သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေထဲက ထင်ရှားတဲ့ တခုကတော့ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းတွေကို ပြည်တော်ပြန်ခွင့် ပေးတာခဲ့တာလည်း ပါပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေစိုက်ပြီး မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း နိုင်ငံတကာက သိအောင် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) လည်း အဲဒီထဲမှာ တဖွဲ့အပါအဝင် ဖြစ်ပါတယ်။
AAPP အဖွဲ့က အတွင်းရေးမှူး ဦးတိတ်နိုင်နဲ့ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်တို့ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ လဆန်းအထိ ပထမဆုံး မြန်မာပြည် ၁ လ ခရီးသွားခဲ့ပြီး အစိုးရဘက်မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ AAPP ရဲ့ မြန်မာနိုင်ငံခရီးစဉ်၊ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကိစ္စ၊ AAPP အနာဂတ် လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ AAPP ရုံးခန်းမှာ ဧရာဝတီ သတင်းထောက် လင်းသန့်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ မကြာသေးခင်က AAPP ရဲ့ ပြည်တော်ပြန်ခရီးနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံထဲကို သွားရတဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်။ အဲဒီ နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြုဖို့၊ နောက် လွှတ်ပေးရေး၊ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပါတီအသီးသီး၊ အဖွဲ့အစည်း အသီးသီးကဖော်ဆောင်ရေး၊ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဘယ်လိုပုံစံမျိုးနဲ့ အကူအညီပေးမလဲဆိုတာ ဆွေးနွေးရေးပေါ့။ ဒီကိစ္စတွေနဲ့ မြန်မာနိုင်ငံထဲကို ကျနော်တို့ ပြန်ဝင်သွားခဲ့ပါတယ်။
ကျနော်တို့ ပါတီအဖွဲ့အစည်း အသီးသီးတွေနဲ့ တွေ့တယ်။ NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)၊ NDF (အမျိုးသား ဒီမိုကရေစီ အင်အားစု)၊ SNLD (ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) တို့၊ နောက် ၈၈ မျိုးဆက်အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွေကို ကျနော်တို့ တွေ့တဲ့အခါမှာ ဒီအဖွဲ့အစည်းတွေ တော်တော်များများမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးဘူး။ မရှိသေးဘူး ဆိုတဲ့အတွက်ကြောင့် ကျနော်တို့က အဓိပ္ပာယ် ဖွင့်ဆိုချက် ရှိသင့်တယ်။ အစိုးရက တဖက်က ငြင်းနေတာက သူ့ကိစ္စ။ ငြင်းနေတယ်ဆိုတာကလည်း တကယ့် အမှန်တရားကို မျက်ကွယ်ပြုတဲ့ ကိစ္စဖြစ်တယ်။ အစိုးရဘက်ကလည်း နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ရှိသင့်တယ်လို့ ကျနော်တို့ဆွေးနွေးတယ်။ အစိုးရဘက်က မရှိခင်စပ်ကြားထဲမှာတော့ ကိုယ့်ဘက်မှာ အရင်ရှိသင့်တယ်။
ကျနော်တို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လွှတ်တော်ဆိုတာ ရှိနေတယ်။ လွှွတ်တော်ကလည်း နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတဲ့ဟာကို အသိအမှတ် ပြုဖို့လိုတယ်။ လွှတ်တော်အမတ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ လွှတ်တော် အမတ်တွေကိုလည်း ချဉ်းကပ်ဖို့ ကျနော်တို့ လိုတာပါပဲ။ လွှတ်တော်အမတ်တွေကို Lobby လုပ်ရမယ်။ လွှတ်တော်ထဲမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ဆိုတာမျိုးတွေ ကျနော်တို့ ဆက်လုပ်ရမှာရှိတယ်။ အဲဒီလို မလုပ်ခင်စပ်ကြားထဲမှာ ပါတီ အသီးသီးကနေပြီးတော့ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ရှိမယ်ဆိုရင် သူတို့ပါတီကနေ လွှတ်တော်ထဲကို တက်နေတဲ့ အမတ်တွေကို ပါတီက ပြန်ပြီး ညွှန်ကြားချက်ပေးလို့ရတယ်။ ဒီလို ပုံစံမျိုးနဲ့ကျနော်တို့ ချဉ်းကပ်ကြပါတယ်။
မေး။ ။ AAPP ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် အစိုးရဘက်က “နိုင်ငံရေး အကျဉ်းသား” ဆိုတဲ့ စကားလုံးကို ပထမဆုံး တရားဝင်သုံးပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဖွဲ့တယ်။ အဲဒါနဲ့ ပတ်သက်လို့ရော။
ဖြေ။ ။ ခုနက ပြောသလို ကျနော်တို့က ချဉ်းကပ်နေရင်းနဲ့ပဲ အစိုးရဘက်ကလည်း နိုင်ငံတကာရဲ့ ဖိအား တော်တော်များများကို ရင်ဆိုင်နေရတာတွေ ရှိတယ်။ နောက် နိုင်ငံရေးအကျဉ်းသားဆိုတာ တကယ်လည်း ရှိနေတဲ့ ကိစ္စဖြစ်တော့ အစိုးရဘက်ကလည်း လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွှတ်ပေးရေးအတွက် စိစစ်ရေး ကော်မတီ ဖွဲ့မယ်ဆိုပြီးတော့ သူတို့ ကမ်းလှမ်းလာတာ ရှိပါတယ်။ ရှိတဲ့အခါကျတော့ ကျနော်တို့ကလည်း ဒါဟာ လက်ခံသင့်တယ် ဆိုပြီး လက်ခံထား ပါတယ်။ ဒါပေမယ့် စိစစ်ရေး ကော်မတီက အခုချိန်ထိကတော့ ကြေညာချက်အဆင့်ပဲ ရှိသေးတယ်။ ဒီ စိစစ်ရေး ကော်မတီကို တရားဝင်ဖွဲ့တယ် ဆိုတဲ့အဆင့်ကို မရောက်သေးပါဘူး။ ဘယ်သူတွေနဲ့ ဖွဲ့မလဲ၊ ဘယ်သူတွေကို ဖိတ်မလဲဆိုတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ (သမ္မတရုံးဝန်ကြီး) ဦးစိုးသိန်းက ခေါင်းဆောင်ပြီး လုပ်မယ်။ သူလုပ်နေတာက အဖွဲ့အစည်းတွေကို သူလိုက်ကမ်းလှမ်းမယ်။ အဲဒီ အဖွဲ့အစည်းတွေက သဘောတူပြီးတော့ ကိုယ်စားလှယ်ပေးမယ် ဆိုလို့ရှိရင် အဲဒီ့ ကိုယ်စားလှယ်တွေကို သမ္မတဆီကို တင်မယ်။ သမ္မတကနေ အတည်ပြုတဲ့ အခါကျတော့မှ ဒီအဖွဲ့အစည်းက တရားဝင် အဖွဲ့အစည်း ဖြစ်လာမှာပါ။ ဖြစ်ပြီးတဲ့အခါမှာ ဒီလုပ်ငန်းစဉ်ကို ဘယ်လို စတင်မလဲဆိုတာ အခုချိန်အထိ ကျနော်တို့ မသိရသေးဘူး။ ခန့်မှန်းရသလောက်တော့ အမြန်ဆုံး စနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဆွေးနွေးတဲ့အခါမှာလည်း ဒီကော်မတီက တကယ်ကို ရလဒ်ထွက်နိုင်တဲ့ အလုပ်မျိုးကို သေသေချာချာ လုပ်ဖို့လိုပါတယ်။ အဲဒီလို လုပ်မှသာလျှင် အစိုးရအတွက်ရော၊ ကျနော်တို့ ပါဝင်နေတဲ့သူတွေ အတွက်ရော တိုင်းပြည်အတွက်ရော အကျိုးရှိမယ့် လုပ်ရပ်တွေ ဖြစ်လာမယ်။
မေး။ ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ စိစစ်ရေး ကော်မတီလည်း ပေါ်လာပြီ။ AAPP စာရင်းမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ရှိလဲ၊ နိုင်ငံရေးအရ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရဆဲ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ကျနော်တို့ AAPP တင် မဟုတ်ပါဘူး။ အထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွေ၊ ၈၈ မျိုးဆက် အဖွဲ့တွေနဲ့ ကျနော်တို့ အထဲမှာ ရှိနေခဲ့စဉ်တုန်းက သေချာဆွေးနွေးခဲ့တယ်။ သူတို့နဲ့ အတူတူ အလုပ်တွေလုပ်ခဲ့ပြီးတော့ အခု ၂၃၄ ဦးပေါ့။ ဒါက ထောင်ကျနေပြီးသား။ ဒါကိုအဖွဲ့အစည်း အနည်းဆုံး ၃ ဖွဲ့လောက်ကနေပြီး ကျနော်တို့ သဘောတူထားတာရှိတယ်။ အဲဒီအပြင် အချုပ်အဖြစ်နဲ့ ကျန်နေတာက ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်နေရတာ၊ ပုဒ်မ ၁၇/၁၊ ၁၇/၂ တို့နဲ့ အဲဒါတွေနဲ့ ကချင်ပြည်နယ်မှာ အဖမ်းခံထားရတာတွေရှိတယ်။ ကျနော်တို့ဆီက စာရင်းအရ ကချင်ပြည်နယ်ဘက်က ၅၀ လောက်ရှိပါတယ်။ ဒါ ဒီထက်မက ပိုရှိနိုင်ပါတယ်။ ကချင်ပြည်နယ်မှာပဲ အနိမ့်ဆုံး ၁၀၀ ပတ်ဝန်းကျင်လောက် ရှိနိုင်ပါတယ်။
တချို့ဟာတွေ ကျနော်တို့ လက်လှမ်းမမီလို့ မသိရတာတွေ ရှိတယ်။ နယ်မြေဒေသ အခက်အခဲတွေကြောင့် ကျနော်တို့ မသွားနိုင်တာတွေ ရှိတယ်။ အဲဒီလိုပဲ ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်နေကြရတဲ့ သူတွေ ရန်ကုန်တို့၊ မန္တလေးတို့ အပါအဝင်ဆိုလို့ရှိရင် လူ ၆၀ လောက် ရှိပါတယ်။ ခြုံပြီး ပြောမယ်ဆိုလို့ရှိရင် ၄၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်လို့ ပြောလို့ ရပါတယ်။ ဒါတွေက ကျနော်တို့ သိထားတာပါ။ ကျနော်တို့ မသိထားတာတွေ ဘယ်လောက် ရှိနေဦးမယ်ဆိုတာ ကျနော်တို့ မသိဘူး။
ဒါကြောင့်မို့ စိစစ်ရေး ကော်မတီက ထောင်အသီးသီးကို လွတ်လွတ်လပ်လပ်နဲ့ အချိန်မရွေး ဝင်ခွင့် ရှိမလား၊ မရှိဘူးလား၊ ပြီးတော့ ဒီစိစစ်ရေး ကော်မတီက လုပ်ပိုင်ခွင့်တွေ ဘယ်လောက် ရှိမလဲ၊ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲမှာ ကျနော်တို့ကရော ဘယ်လောက်အထိ တန်းတူအခွင့်အရေးရှိပြီး ဆွေးနွေးနိုင်မလဲ ဆိုတာက အရမ်းအရေးကြီးပါတယ်။ အဲဒါတွေ မရှိဘူးဆိုလို့ရှိရင်တော့ စိစစ်ရေး ကော်မတီက တကယ်အလုပ် ဖြစ်နိုင်မယ့် အနေအထားကတော့ အရမ်းကို ခက်သွားပါမယ်။ ဒီစိစစ်ရေး ကော်မတီကို ဖွဲ့ပြီးသွားလို့ ရှိရင် ကော်မတီက တကယ် အလုပ်လုပ်နိုင်တဲ့ အနေအထားတွေ ဖြစ်အောင် အစိုးရက ခွင့်ပြုပေးဖို့လိုတယ်။ အဲဒီလိုပဲ ငွေကြေး သုံးစွဲခွင့်ကိုလည်း အစိုးရဘက်က အသုံးပြုခွင့်ပေးဖို့ လိုပါတယ်။ ဆိုတော့ ဖွဲ့တော့ ဖွဲ့ပေးလိုက်တယ်။ ငွေကြေး သုံးစွဲခွင့် မရှိဘူးဆိုရင် ကျနော်တို့အနေနဲ့ ထောင်အသီးသီးကို သွားပြီး တွေ့ဆုံပြီး အကျဉ်းသားတွေကို အင်တာဗျူးလုပ်ဖို့တို့ စတဲ့ ဒီလိုကိစ္စတွေမှာ အများကြီး အခက်အခဲ ဖြစ်နိုင်ပါတယ်။
မေး။ ။ အစိုးရဘက်က သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်ပြီး ကော်မတီဖွဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လုပ်နေပြီဆိုရင် ဒီလက်ကျန် နိုင်ငံရေး အကျဉ်းသားတွေထဲက ဘယ်လိုလူတွေကို ပထမ ဦးစားပေး လွှတ်ပေးဖို့ လိုမယ်ထင်လဲ။
ဖြေ။ ။ လောလောဆယ် သူတို့ဘက်ကလည်း အသိအမှတ် ပြုထားတာတွေ ရှိမယ်။ ကျနော်တို့ဘက်ကလည်း အသိအမှတ် ပြုထားတာတွေ ရှိမယ်။ တူညီတာတွေ ရှိမယ်။ အဲဒီတူညီတာတွေကို အမြန်ဆုံး လွှတ်ပေးဖို့လိုတယ်။ ကျန်တဲ့ မတူညီတဲ့ ကိစ္စတွေကို ကျနော်တို့ ဆက်ဆွေးနွေးဖို့ လိုတယ်။ တူညီတဲ့ကိစ္စတွေကို အချိန်အကြာကြီး ဆွဲထားမယ်ဆိုရင် ဒါဟာ မသင့်တော်ဘူး။ နောက်တခုက အခုလိုမျိုး စိစစ်ရေး ကော်မတီ ဖွဲ့လိုက်ပြီဆိုတာနဲ့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မျှော်လင့်ချက်၊ သူတို့မိသားစုတွေရဲ့ မျှော်လင့်ချက်၊ အဲဒီ မျှော်လင့်ချက်တွေကို ရိုက်ချိုးတဲ့ဟာမျိုး၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်နေတဲ့ ပုံစံမျိုး မဖြစ်ဖို့လိုတယ်။ အခု ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း ကျနော်တို့ကိုလည်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေက ဖုန်းဆက် မေးမြန်းလာကြတယ်။ သူတို့ သားသမီးတွေ၊ သူတို့ ချစ်ရတဲ့သူတွေ အမြန်ဆုံး ဘယ်တော့ လွတ်မလဲ ဆိုတာတွေကို မေးနေကြပြီ။ ဒါကိုက စိတ်သောက ရောက်နေရတာလေ။ ဒီလူတွေကို စိတ်ဒဏ်ရာ မရစေချင်ဘူး။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အစိုးရတွေက မျှော်လင့်ချက်တွေပေးတယ်။ ပေးတဲ့အခါ နိုင်ငံရေး အကျဉ်းသားတွေရော သူတို့ မိသားစုတွေရော စိတ်ဒဏ်ရာတွေ ရကြတာ အများကြီးရှိတယ်။ ဒါမျိုးတွေ ဆက်ပြီး မခံစားစေချင်ဘူး။ ဒါကြောင့် တကယ့် တူညီပြီးသား အငြင်းပွားဖွယ် မရှိတဲ့ သူတွေကို အမြန်ဆုံး ချက်ချင်း လွှတ်ပေးဖို့ လိုတယ်။ ဒီလို လွှတ်ပေးနိုင်ဖို့ စိစစ်ရေး ကော်မတီအနေနဲ့ လုပ်ငန်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်တဲ့အဆင့်ကို အမြန်ဆုံးသွားဖို့ လိုပါတယ်။
မေး။ ။ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှာ ပူးပေါင်းပါဝင်ဖို့ AAPP ကိုယ်စားလှယ်အနေနဲ့ ကိုဘိုကြည်တို့ကိုလည်း ကမ်းလှမ်းထားတာဆိုတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား။
ဖြေ။ ။ ကျနော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသား ကိစ္စကို လုပ်လာခဲ့တာ သက္ကရာဇ် ၂၀၀၀ ကတည်းက လုပ်လာတာပါ။ ကျနော်တို့ဆီမှာ သိထားတဲ့ အသိတွေ၊ ရှိထားတဲ့အတွေ့ အကြုံတွေကို ဒီကော်မတီမှာ ကျနော်တို့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှာပါ။
မေး။ ။ အခုလို အပြည့်အ၀ ပူးပေါင်းဆောင်ရွယ်မယ်ဆိုတာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ယုံကြည်မှု အပြည့်ရှိလို့လား။
ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲက ၅၀/၅၀ ပါပဲ။ လောလောဆယ်မှာ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုပေမယ့် ရှေ့တိုးဖို့လည်း အရမ်းခက်နေတဲ့ အနေအထားပါ။ တရားဥပဒေ စိုးမိုးမှု ဆိုတာကို ကျနော်တို့ အပြည့်အ၀ မမြင်တွေ့ရသေးဘူး။ လယ်ယာမြေ သိမ်းဆည်းတဲ့ ကိစ္စတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတုန်းဘဲ။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ဒီအခြေအနေတွေ တိုးတက်ဖို့လိုပါတယ်။ တိုးတက်အောင်က အစိုးရက ဘယ်လိုပုံစံမျိုးုနဲ့ လုပ်မလဲဆိုတာ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားရမှာပါ။
လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကို ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးမလဲ။ ဒီအဖွဲ့အစည်းတွေ အပေါ် အစိုးရက ဘယ်လို သဘောထားလဲ။ အရင်တုန်းကလို ရန်သူလို မြင်နေဦးမှာလား။ ဒါမှ မဟုတ်ရင် အစိုးရအတွက်၊ တိုင်းပြည်အတွက် အထောက်အကူပြုတဲ့ အဖွွဲ့အစည်းတွေ မြင်ပြီးတော့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ ပေါ်လာဖို့ ဘယ်လောက်အထိ တွန်းအားပေးမလဲ။ ဒါတွေကိုပါ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးပြီးမှပဲ ကျနော်တို့က ယုံကြည်စိတ်ချစွာနဲ့ ပြည်တွင်း ဝင်ပြီး လုပ်လို့ရမှာပါ။ အဲဒီ အခြေအနေတရပ်ကို ရောက်အောင် ကျနော်တို့ စောင့်ရမှာပါ။ ဒီကြားထဲမှာလည်း တစုံတရာတော့ ကျနော်တို့ လုပ်ငန်းတချို့ကို ပြည်တွင်းထဲမှာ လုပ်နေမှာတွေတော့ ရှိပါတယ်။ ကျနော်တို့ အလုပ်သည်ပင် နဂိုကတည်းက ပြည်တွင်းကိုပဲ အဓိကထား လုပ်တာဖြစ်ပါတယ်။
မေး။ ။ AAPP အနေနဲ့ ကြားရတဲ့သတင်းတွေက ပြည်တွင်းထဲမှာ ရုံးခန်းဖွင့်တယ်၊ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ငွေကြေး စသဖြင့် ကူညီ ထောက်ပံ့ပေးတာတွေရှိတော့ အဲဒါတွေက ဘယ်လိုပုံစံနဲ့ လည်ပတ်နေတာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ AAPP ရဲ့ ရုံးဆိုတာမျိုးတော့ ပြည်တွင်းထဲမှာ မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ကို ကူညီနေကြတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အဲဒီ အဖွဲ့အစည်းတွေ ရှိတဲ့နေရာတွေကနေ ကျနော်တို့ အလုပ်တွေ အများကြီး လုပ်လို့ရပါတယ်။
မေး။ ။ အဲဒီ အဖွဲ့အစည်းတွေက AAPP ရဲ့ အလုပ်တွေကို တွဲလုပ်ပေးတယ် ဆိုလိုတာလား။
ဖြေ။ ။ အခုဆိုရင် ကျနော်တို့ ထင်သာမြင်သာ ဖြစ်တဲ့ကိစ္စတွေ ပိုလုပ်ဖြစ်ပါတယ်။ AAPP ရဲ့ ခေါင်းစဉ် အောက်ကနေ အကူအညီတွေကို အဲဒီအဖွဲ့အစည်းတွေက ကျနော်တို့ဆီကနေ လက်ခံပါတယ်။
မေး။ ။ ဒီနေရာမှာ NLD, ၈၈ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် စတဲ့အဖွဲ့တွေနဲ့ AAPP က ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေလဲ။ ဘယ်လိုရှိလဲ။
ဖြေ။ ။ အခု လက်ရှိ အဖွဲ့ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်မှုက အများကြီးကောင်းတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့နဲ့ ရင်ခုန်သံချင်း တထပ်တည်းနီးပါး ရှိပါတယ်။ ဒီလူတွေကလည်း တကယ် ဒုက္ခရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားဟောင်းတွေကို ကူညီချင်တယ်။ ကျနော်တို့ကလည်း တကယ် ဒုက္ခရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကူညီချင်တယ်။ ဒီအတွက် လုပ်ငန်းတူချင်း ဖြစ်တဲ့အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုက အရမ်းကောင်းပါတယ်။
မေး။ ။ လက်ရှိအနေအထားနဲ့ AAPP အနေနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်ရာကနေ ပြည်တွင်းကို ပြန်ပြီးအခြေစိုက်ဖို့ ရော အလားအလာရှိလား။
ဖြေ။ ။ လောလောဆယ် မရှိသေးပါဘူး။ ကျနော် စောစောက ရှင်းပြခဲ့သလိုပါပဲ။ နိုင်ငံရေး အခြေအနေအပေါ် မူတည်ပါတယ်။ နိုင်ငံရေး ရာသီဥတု၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေ အပေါ်မှာ အများကြီး မူတည်ပြီးတော့ ကျနော်တို့ ဆက်စဉ်းစားရမှာပါ။
မေး။ ။ အခု ကိုဘိုကြည်က AAPP ကိုယ်စားလှယ်အနေနဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီမှာလည်း ပူးပေါင်းပါဝင် ဆောင်ရွက်တော့မှာ ဖြစ်တယ်။ ဒီတော့ လွတ်မြောက်ပြီးသား နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘ၀ ပြန်လည်ပြုစု ပျိုးထောင်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။ ။ အခု ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော်မတီတွင်းမှာလည်း ဆွေးနွေးဖို့ ရှိပါတယ်။ လွတ်မြောက်ပြီးသား နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ နိုင်ငံသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လုံး၀ မရဘူး။ ခွဲခြား ဆက်ဆံခံနေရတာတွေ ရှိတယ်။ ဒါဟာ ကျနော်တို့ သည်းမခံနိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဥပဒေတရပ် ဒါမှမဟုတ် ဥပဒေကဲ့သို့ တည်တဲ့အမိန့်တရပ်ကို ထုတ်ပြီးတော့ ဒါတွေကို ချေဖျက်ပေးဖို့ လိုတယ်။ ဥပမာ -လွတ်မြောက်လာပြီးသား နိုင်ငံရေး အကျဉ်းသား တယောက်ဟာ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို ဒီကနေ့ လွတ်ပြီးရင် မနက် ဖြန် ရရမယ်။ ဒီအဆင့်မျိုးအထိ ဖြစ်ဖို့လိုပါတယ်။
မေး။ ။ နောက်ဆုံးမေးခွန်း အနေနဲ့ ၂၀၁၅ ခုနှစ် အလွန်မှာလည်း နိုင်ငံရေး အကျဉ်းသားဆိုတာ ဆက်ရှိနေမယ်လို့ ယူဆလား၊ ဆက်ရှိနေဦးမယ် ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားအဖြစ် အကျဉ်းထောင်တွေထဲမှာရော ဘယ်လို ပုံစံမျိုးတွေနဲ့ ထားရှိသင့်လဲ။
ဖြေ။ ။ အစိုးရဘက်နဲ့ တွေ့တဲ့အချိန်မှာလည်း ကျနော်တို့ ဒီကိစ္စလည်း ပြောဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတာ ဆက်ရှိနေနိုင်တယ်။ ဘာလို့လဲဆိုတော့ လှုပ်ရှားမှုတွေက ဆက်ရှိနေမှာ ဖြစ်လို့ပါ။ ဥပမာ အလုပ်သမားတွေကလည်း အလုပ်သမားဆိုင်ရာ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတယ်။ လယ်သမားတွေကလည်း သူတို့ လယ်ယာမြေ ပြန်ရရေးအတွက် တိုက်ပွဲဝင်နေကြတာတွေ ရှိမယ်။
အလားတူ တိုင်းရင်းသားတွေကလည်း သူတို့ တန်းတူ အခွင့်အရေး ရရေးအတွက် တိုက်ပွဲဝင်နေကြတာတွေ ရှိတယ်။ အဲဒီလို လှုပ်ရှားမှုတွေ ရှိတော့ ဖမ်းဆီးခံရမှုတွေ ဆက်ရှိနေနိုင်ပါတယ်။ အဲဒီအတွက် နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်ကို သေချာရှင်းဖို့လိုပါတယ်။ နောက် နိုင်ငံရေးလှုပ်ရှားလို့ ဖမ်းမယ်ဆိုရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဥပဒေ၊ ပုဒ်မမျိုးနဲ့သာ ဖမ်းဖို့လိုမယ်။ ပြီးတဲ့အခါမှာ ဒီလူတွေကို အကျဉ်းထောင်တွေထဲမှာလည်း သီးခြား ခွဲထားဖို့လိုတယ်။
ဥပမာ – အင်္ဂလိပ်ခေတ်တုန်းကတောင်မှ A Class, B Class, C Class တို့ ရှိခဲ့သေးရင် ကျနော်တို့ ကိုယ့်အမျိုးသား အချင်းချင်း လက်ထက်မှာ ဘာဖြစ်လို့ ဒီလို Class မျိုးတွေ ပြန်မထားနိုင်ရမှာလဲ။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စဆိုတာ ဆက်စပ်နေတယ်။ ခွဲခြားလို့ မရဘူး။
အကျဉ်းထောင် ပြုပြင်ရေးဆိုတဲ့အခါ အကျဉ်းသားတွေကို ဘယ်လို ပြုပြင်ထိန်းသိမ်းထားမလဲ၊ ထိန်းသိမ်းထားတဲ့ အခါမှာလည်း ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ အတွက်တင် ပြောနေတာ မဟုတ်ဘူး။ ရိုးရိုး သာမန် အကျဉ်းသားတွေကိုလည်း လူကို လူလို ဆက်ဆံဖို့ လိုတယ်။ အခု မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ မတရားသဖြင့် နှိပ်စက်ခံနေရတာတွေ၊ ရှေ့တန်းစစ်မျက်နှာကို ပေါ်တာအဖြစ် ခေါ်သုံးနေတာတွေ အများကြီးရှိတယ်။
ဒီ်လို ကိစ္စတွေကအစ ပြုပြင် ပြောင်းလဲဖို့လိုတယ်။ ဒါကို နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ဒါကို အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကိစ္စ ဆိုပြီး မဆိုင်ဘူးလို့ ပြောလို့မရဘူး။ ဒီကိစ္စတွေ အကြောင်းပြောရင် တရားဥပဒေ စိုးမိုးရေးဆိုတာ ပါလာပြီ။ အဲဒီမှာ တရားစီရင်ရေးမှာလည်း လွတ်လပ်တဲ့ မျှတတဲ့ တရားစီရင်ရေးစနစ် ဖြစ်ဖို့လိုတယ်။ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့သူ တော်တော်များများက မျှတတဲ့ တရားစီရင်မှု မရခဲ့ဘူး။ ပြီးတော့ နှိပ်စက်ညဉ်းပန်းမှုတွေ ခံခဲ့ရတာတွေ ရှိတယ်။
အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကို စစ်ကြောရေးတွေမှာ နှိပ်စက်ညဉ်းပန်းခဲ့တဲ့ ဖြစ်စဉ်တွေကို နာမည်နဲ့တကွ ဖော်ပြနိုင်ပေမယ့် အခုချိန်အထိ နှိပ်စက် ညှင်းပန်းတဲ့သူတွေက ပြစ်ဒဏ်အပေး မခံရသေးတာတွေ ရှိတယ်။ ရဲစခန်းတွေမှာလည်း ရဲတွေ ရိုက်သတ်လို့ သေသွားတဲ့ဖြစ်စဉ်တွေ ဆက်တိုက် ရှိနေတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းထဲက တခုပဲ။ နောက်တခုက အကျဉ်းထောင်ထဲက အကျဉ်းထောင်စနစ်ကို အကျယ်ချဲ့လိုက်ရင် အဲဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ပဲ ဖြစ်တယ်။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ရင် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတာလည်း မေးခွန်းတွေ ထုတ်ရမယ့် ကိစ္စပါ။ ဒါတွေက တကယ် ဆက်စပ်နေပါတယ်။ ။