ခရိုနီတွေ နာလန်ထချိန်

အောင်ဇော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး စီးပွားရေးသမားများအကြောင်း သတင်းစာတွေမှာ တွေ့ရပြန်ပါပြီ။  ဒါပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဆက်စပ်တာမဟုတ်ဘဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဆက်စပ်ပြီးတော့ တွေ့မြင်ရတာပါ။

စစ်အုပ်ချုပ်ရေး ကာလဆိုးထဲမှာ ထင်ရှားလာခဲ့တဲ့ ဦးတေဇ၊ ဦးဇော်ဇော်နဲ့ အခြား စီးပွားရေးသမားတွေက NLD ပါတီ ရန်ပုံငွေအတွက် ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းတာကြောင့် စာနယ်ဇင်းတွေမှာ အထင်ကရ ဖော်ပြလာတယ်။ ဒီတော့ အကျင့်ပျက်ခြစားမှုနဲ့ သတင်းကြီးတဲ့ ခရိုနီတွေကို အကာအကွယ်ပေးဖို့ လုပ်လာပြီလို့ NLD ကို စွပ်စွဲဝေဖန်တာတွေ ရှိလာခဲ့တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇၊ ၂၈ ရက်တွေမှာ NLD ပါတီရဲ့ ဒုတိယအကြိမ် ပညာရေး ရန်ပုံငွေပွဲမှာ ကျပ် သန်း ၅၀၀ လောက်  (အမေရိကန်ဒေါ်လာ ၅၈၀၀၀၀) အဲဒီ သူဌေးကြီးတွေက ထည့်ဝင်လှူဒါန်းခဲ့တယ်။ ဦးကျော်ဝင်း ပိုင်တဲ့ Sky Net ရုပ်သံနဲ့ ရွှေသံလွင် ကုမ္ပဏီက ကျပ်ငွေ ၁၃၅ သန်း (ဒေါ်လာ ၁၅၅၀၀၀)၊ ဦးတေဇပိုင် ထူးကုမ္ပဏီ က ကျပ်ငွေ သန်း ၇၀ (ဒေါ်လာ ၈၁၀၀၀) ထည့်ဝင်တယ်။

ဦးကျော်ဝင်းဟာ သမ္မတရုံးနဲ့ နီးစပ်သူ ဖြစ်တယ်လို့ သိရှိထားကြပြီး ဦးတေဇကတော့ “လက်နက် ကုန်သည်တဦး၊ စစ်အစိုးရဟောင်းရဲ့ လက်ကိုင် လူယုံတော်”လို့ အမေရိကန် နိုင်ငံက စွပ်စွဲတာတွေ ရှိပေမယ့် သူကတော့ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ ဦးတေဇနောက်လိုက်တွေက NLD က စတင် ကမ်းလှမ်းလာတာ ဖြစ်တယ်လို့ ကျနော့်ကို ပြောတယ်။  NLD ပါတီခေါင်းဆောင်တွေကတော့ မဟုတ်ဘူးလို့ ငြင်းပါတယ်။

ဦးတေဇဟာ ယခင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်များနဲ့ နီးစပ်တာကို အသိများပါတယ်။ ပြီးခဲတဲ့နှစ်က သူ့အိမ်မှာ ကျနော်နဲ့ တွေ့တုန်းက ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ကချင်ပြည်နယ် မြောက်ပိုင်း ဆီးနှင်းဖုံး တောင်ထွဋ် တခုမှာ ဟယ်လီကော်ပတာ ပျက်ကျပြီး နောက်ပိုင်း အထိ သိုသိပ်လွန်းတဲ့ စစ်အာဏာရှင်ကြီးကို မတွေ့ခဲ့ဘူးလို့ သူက ပြောတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခိုက်သွားခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံး၊ လူဦးရေ သန်းနဲ့ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့အချိန်တုန်းက နိုင်ငံခြား အကူအညီတွေ လက်ခံဖို့ တစ်လလောက် ငြင်းပယ်ခဲ့တဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးတေဇနဲ့ သူ့လူတွေကို ရှာဖွေကယ်တင်ဖို့ တပ်တွေကို အမိန့်ပေးခဲ့တယ်လို့ သိရတယ်။ ဦးတေဇက နောက်ပိုင်းမှာ အငြိမ်းစားနေတဲ့ အာဏာရှင်ကြီးထံ ကျေးဇူးတင်ကြောင်း ပြောဖို့ သွားရောက်ခဲ့တယ်လို့ ကျနော့်ကို ပြောပြတယ်။

အဲဒီအပြင် ဦးတေဇဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ နေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တိတ်တဆိတ် သွားရောက်တွေ့ဆုံတယ်။ NLD ပါတီအတွက် ကူညီမယ်လို့ ပြောခဲ့တယ်။ NLD က ကျနော့်ကို ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးတေဇ ကမ်းလှမ်းချက်ကို မငြင်းပယ်ခဲ့ဘူး လို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်ကလည်း မက်စ်မြန်မာကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးဇော်ဇော် ပြန်လည်ပြုပြင်တဲ့ ကလေးဆေးရုံကိုလည်း သွားရောက်လည်ပတ်ခဲ့တာ တွေ့ရပါတယ်။ ဦးတေဇလိုပဲ ဦးဇော်ဇော်အနေနဲ့လည်း နိုဘယ်ဆုရှင်ကို တွေ့ဖို့ အခွင့်အရေး အချိန် သိပ်ကုန် မခံ။ မြန်မာ့ ဘောလုံးဖက်ဒရေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ  ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီး မကြာခင် ဘောလုံးပွဲ လာရောက် အားပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးတွေက သဘောတွေ့ပုံ မပေါ်ပေမယ့် ဆက်လက် တွေ့ဆုံမှုတွေကို မတားဆီးနိုင်ပါဘူး။

ကျနော် ရန်ကုန်ကို ပြီးခဲ့တဲ့လ အစောပိုင်းက ရောက်တော့ ဦးဇော်ဇော်နဲ့ တွေ့တယ်။ အသက် ၄၀ ကျော်အရွယ် ရှိတဲ့ ဦးဇော်ဇော်က ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများက ထောက်ပံ့မှုတွေ လုပ်ဖို့ လိုတယ်လို့ ပြောတယ်။ စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာဟာ တခြားနိုင်ငံတွေနဲ့ စီးပွားရေး ပူးပေါင်းလုပ်ကိုင်ဖို့ အဟန့်အတား ဖြစ်စေတဲ့အကြောင်း ပြောတယ်။ ပြီးတော့ သူ့ပုံရိပ်နဲ့ သူ့ကုမ္ပဏီကို အလေးထားတယ် တဲ့။ ခရိုနီ အမှတ်တံဆိပ်ကို ခွာမရရင်တောင် အနည်ဆုံးတော့ “ခရိုနီကောင်း” ဖြစ်ချင်တယ်လို့ ပြောတယ်။

ဦးဇော်ဇော်ဟာ မီဒီယာကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူပါ။ ဂုဏ်ယူပြီး သူ ပြောလေ့ရှိတာက သူဟာ ဂျပန်မှာ ပန်းကန်ဆေးခဲ့ရပြီး ကိုယ်ပိုင်စီးပွားရေး အတွက် ကားဝယ်ရောင်း လုပ်ခဲ့ရာက နောက်ပိုင်း ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ရေးအထိ ပြောင်းလဲ လုပ်ကိုင်ခဲ့ရတဲ့ အကြောင်းတွေပါ။

“ကျနော့်မှာ ဖုံးကွယ်ထားစရာ ဘာမှ မရှိပါဘူး” လို့ ကျနော့်ကို ပြောပြပါတယ်။ သူဟာ ၁၉၈၈ ခုနှစ်  အရေးအခင်း ကာလမှာ တက္ကသိုလ် ကျောင်းသား တဦးဖြစ်ခဲ့တော့ အရေးအခင်းနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရပြီး အတူနေ သူငယ်ချင်း ကျောင်းသားတွေ သေနတ်နဲ့ အပစ်ခံရတာတွေ တွေ့မြင်ခဲ့ရတယ်လို့ ဆိုတယ်။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ ယုံကြည်လေးစားမှုကို ဖုံးမထားပါဘူး။ ဒါပေမယ့် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းမှာ ပါနေတဲ့ စီးပွားရေးသမားတွေဟာ သူတို့ အနာဂါတ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် မှီတည်နေကြောင်း ကောင်းကောင်း သဘောပေါက်ကြတယ်ဆိုတာတော့ သိပ်သေချာတယ်။

ဒဏ်ခတ်မှုစာရင်းက သူဌေးတွေကို ပယ်ဖျက်ပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုတိုက်တွန်းနိုင်တာ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်။ ဒါကြောင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ကူညီထောက်ပံ့ခြင်းတာ အံ့ဩစရာ မရှိ။

ဦးဇော်ဇော်ဟာ အစောပိုင်းကတည်းက စီးပွားရေး ချဲ့ထွင်တာပါ။ မိုင်းတွင်းတွေ အပါအဝင် ဧရာဝတီဘဏ်၊ ဓာတ်ဆီဆိုင်၊ ဆောက်လုပ်ရေး၊ ဘိလပ်မြေစက်ရုံ တွေကိုလည်း သူ ပိုင်တယ်။ သူ့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီဟာဆိုရင် အကျိုးအမြတ် ကောင်းကောင်း ရစေတဲ့ နေပြည်တော်သစ် ဆောက်လုပ်ရေး လုပ်ငန်း များစွာ လက်ခံရရှိခဲ့သလို ၂၀၁၃ ဆီးဂိမ်း ကစားကွင်း ဆောက်လုပ်ရေးလည်း ရရှိခဲ့တယ်။

ဦးဇော်ဇော်ဟာ ကြွယ်၀ ချမ်းသာသူ ဖြစ်သလို အများပြည်သူကိုလည်း မျှဝေကူညီဖို့ လိုအပ်ကြောင်းလည်း သဘောပေါက်သူပါ။

၂၀၁၀ ခုနှစ်မှာ ဒါနအသင်း ဧရာဝတီ ဖောင်ဒေးရှင်းကို ထူထောင်တယ်။ အဲဒီနောက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီ နဲ့ မန္တလေးတိုင်း ဒေသကြီးတွေမှာ စာသင်ကျောင်းတွေ ဆောက်လုပ် လှူဒါန်းတယ်။ တဖန် မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းစား ခေါင်းဆောင် တဦး မင်္ဂလာ ဧည့်ခံပွဲမှာလည်း တွေ့ရသေးတယ်။

ဒါပေမယ့် မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေက ဒီလောက်နဲ့တော့ ဦးဇော်ဇော်ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်ဖို့ မလုံလောက်သေးဘူးလို့ ပြောကြတယ်။

စောင့်ကြည့်လေ့လာသူ တဦးက ဦးဇော်ဇော်အပါအဝင် ခရိုနီကြီးတွေဟာ လတ်တလော လုပ်ဆောင်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုအတွက်လောက်သာ ထောက်ပံ့အားပေးတာမျိုး မဟုတ်ဘဲ ရေရှည် အများပြည်သူအတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာလည်း ပါဝင်အားပေး ထောက်ပံ့ဖို့ လိုလိမ့်မယ်၊ ယခင် စစ်အုပ်ချုပ်ရေး အာဏာရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့လို့ ရခဲ့တဲ့ ငွေကြေး အကျိုးအမြတ်တွေကို အခုအခါမှာ အများ အကျိုးပြု အတွက် ပြန်လည် ပေးဆပ်သင့်တယ် လို့ ဆိုတယ်။

“ခရိုနီတွေဟာ  အဖြေရဲ့ အစိတ်အပိုင်း ဖြစ်တယ်၊ ပြဿနာရဲ့ အစိတ်အပိုင်း မဟုတ်ဘူး ဆိုတာ လက်တွေ့ ပြသရမယ်” လို့ ပြောတယ်။

အမေရိကန်ကတော့ ခရိုနီတွေဟာ ပိတ်ဆို့ထားတဲ့ စာရင်းက ဖယ်ရှားပေးခံရဖို့ဆို သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရမယ်လို့ မြင်တယ်။

ရန်ကုန်မှာ လူပြောသူပြော များနေတဲ့ အကြောင်းလည်း ရှိသေးတယ်။ အဲဒါကတော့ အမေရိကန်ဟာ သိသာထင်ရှားတဲ့ လိုက်လျောမှုတွေ စိစစ် လုပ်ကိုင်နေပြီ၊ အထူးသဖြင့် ဘဏ်လုပ်ငန်းတွေ မြန်မာပြည်မှာ လုပ်ကိုင်ဖို့ လို့ ဆိုတယ်။

ဒီလို လမ်းဖွင့်ပေးလိုက်တာဟာ  ခရိုနီတချို့အတွက် အခွင့်အလမ်းပါ။ ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့သော်၎င်း၊ စစ်လက်နက်ပစ္စည်း အရောင်းအဝယ်မှာသော်၎င်း ပါဝင်ပတ်သက်သူတွေကတော့ ဒဏ်ခတ်မှု အမည်စာရင်းက မကြာခင် ဖယ်ရှား ပေးသွားလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါ။

ငွေကြေး လှူဒါန်းတာတွေ၊ ကျောင်းတွေ ဆေးရုံတွေ ဆောက်လုပ်လှူဒါန်းတာ လောက်နဲ့တော့ မလုံလောက်ဘူးလို့ ရန်ကုန်အခြေစိုက် သံတမန်တဦးက အခိုင်အမာ ပြောတယ်။  အမေရိကန်က အနီးကပ် စောင့်ကြည့်နေတဲ့ တချိန်တည်းမှာ တချို့ခရိုနီကြီးတွေက ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ထောက်ခံမှု လိုလာပြီဆိုတာ သိမြင်လာတယ်။

အရင် စစ်အာဏာရှင်လက်ထက်က ချမ်းသာလာတဲ့ ခရိုနီကြီးတွေကို သူတို့ကိုယ်တိုင် ပြန်လည် ပြုပြင်လာမယ့် အခြေအနေ အခွင့်အရေး တခု ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လို့ အများက အံ့ဩကြတယ်။ သူတို့ အနေနဲ့ မှားယွင်းလုပ်ဆောင်ခဲ့တာအတွက် စုံစမ်းစစ်ဆေးသင့်တယ်လို့ မပြောခင် သက်သေမပြနိုင်ရင် အပြစ်မရှိကြောင်း သတ်မှတ်ထားသင့်တယ်လို့လည်း ဆိုတယ်။

“ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ချမ်းသာလာကြတဲ့ သူတွေ ရှိမှာပါပဲ။ သို့ပေမယ့် မတရားတဲ့နည်းနဲ့ မမှန်မကန် ချမ်းသာလာတာမျိုး ကိုတော့ စုံစမ်း စစ်ဆေးရမှာဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်။

ဆိုတော့့ သူဌေးတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဝယ်လိုက်ပြီလားလို့ အများက မေးကုန်ကြတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းမှာ NLD ထိပ်ပိုင်း ခေါင်းဆောင်တွေ ပါတီရဲ့ ပညာရေးကွန်ယက်ဆိုင်ရာ လှုပ်ရှားမှုအတွက် သတင်းစာ ရှင်းလင်းပွဲကို ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဟိုတယ်ကြီးကို ပိုင်ဆိုင်သူက ဦးတေဇပါ။

ဟိုတယ်ရဲ့ ဧည့်ကြိုနေရာမှာ NLD ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုးဝင်း ကျနော့်ကို ပြောတာက သူဌေးကြီး ဦးတေဇ ထောက်ပံတာကို ကြိုဆိုတယ်လို့ ဆိုတယ်။ အဲဒီမှာ ကျနော်က သူဌေးကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လားလို့ မေးတော့ သူက ပြုံးပြီး ခေါင်းငြိမ့်တယ်။

အခု အနေအထားမှာ မေးစရာ မေးခွန်းက သတင်းဆိုးနဲ့ ကျော်ကြားသူ ခရိုနီကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် အသက်ကယ်ဆေး ပေးမှာလား ဆိုတာပါပဲ။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူတို့တွေဟာ ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့တောင်မှ ပြန်လည်ပြုပြင်ရေးအတွက် အခွင့်အရေး ပေးရမှာဖြစ်တယ်လို့ ဆိုတယ်။

ပြစ်မှုကျူးလွန်သူတွေ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင် တည်ဆောက်ဖို့ဟာ တရားဥပဒေစိုးမိုးရေးရဲ့ အစိတ်အပိုင်းလို့လည်း ဆိုတယ်။ နာကျင်ခံစားဖို့ သက်သက် ရည်ရွယ်ထားတဲ့ဥပေဒမျိုးဟာ တောရိုင်းဥပဒေလို့လည်း ပြောတယ်။

“ယဉ်ကျေးတဲ့သူတွေမှာ ရှိသင့်တဲ့ အမြင်က အပြစ်ပေး အရေးယူတယ်ဆိုတာ ပြန်လည်ပြုပြင်ဖို့ပဲ ဖြစ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။

ပြီးတော့ “ခရိုနီလို့ သတ်မှတ်ခံထားရတဲ့သူတွေက NLD ရဲ့ လူမှုရေး လုပ်ငန်းဆောင်ရွက်ဖို့ အတွက် ထောက်ပံတယ် ဆိုတာ ဘာ မှားလို့လဲ။ အဓိပ္ပာယ်မဲ့ နေရာတွေမှာ သုံးဖြုန်းပစ်တာနဲ့ စာရင် သူတို့ ဒီလို ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်ဆောင်တာဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်ပါ” လို့လည်း ပြောတယ်။

တကယ်တော့ မေးစရာ မေးခွန်းတွေက အများကြီးပါ။ ခရိုနီကြီးတွေဟာ စက်မှုလုပ်ငန်းရှင်တွေ အမျိုးသားစီးပွားရေး တည်ဆောက်သူတွေ ဖြစ်လာမလား။ သူတို့ ပြည်သူလူထုအတွက် ဘယ်လို ဖောင်ဒေးရှင်းတွေ ထူထောင်ပေးပြီး အကျိုးပြုမလဲ၊ ပြည်သူများအတွက် စဉ်ဆက်မပြတ် ဘယ်လို အထောက်အပံ့တွေ ပြုမလဲ ဆိုတာတွေပါ။

မြန်မာပြည်က အများစုသော စီးပွားရေး လုပ်ငန်းရှင်တွေ၊ ခရိုနီကြီးတွေဟာ ကိုယ့်လူ့အဖွဲ့အစည်းအတွက် အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ အတွက် စိတ်ဝင်စားမှု မရှိကြဘူး။

တကယ်တော့ ခရိုနီကြီးတွေက လှူဒါန်းထောက်ပံ့တယ် ဆိုတဲ့ ငွေကြေးက သူတို့ရဲ့ အပျော်စီး အီတာလျံ ပြိုင်ကား တစီးအတွက် သုံးတဲ့ငွေကြေးနဲ့ နှိုင်းယှဉ်ကြည့်ရင် မပြောပလောက်ဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ လှုပ်ရှားမှုကို အရင်က တိတ်တဆိတ် ထောက်ပံ့ခဲ့တဲ့ ခရိုနီတွေဟာ အခုမှ NLD ကို ငွေပုံပေးပြီး လူလုံးပြကြတဲ့ ခရိုနီတွေကို ကြည့်ပြီး ခံစားချက် မကောင်းကြဘူး။

“သူတို့က တကယ့် အခွင့်အရေးသမားတွေ ဗျ။ အပိတ်ခံထားရတဲ့ စာရင်းက လွတ်ချင်နေကြပြီလေ” လို့ ခရိုနီလူသစ်တန်း တဦးက ရင်ဖွင့်တယ်။ “တကယ်တော့ အဖွဲ့အစည်းတွေကို နှစ်ပေါင်းများစွာ ထောက်ပံ့နေတာ ကျနော်တို့ဗျ” လို့လည်း ပြောတယ်။

ပြီးတော့ သူက  အမေရိကန် အနေနဲ့ မူးယစ်ဆေး လက်နက်နဲ့ အခြား မှောင်ခို ကုန်သွယ်ရေးတွေလုပ်နေပင်မယ့် အမေရိကန်ရဲ့ စာရင်းမှာ မပါသေးတဲ့ မတရား ချမ်းသာသူတွေ ရှိနေသေးတာကို မလျှမ်းသွားဖို့လည်း သတိပေးတယ်။ ဒီထက်ပိုပြီး ပြောရရင်  စစ်ဗိုလ်ချုပ် မိသားစုတွေနဲ့ အကျိုးအမြတ် ခွဲဝေနေသူ စီးပွားရေး လုပ်ငန်းရှင်တွေ အများအပြား ရှိသေးတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီ မက်ကွာရီတက္ကသိုလ်က မြန်မာ့စီးပွားရေးရာ ပါမောက္ခ ရှောင်တာနဲလ်ရဲ့ သုံးသပ်ချက်ကတော့ ခရိုနီတွေဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ အဖျက်သမားတွေ၊ အဟန့်အတားတွေလို့ ဆိုတယ်။

“ခရိုနီ အများစုက အဖျက်ဘက်ကလို့ ကျနော်ထင်တယ်။ ဒါပေမယ့် ကောင်းတာလုပ်မဟဲ့လို့ ထွက်လာနိုင်တဲ့ အနည်းစုလည်း ရှိနိုင်မှာပေါ့” လို့ ပြောတယ်။

“တကယ်တော့ သူတို့ဟာ လုပ်ငန်း ထူထောင် တည်ဆောက်သူတွေ မဟုတ်ဘူး။ ပါမစ်အငှား ရှာစားသူတွေ သက်သက်ပါ” လို့လည်း ပြောတယ်။

“သူတို့ဟာ အစိုးရရဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး မျက်နှာသာ ပေးခံရတယ်။ ဂွင်မိရင်လည်း လက်ဝါးကြီးအုပ် ရရင်ရ၊ အကျိုးအမြတ် ခွဲပြီး ချုပ်ထား ရရင်ရ၊ အမြတ်ကြီးကြီးပဲ အဓိက။ ဒီလိုနဲ့ သူတို့ဟာ စီးပွားရေးသမားတွေ ဖြစ်သလို နိုင်ငံရေးသမားတွေလည်း ဖြစ်သွားတယ်။ ဒါပေမယ့် ဒီထဲမှာ တခုခု ပေါ်ထွက်လာရေး လုပ်ချင်တဲ့ တချို့ အတိအကျကို ရှိပါတယ်။ အဲဒီလို ယူရင် ဒီလို မျှော်လင့်လို့ ရမယ် ကျနော် ထင်တယ်။ အပြောင်းအလဲဖြစ်မယ့် အရာတွေကို လုပ်ဖို့ လုံလောက်တဲ့ အရင်းအနှီးကို ပိုင်ဆိုင်တဲ့သူတွေ ဖြစ်ခဲ့မယ်၊ အဲဒီလို စွန့်လှူဖို့အတွက်လည်း စိတ်ဆန္ဒလည်း ပြင်းခဲ့မယ် ဆိုရင်လေ” လို့တော့ ထွက်ပေါက်ပေးတယ်။

မေးခွန်းကတော့ ခရိုနီတွေ ဘယ်လို နာလန်ထ မှာလဲ။

(Rehabilitating Burma’s Cronies ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading