အဆိပ်လည်း အစာ၊ အစာလည်း အဆိပ်

သစ္စာနီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လူတိုင်း အသက်ရှည်လိုကြသည်။ အသက်ရှည်ခြင်း၏ အကြောင်းတရား ၄ ပါး အဖြစ် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဟု ပြဌာန်းထားရာ အစားအစာဟု ဆိုရမည့် အာဟာရသည် မည်မျှ အရေးကြီးကြောင်း သိနိုင်သည်။ “အစားမတော် တလုပ်” ဆိုသော စကားနှင့်လည်း သတိပေးထား သေးသည်။ မြန်မာလူမျိုးများသည် ရှေးယခင်အခါများကပင် ဓာတ်စာဟူ၍ ရာသီ စာကို ကြည့်ကာ ချင့်ချိန်စားသောက်လာကြသော ဓလေ့ရှိသည်။ ဒါကြောင့် “ဆေးလည်းအစာ အစာလည်းဆေး” ဟု ဆိုရိုး စကားရှိခဲ့သည်။ ယခုတော့ ထိုစကားကို “အဆိပ်လည်း အစာ အစာလည်း အဆိပ်”ဟု ပြောင်းလဲရမည့် အခြေ အနေ ရောက်နေသည်။ ကျနော်တို့သည် အကြောင်း အမျိုးမျိုးကြောင့် (ကျနော် အပါအဝင်) စားသုံးရန် လုံး၀ မသင့်တော်သော အစားအစာများကို ပါးစပ်မှတဆင့် ခန္ဓာကိုယ်အတွင်းသို့ မလွှဲသာ မရှောင်သာ သွတ်သွင်းနေကြရသည်။

မနက်မိုးလင်းလျှင် လူအများစုမှာ လက်ဖက်ရည်ဆိုင် ထိုင်ကာ လက်ဖက်ရည် တခွက်နှင့် အီကြာကွေး တချောင်းတော့စား သောက်လေ့ရှိသည်။ အီကြာကွေး ကြော်သော ဆီမှာ စားသုံးရန် မသင့်တော်သော စားအုန်းဆီ ဖြစ်ရုံသာမက အထပ်ထပ်ကြော်ထားသဖြင့် မည်းနက်၍ပင်နေသည်။ တခါကြော်ပြီးဆီကို ထပ်မသုံးသင့်၊ သွန်ပစ်ရမည် ဆိုသော အသိ မရှိ။ သိလျှင်လည်း စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် လိုက်နာမည် မထင်။ မကြာခင်ကပင် ထိုဆီထဲ၌ ပလပ်စတစ် ရေသန့်ဗူးခွံတွေ ထည့်သွင်း အသုံးပြုနေတာ ကြားလိုက်ရသေးသည်။ အကြော် ကြာရှည် မာကျွတ်နေဖို့ ထည့်ကြော်တာဟု ဆို၏။

ရက်ပိုင်းကပင် ထန်းခြောက်ပင်က စားသုံးသူ တဦးက သူစားသော အီကြာကွေးမှာ “သေး”စော်နံနေသည်ဟု လာတိုင်ကြားသဖြင့် စားသုံးသူ ကာကွယ်ရေး အသင်းက စစ်ဆေးကြည့်ရာ အီကြာကွေးထဲတွင် ပွဆေးအဖြစ် မိုးနီးယား (Mxs gas) တွေ ပါဝင်နေတာ တွေ့ရသည်။ ထို ဂက်စ်မှာ အဲယားကွန်း၊ ရေခဲသေတ္တာများတွင်သာ သုံးရသည့် gas ဖြစ်သည်။ ကျနော်သည် ဆိုင်တွင် ရှယ် ခေါ် ဗူးနို့ဆီ လက်ဖက်ရည်သာ သောက်လေ့ရှိသည်။ ကိန်းခန်းကြီးသော ကြောင့် မဟုတ်။ ချက်နို့ဆီဖြင့် ဖျော်သော ရိုးရိုးလက်ဖက်ရည် သောက်လျှင် မကြာခဏ ကြွက်သေပုပ်စော် အနံ့ရသောကြောင့် ဖြစ်သည်။ ချက်နို့ဆီ ကြာရှည်ခံအောင် ဖော်မလင်ဆေး ထည့်သွင်းထားသောကြောင့် ဟုဆိုသည်။

လက်သုပ်စာ စားမည် ဆိုလျင်လည်း အသုံးပြုသော ငရုတ်ရည်မှာ ဆန်ကွဲဆန်ကျိုးကို ကြိုကာ အသိုးခံ အချဉ်ဖောက်ထား ပြီး အနီရောင်ဆေး ဆိုးထားသော အချဉ် ဖြစ်နေ၏။ ထိုအထဲတွင် အချိုမှုန့်ကို အစိမ်းလိုက် ဖြူးလိုက်သေးသည်။ အချိုမှုန့် ဆိုသည်မှာ ပွက်ပွက်ဆူနေသော ရေထဲတွင် အနည်းငယ်မျှသာ ခပ်သုံးရသော အရာ ဖြစ်သည်။ (ကျနော် ငယ်ငယ်က အချိုမှုန့် မရှိ။ ဟင်းချိုချက်လျှင် ပုဇွန်ခြောက်ကောင်း လက်တဆုပ်လောက် ထည့်လိုက်ရုံသာ။ အခုခေတ် တော်ရုံလူ မသုံးနိုင်တော့။ အများစုမှာ လွယ်ကူ သက်သာရာကိုပင် မရှောင်သာ မလွှဲသာ သုံးနေရသည့်အခြေ ရောက်နေသည်။)

ဆင်းရဲသားသုံး ငပိမှာ ဖွဲနုများကို အရောင်ဆိုးထားခြင်းသာ။ ငံပြာရည်မှာလည်း အရောင်ဆိုးထားသော ဆားရည်ကျိုသာ။ မှိုတက်နေသော ငရုတ်သီးတောင့်များနှင့် ချည်ဆိုးဆေး ဆိုးထားသော မျှစ်များ၊ ပြီးတော့ ငှက်ပျောသီး၊ သရက်သီး ဆိုတာ လည်း နုနုလေးတွေ ခူးကာ ဆေးအုပ်၍ ရင့်မှည့်စေသဖြင့် မူလ အရသာမရှိ။ မကြာခင်က ပင် စားသုံးရန် မသင့်သော တဖက်နိုင်ငံမှ တင်သွင်းသည့် ကြက်သား၊ အမဲသား (ရေခဲရိုက် အေးခဲထားသည့်) များကို ရှာဖွေ ဖမ်းဆီးနေရသော သတင်း ဖတ်လိုက်ရသည်။ ပုဇွန်လည်း ပါသည်။ ပညာပေး ကာလ ၂ လ အတွင်းမှာ သိန်း ၂၆၀ ဖိုး ဖမ်းမိသည်ဟု ဆိုသည်။ နယ်စပ်ကုန်သွယ်ရေးက ဖမ်းဆီးခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ဟုမ္မလင်း ယက်ဖ ကျေးရွာတွင် သစ်ပါးလွှာစက်ရုံမှ ဝန်ထမ်းများ မနက်စာ စားရင်း အစာအဆိပ်သင့် သဖြင့် လူ ၃၂ ဦး (ကျား ၁၇၊ မ ၁၅) ဆေးရုံတင်ရရာ (မ) ၂ ဦး သေဆုံးသွားသည်။ သူတို့ စားသည့် ဂေါ်ဖီထုပ် တွင် ပိုးသတ်ဆေးများ အလွန်အကျွံ ပါဝင်နေသောကြောင့် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၄ က သုဝဏ္ဏဈေးတွင် ကိုက်လံနှင့် ပန်းဂေါ်ဖီထုပ် များကို စမ်းသပ် စစ်ဆေးရာ ပိုးသတ်ဆေးများ တွေ့ရသဖြင့် သိမ်းဆည်းခဲ့ရသည်။ ဆေး သုတေသနဦးစီးဌာန၏ ပြောကြားချက် အရမူ ဆေးဖြန်းပြီး ၇ ရက်ကြာသည်အထိ လူကို အန္တရာယ် ပေးနိုင်သည့် အာနိသင် ရှိနေသည်ဟု ဆို၏။ ယခုတော့ ချက်ချင်းခူး၊ ချက်ချင်း ဈေးကွက်ထဲရောက်၊ ရေနဲ့ စင်အောင် မဆေးကြသဖြင့် ယခုလို အန္တရာယ် ကြုံရ ခြင်း ဖြစ်သည်။

မကြာခင်က ပိုးသတ်ဆေး အန္တရာယ်ကို သတိထားရန် မင်းထင်ကိုကိုကြီးက “အင်းသီး” ဆိုသော မှတ်တမ်းတင် ကားတိုလေး ရိုက်ကာ ပညာပေးဖူးသည်။ တောင်သူများသည် ကန့်သတ်ထားသော  ပိုးသတ်ဆေးများ (ဥပမာ- အင်ဒရင်း၊ ဒီဒရင်း)၊ သုံးစွဲခွင့် ပြုမထား မှတ်ပုံတင်မထားသော (ကလိုဒိန်း၊ ဟိုင်းရပ်စ်၊ တော့စ်ဖိန်း) တွေကို အကြောင်းကြောင်း ကြောင့် သုံးစွဲနေရသည်။ မြန်မာနိုင်ငံတွင် စားသုံးသူ ကာကွယ်ရေး၊ အသင်း တချို့ရှိသော်လည်း တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်။ မြန်မာနိုင်ငံတွင် FDA  ခေါ်  အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန ရှိသော်လည်း ထိရောက်အောင် ဆောင်ရွက်ဖို့ လူအင်အား ငွေအင်အားကြောင့် ခက်ခဲနေပုံ ရသည်။ ထို အဖွဲ့က ၂၀၁၂ ခုနှစ် အတွင်း ဈေးကွက်ထဲ၌ ရောင်းချနေသော ငရုတ်သီးမှုန့် နမူနာ ၅၄၃ ကို စစ်ဆေးခဲ့ရာ ၁၇၅ ခုတွင် စားသုံးသူကို ကင်ဆာဖြစ်စေနိုင်၊ မျိုးရိုးဗီဇ ထိခိုက်စေနိုင်သော ဓာတုဆိုးဆေး (Auramnine – O နှင့် Rhodamine B) များ ထည့်သွင်းထားတာ တွေ့ရသည်။ ထိုအထဲမှ အမှတ်တံဆိပ် ၂၀ ကို အရေးယူခဲ့သည်။ ဒါဆို တခြား ၁၅၅ မျိုးကို အရေးမယူတော့တဲ့ သဘော ဖြစ်နေသည်။ (တမျိုးမှာ အမည်မပါ၊ အမည်ပါသော်လည်း လိပ်စာမပါ။) ဘာကြောင့်ပါလဲ။

ဖမ်းဆီးရမိသူများကို အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈ (က)အရ အရေးယူသည်။ ထို ဥပဒေအရ ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ၃ သောင်း ချမှတ်နိုင်၏။ ဒီ ပြစ်ဒဏ်လောက်ကို ဝိသမသား လုပ်ငန်းရှင်တွေက ဖြုံမယ် မထင်။ ပြင်းထန် ထိရောက်သော အပြစ်ဒဏ် စီရင်ပေးဖို့ လိုသည်။ တရုတ်ပြည်တွင် အားလုံးအသိပင်၊ ဒီလို ကိစ္စမျိုး ဖြစ်လာလျှင် သေဒဏ် ပေးလေ့ရှိသည်။ (နို့မှုန့်ထဲတွင် မယ်လမင်း ဓာတ်ပါဝင်မှု ကိစ္စ ကြည့်ပါ။)

မကြာခင်က (စက်တင်ဘာ ၄ ကစ၍) မြန်မာနိုင်ငံတွင် ချောကလက်၊ ဝေဖာ၊ ကိတ်နှင့် ပီကေ (ချွင်းဂမ်း) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် တင်သွင်းခွင့် ပြုလိုက်သည်ဟု သတင်းကြားရသောအခါ ကျနော် အံအားသင့်သွားသည်။ အံအားသင့်ရခြင်းမှာ ထို ပစ္စည်း ၄ မျိုးကို ရှေ့နှစ်ပေါင်းများစွာကပင် ဆိုင်များ၌ ထင်ရှားပေါ်လွင်စွာ ရောင်းချနေခဲ့တာ မြင်ခဲ့ရသောကြောင့် ဖြစ်သည်။ (ဤ အချက်က ကျနော်တို့ နိုင်ငံတွင် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်မှု အားနည်းကြောင်း ဖော်ပြနေ ပေသည်။) နှစ်ပေါင်းများစွာ ခိုးသွင်းကာ ရောင်းချနေခဲ့ကြသည်။ ဒီလို ခိုးသွင်းကြတော့ ကျန်းမာရေး ထောက်ခံချက် မရှိ။ တိုင်းပြည် ဝင်ငွေ ထိခိုက်၏။ တရားဝင် တင်သွင်းခွင့် ပိတ်ပင်ထားသော အရက် ဘီယာနဲ့ စီးကရက်တွေလည်း ဒီလိုပဲ ရောင်းချနေကြတာ တွေ့ရသည်။

သူများ နိုင်ငံများတွင် အစိုးရ ဌာနများကသာ မက NGO၊ ပုဂ္ဂလိက အဖွဲ့အစည်းများကပါ စားသုံးသူကို ကာကွယ်စောင့်ရှောက် ပေးကြသည်။ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတွေကလည်း ကိုယ်ကျိုးစီးပွား တခုတည်းကို မကြည့်ကြ။ ရက်ပိုင်းအတွင်းကပင် ကမ္ဘာ့အကြီးဆုံး စားသောက်ကုမ္ပဏီကြီး ဖြစ်သော Nestle က စပိန်နှင့် အီတလီတွင် ရှိသော သူတို့ ဖြန့်ဖြူးထားသည့် စည်သွတ်ဗူးတွေကို လိုက်လံသိမ်းဆည်းခဲ့သည်။ ဂျာမနီမှ စစ်ဆေးရေးအဖွဲ့က ထို အမဲသားဗူး တချို့ကို စစ်ဆေးကြည့်ရာ မြင်း၏ ဒီအင်အေ (DNA) ကို တွေ့ရသောကြောင့်ဟု ဆိုသည်။ ကျနော်တို့ နိုင်ငံက စားသုံးသူတွေကတော့ ဗူးပေါ်က ရက်လွန်နေ့စွဲကလေးကိုပင် ဖတ်ကြည့်လေ့ မရှိကြ။ စက်ရုံထုတ် ပစ္စည်းများမှာ ရက်လွန်နေပါက စားသုံးရန် မသင့်။

ရက်လွန် နေ့စွဲကို ကြည့်ကာ တမင် စားသုံးသူ တယောက်တော့ ရှိသည်။ ကိုးရီးယား Girl’s Generation အဖွဲ့က အဆိုတော် ဟိုယွန်း ဆိုတဲ့ ကောင်မလေး ဖြစ်သည်။ သူက အလုပ်သိပ်များကာ ပင်ပန်းနေပြီး လူတွေနဲ့ မတွေ့ချင်တော့ဘူး အနားယူချင်တယ် ဆိုရင် ရက်လွန်နေတဲ့ နွားနို့ဗူးတဗူး သောက်လေ့ရှိသည်။ သူ ဝမ်းပျက် ဝမ်းလျော ဖြစ်တော့ အနားယူရတာပေါ့။ ကိုးရီးယား လုပ်သမျှ လိုက်တုပသူတွေကို သတိပေးချင်သည်။ ဒီလို ကိစ္စမျိုးမှာတော့ မတုပကြပါနှင့်။ အန္တရာယ် ရှိသဖြင့် တားရခြင်း ဖြစ်ပါသည်။

သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading