အခုတလော ကျနော်သည် အနည်းငယ် ဘဝင်မြင့်နေသလို ဖြစ်နေပါသည်။ ကျနော့် ဘောင်းဘီ အိတ်ထဲတွင် လက်ကိုင် ဖုန်း တလုံးထည့်ကာ လျှောက်သွားနေရသော် ကမ္ဘာကြီး တခုလုံး ကျနော့် ဘောင်းဘီအိတ်ထဲ ရောက်နေဘိ သကဲ့သို့ ထင်မြင် ခံစားနေရ၏။ အဘယ်ကြောင့် ဆိုသော် ကျနော့် လက်ကိုင်ဖုန်းသည် အင်တာနက် ချိတ်ဆက် ထားသောကြောင့် ဖြစ်လေသည်။
ကျနော် သိလိုသော အချက်အလက်များ၊ သတင်းများကို ကျနော်သည် ဘတ်စကားပေါ်မှာပင် ဖြစ်စေ၊ လက်ဘက်ရည်ဆိုင်မှာပင် ဖြစ်စေ (ဖုန်း အင်တာနက်ကို ဖွင့်လိုက်ခြင်းဖြင့်) ချက်ချင်းပင် သိနိုင်သောကြောင့် ဖြစ်လေသည်။ နေရာမရွေး၊ အချိန်မရွေး ကျနော်သည် ကမ္ဘာကြီးနှင့် အဆက်မပြတ်။ ကျနော့် ဆောင်းပါး အတော်များများကို အင်တာနက်မှ အချက်အလက်များ ရယူကာ ရေးခဲ့သည်။ ကိုယ် လိုချင်တာ ဂူဂဲလ် ရှာဖွေရေးထဲ အမည် ထည့်လိုက်ရုံပင်။
စာကြည့်တိုက် သွားကာ စာအုပ်ရှာရ၊ စာအုပ်လှန်ရ ဒုက္ခက ကင်းဝေးသွားပါသည်။ တခုတော့ ရှိပါသည်။ ကျနော့် အတွက် လတ်တလော အသုံးချရန် လိုအပ်သော အချက်အလက်များ ရှာဖွေဖို့သာ မက ကျနော်က တခြား သိစရာ ကြည့်စရာတွေကို ချော်တောငေါ့ကာ လျှောက်ကြည့်နေရာ (အွန်လိုင်းပေါ်မှာ ကြည့်စရာ၊ ဖတ်စရာတွေ ကလည်း အင်မတန် များတာကိုး) အချိန်ကုန်ရုံသာမက မျက်စဉ်းပါ ခပ်ရသော အခြေအနေသို့ပါ ရောက်ရှိ နေပါသည်။
ရက်ပိုင်းအတွင်း သိရသော သတင်းအရ ယခုနှစ် အတွင်း ဖုန်းဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုသူ အရေ အတွက်မှာ ၅ သိန်းကျော် ရှိသည်ဟု ဆိုလေသည်။ ဖုန်းနဲ့ အသုံးပြုရတာက ဆိုင်မှာ အသုံးပြုရတာထက် ပို၍ ကွန်နက်ရှင်း ကောင်းတာလဲ ပါမည်။ အင်တာနက်ဆိုင် အတော်များများ၏ ဝင်ငွေ လျော့ကျသွားကာ ဖုန်း မရှိသူများသာ အသုံးပြုကြ တော့သည်။ တခုတော့ ရှိသည်၊ ဖုန်းကတ်ဖိုးကတော့ ခဏခဏ ကုန်ပါသည်။
သက္ကရာဇ်တွေ ၂၁ ရာစု မပြောင်းခင် ၂၀ ရာစု နှောင်းပိုင်းကပင် ကမ္ဘာကြီးသည် အိုင်တီ (Information Technology) ခေတ်ကြီးထဲ ခြေစုံပစ် ရောက်ရှိနေခဲ့သည်။ အိုင်တီ နည်းပညာသည် ခေတ်သစ် လူ့အဖွဲ့အစည်းတွင် အရေးပါသော အဆင့်ကိုပင် ကျော်လွန်ကာ လူတိုင်းလူတိုင်း ဘယ်လိုမှ ရှောင်လွှဲမရသော အခြေအနေသို့ ဆိုက်ရောက်လာသည်။ မြန်မာ ပြည်ကလည်း ခြေလှမ်းကျဲကျဲနှင့် အမီလိုက်နေပါသည်။
မလိုက်လို့ မဖြစ်။ တကယ်လဲ အင်တာနက် (အွန်လိုင်း) အသုံးဝင်မှုသည် ခေတ်သစ် လူ့အဖွဲ့အစည်းမှာ အံ့မခန်းဖြစ်၍ နေသည်။ ကျန်းမာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး (ဘာသာရေး လည်း မလွတ်) ယဉ်ကျေးမှု အနုပညာပါ မကျန် အင်တာနက်ကို အသုံးပြုနိုင်ပါသည်။ အင်တာနက်တွင် ပေါင်မုန့်ဖုတ်နည်း က အစ နျူကလီးယားဗုံး လုပ်နည်း အထိ အလွယ်တကူ ရှာဖွေလို့ ရသည်။ ဂူဂဲလ်တွင် စုဆောင်းထားသည့် ဖတ်ရှုနိုင်သည့် စာအုပ်ပေါင်း ၇ သန်းကျော်ရှိသည်ဟု ဆိုသည်။ တကယ့်ကို မကုန်နိုင်တဲ့ ဘဏ္ဍာတိုက်ကြီး။
အဲဒါကို ကျနော်တို့ လက်တွေ့ ကျကျ အကျိုးရှိရှိ အသုံးချတတ်ဖို့ သိပ်လိုပါသည်။ မြန်ဂလိပ်ခေါ်သည့် အသံထွက် စာလုံးပေါင်းသည့် ခြေတပေါင်ကျိုး အင်္ဂလိပ်စာနှင့် ချက်တင်ဝင်ရင်း အချိန်ဖြုန်းနေတာတွေ လျှော့ဖို့ကောင်းကြပြီ။ အတော် များများ လူငယ်တွေက အွန်လိုင်းကို ဖူးစာရှင် ရှာတဲ့နေရာလို့ သဘောထားနေကြသည်။ နာမည်ကျော် မိုက်ခရိုဘလော့ဂ် တခုဖြစ်သည့် ဖေ့စ်ဘုတ် (Facebook) အသုံးပြုသူများမှာ ကမ္ဘာတဝှမ်း သန်းကိုးရာလောက် ရှိသည်။
မကြာခင်က ဘီဘီစီ (World Service) က နိုင်ငံပေါင်း ၁၉နိုင်ငံမှ အင်တာနက် သုံးစွဲသူ လူတသောင်းကျော်ကို စစ်တမ်းကောက်ယူ မေးမြန်း ကြည့်တဲ့ အခါ အင်တာနက်ဆိုတာ ချစ်သူရှာဖို့ အကောင်းဆုံး နေရာဟု ဖြေဆိုကြသည်ဟု ဆိုသည်။ အထူးသဖြင့် အာရှနိုင်ငံများက အများဆုံး ဖြစ်သည်။ (အိန္ဒိယက ၅၉ ရာခိုင်နှုန်း၊ ပါကစ္စတန်က ၆၀ ရာခိုင်နှုန်း) အိန္ဒိယတွင် လူငယ်များ မှာ မိဘအုပ်ထိန်းသူလက်အောက်မှာ နေထိုင်ကြရသဖြင့် လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားခွင့် မရဘဲ အင်တာနက် ကို အားကိုးနေကြပုံရ၏။ အနောက်နိုင်ငံများတွင် လူငယ်တိုင်း လွတ်လပ်စွာ ဒိတ် (Date) လုပ်ခွင့်ရှိသဖြင့် ဤ အယူအဆက မတွင်ကျယ်။ သြစတြေးလျမှာ စစ်တမ်းကောက်ကြည့်တော့ အမျိုးသမီး အများစုက အင်တာနက်ကနေ ချစ်ခွင့်ပန်တာ ကို သဘော မကျကြောင်း ထုတ်ဖော်ပြောကြသည်။ အင်တာနက်ကို အသုံးပြုကာ လူလိမ် လူလည်များက မသိနား မလည်သည့် မိန်းကလေးတွေကို လှည့်ဖြားဖျက်ဆီးနေသည့် သတင်းတွေလည်း မကြာခဏ ကြားသိနေရသည်။
မကြာသေးမီက သူ Facebook အသုံးမပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောလိုက်တော့ တချို့က အံအားသင့်ကုန်သည်။ သုံးသူတွေလည်း အချိန်ကုန်သလောက် အကျိုးရှိ မရှိ ပြန်ဆန်းစစ်သင့်သည်။ ကျနော်တို့ အင်မတန် အားကျတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ထွန်းကားရာ အမေရိကန်၏ လက်ရှိ သမ္မတ အိုဘားမားက သူ့ သမီး ၂ ယောက် (၁၃ နှစ်နှင့် ၁၁ နှစ်)ကို Facebook သုံးစွဲခွင့် ပိတ်ပင်ထားတယ်လို့ ကြေငြာလိုက်တော့ ထူးထူးခြားခြား ဖြစ်ကုန် သည်။
အိုဘားမားက သူ့သမီးတွေဟာ ငယ်ရွယ်သေးတယ်၊ ကျောင်းစာ အပါအဝင် သူတို့ လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ဖို့ အတွက် မိတ်ဆွေအပေါင်းအသင်း များများမလိုဘူးလို့ အကြောင်းပြသည်။ လူ တယောက်ဟာ သူ့ဘဝမှာ ရင်ချင်းအပ် ကျောချင်းကပ်နိုင်တဲ့ ကိုယ်ထိလက်ရောက် ပေါင်းသင်း နိုင်မယ့် မိတ်ဆွေ ဆိုတာ လူသုံးဆယ်ထက် ပို မရှိနိုင်ဘူးလို့ စစ်တမ်း တခုက ဆိုလေသည်။ ဝေမှူးသွင်က ဖေ့စ်ဘုတ်ပေါ်မှာ သူ့ အဆက်အသွယ် ၇၀၀၀ ကျော်ရှိသည်ဟု ပြောဖူးသည်။
ကမ္ဘာကျော် ဆယ်လဘရတီတချို့ကလည်း သူတို့ ဖေ့စ်ဘုတ် မသုံးကြောင်း ပြောဖူးသည်။ ဂျိုလီနှင့် ဘရက်ပစ်တို့ စုံတွဲ ကလည်း သူတို့ကလေးတွေ (မွေးစားတာတွေရော၊ ကိုယ်တိုင်မွေးတာရော အားလုံးပေါင်း ၆ ယောက်) အင်တာနက်တွင် သူတို့ နာမည် ရှာမရအောင် ပိတ်ထားသည်ဟု ဆိုသည်။ တချို့က ဖေ့စ်ဘုတ်သာ မဟုတ်၊ အင်တာနက်ပါ မသုံးဟု ပြောကြ၏။
ဘာပဲ ဖြစ်ဖြစ် နည်းပညာခေတ်ကြီးထဲတွင် နည်းပညာနှင့် ကင်းကွာနေတာတော့ မကောင်း။ သို့သော် တန်ဆေး လွန်ဘေး ဆိုတာလဲ ဂရုပြုဖို့ ကောင်းနေပြန်သည်။ ဘယ်ကိစ္စမျိုး မဆို ဘေးထွက် ဆိုးကျိုးဆိုတာ ရှိသည်။ အချိန်ပြည့် အင်တာနက် သုံးစွဲနေသူတွေမှာ အထိုင်များတဲ့အတွက် အညောင်းမိသည်။ ထိုင်ရင်း အချိုရည်တွေ သောက်၊ အလွယ်ရ အစားအစာတွေ စား၊ သွားရေစာလောက်နဲ့ပဲ တင်းတိမ်သဖြင့် ကျန်းမာရေး ထိခိုက်လာမည်။ အာဟာရ ပြည့်ဝသော ပုံမှန် အစားအသောက် နှင့် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု လိုအပ်သည်။ ကျန်းမာရေး သာမက ပတ်ဝန်းကျင်နှင့် အဆက်ပြတ်ပြီး လူမှုဆက်ဆံရေးလည်း ချို့ယွင်းလာမည်။ တကယ့် ကမ္ဘာနှင့် အဆက်ပြတ်လာမည်။ မျက်စိ အပါအဝင် အာရုံကြောတွေ ထိခိုက်လာမည်။ စာဖတ်စွမ်းရည်၊ စာရေးစွမ်းရည် အပါအဝင် တခြား စွမ်းရည်တွေ ကျဆင်းလာမည်။ ဒါကြောင့် အင်တာနက်ကို အသုံးမပြုသူ ဖြစ်ပါက မြန်မြန်အသုံးပြုရန် တိုက်တွန်းရင်း ချင့်ချိန် အသုံးပြုရန်လည်း တဆက်တည်း သတိပေးလိုက်ရပါသည်။
(သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေး ဆရာ တဦးဖြစ်သည်။)