတဲ့ အယောက် တထောင်က စာရင်းအတိအကျနဲ့ ဘာကြောင့် ထောင်ကျလဲဆိုတာ အတိအကျ မသိတဲ့အတွက် ကျနော်တို့  စာရင်းမထည့်ထားပါဘူး။ တကယ်လို့ သိရရင် ဒီလူတွေ ကို နိုင်/ကျဉ်းသားအဖြစ် သတ်မှတ်မှာလား၊ မသတ်မှတ်ဘူးလား ဆိုတာ ဆက်လုပ်သွားမှာပါ။

မေး။    ။နိုင်ငံတကာမှာဆိုရင် ထောင်ထဲမှာရော နိုင်ငံရေး အကျဉ်းသားနဲ့ ပြစ်မှုအကျဉ်းသား တွေခွဲထားတာရော ရှိလား။

ဖြေ။    ။အခုချိန်ထိတော့ မရှိသေးဘူး။ သူတို့ ထောင်ထဲမှာတော့ သီးသန့် အကျဉ်းသားလို့ တော့ သတ်မှတ်ထားတယ်။ ဒါတောင် ကျနော်တို့ ရှာမတွေ့ခဲ့တဲ့ စကားလုံးပါ။ မြန်မာပြည်ရဲ့ အကျဉ်းထောင်ကိုလည်း ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ဥပမာ နိုင်ငံရေးကိစ္စတွေနဲ့ ဖမ်းရင် နိုင်ငံရေး ပုဒ်မကိုတပ်ပေးဖို့ လိုတယ်။ အစိုးရဆိုတာက အဖမ်းအဆီးတော့ ရှိနေတဲ့အခါမှာ ဂုဏ်သိက္ခာရှိရှိ လူတွေကို ဖမ်းဖို့လိုတယ်။ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံဖို့လိုတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းတဲ့အခါမှာ ထောင်ထဲမှာ တကယ်အဆင့်အတန်းတခုနဲ့ ထားဖို့လိုပါတယ်။ ဒါတွေက အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး မလွဲမသွေ လုပ်ရမယ်။ တချို့ဥပဒေတွေကို ဖယ်ဖျက်ရမှာတွေရှိတယ်။ ကျနော်တို့က ဥပဒေရေးဆွဲတဲ့သူတော့ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ ဥပဒေ အရ ကျွမ်းကျင်သူတွေနဲ့ ပတ်သတ်တဲ့ဟာတွေကိုလည်း ဆွေးနွေးသွားမယ်။ ဒါဟာ အကျဉ်ထောင်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ခေါင်းစဉ်အောက်ကနေ လုပ်ရပါမယ်။

မေး။    ။ မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်မှာ ဘယ်မြို့တွေကို သွားဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။    ။ရန်ကုန်မှာဆိုတော့ ရန်ကုန်နဲ့ နီးစပ်တဲ့သူတွေကတော့ လာပြီးတွေ့ကြမှာပေါ့။ နောက်ထပ် တောင်ကြီး၊ မန္တလေးတို့ဘက် သွားမယ်။ ပြည်ဘက်လည်း ရောက်ဖြစ်ရင်ရောက်မယ်။ ကျနော်တို့နဲ့တွေ့မယ့် အဖွဲ့အစည်းတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သတ်ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေနဲ့ တွေ့သွားမယ်။ နောက်တခါ နိုင်/ကျဉ်းသားဟောင်းတွေနဲ့ ပတ်သတ်တဲ့ ပညာရေးတွေကိုလည်း သွားရောက်လေ့လာ ကူညီဆောင်ရွက်ပေးပါမယ်။

မေး။    ။ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရော အစီအစဉ်ရှိပါသလား။

ဖြေ။    ။လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး နိုင်/ကျဉ်းတွေနဲ့ ပတ်သတ်တာတွေကို ဆွေးနွေးမယ်။ ကျနော်တို့ လုပ်ချင်တဲ့ကိစ္စကို ဖြစ်ချင်တဲ့ဆန္ဒတွေကို သူတို့ သဘောထားတွေနဲ့ စုစည်းပြီးတော့ အဖြေတခုထုတ်မယ်။ အဲဒီအဖြေကို သူတို့ကပဲ လွှတ်တော်ထဲ သယ်ဆောင်သွားမယ်လို့ ထင်ပါတယ်။

မေး။    ။ဒီမိုကရေစီ လမ်းစဉ်ပေါ် လျှောက်လှမ်းနေပြီဆိုတဲ့အခါ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်/ကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နေရာမှာ နည်းမှုကြောင့် AAPP အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ။    ။ကျနော်တို့ ဆန္ဒ၊ ကျနော်ပဲ ဖြစ်ချင်တာကို ပြောတာမဟုတ်ပါဘူး။ တတိုင်းပြည်လုံးအတွက် ဖြစ်သင့်တဲ့ ကိစ္စတခုကို ဆိုတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်းသက်သာခွင့်တို့ အဲဒီလိုမျိုး အလီလီ လုပ်နေတဲ့ကိစ္စက ကျနော်တို့ကို ရက်စက်နေတယ်လို့ ခံစားရတယ်။ ကျနော်တို့ ဖြစ်ချင်တာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပါ။ ဒါက နိုင်ငံရေးသမားတွေအားလုံး လွှတ်ပေးဖို့ကိစ္စတည်း မဟုတ်ပါဘူး။ ပြည်ပရောက်နေသူတွေကို ပြန်ပြီးကြိုဆိုတဲ့ ကိစ္စမျိုးတွေ၊ ပြန်လာဖို့ တိုက်တွန်းကိစ္စမျိုးတွေ၊ ဒီစစ်ဖြစ်နေတဲ့ကိစ္စတွေ၊ ပဋိပက္ခဖြစ်နေတဲ့အချိန်မျိုးမှာ ငြိမ်းချမ်းရေးကို ဖော်ဖို့ကိစ္စတွေ၊ အဲ့ဒါတွေက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို တရားဝင်  ကြေညာပြီးတော့ ခေါ်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ နောက်တခုက Black list ကိစ္စဆိုတာ အခုအစိုးရ လက်ထက်မှာ မရှိသင့်တော့ဘူး။ အခုချိန်အထိ အစိုးရက ပွင့်လင်းမြင်သာမှု မရှိတဲ့ကိစ္စပေါ့။ Black list က ဘာကြောင့် ထုတ်ရတယ် ဆိုတာကို ကြေညာရတယ်။ အခုလူတွေက ငါက Black list ဖြစ်နေလား၊ သူက Black list ဖြစ်နေလားဆိုတာ ဖြစ်နေကြတယ်။ ဗီဇာသွားလျှောက်တာ၊ ပတ်စ်ပို့ သွားလုပ်တာမှ သိရတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ Black list ထဲပါနေတာတို့ လုံးဝမဖြစ်သင့်ဘူး။ အစိုးရက လူတွေကို စာရင်းကောက်နေတာ မဟုတ်ဘဲ အမိန့်တခု ထုတ်နေတာနဲ့ တူနေပါတယ်။ အရင်အစိုးရတုန်းက ထုတ်ခဲ့တဲ့ Black lite စာရင်းကို အားလုံးဖျက်သိမ်းပေးဖို့ လိုပါတယ်။ တကယ်လို့ အစိုးရသစ်မှာ ထပ်ထုတ်မယ်ဆိုရင်လည်း နာမည်စာရင်း၊ ဓာတ်ပုံတွေ ကိုယ်ရေးရာဇဝင်တွေ၊ ပြီးတော့ ဘာကြောင့် ထုတ်ပြန်လဲဆိုတာ အတိအကျတော့ ထုတ်ပြန်သင့်ပါတယ်။ တခြားနိုင်ငံမှာလည်း အဲဒီလို ကြေညာပါတယ်။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမယ့် လူနည်းစုရှိတာပါ။ မြန်မာပြည်လို ထောင်နဲ့ချီ မရှိပါဘူး။ အဲ့လိုမျိုးပဲ မြန်မာပြည်အစိုးရ က ထင်သာမြင်သာ လုပ်ဖို့လို ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တကယ်ကောင်းမွန်တဲ့ အစိုးရဖြစ်ပါတယ်လို့ ကျနော်တို့ ယုံကြည်လို့မရဘူး။ တကယ်လို့ ယုံကြည်လို့ ရအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့လိုပါတယ်။ နိုင်/ကျဉ်းသားတွေ ချွင်းချက်မရှိ လွှတ်ဖို့လိုတယ်။ နိုင်/ကျဉ်းဟောင်းတွေအတွက် ကန့်သတ်ထားတဲ့ အရာအားလုံးကိုလည်း ဖြေလျှော့ဖို့လိုပါတယ်။ ပြည်တွင်းစစ်ကြီး ရပ်ဆိုင်းဖို့လိုပါတယ်။ ဒါတွေမလုပ်ဘဲနဲ့ မြန်မာနိုင်ငံ အနာဂတ်က သာယာနိုင်မှာ မဟုတ်ဘူး။

မေး။    ။နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဘဝပြန်လည်ထူထောင်ရေးပိုင်း ဆိုတဲ့အခါမှာဘယ်လို လုပ်ဆောင်သွားမှာပါလဲ။

ဖြေ။    ။လောလောဆယ်တော့ ကျန်းမာရေးကို ပြန်လည်ထူထောင်ဖို့ပါ။ ဒါကြောင့် ထောင်က ထွက်လာတဲ့၊ ၂၀၁၁-၂၀၁၂ မှာ ထွက်လာတဲ့ နိုင်/ကျဉ်းသားတွေကို ဆေးစစ်ဖို့ဆိုပြီးတော့ ဒေါ်လာ ၁၀၀ စီ ထောက်ပံ့ပါတယ်။ ပြီးတဲ့ အခါကျတော့ ဆရာဝန်ရဲ့ မှတ်ချက်အရ နှလုံးရောဂါဖြစ်နေတယ်၊ ဆေးကုဖို့လိုတယ်၊ ခွဲစိတ်ကုသဖို့လိုတယ်၊ အဲဒါမျိုး ဆိုရင် ကျနော်တို့က တတ်နိုင်သမျှ ခွဲစိတ်ပေးနိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးပါတယ်။ အဲဒီလိုပဲ ပညာရေးအရဆိုရင်လည်း ထောင်ကထွက်လာတဲ့ လူငယ်ကျောင်းသားတွေရှိမယ်။ အဲဒီကျောင်းသားတွေ ကျောင်းပြန်တက်ချင်တယ်ဆိုရင် တက်ခွင့်မရဘူး၊ အဝေးသင်ပဲ တက်လို့ရတယ်။ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေရင် ကျနော်တို့က ကျောင်းအပ်ဖို့ အကူအညီပေးပါတယ်။ အဲဒီလိုပဲ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုသား၊ သားသမီးတွေ တနှစ်လျှင် လူဦးရေ ၁၈၀ ယောက်တော့ ပညာသင်ထောက်ပံ့စရိတ် ပေးပါတယ်။ အဲဒီလို ကူညီပေးတာ ၅ နှစ်၊ ၆ နှစ်လောက် ရှိပါပြီ။

မေး။    ။ AAPP ကို ဘယ်အဖွဲ့အစည်းတွေက လာရောက်ကူညီကြသလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။    ။ အလှူရှင်တွေကတော့ အမေရိကန်အခြေစိုက် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ (NED)၊ Open Society, ထိုင်းနိုင်ငံအခြေစိုက် နော်ဝေသံရုံး၊ ထိုင်းနိုင်ငံအခြေစိုက် နယ်သာလန်သံရုံး ကနေလည်း ထောက်ပံ့ထားပါတယ်။

မေး။    ။ မြန်မာမှာရှိတဲ့ နိုင်/ကျဉ်းသားတွေကို ဘယ်လို ထောက်ပံ့နေပါသလဲ။

ဖြေ။    ။ ကျနော်တို့ လက်လှမ်းမှီသလောက်တော့ ထောက်ပံ့ပါတယ်။ နိုင်/ကျဉ်းတွေ လွတ်လာပြီဆိုရင် ကျနော်တို့ လက်လှမ်းမမှီရင်တောင်မှ စုံစမ်းပြီး အားလုံး ရနိုင်အောင် ကြိုးစားနေပါတယ်။ နိုင်/ကျဉ်းဟောင်းတွေက ဒီတစ်ခုတည်း လိုနေတာမဟုတ်ပါဘူး။ အကျဉ်းထောင်ထဲနေတုန်းက စစ်ကြောရေးကြောင့် နည်းမျိုးစုံနဲ့ ခံခဲ့ရတယ်။ အကျဉ်းထောင် ထဲမှာလည်း နှစ်ရှည်လများ နေလာတဲ့အတွက်ကြောင့် ညဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတာတွေ၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ကျနော်တို့ အများကြီးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေကို ပြန်လည်ကုစားပေးဖို့ ဆိုတာ စဉ်းစားပါတယ်။ တောင်အာဖရိက က ထုတ်တဲ့ “နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုများ လက်စွဲ” ဆိုတဲ့ အခန်းကဏ္ဍကို AAPP ကနေ ဘာသာပြန် ထုတ်ထားတာရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ပေါ်လာတဲ့နာကျင်မှုတွေ ဘယ်လို ဖြေဖျောက်မယ်ဆိုတာ သူတို့က အသေးစိတ် လေ့လာရေးထားပါတယ်။ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရရော အထောက်အကူပြုမယ့် လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ စဉ်းစားထားပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ AAPP အနေနဲ့ ဘာများထပ်ပြီး ပြောချင်ပါသလဲ။

ဖြေ။    ။ အဓိကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးအတွက် အားလုံး အလုပ်လုပ်နေကြတယ်။ နှစ်ဘက်စလုံးက အစိုးရဘက်ကရော အတိုက်အခံကရော အတိုက်အခံပါတီအနေနဲ့ကရော လူငယ်စုတွေကရော ကျနော်တို့ ဒီငြိမ်းချမ်းရေးအတွက် လုပ်နေကြတယ်။ အခုဟာက ယုံကြည်မှု တည်ဆောက်နေကြတဲ့ အချိန်မှာ တယောက်နဲ့ တယောက် တဖက်နဲ့တဖက် အသိအမှတ်ပြုမှု လေးစားမှုက အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ပဲ ကျနော်တို့က တခြားဘက်က မကြည့်ဘဲနဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေဘက်က ကြည့်မယ်ဆိုရင်တောင်မှ ကျနော်တို့ အစက ပြောခဲ့တဲ့အတိုင်း အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲဒီလို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီလူတွေကို အနှောင်အဖွဲ့ ကင်းမဲ့စွာ ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ရာဇဝတ်မှုလို့ သတ်ထားတဲ့ နိုင်/ကျဉ်း သမားတွေကိုလည်း ချေဖျက်ပေးဖို့ လိုပါတယ်။ အဲဒါတွေက တဦးနဲ့တဦး အသိအမှတ်ပြုတဲ့ကိစ္စလို့  ကျနော်မြင်ပါတယ်။ အဲဒါမှတဆင့် ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ အဲဒါမှ ကျနော်တို့ ဒီမိုကရေစီတည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စတွေ ဆက်သွားလို့ရမှာပါ။ ကျနော်တို့ ဆိုလိုချင်တာက နိုင်ငံရေး အကျဉ်းသားတွေကို အသိအမှတ်ပြုဖို့၊ ရာဇာဝတ်မှု သတ်မှတ်ထားရင်လည်း ချေဖျက်ပေးဖို့၊ ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပြောင်းလဲမှုဖြစ်စေတဲ့ ငြိမ်းချမ်းစွာ လွတ်လပ်စွာ ပါဝင်နိုင်အောင်လို့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးပြင်ပေးဖို့လည်း လိုပါတယ်။     ။

Loading