“စားသုံးသူကို ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ဒေါက်တာစိုးခိုင်သည် ၁၉၇၇ ခုနှစ်တွင် အင်းစိန် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရရှိခဲ့ပြီး ကနေဒါနိုင်ငံ Canade တက္ကသိုလ်တွင် Food Technology Diploma ရရှိခဲ့သည်။ ယခုအခါ အင်္ဂလန်နိုင်ငံ အခြေစိုက် Biotechnology And Food Science Education Center ၌  အကြီးတန်း အကြံပေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ UMFCCI လက်အောက်ရှိ Energy And Environment Association တွင် တွဲဘက် အတွင်း ရေးမှူး အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဒေါက်တာစိုးခိုင်ကို မြန်မာနိုင်ငံ၏ စားသုံးသူ အခွင့်အရေးကိစ္စ၊ အစားအစာများ၏ လုံခြုံစိတ်ချရမှုများနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။    ။ ပထမဆုံးသိချင်တာက မြန်မာနိုင်ငံမှာ Food Safety ရှိလား၊ ရှိတယ်ဆိုရင် ဘယ်လိုနေရာတွေမှာ ရှိလဲ၊ မရှိဘူးဆိုရင်လည်း ဘာကြောင့်ဆိုတာ ပြောပြပါ။

ဖြေ။    ။ အစား အသောက်တွေက ဘေးအန္တရာယ် ကင်းရဲ့လား ဆိုရင်တော့ လုံးဝမကင်းပါဘူး။ မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး၊ အမေရိက၊ ဥရောပ ဘယ်နိုင်ငံမှာမှ အန္တရာယ် မကင်းပါဘူး။ Food Safety နဲ့ ပတ်သက်လို့ ၂၀၁၁ ခုနှစ်က MRTV – 4 မှာ ကျနော် မိနစ် ၂၀ စာ တင်ပြဖူးတယ်။ Food Safety ဆိုတာ အစားအစာတွေ ဘေးအန္တရာယ် ကင်းရဲ့လားလို့ မေးတာ။ ဘယ်နိုင်ငံမှာမှ အန္တရာယ် မကင်းပါဘူး။ ဒါပေမယ့် ကျနော်တို့ ဆီမှာတော့ သူများတွေထက် ပိုဆိုးတယ်။

မေး။    ။ လမ်းဘေး အစားအစာတွေနဲ့ မသန့်တဲ့ ဆီတွေစားသုံးရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ ကင်ဆာ ရောဂါအထိ ဖြစ်နိုင်တယ်လို့ ကြားဖူးတယ်။ ဟုတ်ပါသလား။

ဖြေ။    ။ Food Safety ဆိုတဲ့သဘောက စားပြီးရင် လူခန္ဓာကိုယ်ကို အန္တရာယ် မဖြစ်စေရဘူး။ အန္တရာယ် ဖြစ်စေနိုင်တာက နှစ်မျိုးရှိတယ်။ Acute ဆိုတာက စားပြီးရင် ချက်ချင်း ဖြစ်တာ၊ အခုစား အခုသေသွားတယ်၊ မူးမေ့သွားတယ်၊ ဆေးရုံတင် လိုက်ရတယ် ဆိုရင် Actue လို့ခေါ်တယ်။ နောက်တမျိုးကျတော့ Chronic လို့ခေါ်တယ်။ Chronic ဆိုတာက နာတာရှည်၊ဥပမာဗျာ၊ ဆိုးဆေးပါတဲ့ အစားအစာကို စားမယ်၊ တချို့ဆိုးဆေး တွေက တားမြစ်ထားတဲ့ ဆိုးဆေးတွေ၊ အစားအစာ တိုင်းမှာ ဆိုးဆေး ပါပေမယ့် သူ့မှာ ကန့်သတ်ထားတဲ့ limit ရှိတယ်။ ခွင့်မပြုတဲ့ ဆိုးဆေးကို စားမိတဲ့အခါမှာ အသည်းနဲ့ ကျောက်ကပ် တို့၊ တခြား ကိုယ်တွင်း အင်္ဂါတွေမှာ သွားစုပြီးတော့ ကင်ဆာဖြစ်တာ။ သူက ဖြည်းဖြည်းချင်း ဖြစ်တာ၊ ချက်ချင်း မသေဘူး။ အဲဒါကို Chronic လို့ခေါ်တယ်။ အသည်းရောင်တယ်တို့၊ အသည်း အဆီဖုံးတယ်တို့ ဆိုတာ ဖြည်းဖြည်းချင်း အဆိပ်သင့်ပြီးမှ ဖြစ်တာ။ စားအုန်းဆီတွေ စားမယ်ဗျာ၊ မကောင်းတဲ့ ဆီတွေ စားမယ်ဗျာ၊ အသည်းက မချေဖျက်နိုင်တော့၊ အဲဒီမှာ စုနေတော့ ကြာရင် အဆီဖုံးလာတယ်၊ နှလုံးသွေးကြောမှာ သွားပိတ်ဆို့တဲ့ အခါကျတော့ နှလုံးသွေးက ကောင်းကောင်း မလှည့်ပတ်နိုင် တော့ဘူး။ နှလုံးကြွက်သားမှာ အဆီ များလာရင် ကြွက်သားက မညှစ်နိုင်တော့ဘူး။

ဥပမာ တခု ပြောပြမယ်၊ အခု ပိုးသတ်ဆေး အကြောင်း ပြောနေကြတယ်။ တနေ့က သတင်းစာထဲမှာနဲ့ ဂျာနယ်မှာ ဟုမ္မလင်းမြို့က အလှူတခုမှာ ဂေါ်ဖီထုတ်စားရင်းနဲ့ ၃၂ ယောက် အဆိပ်သင့်တယ်၊ နှစ်ယောက်ကတော့ သေသွားတယ်၊ တခြားက ထမ္မံသီမှာလား မသိဘူး။ ဟင်းသီးဟင်းရွက် တွေစားပြီး အစာအဆိပ် သင့်တယ်။ ဒါကြောင့်မို့လို့ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေကို ထိန်းချုပ်သင့် တာပေါ့ဗျာ။ ဟင်းသီးဟင်းရွက်တွေကို သေချာ ရေဆေးပြီးမှ စားသင့်တယ်။ ဒါပေမယ့် ကျနော်တို့က Chronic ဆိုတဲ့နေရာမှာ ပြောချင်တာက ပိုးသတ်ဆေးကို ကိုင်တွယ် ရောင်းချတဲ့ သူတွေရှိတယ်။ ဒီ ပိုးသတ်ဆေးကို သုံးပြီးတော့ စိုက်ပျိုးနေတဲ့ တောင်သူတွေ ရှိတယ်။ အဲဒီ ပိုးသတ်ဆေးသုံးပြီး ထွက်လာတဲ့ ဂေါ်ဖီထုတ်တို့၊ တခြား ဟင်းရွက်တို့ကို ပွဲရုံတွေ၊ ဈေးတွေက ကိုင်ပြီး ရောင်းတာတွေ ရှိတယ်။ ဒီလို ကိုင်ရင်း တွယ်ရင်းနဲ့ သူတို့ဆီမှာလည်း ကပ်နေနိုင်တာပဲ။ ဈေးထဲမှာ ဝယ်ပြီးတော့ ချက်စားတဲ့သူက တခါတလေမှ ဖြစ်နိုင်တာ။ စားမိမှ ဖြစ်မှာ။ ဟိုလူတွေကျတော့ ဒီဟာကို တချိန်လုံး ကိုင်တွယ်နေရတာ။ အဲလိုဆိုတော့ ပိုးသတ်ဆေးကို စားမိမှ မဟုတ်ဘူး။ လက်က ကိုင်တွယ်မိရင်လည်း ကူးနိုင်တယ်၊ ရှူမိရင်လည်း ကူးမှာပဲ။ အဲဒီလူတွေ ကျတော့ Chronic ဖြစ်နေတာဗျ။

မေး။    ။ အခုဆိုရင် မြန်မာ့စီးပွားရေး ဦးပိုင်က စားအုန်းဆီကို သူတယောက်တည်း သွင်းနေတယ်၊ တခြားသူ သွင်းခွင့် မရှိဘူး။ ပြည်သူတွေအနေနဲ့ စားအုန်းဆီပဲ ဈေးချိုချိုနဲ့ စားနေရတယ်၊ ရွေးချယ်ခွင့်မရှိဘူး၊ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီတွေကလည်း ဈေးချိုချိုနဲ့ မရနိုင်ဘူး၊ စားအုန်းဆီမှာတောင် ကိုယ်ကြိုက်တဲ့ တံဆိပ်ကို ရွေးစားခွင့် မရှိဘူးဆိုတော့ စားအုန်းဆီနဲ့ ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေရယ်၊ စားသုံးသူ အခွင့်အရေး အကြောင်းရယ်ကို ရှင်းပြပါဦး။

ဖြေ။    ။ စားအုန်းဆီအကြောင်း အရင်ပြောမယ်။ စားအုန်းဆီကို မကောင်းဘူးလို့ ပြောတာ ယေဘုယျ အားဖြင့် ပြောတာ။ စားအုန်းဆီမှာ အဆင့် အမျိုးမျိုးရှိတယ်။ ကွယ်လွန် သွားပြီဖြစ်တဲ့ ဆရာကြီး ဒေါက်တာတင်ရွှေက စားအုန်းဆီအကြောင်း စာအုပ် တအုပ် ရေးဖူးတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာလည်း စားအုန်းဆီကို တွင်တွင်ကျယ်ကျယ် သုံးတယ်။ ကျနော် သြစတေးလျမှာ နေတုန်းကလည်း ဗမာဆိုင်မရှိတော့ ဖိလစ်ပီနို ဆိုင်မှာ သွားစားရတယ်။ သူက အုန်းနို့နဲ့ ချက်တာ။ ဘာမှ မဖြစ်ဘူး။ မလေးရှား၊ အင်ဒိုနီးရှား ဟင်း တော်တော်များများက အုန်းနို့နဲ့ ချက်တာ။ ကျနော်တို့ ဗမာကတော့ အုန်းနို့နဲ့ ချက်ရင် မကောင်းဘူး ပေါ့ဗျာ။ စားအုန်းဆီ ဆိုတာက Grade အမျိုးမျိုး ရှိတယ်။ သူ့ရဲ့ သန့်စင်မှုပေါ့၊ စားသုံးရန် သင့်တဲ့ စားအုန်းဆီနဲ့ စားသုံးရန် မသင့်တဲ့ စားအုန်းဆီ ဆိုတာလည်း ရှိသေးတယ်။ အလှကုန်မှာ သုံးဖို့၊ ဆေးဝါးမှာ သုံးဖို့ စားအုန်းဆီရဲ့ Grade က တမျိုး။ လူတွေစားဖို့ ဟင်းချက်တဲ့ နေရာမှာသုံးတဲ့ စားအုန်းဆီရဲ့ Grade ကတမျိုး။ ကျနော်တို့ တိုင်းပြည်က ဆင်းရဲတယ်။ သွင်းလာတဲ့ စားအုန်းဆီတွေက Grade အဆင့်နိမ့်တယ်။ Grade အဆင့်နိမ့်တဲ့ ဟာကိုမှ ပဲဆီနဲ့ ရောပြီးတော့ ရောင်းကြတယ် ပေါ့ဗျာ။ သူက ခဲတတ်တယ် ဆိုတော့ စားမိရင်လည်း သွေးကြောတွေထဲမှာ ကပ်ပြီး ခဲမှာပဲ။

အဲဒီတော့ စားသုံးသူ အခွင့်အရေးလို့ ပြောရင် အဓိကကတော့ စားသုံးသူဆိုတာ သူ ကြိုက်နှစ်သက်ရာကိုသူ ရွေးချယ် နိုင်ရမယ်။ အခု ခင်ဗျားတို့မှာ ရွေးချယ်ခွင့် မရှိဘူး။ စားအုန်းဆီကို Grade အဆင့်မြင့်မြင့်နဲ့ သွင်းချင်တဲ့ သူရရင် သွင်းပစေ။ ကျနော်တို့ ပြည်တွင်းမှာက စားအုန်းဆီကို ဟုတ်တိပတ်တိ မထုတ်နိုင်သေးဘူး။ ပြည်ပမှာဆိုရင် စားအုန်းဆီကို ကြိုက်တဲ့သူ သွင်းလို့ ရတယ်၊ စားချင်တဲ့သူ ကလည်း သူကြိုက်ရာ ဝယ်စားလို့ရတယ်၊ နေကြာစေ့ဆီ စားတဲ့သူ လည်းရှိတယ်၊ ပဲပိစပ်ဆီ စားတဲ့သူ ရှိတယ်၊ မြေပဲဆီ စားတဲ့သူရှိတယ်၊ အမျိုးမျိုး စားကြတာပေါ့။ အဓိကကတော့ ရွေးချယ်မှုပဲ။ ကျနော်တို့ ဆီမှာ စားသုံးသူ ကာကွယ်ရေး ဆိုတဲ့ဆီကို မသွားခင်မှာ၊ စားသုံးသူတွေရဲ့ ဘဝအဆင့်အတန်း မြင့်မားရေး ဆိုတဲ့ဆီကို ပြန်သွား ရမယ်။ အခု လမ်းဘေးမှာ ရောင်းတဲ့ အစားအစာ မကောင်းဘူးလို့ ပြောတယ်။ ဒါပေမယ့် စားနေကြတာ ဘာဖြစ်လို့လဲ။ သူ ဒါပဲ တတ်နိုင်တာကိုး။ ခင်ဗျားနဲ့ ကျနော်နဲ့ ဒီမှာ ကော်ဖီထိုင် သောက်နေတယ်၊ ဒီမှာ သောက်ချင်ပေမယ့် မသောက်နိုင်တဲ့ သူတွေ အများကြီး ရှိတယ်။

အရင်ဆုံး စားသုံးသူရဲ့ဘဝကို မြှင့့်တင်ဖို့ လိုတယ်။ ကျနော်တို့ဆီမှာက အစားအသောက်က ဆိုးဆေးပါလို့၊ ဘာပါလို့၊ ညာပါလို့ ပြောနေတဲ့ အချိန်မှာ စင်ကာပူလို နိုင်ငံမျိုးမှာဆိုရင် မုန့်ဖုတ်တဲ့အခါ ဟင်းရွက်ဆီကို သုံးရတယ်။ အဲဒီ ဟင်းရွက်ဆီမှာ ထရန်စဖတ် လို့ခေါ်တဲ့ အဆီတမျိုး ပါတယ်၊ အဲဒီ ထရန်စဖတ် ပါဝင်မှုဟာ ၂ ရာခိုင်နှုန်းထက် မကျော်ရဘူး ဆိုပြီး အမိန့် ထုတ်လိုက်တယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ထုတ်တာ။ အချိန် ၄ လ ပေးတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီးတော့ အဲဒီအမိန့် အတည် ဖြစ်ရမယ်။ အခု ၂၀၁၃ ခုနှစ် ရောက်လာပြီ ဆိုတော့ စင်ကာပူမှာ ဗေဒင်မမေးနဲ့၊ နတ်မမေးနဲ့၊ သွားစစ်ကြည့်၊ အဲဒီအတိုင်းပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သူကစားသုံးသူရဲ့ ဘ၀ အဆင့်အတန်း မြင့်လာပြီ။ ဟိုဟာ မစားချင်ဘူး၊ ဒီဟာ မစားချင်ဘူး၊ ဟိုဟာပါရင် မရဘူး၊ ဒီဟာပါရင် မရဘူးနဲ့။ ဗမာပြည်မှာ အဲဒီလို သွားလုပ်လို့ မရဘူးလေ။ ဗမာပြည်က ဆင်းရဲတာကိုး။

မေး။    ။ တရုတ်ပြည်က ဝင်လာတဲ့ ကလေး သွားရည်စာ၊ မုန့်တွေဟာလည်း ကျန်းမာရေးအရ စိတ်ချရတဲ့ အဆင့်မဟုတ်ဘူး လို့ ပြောကြတယ်။ မြန်မာပြည် အထက်ပိုင်းက ကျောင်းတခုမှာ တရုတ်ပြည်က မုန့်စားမိလို့ အစာအဆိပ်သင့်တာ ဖြစ်လိုက်သေးတယ်။ အဲဒီလိုတွေ ဖြစ်လာရင် ဘယ်သူတွေမှာ တာဝန်ရှိမလဲ။

ဖြေ။    ။ တရုတ်ပြည်က မုန့်တွေသွင်းတာနဲ့ ပတ်သက်လို့ ပြောကြ ဆိုကြတာတွေ ရှိတယ်။ ဒါပေမယ့် တကယ်လား ဆိုတာ ပြနိုင်ဖို့ သက်သေ လိုတယ်။ ဒီမုန့်ကို ဓာတ်ခွဲတယ်၊ ဒါတွေ့တယ်လို့ ပြနိုင်ရမယ်။ အခုက အများသိနဲ့ ပြောနေကြတာ။ အများသိ ကိုလည်း မှားတယ်လို့ ဆိုလို့ မရပေမယ့် တကယ်လား ဆိုတာ ပြဖို့ သက်သေလိုတယ်။ တစ် အချက် ဒီမုန့်တွေ ဘယ်လို ရောက်လာတာလဲ၊ ဘယ်သူက သွင်းလာတာလဲ၊ တရားဝင် သွင်းလာတာ တခုမှ မရှိဘူး။ သူ့ နားလည်မှုနဲ့သူ ရောက်လာတာချည်းပဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲ မေးရင်တော့ ရောင်းတဲ့သူမှာ တာဝန်ရှိတယ်။ ရောင်းတဲ့သူကို ခွင့်ပြုတဲ့ မသိဟန် ဆောင်တဲ့ သူတွေမှာလည်း တာဝန်ရှိတယ်။ ကျနော် စောစောက ပြောတဲ့ စင်ကာပူက ကိစ္စ၊ ဒီဟာ နှစ်ရာခိုင်နှုန်း ပါ မပါဆိုတာ အတော်သိရ ခက်တာ။ နမူနာယူပြီး စစ်ရဦးမှာ။ သူတို့က စိန်ခေါ်ပြီးသား။ ကြိုက်တဲ့ အချိန် လာစစ်လို့ ပြောတယ်။ စင်ကာပူ တနိုင်ငံလုံးမှာရှိတဲ့ ကြိုက်တဲ့ မုန့်ဆိုင် လာကြည့်။ ဒီအတိုင်းပဲ ဖြစ်ရမယ်။

ကျနော် ပြောချင်တာက ဥပဒေ တခု ရှိလာရင် အဲဒီ ဥပဒေနဲ့ အရေးယူဖို့ လိုတယ်။ အရေးယူမယ့် လူက လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းဖို့ လိုတယ်။ နိုင်ငံသားတွေရဲ့ အသိလည်း လိုတယ်။ ခင်ဗျား ဥပဒေကို ကြိုက်တာထုတ်၊ မလိုက်နာရင် အလကားပဲ၊ မလိုက်နာလို့ အရေးယူရင် အရေးယူတဲ့ သူကိုယ်တိုင်က အကျင့် မကောင်းရင်  အလကားပဲ။ အဓိက လိုအပ် တာကတော့ နိုင်ငံသားတွေရဲ့ အသိပဲ။ စားသုံးသူကို ကျနော်ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။

မေး။    ။ အခု ဖွဲ့စည်းထားတဲ့ စားသုံးသူ ကာကွယ်ရေး အသင်းကရော ထိရောက်မှုရှိရဲ့လား။ စားသုံးသူတွေရဲ့ အခွင့်အရေး တွေကို ကာကွယ်နိုင်ရဲ့လား။

ဖြေ။    ။ ဗမာပြည်မှာက စပြီးလုပ်ခါစ ဆိုတော့ အချိန်တခုတော့ စောင့်ရဦးမယ်။ အသင်းအနေနဲ့ ကျနော် သိတာတော့
ဒီတသင်းပဲ ရှိသေးတယ်။ နိုင်ငံခြားမှာတော့ အများကြီးပဲ။ အသင်းက သက်တမ်း တနှစ် မပြည့်သေးဘူး ဆိုတော့  အချိန် တခုတော့ ပေးရလိမ့်မယ်။ ဒီလိုပဲ လုပ်ရင်းကိုင်ရင်းနဲ့ ဖြစ်လာမှာပါ။ အမေရိကားမှာ ဆိုရင် စားသုံးသူ ကာကွယ်ရေး အသင်းလို့ မခေါ်ဘူး။ CRC လို့ခေါ်တယ်။ Cosumer Right Center ပေါ့။  သူက အခုတော်တော် နာမည်ကြီးသွားတယ်။ အမေရိကားမှာ ရှိတဲ့ မြေပဲယို တံဆိပ်တခုမှာ ဆင်မိုနဲလား ဘက်တီးရီးယား တွေ့တယ် ဆိုပြီး ပြောကြတယ်။ သူကမြေပဲယိုကို ယူပြီးတော့ ISO လက်မှတ် ရထားတဲ့ ဓာတ်ခွဲခန်း တခုမှာ ဓာတ်ခွဲ ကြည့်လိုက်တယ်။ အဲဒီမှာ ဆင်မိုနဲလား ဘက်တီးရီးယားကို သွားတွေ့တယ်။ ပြီးတော့ အဲဒီစက်ရုံကို သွားပြီးတော့ ထောက်လှမ်းတယ်။ အပြင်ကနေ ဓာတ်ပုံရိုက် ပြီးတော့ မြေကြီးပေါ်မှာ မြေပဲတွေ ဒီအတိုင်း လှမ်းထားတာကို မှတ်တမ်း ယူနိုင်ခဲ့တယ်။ သူ့မှာ ဓာတ်ခွဲစစ်ဆေး ချက်လည်း ရှိပြီ၊ ဓာတ်ပုံလည်း ရှိပြီ ဆိုတော့ သူက ထုတ်လုပ်တဲ့ စက်ရုံကို ဘာမှ မလုပ်ဘဲနဲ့ FDA ကို တရားစွဲတာ။ အမေရိကန် FDA ရဲ့လုပ်ငန်း ပေါ့လျော့မှု ကြောင့် ဖြစ်တာဆိုပြီး FDA ကို တရားစွဲတာ။ သူ့ရည်ရွယ်ချက်ကလည်း စက်ရုံကိုသွားစွဲရင် သူ တခုပဲ ထိမယ်။ FDA ကိုစွဲတော့ စက်ရုံအကုန်လုံး ထိမှာလေ။

FDA ကလည်း ဘာလျှောက်လဲချက် ပေးသလဲ ဆိုတော့ စက်ရုံ အလုပ်ရုံ အားလုံးကို HACCP လို့ ခေါ်တဲ့ ထုတ်လုပ်ရေး ရောင်းချရေးမှာ လိုက်နာရတဲ့ စနစ်တခု ရှိတယ်၊ အဲဒီစနစ်နဲ့ လုပ်ဆောင်ဖို့ ဝန်ကြီးဌာနကို တင်ထားတယ်။ ဝန်ကြီးဌာနက လည်း သူ့တို့ဆီက လွှတ်တော်ကို တင်ထားတယ်၊ လွှတ်တော်ကလည်း အတည်ပြုပြီးတော့ သမ္မတဆီ တင်လိုက်တယ်။ အဲဒီတုန်းက ၂၀၁၀ ဗျ။ သမ္မတကလည်း ဘာပြောသလဲ ဆိုတော့ သူ ဒုတိယအကြိမ် အရွေးခံရရင် လက်မှတ်ထိုးမယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ဒီကိစ္စက အိမ်ဖြူတော်ကို ရောက်သွားတယ်။ FDA မှာ အပြစ်မရှိဘူး။ သမ္မတကလည်း ဝန်ခံတယ်။ သူ့ဆီမှာ ကြာသွားတာပါတဲ့။ တောင်းပန်တယ်။ သမ္မတ လက်မှတ် ထိုးလိုက်တော့။ FDA ကနေ ကြေညာချက် ထွက်လာတယ်။ အမေရိကန် ပြည်ထောင်စု ပြည်နယ် ၅၁ ခုမှာရှိတဲ့ စက်ရုံအားလုံးသည် HACCP နဲ့ GMP (Good Manufacturing Practices) ကျင့်စဉ် အတိုင်း သွားရမယ်၊ မလိုက်နာရင် အရေးယူမယ် ဆိုတာ ပါလာတယ်။ နောက် တချက်က FDA ကို မဆွဲချင်ရင် Town Council ကိုဆွဲလို့ ရတယ်။ မြူနီစပယ်က ပြောတာ။ အစားအစာတွေက သူ့ခွင့်ပြုချက်နဲ့မှ ရောင်းလို့ရတာလေ။

မေး။    ။ ကျနော်တို့ ဆီမှာ အဲဒီလိုကိစ္စတွေ ပေါ်လာရင် ဘယ် အဖွဲ့အစည်းမှာ တာဝန်ရှိလဲ။

ဖြေ။    ။ နှစ်ဖွဲ့စလုံးမှာ တာဝန်ရှိတယ်။ FDA ရော၊ စည်ပင်ရောပေါ့။ စားသုံးသူ ကာကွယ်ရေး အသင်းက ပြောတယ်။ သူတို့ ဈေးတွေလိုက်စစ်တော့ ဆိုးဆေးတွေနဲ့ ရောင်းနေတာတွေ့ရတယ်။ တားမြစ်ဆိုးဆေး အထုတ်တွေလည်း တွေ့ရတယ်လို့ ပြောတယ်။ ဒီဈေးတွေ အားလုံးဟာ ခိုးကြောင် ခိုးဝှက်ရောင်းနေတဲ့ ဆိုင်တွေ မဟုတ်ဘူး။ စည်ပင်သာယာ ဈေးထဲမှာ စည်ပင်သာယာရဲ့ ခွင့်ပြုချက်နဲ့ ရောင်းနေကြတာ။ စည်ပင်သာယာမှာ ဈေးဌာန ဆိုတာလည်း ရှိတယ်။

မေး။    ။ စည်ပင်မှာရော ဥပဒေတွေ ညွှန်ကြားချက်တွေ မရှိဘူးလား။

ဖြေ။    ။ အဲဒါက မေးစရာဖြစ်လာပြီ။ ဥပဒေက ထွက်လာပြီ။ ပြင်ဆင်ချက်လည်း ထွက်လာပြီ။ ဥပဒေက ၁၉၉၇ ကတည်းက ရှိတာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ် ထိုးထားတာ။ အမျိုးသား စားသောက်ကုန် ဥပဒေပေါ့။ အခု ပြင်ဆင်ချက်တောင် ထွက်လာပြီ။ FDA ကလည်း ဒါကို အမှန်စစ်ဆေးရမယ်။ စည်ပင်သာယာ ဈေးဌာနကလည်း ဒါကို စစ်ဆေးရမယ်။ စင်ကာပူမှာက “ငါ့မုန့်ဆိုင်မှာ ငါရောင်းတယ်ကွာ၊ ဘာဖြစ်လဲ” လို့ လုပ်လို့မရဘူး။ ဆိုဂို ကုန်တိုက်မှာ ရောင်းတယ် ဆိုပါစို့။ သူ့ကုန်တိုက်မှာ ရောင်းတဲ့ ပစ္စည်း တမျိုး ပြဿနာတက်ရင် ဆိုဂို ကုန်တိုက်ပါ ပြဿနာတက်တယ်။ သူ့မှာ အုပ်ချုပ်ရေး အဖွဲ့ရှိတယ်လေ။ အခု ယုဇနပလာဇာလို ပေါ့။ ကျနော်တို့ ဆီမှာလည်း အဲဒါမျိုးတွေ လုပ်သင့်တယ်။ FDA လည်း သူလုပ်နိုင် သလောက်တော့ လုပ်နေတာ တွေ့တယ်။ ဥပဒေ ထွက်လာပေမယ့် ရဲတပ်ဖွဲ့နဲ့ တရားရုံးက တိုင်ကြားသူအဖြစ် အမှုတင်တာ မရှိတော့ သူလည်း လုပ်မရဘူး ဖြစ်နေတယ်။ အခု နောက်ထွက်တဲ့ ဥပဒေအရ တရားစွဲမယ် ဆိုရင် FDA သို့မဟုတ် စည်ပင်ရဲ့ ထောက်ခံချက်လိုတယ်။ အဲဒီအချက်က မကောင်းဘူး။ အမေရိကန်က CRC ရဲ့ လုပ်ပုံကိုကြည့်။ ကျနော်တို့ဆီမှာလည်း ဒီပစ္စည်း၊ ဒီကော်ဖီ မကောင်းဘူး။ အတုဖြစ်နေတယ် ဆိုရင် ကုမ္ပဏီကို မစွဲဘဲ FDA ကိုစွဲရမှာ။ ကျနော် အဲဒါကို တိုက်တွန်း ချင်တယ်။

မေး။    ။ ဖြန့်ချိ ထုတ်လုပ် ရောင်းချတဲ့ သူတွေကိုရော အရေးယူလို့ ရလား။

ဖြေ။    ။ ရတာပေါ့။ အခု ဥရောပမှာ ဖြစ်နေတယ်။ အမဲသားပါဆိုပြီး မြင်းသားတွေ ဖြစ်နေတယ်။ နောက် တခုက Nestle က လဖက်ခြောက်ထဲမှာ ခဲဓာတ်တွေ ပါတာတွေ့တယ်။ ဒီ ကုမ္ပဏီကို အရေးယူတာ မယူတာ ခဏထားဦး။ အဲဒီ တံဆိပ် တင်ရောင်းတဲ့ စူပါမားကက်တွေ အားလုံး ပစ္စည်း ပြန်သိမ်း ပေးရတယ်။ ဆက်ရောင်းနေရင် သူ့မှာ အပြစ်ရှိတယ်။ ဥပမာ ပြောပြမယ်။ ပုဇွန်တောင်ဈေးက ငါးပိမှာ ဆိုးဆေးတွေ့တယ် ဆိုပါစို့။ အဲဒါဆိုရင် ပုဇွန်တောင်ဈေး၊ ရေကျော်ဈေးက ငါးပိ ဆိုင်တွေ အားလုံး ပိတ်သိမ်းပေးရမယ်။ အခုက တွေ့တာ တွေ့တာပဲ၊ ရောင်းတာ ရောင်းနေတာပဲ၊ စားသောက်ကုန်နဲ့ ပတ်သက်လို့ စေတနာနဲ့ သတိပေးတဲ့ အခါမှာ အရေးကြီးတာက Public Alert ဖြစ်ဖို့ လိုတယ်။ Sketch ဖြစ်လို့မရဘူး။ Public Sketch ဆိုတာ ပြည်သူလူထုကို ထိတ်လန့်အောင် လုပ်တာ။ ကျနော် ငယ်ငယ်တုန်းက ဖြစ်ဘူးတယ်။ ၁၉ လမ်းက ကြေးအိုးဆိုင်မှာ ရင်ခွဲရုံက လူသေတွေရဲ့ အသည်းနဲ့ ချက်တာ ဆိုပြီး ပြဿနာတွေ တက်ကုန်ရော။ အဲဒီလို Public Sketch ဖြစ်ဖူးတယ်။

မေး။    ။ လမ်းဘေးက အစားအစာတွေ ဖြစ်တဲ့ အသုတ်စုံတွေ၊ အချဉ်တွေက ဘယ်လိုရောဂါမျိုးတွေ ဖြစ်နိုင်လဲ။

ဖြေ။    ။ ရောဂါ အစုံကို ဖြစ်နိုင်တယ်။ ရောဂါဖြစ်နိုင်ခြေ ၃ မျိုးရှိတယ်။ HACCP အရပြောတာ။ ပထမတမျိုးက Physical အရ ဖြစ်နိုင်တယ်၊ အစားအသောက် ထဲကို ဆံပင် ကျသွားတာမျိုး။ နောက်တခုက အစားအသောက်ထဲမှာ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ ပါလာတာမျိုး။ ပြီးတော့ စားတဲ့ အသားတွေက ရက်ကြာလို့ ပုပ်သိုးနေတာမျိုး ဆိုရင် Biology လို့ခေါ်တယ်။ ရုပ်ဝတ္ထုရယ်၊ ဓာတုဗေဒရယ်၊ ဇီဝဗေဒရယ်ပေါ့။ လမ်းဘေး အစားအစာမှာ ဒီသုံးမျိုးစလုံး ပါရင်ပါမယ်၊ မပါရင် အနည်းဆုံး တမျိုးတော့ ပါနိုင်တယ်။ ဝက်သား တုတ်ထိုး ရောင်းတယ်။ ဒီအတိုင်း ရောင်းတယ်။ ကားတွေ ဖြတ်မောင်းသွားရင် ဖုန်တွေ ဝင်လာမယ်။ အဲဒါ ရုပ်ဝတ္ထုတွေပဲ။ ဒီ ဝက်သားတုတ်ထိုးကို တို့စားတဲ့ အချဉ်ရည်မှာ ဆိုးဆေးတွေ လုံးဝပါနေတယ်။ အချဉ်ရည်ထဲမှာ ဘာတွေ ထည့်ထားလဲ မသိကြဘူး။ ဝက်သားပြုတ်တဲ့ အခါမှာလည်း မကျက်ဘူး။ မကျက်ရင် သံကောင်တွေ ပါနိုင်တယ်။ ရောင်းတဲ့သူကလည်း ဒီလက်နဲ့ ပိုက်ဆံကိုကိုင်၊ ပြန်အမ်း။ ဒီလက်နဲ့ပဲ ဝက်သားကိုလှီး။ အဲဒါကို Biological လို့ခေါ်တယ်။ အဲဒီအထဲမှာ ဘက်တီးရီးယားတွေ ပါသွားပြီ။

မေး။    ။ ဆရာ့ အနေနဲ့ ဖြည့်စွက်ပြောချင်တာ၊ အကြံပြုချင်တာ ရှိရင် ပြောပါ။

ဖြေ။    ။ ပြောချင်တာက ပထမ ဥပဒေ အကာအကွယ် ရှိဖို့လိုတယ်။ ဒီဥပဒေနဲ့ အရေးယူမယ့် လူတွေကိုရော Train လုပ်ပြီးပြီလား။ Product တွေကို စစ်ဆေးဖို့ ပစ္စည်းကိရိယာ စုံစုံလင်လင် ရှိပြီလား။ ကျနော်တို့ဆီမှာ တရားဝင် အဖွဲ့ဆိုလို့ FDA၊ စည်ပင်နဲ့ ကျန်းမာရေး ဦးစီးဌာနပဲ ရှိတာ။ နိုင်ငံတော် အစိုးရက အဲဒီအဖွဲ့ ၃ ခုကို ပံ့ပိုးတာတွေ လုပ်သင့်တယ်။ ဓာတ်ခွဲခန်း ကောင်းကောင်းရှိဖို့၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေရှိဖို့၊ ပညာရှင်တွေကို နိုင်ငံခြားလွှတ်ရမယ်၊ နိုင်ငံခြားက ပညာရှင် အဖွဲ့အစည်းတွေ ကိုလည်း ဖိတ်ခေါ်ရမယ်။ မလုပ်နိုင်ဘူး ဆိုရင်တော့ တရားရုံးကြီးကိုတောင် ပုဂ္ဂလိက ပေးသေးတာပဲ၊ FDA ကိုလည်း လုပ်နိုင်မယ့် ကုမ္ပဏီတခုကို ပေးလိုက်ပေါ့ဗျာ။ သူတို့ကိုယ်သူတို့ အဲဒီ အဆင့်ရောက်အောင် လုပ်မှာလား၊ အဲဒီအဆင့်ရှိတဲ့ ပုဂ္ဂလိကကို ပေးမှာလား။ ဟုတ်ပြီ၊ FDA ကိုရော၊ စည်ပင်၊ ကျန်းမာရေး ဦးစီးဌာနကိုရော ကျနော်တို့ ပိုက်ဆံတွေနဲ့ အဆင့်မြှင့်ပေးပြီး ရင်တောင်မှ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။

နောက်တချက်က ကျနော်တို့ဆီမှာ ကျွမ်းကျင်သူ ပညာရှင်တွေက ခါးပြတ်သွားပြီ။ အရင်က RIT မှာ ဒီပလိုမာ သင်တန်း ရှိတယ်။ နောက်ပိုင်း RIT ပိတ်လိုက်တော့ ဘာမှ မရှိတော့ဘူး။ ပညာရေး ပြန်မြှင့် ပေးရမယ်။ စားသောက်ကုန်နဲ့ ပတ်သက်ပြီး Education Center တွေ ထိုင်းမှာ ၂၀၀၀ ကျော် ရှိတယ်။ ဗမာပြည်မှာက လက်ဆယ်ချောင်း မပြည့်ဘူး။ အဲဒါကို နိုင်ငံတော် အစိုးရက ဘာဖြစ်လို့ လျစ်လျှူရှုထားတာလဲ။     ။

Loading