အမျိုးသားစိတ်ဝမ်းကွဲမှုနှင့် လူမျိုးရေး မုန်းတီးမှု ရှောင်ရှားပါ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

နေပြည်တော်နှင့် ရန်ကုန်တွင် ၂ ရက်ဆက်တိုက် ပြောကြားသွားသော သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများမှာ မြန်မာပြည်၏ အနာဂတ်စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့ အတွက် စိတ်အားတက်ကြွဖွယ် ကောင်းလှသော်လည်း ယင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မည့် အစိုးရ ဗျူရိုကရေစီ ယန္တရား၏ စွမ်းဆောင်နိုင်ရည်ကိုမူ သံသယရှိသည်။

ဇန်နဝါရီ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၌ သမ္မတ ဦးသိန်းစိန်က မြန်မာပြည်၏ လူမှု စီးပွားရေးဘဝ တိုးတက်ရေးအတွက် အစိုးရအနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးကို ကြိုးပမ်းနေကြောင်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး စနစ် ပြုပြင်ပြောင်းလဲမှုများ ကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတ၏ မိန့်ခွန်း၌ အခြေခံ လူမှု စီးပွားရေးဘဝ တိုးတက်ရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍတိုးမြှင့်ရေး၊ ကျေးလက်ဒေသ ကုန်ထုတ်လုပ်ငန်းနှင့် အိမ်တွင်း စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား ပုဂ္ဂလိက ငွေစုငွေချေးကိစ္စ၊ ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ပြည်သူလူထု၏ ဝင်ငွေ တိုးတက်ရေးတို့ အတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်မှာ အားတက်ဖွယ်ဖြစ်သည်။ ဇန်နဝါရီ ၂၀ ရက်နေ့က ရန်ကုန်တွင်ကျင်းပသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံ ရာတွင်လည်း သမ္မတက အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ လိုအပ်ချက်၊ တင်ပြချက်များကို အလေးထား ဆောင်ရွက်မည် ဖြစ်ကြောင်းပြောခဲ့သေးသည်။

စိတ်ဝင်စားဖွယ် အကောင်းဆုံးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် လုပ်ငန်းစဉ်များ ဖြစ်ထွန်းနေပြီ ဆိုသောကြောင့် တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးရေး၊ လူနေမှုဘဝများ တိုးတက်မြင့်မားရေး အပါအဝင်၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို အနာဂတ်တွင် ပိုမိုတိုးတက်လာရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရပါသည်။

သို့ရာတွင် ခိုင်မာသည့် နိုင်ငံရေး သဘောတူညီချက်များ မရသရွေ့ ထာဝရ ငြိမ်းချမ်းရေးနှင့် ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များမှာ သဲထဲ ရေသွန်သကဲ့သို့ ဖြစ်မည်။

သမ္မတက ဇန်နဝါရီ ၁၉၊ ၂၀ နှစ်ရက်လုံး ကေအိုင်အေ နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး KIA ၏ လိုင်ဇာဌာနချုပ်ကို အပြီးသတ် တိုက်ခိုက် သိမ်းယူမှု မပြု၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလိုလားသည်မှာ သံသယ ဖြစ်ဖွယ်မရှိဟုပင် ပြောဆိုခဲ့သော်လည်း တပ်မတော်၏ “မိမိ ကိုယ်ကိုယ် ခုခံကာကွယ်ရုံသာ” ဆိုသည့်အချက်ကို ဘဝင်မကျပေ။ လေကြောင်းပစ်ကူနှင့် အမြှောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် ခုခံစစ်ဖြစ်ကြောင်း ယုံကြည်ရန် ခက်ပေသည်။

တချိန်တည်းတွင် ကေအိုင်အေကလည်း အရပ်သားများကို မတိုက်ခိုက်ခြင်း၊ အရပ်သားများနှင့် နီးရာတွင် စစ်စခန်း မချခြင်းဖြင့် စစ်ပွဲကြောင့် အပစ်မဲ့ပြည်သူများ မထိခိုက်စေရေး အာမခံရမည်။ အရေးအကြီးဆုံးမှာ တိုက်ပွဲများ ပိုမို အရှိန်မြင့်လာသောကြောင့် ဒေသခံပြည်သူ တသိန်းခန့် တို့မှာ စစ်ပြေးဒုက္ခသည်များအဖြစ် အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းပင်။

စစ်ဆိုသည်မှာ မည်သည့် တစုံတယောက်အတွက်မျှ အကျိုးမရှိသည့်အပြင် တိုက်ပွဲတွင် ပါဝင်သူ နှစ်ဦးနှစ်ဘက် သေကြေပျက်စီးကြရ ရုံမျှမက မြေဇာပင်အဖြစ် ဒေသခံ ပြည်သူလူထုပါ ဒုက္ခနှင့် ရင်ဆိုင်ကြရသည်။ ထို့အပြင် စစ်အသုံးစရိတ် ဖြည့်တင်း ကြရသောကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး စသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် သုံးရမည့် ငွေများ လျော့ပါးကာ နောက်ဆုံး အချိန်ကုန်လူပမ်းရုံမက နိုင်ငံသားတို့၏ အသက်၊ သွေး၊ ချွေး တို့ ပျက်ဆီးဆုံးရှုံးကြရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ ရည်မှန်း ထားသကဲ့သို့ ကမ္ဘာ့အလယ်တွင် မြန်မာပြည်အား ဂုဏ်သိက္ခာရှိစွာ ခေါင်းမော့ စေချင်သည်ဆိုလျှင် ပြည်တွင်းစစ်ကို ချက်ချင်း ရပ်စဲရမည်။အပစ်အခတ် ရပ်စဲပြီးလျှင် နိုင်ငံရေးနည်းအရ အဖြေရှာရန်အတွက် နှစ်ဦးနှစ်ဘက် ယုံကြည်မှု တည်ဆောက်ရမည်။ အာဃာတများ ခဝါချကာ နှစ်ဘက်စလုံးက လက်ခံနိုင်မည့် အခြေခံကောင်းများ အုတ်မြစ်ချနိုင်ရေးအတွက် နည်းလမ်း ကောင်းများကို ရှာဖွေရ ပေလိမ့်မည်။

သို့ရာတွင် အပစ်မရပ်နိုင်ဘဲ ဆက်လက်တိုက်ခိုက်နေခြင်းသည် သမ္မတ ဦးသိန်းစိန်၏ အမိန့်ကို တပ်မတော်က မနာခံခြင်းလား၊ တပ်မတော်က သမ္မတကို အားပျော့သူအဖြစ် ပုံဖော်နေခြင်းလား သို့မဟုတ် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တပ်မတော် အရာရှိဘဝမှ လာသူ ဖြစ်သောကြောင့် ကချင်ပြည်နယ်အတွင်း စစ်တပ်က ထိုးစစ်ဆင်နေခြင်းအပေါ် အစိုးရနှင့် တပ်  သဘောထား တသားတည်းလား ဆိုသည့် မေးခွန်းများကလည်း မေးချင်စရာ ဖြစ်နေသည်။

တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းလိုလိုက အပစ်ရပ်ပြီး နိုင်ငံရေးအဖြေရှာမှု ဆက်လက် တွေ့ဆုံဆွေးနွေးရန် သဘောထားနိုင်နေချိန် တွင် ကေအိုင်အေ တဖွဲ့တည်း ကသာ အပစ်မရပ်ဘဲ နိုင်ငံရေးဆွေးနွေးမည်ဆိုသည်မှာ များစွာ သဘာဝ မကျလှပေ။

ကချင်စစ်ပွဲအား မရပ်စဲနိုင်ပါက နိုင်ငံသားတို့၏ အသက်၊ သွေးများ ထပ်မံ ပျက်ဆီးကြရမည်ဖြစ်ပြီး အမျိုးသား စိတ်ဝမ်းကွဲမှု၊ လူမျိုးရေး မုန်းတီးမှုတို့ကသာ ပိုမိုဆိုးရွားလာ မည်ဖြစ်ပြီး နိုင်ငံတော်သစ်ထူထောင်ရေး နှောင့်နှေးမည်ကို နှစ်ဘက်လက်နက်ကိုင်ခေါင်းဆောင်များ သတိတရား ရှေ့ထားပြီး သဘောပေါက် လက်ခံကြစေရန် တိုက်တွန်းရေးသား အပ်ပေသည်။

Loading