တနေ့တလံ ပုဂံဘယ်ပြေးမလဲ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ယခုအပတ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီ ၆ ဘီလီယံနီးပါးကို ပါရီကလပ် မြီရှင်နိုင်ငံများက လျှော်ပေးသည့်အပြင် ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်များသို့ မြန်မာနိုင်ငံက ကြွေးမြီဟောင်းများ ပြန်ဆပ်နိုင်ခဲ့သည့်အတွက် နှစ်ပေါင်း ၃၀ ခန့်ကြာ ကြွေးမြီသစ် ချေးယူမှု အစီအစဉ် ရပ်ဆိုင်းထားမှု ပြန်လည် ရုတ်သိမ်းသွားပြီး ကြွေးသစ် ချေးငှားနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံသားတိုင်းအတွက် မင်္ဂလာရှိသော ကောင်းသတင်းပင်။

ပါရီကလပ်ဟုခေါ်သော ဂျပန်နှင့် ဥရောပ မြီရှင်နိုင်ငံများအပေါ် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀.၃၃ ဘီလီယံ ရှိသည့်အနက် ၆ ဘီလီယံနီးပါးကို လျှော်ပေးသည်ဟု ဆိုခြင်းမှာ သန်း ၆၀ ရှိသော မြန်မာနိုင်ငံသား တဦးချင်းစီတွင် တင်ရှိနေသော နိုင်ငံခြားအကြွေး ၁၇၂ ဒေါ်လာတွင် ဒေါ်လာ ၁၀၀ ကျေသွားခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံ့စီးပွား ပြန်လည်ဦးမော့လာစေရေး အခြေခံအုတ်မြစ်များ ပြန်လည် တည်ဆောက် မွမ်းမံ ပြင်ဆင်ရေး အတွက် နိုင်ငံတကာ ချေးငွေနှင့် စီမံကိန်းများ ပြန်လည်စတင်နိုင်တော့မည်ဖြစ်သည့်အတွက် ကမ္ဘာ့ဘဏ်၏ ကြေညာချက် ထုတ်ပြန်ခဲ့သော ၂ဝ၁၃ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကို မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးသော အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုခဲ့သောနေ့ကဲ့သို့ သမိုင်းဝင်နေ့ထူးဟု သမ္မတဦးသိန်းစိန်က ဂုဏ်ယူချီးမြှောက် ပြောဆိုခြင်းကို သဘောတူ နားလည်နိုင်ပေသည်။

သို့သော် ထိုနေ့မတိုင်မီ ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် နာရီ ၂၀ ကြာ ကျင်းပခဲ့ရသည့် မြီရှင်နိုင်ငံများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ အကြိတ်အနယ် ဆွေးနွေးပွဲကို အနီးကပ်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့မှ ဆက်ဆံရေး စတင်လာခဲ့သော ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သံယောဇဉ် ကြီးမှုနှင့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပြီး မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ခိုင်မာစွာ ပံ့ပိုးခဲ့သော နော်ဝေနိုင်ငံ၏ ထောက်ခံမှုတို့က ကျန်မြီရှင်နိုင်ငံတို့ မြန်မာနိုင်ငံအပေါ် သဘောထားပျော့ပြောင်းလာစေခဲ့သည်ကို တွေ့နိုင်သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးရန်ရှိ ကြွေးမြီ ဒေါ်လာ သန်း ၄၄၀ နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးရန်ရှိ ကြွေးမြီ ဒေါ်လာ ၅၁၂ သန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဘဏ်က ပေါင်းကူး ချေးငွေအဖြစ် ကူညီပေးဆပ်ပေးသည့်အပြင်  မြန်မာပြည်အပေါ် တင်ရှိနေသည့် အကြွေး အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ကိုလည်း ဂျပန်နိုင်ငံက လျှော်ပေးခဲ့သည်။  နော်ဝေနိုင်ငံကလည်း တင်ရှိနေသည့် ကြွေး ဒေါ်လာ ၅၃၄ သန်းလုံးကို ၁၀၀ ရာခိုင်နှုန်း လျှော်ပေးခဲ့ရာ အခြား ဥရောပ ငွေချေးနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် တင်ရှိနေသော အကြွေး ဒေါ်လာ ၄.၄ ဘီလီယံ၏ တဝက် ဒေါ်လာ ၂.၂ ဘီလီယံကို လျှော်ပေးမည်ဟု ကတိကဝတ်ပြုခဲ့ကြသည်။

ထို့ကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် အထီးကျန်ခဲ့ရပြီး အကြွေး ၂ ဘီလီယံ ထုတ်ချေးထားခဲ့သော တရုတ်နိုင်ငံ တနိုင်ငံတည်းအပေါ် မှီခိုနေခဲ့ရသည့် မြန်မာ့စီးပွားရေး တခန်းရပ်ခဲ့ပြီဟုလည်း ဆိုနိုင်ပါသည်။

သို့ရာတွင် ကျန်ရှိနေသေးသော ကြွေးဟောင်းများနှင့် လက်တလော ရယူထားသော ကြွေးသစ်တို့ မည်သို့ ဆက်လက် ပြန်လည် ပေးဆပ်မည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးကို ရှေ့တွင် မည်သို့ စီမံ ခန့်ခွဲ ဆောင်ရွက်ကြမည်ဆိုသည်နှင့် လုံးဝ သက်ဆိုင်နေသောကြောင့် ယခု လက်ရှိ ကျင့်သုံးနေသော စစ်အာဏာရှင်စနစ်အမွေ လုပ်ထုံးလုပ်နည်းဟောင်းများကို စွန့်လွှတ်ပြီး အရိုးစွဲနေသည့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မှသာ နိုင်ငံတကာမှ ပေးသော အကူအညီများနှင့် ရည်မှန်းထားသော စီမံကိန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

ထို့အပြင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အခန်းကဏ္ဍတွင် တာဝန်ယူကြရသူများကလည်း တိုင်းရင်းသား လူမျိုးစုများအပါအဝင် ကျယ်ပြန့်သော အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည် ဖော်ဆောင်နိုင်စွမ်း ရှိရမည်။ ဥပဒေပြုမှု အခန်းကဏ္ဍကလည်း ခေတ်မမီတော့သော ဥပဒေများကို အလျင်အမြန် ဖျက်သိမ်းပြီး ပြည်တွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ရှေးရှုသည့် ကြံ့ခိုင်သော ဥပဒေများ ပြဌာန်းရေး စတင်သင့်ပြီဖြစ်သည်။ ယိုယွင်းနေသော တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း အမြန်ပြင်ဆင်မှသာ တရားဥပဒေစိုးမိုးပြီး မြန်မာနိုင်ငံ မျက်နှာပန်း ပြန်ပွင့်နိုင်မည်။

အရေးအကြီးဆုံးမှာ မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် နှစ် ၅၀ ကြာ ထိန်းချုပ်ထားခဲ့သော တပ်မတော်ကလည်း ပြောင်းလဲလာနေသော သမိုင်းကြောင်းကို နောက်ပြန်မလှည့်ဘဲ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ခေတ်မီလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲရေး သံဓိဌာန်ပြုရန် လိုသည်။

အတိတ်သင်ခန်းစာဖြစ်သည့် အောင်ဆန်း-အက်တလီ စာချုပ်မှ မြန်မာလွတ်လပ်ရေးကို ဆောင်ကျဉ်းပေးခဲ့သော်လည်း အမျိုးသားသွေးကွဲမှုကြောင့် စစ်အာဏာရှင်စနစ် ခေါင်းထောင် လွှမ်းမိုးခဲ့၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစနစ်များ ပျက်ဆီး ချွတ်ခြုံကျခဲ့ရမှုကို နောင်မျိုးဆက်များ မခံစားရစေရန် ရှောင်လွဲနိုင်ရမည်ဟူသည့် သမိုင်းတာဝန် မိမိတို့ ရှေ့မှောက် မျက်ဝါးထင်ထင် ရှိနေပြီဖြစ်သည်။ သွားရမည့်ခရီးကား ဝေးသေးသော်လည်း တနေ့တလံ ပုဂံဘယ်ပြေးမလဲဟုသာ နှလုံးသွင်းကြစေလိုကြောင်း တိုက်တွန်းရေးသားအပ်ပေသည်။

Loading