“ထိုင်းဘုရင်ဂူ အမှန်ဆိုတာကို တင်ပြပေးရုံ သက်သက်ပါပဲ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း၏ အင်းဝသို့ ခေါ်ဆောင်လာခြင်းခံရသော ထိုင်းနိုင်ငံ အယုဒ္ဓယ ဘုရင်ဟောင်း ကျောက်ဘွားဒေါက် မဒူးဝါး(ခ) သဖန်းပွင့်မင်းသားဘွဲ့ခံ မင်းသားကြီး ဥတွန်ပုံ ၏ အုတ်ဂူဟု ယူဆရသည့် အမရပူရ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ စေတီပုံ သချိႋုင်းဂူကို ယခုအခါ ထိုင်းနိုင်ငံမှ ရှေးဟောင်းသုတေသီများ နှင့် သမိုင်းပညာရှင်များက အထောက် အထားနှင့် တကွ လာရောက် တိုက်ဆိုင် စစ်ဆေး တူးဖော်လျက်ရှိပါသည်။

အဆိုပါ အုတ်ဂူအား တူးဖော်မှု အခြေအနေနှင့် ပတ်သက်၍ တူးဖော်ရေးတွင် ဦးဆောင်သည့် ပြင်ပ ထိုင်း သမိုင်းပညာရှင် မစ္စတာ မစ်ကီဟတ်(Mr. Mickey Heart)ကို ဧရာဝတီ သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်း ထားပါသည်။

မေး။    ။ ထိုင်းဘုရင် အုတ်ဂူကို တူးဖော်စစ်ဆေးနေတဲ့ အခြေအနေလေး သိပါရစေ။

ဖြေ။    ။ ထိုင်းဘုရင့်အုတ်ဂူလို့ ယူဆရတဲ့  စေတီကို ထိပ်ကနေ ၂ပေခွဲ အကျယ် ဖောက်ပြီး အုတ်တွေကို လွှာလွှာယူလာတာ ၁ မီတာ ခွဲလောက်ရောက်တဲ့အခါ ဌာပနာ တိုက်လို့ ယူဆရတဲ့ နေရာကို တွေ့ရတယ်။ အဲဒါကြောင့် တူးဖော်မှုကို ရပ်ထားတယ်၊ တခြား သက်သေခံ အထောက်အထား ရမယ် ဆိုရင်တော့ ဌာပနာတိုက်ကို မဖွင့်ဘူး။ ဖွင့်မယ် ဆိုရင် နှစ်ဘက်အစိုးရ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ ညှိနှိုင်းပြီး ဘယ်လိုဖွင့်မယ် ဆိုတာ တိုင်ပင်ရမယ်၊ သက်သေထားရမယ်၊ မှတ်တမ်းတင်တာတွေ လုပ်ရမယ်။ အဲဒီ အတွက် တူးဖော်မှု ရပ်ဆိုင်းထားတယ်။

အခုလောလောဆယ်တော့ စေတီကြီး ပရဝုဏ်တလျှောက်ကိုပဲ ဖော်နေတယ်။ ရှေ့တပတ်လောက်ဆို တိကျတဲ့ အဖြေတခုပေးနိုင် မှာပါ။

လတ်တလော အခြေအနေကတော့ စေတီကြီးရဲ့ လေးဘက်လေးတန်မှာ တံခွန်တိုင်လို မုခ်ဦးတိုင်လိုမျိုး တိုင်လေးတိုင်ကို တွေ့ရ တယ်၊ စေတီရဲ့အရှေ့ဘက် အောက်ခြေမှာ ဟိုတုန်းကဖောက် ထားတယ်လို့ ယူဆရတဲ့ အကျယ် ၄ ပေ ပတ်လည်ရှိတဲ့ လူ တယောက် ကောင်းကောင်း ထိုင်ပြီးအလုပ်လုပ်နိုင်တဲ့ အပေါက် တပေါက်တွေ့တယ်။ တခုခုကို တူးရှာထားတဲ့ လက္ခဏာပဲ၊ ဒါပေ မယ့် ဘာမှရသွားဟန် မတူဘူး။

မေး။    ။ အခု ထိုင်း ရှေးဟောင်းပညာရှင်တွေနဲ့ အတူ မြန်မာပြည်က ဘယ်သူတွေတွဲဖက် အလုပ်လုပ်နေပါသလဲ။

ဖြေ။    ။ မြန်မာအစိုးရ ရှေးဟောင်းသုတေသန ဌာနက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပူးပေါင်းလုပ်ဆောင်နေပါတယ်။
လောလောဆယ်တော့ မန္တလေးမြို့ခံ ပြင်ပသမိုင်းပညာရှင်တွေတော့ မပါသေးပါဘူး၊ ဖိတ်ခေါ်ထားတယ်၊ မည်သူမဆို လာရောက် နိုင်ပါတယ်၊ တမ္မဝတီ ဦးဝင်းမောင် တို့လည်း လာမယ်ပြောပါတယ်။

မေး။    ။ ထိုင်း ရှေးဟောင်း သုတေသနပညာရှင်တွေ အနေနဲ့ အရင်ကရော တူးဖော်ဖူးတဲ့ အတွေ့အကြုံ ရှိပါသလား။

ဖြေ။    ။ အယုဒ္ဓယ ရှေးဟောင်းမြို့ကို တူးဖော်ဖူးပြီး ထိန်းသိမ်းစောင့်ရှောက်ဖူးတဲ့ ထိုင်းပညာရှင်တွေပါ ပါတယ်။

မေး။    ။ ထိုင်း ပညာရှင်တွေအနေနဲ့ ရော မန္တလေး၊ အင်း၀ တဝိုက်မှာ နေထိုင်တဲ့ ယိုးဒယား အနွယ်ဝင် မျိုးဆက်တွေကို သွားရောက် တွေ့ဆုံပါသေးလား။

ဖြေ။    ။ သွားတွေ့ဖြစ်ပါတယ်၊ ပြောရရင်တော့ အနေတွေကြာခဲ့ပြီ ဆိုတော့ အဖေအမေ၊ အဘိုးအဘွား ပြောခဲ့လို့ အရိပ် အယောင် လောက်ပဲ သိတဲ့သူ ရှိသလို၊ လုံး၀ မသိတော့တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်၊ နောက်ဆုံး ပေးနိုင်တဲ့ အထောက် အထား ကတော့ မုန့်တီစုက သဲပုံစေတီကျောက်စာပဲ ရှိတော့တယ်။ ကျောက်စာအရတော့ ယိုးဒယားဘုရင်ကြီးဟာ ပေါင်းလည်း ကျောင်း တိုက်မှာ ကျောင်းထိုင်တယ်ဆိုတာပဲ သူတို့လည်း ပြောနိုင်တော့တယ်။ တခြားသော ခေတ်ပြိုင်အထောက်အထားတော့ မတွေ့ရပါဘူး။

မေး။    ။ ဒီလို တူးဖော်ရှာဖွေတဲ့ နေရာမှာ ဘယ်သမိုင်း အထောက်အထားကို ကိုးကား ကိုင်စွဲပြီးတော့ တူးဖော်ပါသလဲ။

ဖြေ။    ။ ကျနော်တို့ အချက် ၃ ချက်ကို ကိုးကားတယ်၊ ပထမ မြန်မာ ရာဇအနွယ်ဝင် ယိုးဒယား လူမျိုး မင်းသားကြီး ဦးမောင်မောင်တင် ရဲ့ နန်းတွင်း မှတ်တမ်းတွေထဲက ထုတ်နုတ်ရေးသားတဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်ကို ကိုးကားတယ်၊ ဒုတိယ လန်ဒန်မြို့ ကော်မွန်းဝဲလ် ပြတိုက်မှာ ရှိတဲ့ မင်းတုန်းလက်ထက်က ရေးသားတော်မူသော ရုပ်စုံပရပိုဒ်၊ တတိယကတော့ အမရပူရ ပတ်ဝန်းကျင်က သက်ကြီးရွယ်အိုတွေကို လိုက်မေးတယ်။

သက်ကြီးရွယ်အို အားလုံးက ဒီနေရာဟာ ဘုရင်အုတ်ဂူလို့ ပြောကြတယ်၊ တချို့ကျတော့ ဘုရင်ဆိုတာမသိဘူး၊“ ဦးထုံ” ရဲ့ ဂူလို့ ပြောကြတယ်၊ ဦးထုံဆိုတာ ဘုရင်ကြီးရဲ့ဘွဲ့ ဥတွန်ပုံက ဆင်းသက်လာတယ်လို့ ယူဆတယ်၊ နောက်ပြီးတော့ သမိုင်းပညာရှင် တောင် လေးလုံး ဆရာတော် ဦးပညာကလည်း ဒီနေရာဟာ ယိုးဒယား ဘုရင်ဂူဆိုတာ ငယ်ငယ်ကတည်းက မှတ်မိတယ်လို့ ဆိုတယ်။

စေတီကြီးရဲ့ အုတ်ချပ် သက်တမ်းကို လေ့လာကြည့်တော့လည်း အမရပူရမြို့တည် နန်းတည်ရဲ့ အစောပိုင်း သက်တမ်းမှာ တည် ဆောက် ထားသလို၊ စေတီကြီးရဲ့ ရှေ့မှာလည်း အမရပူရနဲ့ အင်းဝမြို့ ဆက်သွယ်ထားတဲ့ အုတ်ခင်းမင်းလမ်း အဟောင်းကြီးကို တူးဖော် တွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေအရ ဒီဂူကို တူးဖော်တာပါ။

မေး။    ။ အရိုးအိုးပဲဖြစ်ဖြစ်၊ ရုပ်ကြွင်းပဲဖြစ်ဖြစ် တွေ့မယ်ဆိုရင် ထိုင်းဘုရင်ဆိုတာ မှန်ကန်ကြောင်းဘယ်လို စစ်ဆေးမလဲ။

ဖြေ။    ။ အရှေ့တောင်အာရှရဲ့ ရိုးရာအရ သေသူကို မြှုပ်နှံတဲ့ အခါ အရိုးအိုးမှာ ကမ္ဗည်းထိုးလေ့ရှိတယ်၊ မြန်မာမှာဆိုလည်း ပျူခေတ်ကတည်းက အရိုးအိုးမှာ နာမည်၊ နန်းသက်၊ သက်တော်ကအစ ကမ္ဗည်းထိုးထားတယ်လေ၊ အမရပူဆိုတာ မြို့တည်နန်းတည် က လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က ဆိုတော့ ကျနော်တို့ မျှော်လင့်တာက ကမ္ဗည်းထိုးပြီးသား တွေ့မယ် မှန်းတယ်၊ ကမ္ဗည်းမပါဘူး ဆိုရင်တော့ အရိုးပြာကို DNA နဲ့ တိုက်ဆိုင် စစ်ဆေးရပါလိမ့်မယ်။

မေး။    ။ လက်ရှိ တူးဖော်နေတဲ့ အုတ်ဂူက ထိုင်းဘုရင်ရဲ့ အုတ်ဂူသာ စစ်မှန်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုများ ဖြစ်စေ ချင်ပါသလဲ။

ဖြေ။    ။ ဒီဂူသာ စစ်မှန်ခဲ့မယ်ဆိုရင် ကျနော်တို့ အပေါ်မှာ တာဝန် မရှိသလို၊ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး၊ နှစ်နိုင်ငံအစိုးရကို ထိုင်းဘုရင်ဂူ အမှန်ဆိုတာကို တင်ပြပေးရုံ သက်သက်ပါပဲ၊ ဘယ်လို ဆက်လုပ်မယ် ဆိုတာကတော့ နှစ်နိုင်ငံအစိုးရ အပေါ်မှာမူတည် ပါတယ်၊ ရှေးဟောင်း သမိုင်းသုတေသီတွေ သဘောထားကတော့ ထိန်းသိမ်းချင်တဲ့ စိတ်ပဲရှိပါတယ်။ မည်သည့် အကြောင်း ကြောင့် ဖြစ်စေ ဖြိုဖျက်ပစ်တာတို့ ပြောင်းရွှေ့ပစ်တာတို့ မလုပ်စေချင်ဘူး၊ လက်လည်းမခံနိုင်ဘူး။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading