ဘာကို ဘယ်လို ရေးကြမလဲ

သစ္စာနီ

This article has been converted from Zawgyi One to Unicode

ဇန်နဝါရီ ၂၇ က သတင်းမီဒီယာ ကျင့်ဝတ် ပုံနှိပ်နှင့်မီဒီယာ ဥပဒေမူကြမ်း အလုပ်ရုံဆွေးနွေးပွဲ တခုကို စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ဦးဆောင် ကျင်းပခဲ့သည်။ ယင်း ကောင်စီမှ ရေးဆွဲ ထုတ်ပြန်ထားသည့် မူကြမ်း ကို တက်ရောက်လာသူ တချို့က ဆွေးနွေးသည်။ ၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းက ဒီမိုကရေစီကို ယိမ်းညွတ်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြရာတွင် နှစ် ၅၀ ကျော် မြန်မာ့စာပေ လောက၏ နာတာရှည် ရောဂါသဖွယ်ဖြစ်သော “စာပေ လွတ်လပ်ခွင့်” ကိစ္စလည်း တနွယ်ငင် တစင်ပါ၍ လာသည်။

ယနေ့ခေတ်ကို Information Age သတင်းခေတ်ဟု ခေါ်နေကြသည်။ လူတိုင်းပင် နေ့စဉ် အာဟာရ စားသုံးနေသကဲ့သို့ သတင်းကို စားသုံးနေရသည်။ လူ့အဖွဲ့အစည်းတွင် သတင်းနှင့် ကင်းလွတ်သော အချိန်၊ သတင်းနှင့် ကင်းလွတ်သော နေရာ၊ သတင်းနှင့် ကင်းလွတ်သောလူ ဟူ၍ မရှိသည်မှာ ကြာပြီ။

ပုံနှိပ်နှင့် ရုပ်သံလွှင့် မီဒီယာများ မပေါ်ထွန်းခင်က (မြန်မာဘုရင်များ လက်ထက်တွင်) လူအများ သိစေလိုသော သတင်းကို မြို့ပြင်လေးရပ်၌ မောင်းကြေးနင်းခတ်စေခြင်းဖြင့် အသိပေးကြသည်။ မောင်းသံကြားလျှင်၊ “တိုင်းသူပြည်သား လူအများတို့လေး” ဟူသော အသံကြားလျှင် လူအများ စုဝေးလာရောက်ကာ နားထောင်ကြသည်။ လက်လှမ်း မမီနိုင်သော နေရာမှ လူများသည်လည်း တဆင့် စကား တဆင့်နားဖြင့် “သတင်း”ကို သိကြရသည်။ ထို့ကြောင့် “ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင်” ဟူသော စကား ခေတ်စားခဲ့၏။

ယခု Multi-media ခေါ် စွယ်စုံမီဒီယာခေတ် ရောက်လာသောအခါ သတင်းကို မမြင်ရ၊ မကြားရ၊ မဖတ်ရလျှင် မနေနိုင် သော လူတွေ ဖြစ်၍ လာသည်။ သို့သော် ကမ္ဘာပေါ်တွင် ကဏ္ဍပေါင်းစုံမှ သတင်း အချက်အလက်များသည် မီဒီယာ ပေါင်းစုံမှ အဆက်မပြတ် အလျဉ်မပြတ် အရှိန်အဟုန်ဖြင့် စီးဆင်းနေကြရာ လူတိုင်းသည် သတင်းတိုင်းကို သိရှိနိုင်ရန် မဖြစ်နိုင်တော့။ သတင်းတွေက အလျှံအပယ် ဖြစ်နေလေရာ ကိုယ်နှင့် သဟဇာတဖြစ်မည့် သတင်း အချက်အလက်ကို ရွေးချယ်လာကြသည်။

ယနေ့ မြန်မာနိုင်ငံတွင် ဂျာနယ်များ ၂၀၀ နီးပါး ထုတ်ဝေလျှက်ရှိရာ၊ အားကစား၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဈေးကွက်၊ အိုင်တီနည်းပညာ၊ သတင်း၊ ဘာသာရေး၊ ဂမ္ဘီရ စသည်ဖြင့် လိုင်းပေါင်းစုံ၊ ထောင့်ပေါင်းစုံ စုံစေ့စွာ ဖြစ်ထွန်းနေသည်ကို မြင်တွေ့နိုင်ပါသည်။ လူတွေက ကိုယ် လိုသော သတင်းကို အသင့်ယူငင် သုံးစွဲရုံပင်။

သို့သော် သံကန့်လန့်ကာ နိုင်ငံများဟု တခေတ်က ခေါ်သော တပါတီ အာဏာရှင် စနစ်ကြီးစိုး လွမ်းမိုးသည့် နိုင်ငံများတွင် သက်ဆိုင်ရာ အာဏာပိုင်တို့က သတင်း ဖြတ်တောက်မှု (ဆင်ဆာ)လုပ်လာတာ တွေ့ရသည်။ မြန်မာနိုင်ငံသည် တချိန်က (ပါလီမန်ဒီမိုကရေစီ အစိုးရခေတ်) အာရှတွင် စာပေလွတ်လပ်ခွင့် အပြည့်အဝရှိသော နိုင်ငံ ဟု သတင်းမွှေးခဲ့သည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးသည်မှ စ၍ ၂၀၁၁ အစိုးရ မတက်မီ အထိ “စာနယ်ဇင်းလောက အမှောင်ခေတ်” ဟု ခေါ်နိုင်သော အနှစ်၅၀ ကို စာပေလောကသားတို့ အံခဲကာ မာန်ဇွဲဖြင့် ချီတက်ခဲ့ကြရသည်။

Media ဆိုသည့် ဝေါဟာရ၏ အဓိပ္ပါယ်မှာ လူထုဆက်သွယ်ရေး၊ လူထုပြန့်ပွားရေးပင် ဖြစ်သည်။ မီဒီယာကို ဖြတ်တောက် ပိတ်ပင်ခြင်းမှာ လူထု၏ နား မျက်စေ့ ပါးစပ်တို့ကို ပိတ်ပင်ခြင်းဖြစ်သည်။ ပုဂ္ဂလိက သတင်းစာများ မှိုလို ပေါက်နေသော ဖ.ဆ.ဖ.လ ခေတ်က စာနယ်ဇင်းတို့ သည် စတုတ္ထမဏ္ဍိုင် စစ်စစ်ဖြစ်ကာ မည်သူ့မျက်နှာကိုမှ မထောက်ဘဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုပင် ပွင့်လင်းစွာ ဝေဖန်ရေးသား ခဲ့ကြသည်။ ဦးနုလို ဝန်ကြီးချုပ်ကို လှောင်ပြောင် သရော်သည့် “မင်းသား ကိုကြီးကောင်း” (ရန်ကုန်ဘဆွေရေးသည်) လို စာအုပ်မျိုးပင် ထုတ်ဝေခွင့်ရခဲ့ သည်။

တခုတော့ ရှိသည်၊ ထိုခေတ်ကလည်း အစိုးရဘက်မှ လွန်ကျွံသည်ဟု ယူဆသော အရာများအတွက် အရေးယူမှု တချို့ ရှိခဲ့သည်။ ၁၉၅၂ တွင် ဗန်းမော်တင်အောင်သည် ပြည်တော်သာ ခင်ခင်ဦး၊ သူပုန်ကြီး စသော ဝတ္ထုများကို ရေးသားမှုဖြင့်  ဖမ်းဆီးခံရကာ ထောင် ၇ နှစ် ကျခဲ့သည်။ ဆရာ အောင်လင်း၊ ဆရာ မြသန်းတင့်၊ ဆရာ သခင်မြသန်း တို့ကဲ့သို့သော လက်ဝဲယိမ်း စာရေးဆရာများ သည်လည်း နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြုကာ ဖမ်းဆီးခြင်းများလည်း ရှိသည်။ လိင်ကိစ္စကို အလွန်အကျွံအသားပေး ဖော်ပြသည်ဟု ယူဆသော စာအုပ်များ ပိတ်ပင်ခံရသည်များလည်း ရှိသည်။ ပုဂ္ဂိုလ်ရေး အသရေဖျက်မှုနှင့် စာရေးဆရာကို တရားစွဲမှုမျိုး သိပ်မတွေ့ရ။ သတင်းစာ ဂျာနယ်များ တရားစွဲခံရသည်များတော့ ရှိသည်။

၁၉၆၂ ခုနှစ်၊ တော်လှန်ရေး ကောင်စီ အစိုးရတက်လာပြီး နောက်ပိုင်းတွင် တားဆီးပိတ်ပင်ခံရသော စာအုပ်များ ရှိလာ သည်။ နန္ဒာပုလဲသွယ် (တက္ကသိုလ် နန္ဒမိတ်)၊ ရွှေဝါပြည် (ရန်ကုန်ဘဆွေ)၊ ပြိုမှာလေလား မိုးရဲ့ (အောင်ပြည့်) စသည်ဖြင့်။ ထိုစာအုပ်များမှာ “ထုတ်တင်”ခေတ်က ဖြစ်သည်။ “တင်ထုတ်” ခေတ် ရောက်သောအခါ ထုတ်ဝေရန် တင်ပြစဉ်ကပင် ပိတ်လိုက်ကြသဖြင့် စာအုပ်အဆင့် ရောက်မလာကြတော့။ မဂ္ဂဇင်း ဂျာနယ်များတွင် ပါဝင်သော ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ကဗျာ စသည်တို့မှာမူ ဖြတ်တောက်ခံခဲ့ကြရသည်။

တခေတ်က ပုဂ္ဂလိက ဂျာနယ် မဂ္ဂဇင်း မရှိသလောက် ရှားပါးခဲ့၏။ ပုဂ္ဂလိက သတင်းစာ ဟူ၍ မရှိ။ အစိုးရပိုင် စာနယ်ဇင်း များကလည်း အစိုးရ ထုတ်ပြန်ပေးသော သတင်းများကိုသာ ဖော်ပြခွင့်ရှိကြ၏။ ထို့ကြောင့် လူအတော်များများကပင် အဖြတ်အတောက်မရှိ ဖော်ပြနေကြသော ပြည်ပသတင်းဌာနများကို အားကိုးလာကြရသော ခေတ်သို့ ရောက်လာခဲ့သည်။ ယင်းမှာ ကောင်းမွန်သော အလားအလာမဟုတ်ပါ။ ထိုခေတ်မှာပင် စာရေးဆရာ မောင်ဖေငယ်သည် “ဖောင်းကားစား မောင်မောင်” ဝတ္ထုကြောင့် ထောင်ကျသွားခဲ့သည်။ ရှုထောင့်ဂျာနယ်သည်လည်း ကဗျာ တပုဒ်ကြောင့် အယ်ဒီတာ ဝင်းခက်နှင့် ကဗျာရေးသူ ဝင်းလတ်တို့ ထောင်ကျခဲ့သည်။

ယခုတော့ နှစ် ၅၀ အမှောင်ခေတ်မှ လွတ်လပ်ပြီဟု ဆိုကြသည်။ ယခင်ခေတ်က ပိတ်ပင်တားသော ထုတ်ဝေခွင့် မပေးခဲ့သော (ထို့ကြောင့် အိန္ဒိယတွင် ထုတ်ဝေခဲ့ရသည့်) ဦးနု၏ “တာတေ စနေသား” ထုတ်ဝေခွင့်ရသည်။ ယခင် အခြေအနေအတိုင်းဆို ထုတ်ဝေခွင့်ရရန် မလွယ်ကူသော နိုင်ငံရေး နောက်ခံဝတ္ထု၊ မှတ်တမ်း ဆောင်းပါး စတာတွေ ထွက်ပေါ်လာသည်။ မြောက်များစွာလည်း ထွက်ပေါ်လာစရာလည်း ရှိသေးသည်။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေဖို့ စိုင်းပြင်းနေကြသည်။ တနေ့က စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ချက် ထွက်လာသည်။ သို့သော် စာပေလောကသားတွေ မျှော်ကိုးနေသော Media Law ကတော့ ထွက်ပေါ် မလာသေး။

ကျနော်တို့ စာပေသမားတွေ သတိထားရမှာက “လွတ်လပ်ခွင့်” ဆိုသော စကားကို “ပရမ်းပတာ”ဟု အဓိပ္ပာယ် အကောက်အယူ မမှားဖို့ ဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် ရပိုင်ခွင့်နှင့် တာဝန် ပူးတွဲမှုမှာ ပို၍ အရေးကြိးကြောင်း သဘောပေါက်ရမည်။ (အာဏာရှင်စနစ်တွင် ကျနော်တို့သည် ရပိုင်ခွင့်လည်း မရှိ။ အာဏာပိုင်တို့က တာဝန်ယူထား သဖြင့် ကျနော်တို့တွင် တာဝန်လည်း မရှိပါ။) အခုတော့ လွတ်လပ်ခွင့် ဆိုတာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ပင် ဖြစ်ရာ နှိုင်းဆ ချင့်ချိန်တတ်ရန် အင်မတန် အရေးကြီးနေသည်။

အခု လွတ်လပ်ပြီတဲ့။ ကျနော်တို့ ဘာကို ဘယ်လိုရေး မလဲ။

(သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။)

Loading