ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မည် ဆိုလျှင်

သစ္စာနီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယနေ့ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းကို သမိုင်းမှာ စိတ်ဖိစီးမှု အများဆုံး လူ့အဖွဲ့အစည်းလို့ ဆိုရင် မမှားတန်ရာဟု ထင်သည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အရေးကိစ္စများစွာပင် အပြည့်အ၀ အလိုကျ နှစ်ခြိုက်စရာ မရှိ။ စီးပွားရေးက မပြည့်စုံ၊ လူမှုရေးက မလုံခြုံ၊ စီးပွားရေးက ချို့တဲ့၊ (မြေထု၊ ရေထု၊ လေထု) ဝန်းကျင်က ညစ်ညမ်း၊ သဘာ၀ ဘေးအန္တရာယ် ရာသီဥတုက ဖောက်ပြန်၊ အနာဂတ်က မတောက်ပ။

ပြဿနာပေါင်း သောင်းခြောက်ထောင် ဆိုတာက တော်သေးသည်။ လူတခု ပူမှုရယ်တဲ့ ဆယ်ကုဋေ ဆိုသော စကားရှိသည် မဟုတ်လား။ စိတ်ဖိစီးမှုက စိတ်ကျရောဂါ အဆင့်ကူးစက်သွားလျှင် မလွယ်။ လူထု လူတန်းစား ပေါင်းစုံ (ကျောင်းသား၊ အလုပ်သမား၊ လုပ်ငန်းရှင်၊ အနုပညာ သမား စသဖြင့်) သူ့အထွာနှင့်သူ ပြဿနာကို ရင်ဆိုင်ကြရသည်။ ဒါကြောင့် တိုးတက်သည် ဆိုသော အနောက်နိုင်ငံများတွင် စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ရတာကို အလေ့အထုံ ဖြစ်၍ နေသည်။ ကျနော်တို့ နိုင်ငံမှာတော့ အရူးဟု အထင်ခံရမှာ စိုးသောစိတ်ဖြင့် စိတ်ရောဂါကု ဆရာဝန်ထံ သွားလေ့မရှိ။

အခုတလော သတိထားမိတာက ဂျာနယ်တွေထဲမှာ အဆက်မပြတ် ပါလာတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အမှုအခင်းတွေပါ။ အိမ် အပေါ်ထပ်မှ ခုန်ချသူ၊ အဆိပ်သောက်သူ၊ ဆွဲကြိုးချသူ စသဖြင့် နည်းမျိုးစုံနဲ့ သေကြောင်းကြံကြတဲ့ သတင်းတွေ တွေ့ရသည်။ အတော်များများကလည်း အထမြောက်တာ တွေ့ရ၏။ ၂၀၀၉ ခုနှစ် တနှစ်တည်းမှာပဲ အဆိပ် (ပိုးသတ်ဆေး) သောက်သေတဲ့သူ ၂၀၁ ယောက် ရှိတယ်လို့ ရန်ကုန်ဆေးရုံကြီး အဆိပ်ကုဌာနက ဒေါက်တာရဲမြင့် ထုတ်ဖော်ပြောတာ ကြားလိုက်ရသည်။ ကြို့ပင်ကောက်က ရွှေဆိုင်လုပ်ငန်း ပိုင်ရှင် လင်မယားဆို ကလေးကို သကြားလုံးထဲ အဆိပ်ထည့်ကြွေးပြီး သူတို့လည်း အဆိပ်သောက်သေကြသည်တဲ့။

မကြာမီက ဂျာနယ်တစောင်မှာပင် တာဝန်ရှိသူတဦးက ကျနော်တို့ နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အမှုတွေ များလာလို့ ပြဿနာအရင်းအမြစ်ကို ရှာဖွေတားဆီးဖို့ အထိ ထုတ်ဖော်ပြောလိုက်တာ ကြားလိုက်ရပါတယ်။ တကယ်တော့ ဒီကိစ္စဟာ ပေါ့သေးသေး ပြဿနာ မဟုတ်ပါဘူး။ လူ့အသက် တချောင်းကိစ္စလို့ ဆိုပေမယ့် အဲဒါဟာ တိုင်းပြည်အရေး၊ နိုင်ငံ့အရေးနဲ့လည်း ဆက်စပ်နေပါတယ်။ မကြာခင်က ဂျပန်က ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၀၉ ခုနှစ် က ကိုယ့်ကိုယ်ကိုယ် သတ်သေမှုကြောင့် ဂျပန်နိုင်ငံ စီးပွားရေးဟာ ဒေါ်လာ ၃၂ ဘီလီယံကျော်  ဆုံးရှုံးနစ်နာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါဟာ ဝင်ငွေ ဆုံးရှုံးမှုနဲ့ ကုသမှု ကုန်ကျစရိတ်ကို ထွက်ချက်ထားတာပါ။

ဥပမာ ၂၀၀၉ ခုနှစ်က ဂျပန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူ ၂၆၅၀၀ ယောက်ရှိတယ်။ အသက် ၁၅ နှစ်နဲ့ ၆၅ နှစ် ကြားသူတွေပါ။ သူတို့သာ သက်တမ်းစေ့နေထိုင်ပြီး ပင်စင်မယူခင်အထိ အလုပ်လုပ်ကြမယ်ဆိုရင် ယန်းငွေ ၁ ဒဿမ ၉ ထရီလီယံ အထိ ဝင်ငွေ ရလိမ့်မယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ အဖိုးတန်အင်အားတွေ ဆုံးရှုံးကြရတာပေါ့ ခင်ဗျာ။ ၂၀၀၀ ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူ ၃၂၀၀၀ ကျော် ရှိတယ်တဲ့။ အသက်ကို မနှမျောကြတဲ့ အထဲမှာတော့ အာရှသားတွေဟာ ထိပ်တန်းကပဲ လို့ ဆိုရပါမယ်။ ဂျပန်တွေက ဒါကို ဘူရှီဒို စိတ်ဓာတ်လို့ ခေါ်ကြတယ်။ ဆာမူရိုင်း တွေဟာ သခင်အတွက် အသက်စွန့်ဖို့ ဝန်မလေးကြဘူး။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခါနီး ဂျပန်မှာ ခါမီကာဇေခေါ်တဲ့ အသေခံ လေသူရဲတွေ ပေါ်လာတယ်။ သူတို့က လေယာဉ်ပျံရော ကိုယ်တိုင်ပါ ပစ်မှတ်နေရာကို ထိုးစိုက်ချပြီး အသေခံ တိုက်ခိုက်ခဲ့ကြတယ်။

ဒါပေမယ့် ဒီနေ့ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံးက ဂျပန်နိုင်ငံ မဟုတ်ဘူးတဲ့။ ကျနော်တို့ဆီက လူတွေ အင်မတန် အားကျပြီး အစားအသောက်က အစ ဝတ်စားပုံ ဖက်ရှင်အဆုံး အတုခိုးနေတဲ့ ကိုရီးယားနိုင်ငံပါ တဲ့။ ကျန်တာ အတုခိုးကြပါ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတော့ အတု မခိုးကြပါနဲ့လို့ တောင်းပန်ရတော့မှာပဲ။ ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာကလည်း ဒီကိစ္စမှာ “ဇ”က မသေးဘူးကိုး။ ကျနော်တို့ ကျောင်းသားဘဝတုန်းက သာကေတ တံတားသစ်ကြီး ပေါ်လာတော့ အဲဒီ တံတားပေါ်က ခုန်ချသေတဲ့သူက မနည်းဘူး။ တချို့ သမီးရည်းစားတွေဆို လက်ချင်းတွဲချည်ပြီးတောင် ခုန်ချ သတ်သေကြတယ်။ ဘယ်လောက် ရူးမိုက်ကြသလဲ။ သူတို့က ဒီလို လက်ချင်းတွဲ ထားရင် နောင်ဘဝကျ ဒီလိုပဲ အတွဲလိုက် ဝင်စားကြမယ်လို့ တွေးပုံ ပေါ်တယ်။ သေရင် လူဟာ သူ့ (ကုသိုလ်၊ အကုသိုလ်) ကံ အလျောက် ၃၁ ဘုံကို လားကြရတယ် ဆိုတာမှ မသိကြတဲ့ အတိုင်းပဲ။ အဲဒါကြောင့် လာခုန်ချတဲ့ သူတွေကို တားဖို့ သာကေတ တံတားမှာ ရဲ အစောင့်တောင် ချထားခဲ့ရဖူးတယ်။

အဲဒါတွေဟာ ရှိတ်စပီးယားရဲ့ ရိုမီယို နဲ့ ဂျူးလီယက် ပြဇာတ်ကို အတုယူမှားရာက ဆင်းသက်လာတဲ့ အယူအဆလွဲတွေလို့ ထင်တာပဲ။ အဲဒီ ဇာတ်ထဲမှာ တော့ ချစ်သူနဲ့ ကွဲတဲ့အတွက် နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတယ်။ ကျောင်းသုံး အထက်တန်း စကားပြေ စာအုပ်ထဲမှာ သတင်းစာဆရာတို့ရဲ့ ဘိုးအေ ဘိုးဝဇီရရဲ့ စိန်စားသေတဲ့သတင်း ဖွဲဖွဲ့နွဲ့နွဲ့ ရေးထားတာ ဖတ်ဖူး ကြမယ် ထင်ပါတယ်။ ခက်တာက အသိဉာဏ်မရှိတဲ့သူတွေသာ ဒီအလုပ်မျိုး လုပ်ကြတယ်လို့ တထစ်ချ ပြောမရပြန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာကျော် စာရေးဆရာ ကဗျာဆရာတွေဖြစ်တဲ့ ဗာဂျီးနီယားဝုဖ် (ရေထဲ ဆင်းသေ)၊ ဆယ်ဗီလာပလပ်ခ် နဲ့ ကဝါဘာတာ (ဓာတ်ငွေ့ရှူရှိုက်သေ)၊ ဟဲမင်းဝေး (သေနတ်နဲ့)၊ မီးရှီးဗား (ဓားနဲ့ ဗိုက်ကိုခွဲ) စတာတွေလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြလို့ပါပဲ။

ကျနော်တို့ လေးစားတဲ့ စာရေးဆရာမကြီး ဒေါ်ကြည်အေးရဲ့ ဝတ္ထု တပုဒ်ထဲမှာ “လူတွေဟာ အပျော်ရွှင်ဆုံး အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်၊ အဲဒါဟာ ဘဝကို အနိုင်နဲ့ ပိုင်တာပဲ” လို့ ဆိုတဲ့စကား ကြားလိုက်ရတော့  ရုတ်တရက် လန့်သွားဖူးပါတယ်။ ဆန်းသစ်တယ်၊ သူများနဲ့ မတူဘူး ဆိုတဲ့ အတွေးအခေါ်တိုင်းကိုလည်း ကောင်းလှချည့်ရဲ့လို့ ပြောမရပါဘူး။ လူ့ကျင့်ဝတ် စည်းကမ်း အသိဉာဏ် တရားတွေနဲ့ ထိန်းညှိရပါမယ်။ ရှေး အဆက်ဆက်က စာပေပါရမီရှင်တွေ ဒီလို သတ်သေကြတယ် ဆိုတာလည်း စိတ်စံလွဲနေတဲ့ ချို့ယွင်းချက်ကြောင့် ပါပဲ။ သက်သက်သာသာ ပြောရရင်တော့ ယဉ်ယဉ်ကလေး ရူးနေကြတာပေါ့။

ခုနက ပြောခဲ့တဲ့ တောင်ကိုးရီးယား နိုင်ငံမှာဆို နေ့စဉ် သတ်သေတဲ့လူ ၃၀ ရှိတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက လူငယ်တွေ သိတဲ့ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေလည်း ပါပါတယ်။ ဒီတော့ ဒီသတင်း တွေက ပိုပြီး အာရုံစိုက်စရာ ဖြစ်ရုံမကဘူး၊ နောက်ထပ် သေချင်တဲ့ သူတွေကိုပါ အားပေး လှုံ့ဆော်သလို ဖြစ်တော့တာ ပေါ့။ ဖျော်ဖြေရေး နယ်ထဲက လူတွေတင် မကဘူး၊ စီးပွားရေးလောက အားကစားလောက နိုင်ငံရေးလောက က လူတွေလည်း ပါတယ်။ သမ္မတဟောင်း တယောက်တောင် ပါသေးတယ်။

တကယ်တော့ တောင်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေထဲမှာ အဆင့် ၁၃ ချိတ်တဲ့ နိုင်ငံပါ။ သာမန်ကြည့်ရင် တော့ တိုင်းပြည်ဟာ ကြွယ်ဝတယ်လို့ ထင်စရာရှိတယ်။ ဒါပေမယ့် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေရဲ့ ထုံးစံအတိုင်း စားဝတ်နေရေး စရိတ်က ကြီးမြင့်တယ်။ လူတန်းစေ့နေနိုင်အောင် မနည်းရုန်းကန်နေကြရတယ်။ အပြိုင်အဆိုင် အားကြီးတယ်။ (အနုပညာရှင်တွေ သတ်သေကြရာမှာတော့ အဲဒီအချက်က အဓိက ကျတယ်။) စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု (Stress) ဒဏ် မခံနိုင်ကြဘူး။ ဒီတော့ ဆိုးဝါးတဲ့ စိတ်ကျရောဂါ (Depression) ဖြစ်လာကြတယ်။ ဒီရောဂါရဲ့ လက္ခဏာတရပ်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေကြခြင်းပါပဲ။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံတဲ့သူကို အပြစ်ရှိတယ်လို့ ဥပဒေက သတ်မှတ်တယ်။ အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ အရ ပြောတာပါ။ ဒါက အင်္ဂလိပ်ရဲ့ ဥပဒေကိုး။ သူတို့ ဘာသာမှာ လူကို ဘုရားသခင်က ဖန်ဆင်း တယ်။ လူရဲ့ သေခြင်း ရှင်ခြင်းဟာ ဘုရားသခင်နဲ့ပဲ ဆိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တာပဲ ဖြစ်တယ်။ ဒါကြောင့် အပြစ် ရှိတယ်။ ကျနော်တို့ ဘာသာကတော့ ဒီလို သတ်သေရင် နောက်နောင် ဘ၀ ဘဝတွေမှာလဲ အဖန်ငါးရာ ငါးကမ္ဘာတိုင်အောင် အထုံပါတတ်တယ်လို့ ခြောက်လှန့် တားမြစ်ထား ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာ ဆိုရင်လည်း နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်ရင်တော့ အင်မတန် နည်းပါသေးတယ်။ နောက် တချက်က ဗုဒ္ဓဘာသာ ပီပီ လောကဓံတရား ရှစ်ပါးနဲ့ ကြုံတဲ့ အခါ အထိုက်အလျောက် တရားနဲ့ ဖြေနိုင်ကြလို့ပါပဲ။

အခက်အခဲ ဆိုတာ ဘဝမှာ ကျနော်တို့ရဲ့ စွမ်းရည်ကို စိန်ခေါ်တဲ့ သင်ခန်းစာတွေလို့ပဲ မှတ်ယူရပါမယ်။ ဘယ်လောက်ပဲ ဆုံးရှုံး ဆုံးရှုံး အသက်မဆုံးရှုံးသေးရင်  ဆုံးရှုံးတယ်လို့ မခေါ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြမယ် ကြံရင် ဆင်ခြင်ဉာဏ် သုံးပြီး တွေးတွေးဆဆ ဆုံးဖြတ်တတ်ကြပါစေ။

(သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading