သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ စီမံကိန်း ဧရိယာရှိ ဒေသခံများကို အတင်းအဓမ္မ ပြောင်းရွှေ့ နေရာချထားခြင်း၊ မြေများကို အဓမ္မသိမ်းယူခြင်း စသည့်အချက်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ပိတ်သိမ်းပစ်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲပ့ါသည်။ ဆန္ဒပြပြည်သူများကို နိုင်ငံတော် အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သဖြင့် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့ပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် တရုတ်နိုင်ငံအခြေစိုက် သတ္တုတူးဖေါ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ဝမ်ပေါင် ကုမ္ပဏီ နှင့် မြန်မာ့တပ်မတော်ပိုင် အဖွဲ့အစည်းတခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့ ဖက်စပ်လုပ်ကိုင်နေသည့် စီမံကိန်းဖြစ်၏။ ဝမ်ပေါင်ကုမ္ပဏီသည် လက်နက်ထုတ်လုပ်ရောင်းချသည့် နော်ရင်ကို ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီ တခုဖြစ်သည်။
လက်ပံတောင်း သတ္တုတွင်းစီမံကိန်းသည် မုံရွာကြေးနီသတ္တုတွင်းစီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်၏။ မုံရွာ သတ္တုတွင်းစီမံကိန်းသည် စပယ်၊ ကြေးစင်၊ လက်ပဒေါင်းအစရှိသည့် သတ္တုသိုက်(၄)ခု ပါဝင်ပြီး မုံရွာဒေသ၌ တည်ရှိသည်။
ဦးမြင့်သိန်းဟု လူသိများသည့် မစ္စတာ ဒေါင်ယွန်ဖေသည် ဝမ်ပေါင် ကြေးနီတူးဖေါ်ထုတ်လုပ်ရေး ကုမ္ပဏီ၊ ရန်ကုန်ရုံးခွဲမှ အုပ်ချုပ်မှု မန်နေဂျာဖြစ်သည်။ ဧရာဝတီသတင်းထောက် ကျော်ဖြိုးသာ နှင့် မစ္စတာဒေါင် တို့ ဝမ်ပေါင် ကုမ္ပဏီ၏ စီမံကိန်းအပေါ်ထားရှိသည့် မျှော်လင့်ချက်၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်သည်ဟု ပြည်သူတို့ အုတ်အော်သောင်းတင်း ဖြစ်နေခြင်းအပေါ် ကုမ္ပဏီ၏ ဖြေရှင်းပုံ ဖြေရှင်းနည်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
မေး။ ။ လက်ပံတောင်း ် သတ္တုတွင်းစီမံကိန်းကို လုံးဝပိတ်ပစ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုတာတွေ ရှိပါတယ်။ အဲဒီကိစ္စကို ခင်ဗျား ဘယ်လို တုန့်ပြန်ချင်သလဲခင်ဗျ။
ဖြေ။ ။ စီမံကိန်းကို လုံးဝပိတ်ပစ်ဖို့ဆိုတာကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစီမံကိန်းဟာ မြန်မာအစိုးရနဲ့ တရုတ်အစိုးရ အကြား စာချုပ်ချုပ်ဆိုထားတဲ့ စီမံကိန်း ဖြစ်နေလို့ပါ။ လိုအပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလဲ ကျနော်တို့ လိုက်နာဆောင်ရွက်ပါတယ်။ စီမံကိန်းကို အကောင်အထည် ဖေါ်ဆောင်ရွက်တဲ့ အခါမှာလည်း ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ကျနော်တို့ တဆင့်ပြီးတဆင့် လိုက်နာဆောင်ရွက်ပါတယ်။ ဒီစီမံကိန်းအတွက် ကျနော်တို့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော ်ရင်းနှီးထားတယ်။ ဒီတော့ စီမံကိန်းကို လုံးဝပိတ်ပစ်ပါလို့ ဆန္ဒပြတောင်းဆိုရုံနဲ့ စီမံကိန်းကို ကျနော်တို့ မပိတ်သိမ်းနိုင်ပါဘူး။
ဘယ်လိုအခြေအနေနဲ့ ပဲ ကြုံ ကြုံ ကျနော်တို့ မြန်မာသမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက် မှာပါဗျာ။ ကျနော်တို့ စီမံကိန်း နဲ့ ပတ်တ်သက်တဲ့ စုံစမ်းတွေ့ရှိချက်တွေကို စုံစမ်းစစ်ဆေးရေးကော်မတီက သမ္မတကြီး ဆီကို တင်ပြအစီရင်ခံပါလိမ့်မယ်။ ဒီတော့ သမ္မတကြီး ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုတာ ကျနော်တို့ စောင့်ပြီး နားထောင်ရုံပေါ့ဗျာ။ ကျနော်တို့ ကတော့ စီမံကိန်းကို ဆက်လုပ်ချင်တာပေါ့။
မေး။ ။ သတ္တုတွင်းစီမံကိန်းကို လုံးဝပိတ်ပစ်ဖို့ လူတွေ အခု တောင်းဆိုနေကြတယ်လေ။
ဖြေ။ ။ ကျနော့်ကို မေးခွင့်ပြုပါဗျာ။ စီမံကိန်းကို လုံးဝပိတ်ပစ်ဖို့ တောင်းဆိုနေတဲ့ လူတွေဆိုတာ ဘယ်သူတွေလဲ ခင်ဗျ။ ဒီလိုတောင်းဆိုနေတဲ့လူ ဘယ်လောက်ရှိသလဲ။ ကြေးစင်တောင်နဲ့ စပယ်တောင် မိုင်းတွေမှာ ကျနော်တို့ မြန်မာလူမျိုး ၁၆၀၀ ကျော်ကို အလုပ်ခန့်ထားပါတယ်။ လက်ပံတောင်းတောင် မှာလဲ ကျနော်တို့ အလုပ်သမား ၁၀၀၀ ကျော် ငှားရမ်း အသုံးပြုထားပါတယ်။ ဒီအထဲက အများစုဟာ ဒေသခံတွေပါ။ စီမံကိန်းတခု လုပ်မယ်ဆိုရင် ထောက်ခံတဲ့လူရှိသလို ကန့်ကွက်တဲ့ သူတွေလည်း ရှိတာပဲလေ။ စီမံကိန်းကို ကန့်ကွက်တဲ့လူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာ ကျနော်တို့ မေးခွန်းထုတ်သင့်တာပေါ့ ခင်ဗျာ။ ကန့်ကွက်သူတွေကတော့ စီမံကိန်းကို ဖျက်သိမ်းပေးဖို့ဆိုတာ ပြည်သူတွေရဲ့ဆန္ဒလို့ ပြောကြမှာပဲဗျ။
မေး။ ။ ခင်ဗျားတို့ စီမံကိန်းကို ကန့်ကွက်တဲ့သူက ထောက်ခံတဲ့သူထက် ပိုများမယ်လို့ ခင်ဗျား မထင်ဘူးလား။
ဖြေ။ ။ ကျနော်တို့စီမံကိန်းကို ကန့်ကွက်တဲ့သူတွေနဲ့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးရမှာပဲခင်ဗျ။ စီမံကိန်းကို ဘာဖြစ်လို့ ဆန့်ကျင်ရတာလဲလို့ သူတို့ကို မေးရမယ်လေ။ ကျနော်တို့ လျော်ကြေးပေးတာကို သူတို့ မကျေနပ်ဘူးလား။ ကျနော်တို့ကို ဆန့်ကျင်တဲ့လူတွေဟာ သူတို့ရဲ့ရေရှည် အသက်မွေးဝမ်းကျောင်းမှု ကို စဉ်းစားမလား။ ဒါမှမဟုတ် သူတို့ရဲ့ မျိုးဆက်သစ်တွေအတွက် စဉ်းစားမလားလို့ မေးခွန်းထုတ်ရမှာပဲ။ ကျနော်တို့စီမံကိန်းကို ကန့်ကွက်တဲ့ လူတယောက်ရှိရင်တောင် အဲဒီလူနဲ့ ကျနော် တို့ ညှိနှိုင်းဆွေးနွေးမှာပဲ ခင်ဗျ။ ဘာလုပ်မယ်ဆိုတဲ့ အစီအမံတွေ ကျနော်တို့မှာရှိပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိဖို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျနော်လုပ်နေပါတယ်။ စီမံကိန်းဒေသ အနီးတဝိုက်မှာရှိတဲ့ လူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို လောလောဆယ် ကျနော်တို့ ဆောင်ရွက်နေတယ်ခင်ဗျ။
မေး။ ။ တကယ်လို့ သမ္မတကြီးက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆုံးဖြတ်ချက်ချသလို ဆုံးဖြတ်လိုက်ရင် ခင်ဗျားတို့ စီမံကိန်း ဘာဖြစ်သွားမလဲခင်ဗျ။
ဖြေ။ ။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့လေးစားလိုက်နာမယ်လို့ ပြောချင်ပါတယ်။ သမ္မတကြီးက ငြင်းပယ်လိုက်မယ် ဆိုရင်တော့ ကျနော်တို့ ဧရာမ ဆုံးရှုံးမှုကြီးနဲ့ တွေ့ရမှာပဲ။ ဒီလိုအခြေအနေ မျိုး ကိုတော့ ကျနော်တို့ မမျှော်လင့်ပါဘူးဗျာ။ ကျနော်တို့ရဲ့ စီမံကိန်းကို ရှေ့ဆက်ချီတက်ချင်ပါတယ်။
မေး။ ။ ခင်ဗျားတို့စီမံကိန်းကို သမ္မတကြီးက “ဟင့်အင်း” လို့ပြောလိုက်မှာကို ဘာဖြစ်လို့ ခင်ဗျား မလိုလားတာလဲ။
ဖြေ။ ။ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေတာတွေက အမှန်တွေလေ။ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကိစ္စ၊ လျော်ကြေးကိစ္စ၊ စာချုပ်စာတမ်း စတဲ့ ကိစ္စရပ်အားလုံးမှာ ကျနော်တို့ လုပ်သမျှအားလုံး အမှန်တွေချည်းပဲ။ ကျနော်တို့ ဘာတခုမှ အမှားမလုပ်ခဲ့ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဒီစီမံကိန်းကို မဖျက်သင့်ဘူးလို့ မျှော်လင့်ထားတာပါဗျာ။
မေး။ ။ သတ္တုမိုင်းက စွန့်ပစ်လိုက်တဲ့ အက်ဆစ်တွေကြောင့် သူတို့ဒေသရဲ့ မြေပေါ်မြေအောက် ရေတွေ ညစ်ညမ်းကုန်ပြီလို့ ဒေသခံတွေ ပြောနေကြတယ်ဗျ။
ဖြေ။ ။ ကျနော်တို့ စီမံကိန်းက ညစ်ညမ်းမှုသိပ်မဖြစ်ပါဘူး။ ကြေးစင်တောင်နဲ့ စပယ်တောင်ဆိုတာ အခုမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောင်တွေမှာရှိတဲ့ ကြေးနီသတ္တုရိုင်းတွေကို ကျနော် တို့ ထုတ်ယူလိုက်လို့ပါ။ အက်ဆစ်တွေ စွန့်ပစ်လိုက်လို့ ဖြစ်တဲ့ ညစ်ညမ်းမှုဆိုတာ မရှိပါဘူးဗျာ။ ခင်ဗျားတို့ အဲဒီကို ကိုယ်တိုင်သွားပြီး လေ့လာနိုင်ပါတယ်။ သူတို့ပြောနေကြတဲ့ ညစ်ညမ်းမှုဆိုတာလည်း အဲဒီက ရွာသားတွေ ကြေးနီသတ္တုရိုင်းတွေကို သန့်စင်အောင်လုပ်ဖို့ သုံးနေတဲ့ အက်ဆစ်တွေကြောင့် ဖြစ်တာပါ။ ကျနော်တို့ကတော့ အက်ဆစ်သုံးဖို့ လိုအပ်လာရင် သိပ်သည်းဆများတဲ့ ပိုလီအက်သလင်းအုပ်ထားတဲ့ အခင်းတွေကို သုံးပါတယ်။ အဲဒီလိုသုံးတော့ ညစ်ညမ်းရေတွေ မြေကြီးထဲကို စီးမသွားတော့ဘူးလေ။ အဲဒီအခင်းတွေ ကျနော်တို့ ပြန်သုံးပါတယ်။ ကျနော်တို့ အက်ဆစ်တွေကို ဘယ်တုန်းကမှ စွန့်မပစ်ပါဘူး။ သူတို့တတွေစွပ်စွဲသလို ကျနော်တို့ကြောင့် ညစ်ညမ်းမှုတွေ ဖြစ်ရတယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကျနော် ကျိန်ပြောရဲပါတယ်။
မေး။ ။ ခင်ဗျားတို့ ကုမ္ပဏီ နဲ့ စစ်အစိုးရ ၂၀၁၀ ခုနှစ်တုန်းက သဘောတူစာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ ကြတယ်နော်။ အဲဒီလိုလက်မှတ်ရေးထိုးတဲ့ အချိန်တုန်းက အခုလက်ရှိခင်ဗျားတို့ ကြုံနေရတဲ့ အခြေအနေမျိုးနဲ့ ကြုံရမယ်၊ ရင်ဆိုင်ရမယ်ဆိုတာကို ခင်ဗျားစဉ်းစားမိသလား။
ဖြေ။ ။ မစဉ်းစားမိဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ဟိုး ရှေးပဝေသဏီ ကထည်းက ဆက်ဆံရေး ကောင်းခဲ့လို့ပါ။ အဲဒါကြောင့် ကျနော်တို့ ကနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာမျိုးနဲ့ ကြုံရမယ်လို့ မထင်ခဲ့ပါဘူး။ စီမံကိန်းရဲ့ အကျိုးအမြတ်ကိုသာ ကျနော်တို့ အာရုံစိုက်ခဲ့ကြတာပါ။ လက်မှတ်ရေးထိုးတဲ့ အချိန်က ကျနော် ဝမ်ပေါင် ကုမ္ပဏီမှာ အလုပ်မလုပ်သေးပါဘူး။ အခုတော့ ကုမ္ပဏီမှာ ထိပ်တန်းအရာရှိကြီးအဖြစ် တာဝန်ယူထားပါတယ်။ စီမံကိန်း စကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လူမှုပတ်ဝန်းကျင်မထိခိုက်ရအောင် ကျနော်တို့ ဆောင်ရွက်ထားပါတယ်။ အခုအချိန်ထိလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ကြိုးစားနေပါတယ်။
မေး။ ။ ခင်ဗျားတို့ ချုပ်ဆိုထားတဲ့ စာချုပ်အကြောင်းပြောပြနိုင်မလား။
ဖြေ။ ။ ဒီစီမံကိန်းဟာ တိုင်းပြည်အတွက်ကောင်းတဲ့ စီမံကိန်းတခုပါ။ စာချုပ်ပါ စည်းကမ်းချက်တွေကို ပြောရရင် မြန်မာအစိုးရက အကျိုးအမြတ် အများဆုံးရရှိပါမယ်။ ၁၇ ရာခိုင်နှုန်းကျော်ရပါမယ်။ နမူနာ အဖြစ် ကျနော်ပြောပြပါမယ်။ ကြေးနီစီမံကိန်းက ကြေးနီ တန် ၁၀၀ ထုတ်ရင် မြန်မာအစိုးရက ၁၇ တန်၊ ကျနော်တို့ ကုမ္ပဏီက ၁၂ တန်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က ၁၃ တန် အသီးသီး ရရှိပါမယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက ထုတ်လုပ်မှုကုန်ကျစရိတ် ဖြစ်သွားပါမယ်။ ဒီစီမံကိန်းအတွက် ဝမ်ပေါင် ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံထားရပါတယ်။
မေး။ ။ ဒီစီမံကိန်းကြီးဆောင်ရွက်ဖို့ ခင်ဗျားတို့ မြေတွေသိမ်းရတယ်။ အဲဒီအသိမ်းခံရတဲ့ မြေတွေအတွက် ခင်ဗျားတို့ လျော်ကြေးပေးတယ်။ ခင်ဗျားတို့ လျော်ကြေးပေးပေမယ့် ဒီငွေတွေရလို့ သူတို့ မပျော်နိုင်ပါဘူးလို့ ဒေသခံတွေပြောနေကြတယ်။ အဲဒီကိစ္စကို ခင်ဗျား ဘယ်လိုပြောချင်သလဲ ခင်ဗျ။
ဖြေ။ ။ ပြဿနာရှိရင် ဖြေရှင်းတဲ့နည်းလမ်း ရှိတာပေါ့ဗျာ။ လုပ်ငန်းသုံးဝေါဟာရကို အသုံးပြုပြီး လျော်ကြေးလို့ ကျနော်သုံးလိုက်တာပါ။ သူတို့ ရဲ့ မကျေနပ်မှုတွေက နိုင်ငံရေးကို အခြေခံရင်တော့ ကျနော်တို့ လိုက်မမီ ဘူးလေ။ ဥပမာပြောရမယ်ဆိုရင် ဒီစီမံကိန်းကို လုံး၀ ပိတ်ပစ်ရမယ်ဆိုတာမျိုးပေါ့။ လုပ်ငန်းသဘော၊ အလုပ်သဘော ပြောမယ်ဆိုရင်တော့ သူတို့ကို အမြဲတန်း လက်ကမ်းကြိုနေပါ့မယ်။ အချိန်တိုင်း ကြိုဆို နေပါ့မယ်။
မေး။ ။ ခင်ဗျားတို့ စီမံကိန်းကို မကျေနပ်လို့ ဆန္ဒပြနေတဲ့ ဆန္ဒဖေါ်ထုတ်သူတွေကို အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တယ်လေ။ အဲဒီ နိုဝင်ဘာ ၂၉ ရက်နေ့ နှိမ်နင်းမှုဟာ ခင်ဗျားတို့ ကုမ္ပဏီရဲ့ ဥပစာမှာ ဖြစ်ခဲ့တာပါ။ အဲဒီအကြောင်း ခင်ဗျား ဘာပြောချင်လဲ။
ဖြေ။ ။ အဲဒီကိစ္စအတွက် ကျနော်တို့ အလွန်ဝမ်းနည်းမိပါတယ်ဗျာ။ သံဃာတော်တွေလဲ ထိခိုက်ဒါဏ်ရာ ရသွားတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီလိုတော့ မဖြစ်သင့်ပါဘူး။ အဲဒီအချိန်တုန်းက လုံခြုံရေး အကြောင်းကြောင့် ကျနော်တို့ ရုံးထဲမှာပဲ နေပါတယ်။ အပြင်မထွက်ရဲပါဘူး။ အဲဒါကြောင့် အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းတာကို ကျနော်တို့ မသိလိုက်ပါဘူး။
မေး။ ။ အဲဒီလိုပြင်းပြင်းထန်ထန် နှိမ်နင်းတာဟာ ဝမ်ပေါင် ကုမ္ပဏီ နဲ့ တနည်းနည်းနဲ့ ပတ်သက်နေမလား။
ဖြေ။ ။ လုံး၀ မပတ်သက်ပါဘူး ခင်ဗျာ။
မေး။ ။ ဒီ စီမံကိန်းဟာ မြန်မာလူမျိုးတွေကို တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေ ပိုများလာစေတယ်လို့ လူအချို့က ပြောနေကြတယ်။ အဲဒါကို ခင်ဗျားဘယ်လိုထင်လဲ။
ဖြေ။ ။ အဲဒီလို မဖြစ်နိုင်ပါဘူးဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပိုပြီး မဖြစ်နိုင်ပါဘူး။ မြန်မာနဲ့ တရုတ်နိုင်ငံဟာ ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့တာ နှစ်ပေါင်းများစွာ ကထည်းကပါ။ တဖက်နဲ့တဖက် နားလည်မှု လွဲတာတွေ ဖြစ်ခဲ့ရင်လည်း ကျနော်တို့ ညှိနှိုင်းဆွေးနွေးရမှာပေါ့ ခင်ဗျာ။
(‘We Want the Project to Continue’: Wanbao ကို ဆီလျော်အောင် တင်မောင်ယု ဘာသာပြန်ဆိုသည်)