ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲ ကြေညာချက် တရပ် ထုတ်ပြန်နိုင်ခဲ့သည်။ နှစ်ဖက်တွေ့ဆုံနိုင်ရန် တရုတ်အစိုးက ကြားဝင် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ရွှေလီတွင် တွေ့ဆုံမှုအပြီး ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်။ တွေ့ဆုံပွဲတွင် ကချင်ဘက်မှ ဦးဆောင်တက်ရောက်သူ တဦးဖြစ်သည့် အမြဲတမ်း ဗဟိုကော်မတီဝင်၊ KIO ပညာရေးဌာန တာဝန်ခံနှင့် KIO ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဧရာဝတီ သတင်းထောက် လဖိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ အစောပိုင်းက “ဝ” နယ်မှာ တွေ့ဖို့ စီစဉ်ထားတာကနေ ဘယ်လိုကြောင့် ရွှေလီကို ရွှေ့သွားတာပါသလဲ။
ဖြေ ။ ။ “ဝ” မှာ စီစဉ်ထားတာက မဖြစ်တော့ဘူးလေ။ ဘာကြောင့်ပျက်သွားလဲဆိုတာ ကျနော်တို့လည်း တိတိကျကျမသိဘူး။ ရွှေလီမှာဖြစ်တာက ဗြုန်းဒိုင်းဖြစ်လာတာ။ ကျနော်တို့ အစီအစဉ် မရှိပေမဲ့ တရုတ်နိုင်ငံခြားရေးရုံးက အရာရှိတွေက ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ခေါ်ထားပြီ၊ ဦးအောင်မင်းတို့ တရုတ်ပြည်မှာ ရောက်နေပြီ၊ ဒါကြောင့် လာတွေ့ပါဆိုပြီး မရမက လာခေါ်တာကြောင့် ကမန်းကတန်း သွားလိုက်ရတာ။ တကူးတက လာပြောတာကို မသွားဘူးဆိုရင်လဲ မကောင်းတာကြောင့်ပါ။ အစည်းအဝေး အစီအစဉ်ဘာမှ မရှိဘူးတဲ့၊ တွေ့ရုံပဲ၊ အဲလိုပြောတာ။ ဒါကြောင့် သွားတွေ့တာဖြစ်တယ်။
မေး ။ ။ အပြင်သတင်းတွေမှာ စည်းဝေးပွဲကို အရမ်းချီးကျူး ရေးသားနေကြတာ တကယ်ရော အောင်မြင်တဲ့ တွေ့ဆုံပွဲလို့ ပြောနိုင်ပါသလား။
ဖြေ ။ ။ အောင်မြင်တယ်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ဆက်ပြီးတော့ လုပ်သွားဖို့ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အဆင့် ဆွေးနွေးပွဲလို့ ခေါ်လို့ရပါတယ်။ အောင်မြင်တယ်ဆိုလည်း မမှားပါဘူး။
မေး ။ ။ တွေ့ဆုံပွဲတွေပြီးတိုင်း တိုက်ပွဲအရှိန် မြင့်လာတာ တွေ့ရပါတယ်။ အခုတခေါက် ဆွေးနွေးပွဲကရော ဘယ်လို မျှော်မှန်းထားလဲ။
ဖြေ ။ ။ ဆွေးနွေးပွဲမှာတော့ အများအားဖြင့် ကိုယ်စားလှယ်တွေပဲ ပါတာကိုး။ အစိုးရဘက်ကဆိုရင် စစ်တပ် မပါဘူးလေ။ ဒါကြောင့် စစ်ရှိန်လျှော့ရအောင်လို့ ခါတိုင်းလိုပဲ ဆွေးနွေးကြတယ်။ ဒါပေမဲ့ ဖြစ်မလာဘူး။ လိုင်ဇာနားမှာတော့ အစိုးရတပ်တွေ ရှိနေပါတယ်။ အစိုးရပြောတဲ့ အတိုင်းဆိုရင် ရောက်နေတဲ့နေရာမှာ ထိုးစစ် မလုပ်တော့ဘူးလို့ ပြောတာပဲ။ ရှေ့ဆက် ဘယ်လိုဖြစ်မလဲဆိုတာက မပြောနိုင်ဘူး။ အခုချိန်အထိ အစိုးရ ကြေညာထားတာက အဲဒီလိုပဲ။ ထိုးစစ်မရှိတော့ရင် ဆွေးနွေးပွဲတွေ ရှေ့ဆက်သွားဖို့ ဖြစ်နိုင်ပါတယ်။
မေး ။ ။ ရွှေလီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ် ဂွန်မော် ပါလာတာ ဘာတွေထူးပါသလဲ။ တွေ့ဆုံပွဲကို ပိုအကျိုးရှိစေပါသလား။
ဖြေ ။ ။ သူပါလာတာကတော့ တရုတ်တို့၊ တပ်ပေါင်းစု KNU (ကရင်အမျိုးသား အစည်းအရုံ) တို့၊ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ) အဖွဲ့ဝင်တွေ ပါမယ်ဆိုတော့ နိုင်ငံခြားနဲ့ ပတ်သက်တာတွေ ပြောဖို့ ဆွေးနွေးဖို့ ပါလာတော့ သူနဲ့ ဆွေးနွေးလို့ ရတာပေါ့။ သူပါလာတယ်ဆိုရင် တပ်ကိစ္စအတွက်လည်း တပ်ကို အုပ်ချုပ်တဲ့သူပါမှ ပိုပြီးတော့ ဆုံးဖြတ်လို့ရတာပေါ့။ သူပါလာလို့ အဲဒီကိစ္စတွေ ဆွေးနွေးလို့ ရတာပေါ့။ အစိုးရဘက်ကို စစ်ရှိန်လျှော့ရအောင်လို့ ဆွေးနွေးထားတာ မဖြစ်တာက များတယ်။ ဆွေးနွေးပွဲပြီးရင် စစ်ရှိန်က များလာသလိုလို ဘာလိုလိုနဲ့ အဲလိုတွေဖြစ်ခဲ့တဲ့ အချိန်မှာ ဒီလိုကိစ္စတွေ ဖြစ်လာတယ်လေ။ အခုတခါက ဒု ဦးစီးချုပ်ပါလာတော့ ပြောအားရှိတာပေါ့။ ဒါကြောင့်မို့ ထူးခြားတယ်၊ အကျိုးရှိတယ်လို့ ပြောလို့ရပါတယ်။
မေး ။ ။ KIO ရဲ့ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်က ဘယ်အတိုင်းအတာအထိ ရှိပါသလဲ။
ဖြေ ။ ။ ဗဟိုကော်မတီက ပေးအပ်လိုက်တဲ့ တာဝန်အတိုင်း၊ ပြောဖို့ဆိုဖို့ ဆွေနွေးဖို့ စီစဉ်ထားတဲ့အတိုင်း ဆွေးနွေးပါတယ်။ မဟုတ်ရင် ကိုယ်ပြောချင်တာပြော၊ ကိုယ်လုပ်ချင်တာလုပ် ဆိုရင် အဆင်မပြေဘူး။ ဘယ်အထိ ဆုံးဖြတ်နိုင်တယ်ဆိုတာ ဗဟိုကော်မတီက ဆုံးဖြတ်ပါတယ်။
မေး ။ ။ နောက်တခါ တွေ့ဆုံပွဲတွေမှာရော တရုတ်က ပါဦးမှာလား။ ဘယ်လိုနေရာက ပါမှာလဲ။
ဖြေ ။ ။ တရုတ်ကတော့ စောင့်ကြည့် လေ့လာရေးအဖွဲ့မှာ ပါဖို့ မေတ္တာရပ်ခံထားတယ်။ စောင့်ကြည့်လေ့လာတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဖို့ ပြောထားတယ်။ ဒါပါပဲ။ ရှေ့ဆက်ပြီး ဘယ်လောက်ပါမလဲ ဆိုတာတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အများကြီး မူတည်တာ ဖြစ်ပါတယ်။
မေး ။ ။ နောက်တခါ ဆွေးနွေးပွဲ ဘယ်တော့လောက် ပြန်စနိုင်မလဲ။
ဖြေ ။ ။ ဖေဖော်ဝါရီလ မကုန်ခင် ပြန်တွေ့မယ်လို့ ပူးတွဲကြေညာချက်မှာ ပါတယ်။ အဲဒီအတိုင်းပါပဲ။ ဒီအတိုင်း ဖြစ်အောင်တော့ စီစဉ်ရမှာပဲ။ နေရာကတော့ အတိအကျ မပြောရသေးဘူး။ ဆွေးနွေးပွဲလုပ်ဖို့ အချိန်နီးမှပဲ အရင်လို နှစ်ဖက်ညှိပြီး လုပ်သွားမှာပါ။
မေး ။ ။ KIO က အဓိကဆွေးနွေးမယ့် နိုင်ငံရေး အကြောင်းအရာက ဘာလဲခင်ဗျ။
ဖြေ ။ ။ အရင်က တင်ပြထားတဲ့အတိုင်းပဲ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ရှိတယ်။ တင်ပြထားတာကြာပြီ။ စည်းဝေးလုပ်တိုင်း ဒါကိုပဲပြောနေတာပါ။ အဓိကလည်း ဒါပါပဲ။ အဓိက နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာ ဒါပါပဲ။
မေး ။ ။ လတ်တလော အခြေအနေကို ကောင်းတယ် ပြောမလား၊ ဆိုးတယ် ပြောရမလား။
ဖြေ ။ ။ လတ်တလောကတော့ ဆွေးနွေးပွဲမှာ လာတက်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မူ အဖွ့ဲ ဒု ဥက္ကဌ ဦးအောင်မင်း ကိုယ်တိုင် လာတက်တာမို့ လတ်တလောကတော့ လက်ခံသွားတာပေါ့။ အခြေအနေကတော့ နောက်ဆုတ် သွားတာမဟုတ်ဘဲ ရှေ့ကိုသွားဖို့ လမ်းစ ဖော်ဆောင်ထားတယ်လို့ ပြောရမှာပေါ့။ ရှေ့ဆက်ဖို့ အလားအလာ ရှိတယ်လို့ ပြောရမှာပေါ့။ ။