အိမ်တွင်း အာဏာ၊ စည်းကမ်းနဲ့ စည်းလွတ်ဝါးလွတ်

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အိမ်တအိမ် ဆိုတာဟာ တကယ်တော့ တိုင်းပြည်တပြည်လိုပါပဲ။ တိုင်းပြည်တပြည်မှာ ဥပဒေဆိုတာ ရှိသလိုပဲ အိမ် တအိမ်မှာလည်း အိမ်တွင်းဥပဒေဆိုတာ ရှိပါတယ်။ အဲဒီလိုပဲ အိမ်ကို အုပ်ချုပ်သူ အဖေ သို့မဟုတ် အမေဟာ အိမ်ရဲ့ ခေါင်းဆောင်ပါပဲ။ ကျမတို့ နိုင်ငံမှာတော့ အိမ်ထောင် အများစုမှာ အဖေဟာ အိမ်ကို ဦးဆောင်သူ၊ အိမ်ရဲ့ အိမ်ထောင်ဦးစီး ဖြစ်ကြရပါတယ်။ အပြင်မှာ ဘယ်လောက်ကြီး လူတကာကို အောက်ကျို့ရတဲ့ လူဖြစ်ပါစေ ကိုယ့်အိမ်ကို ပြန်လာတဲ့ အခါမှာတော့ အိမ်မှာ သြဇာကြီးသူ၊ သြဇာလွှမ်းနိုင်သူ၊ အိမ်ထောင်ဦးစီးကြီး ဖြစ်လာပါတော့တယ်။ အိမ်ရဲ့ကိစ္စ မှန်သမျှကို ဆုံးဖြတ်ပေးနိုင်သူ၊ အိမ်သားတွေရဲ့ အရေးကို ကာကွယ်စောင့်ရှောက်နိုင်သူမို့ အိမ်ရဲ့ အာဏာဟာ အများအားဖြင့် အိမ်ထောင်ဦးစီး ဆိုသူရဲ့ လက်ထဲမှာ ရှိရစမြဲပါ။

သြဇာကြီးလာတာနဲ့ အမျှ အာဏာလည်း ကြီးလာရတာမို့ ကျမတို့ နိုင်ငံရဲ့ အိမ်ထောင်ဦးစီး တော်တော်များများဟာ အိမ်တွင်း ဆက်ဆံရေးမှာ အာဏာရှင်ဆန်ကြတာများ ပါတယ်။ အထူးသဖြင့် သားသမီးများ အပေါ် ဆက်ဆံဆုံးမတဲ့ အခါမျိုးမှာ အာဏာရှင်ဆန်ကြတာ များပါတယ်။ အဖေရဲ့ နောက်က ဒုတိယ အာဏာအကြီးဆုံး ဖြစ်သူ အမေကလည်း အဖေနဲ့ ထပ်တူထပ်မျှ ပါပဲ။ “ငါ အဖေ၊ ငါ အမေ၊ ငါ ဆုံးဖြတ်မယ်၊ အဲဒီအတိုင်း လိုက်ကြ” ဆိုတဲ့ အာဏာရှင်ဆန်ဆန် ဆုံးဖြတ်မှုတွေ နောက်မှာပဲ သားသမီးတို့က လိုက်ကြရတာ များပါတယ်။ တကယ်တော့ ကလေးတယောက်ကို ပြုစုပျိုး ထောင်ရတဲ့ မိဘအလုပ် ဆိုတာဟာ အင်မတန်မှ တာဝန်ကြီးသလို လူ့လောက အနာဂါတ် လူ့အဖွဲ့အစည်းအတွက် တာဝန်ယူ ပျိုးထောင်ပေးရတဲ့ အလုပ်လည်း ဖြစ်ပါတယ်။

ကျမအနေနဲ့ ကတော့ အာဏာနဲ့ အုပ်ချုပ်တာ၊ အကြောက်နဲ့ ခိုင်းစေတာ၊ အမိန့်ပေး စေခိုင်းတာကို လုံး၀ မနှစ်သက်ပါဘူး။ အကြောက်တရားဟာ ကြောက်စရာ အကောင်းဆုံးပဲမို့ ကလေးတို့ ရဲ့ ရင်ထဲကိုလည်း အကြောက်တရားကို မသွင်းပေး စေလိုပါဘူး။ ကျမတို့ အနေနဲ့ ကလေးတို့ကို ပြုစုပျိုးထောင် ပေးတယ် ဆိုတာဟာ တကယ်တော့ အနာဂါတ် လူ့အဖွဲ့အစည်းကို ပြုစု ပျိုးထောင်တာပဲမို့ အနာဂါတ် လူ့အဖွဲ့အစည်းမှာ မကြောက်တတ်တဲ့၊ ရဲဝံံ့တဲ့၊ မမှန်တာ မဟုတ်တာကို မလုပ်တတ်တဲ့ လူကြီးတွေ များပြားလာစေဖို့ အတွက် လုပ်ပေးကြရတာပါပဲ။

အနာဂါတ် လူ့အဖွဲ့စည်းမှာ ဒေါင်ဒေါင်မြည် ကိုယ်ကျင့်တရား၊ ဒေါင်ဒေါင်မြည် ရဲဝံတဲ့ စိတ်ထား၊ ဒေါင်ဒေါင်မြည် မကြောက်စိတ်တွေ ရှိတဲ့ လူ့အဖွဲ့အစည်းကြီးတခု ဖြစ်လာဖို့ အတွက် ကျမတို့နိုင်ငံမှာရှိတဲ့ ကလေးရှိတဲ့ မိဘတိုင်း၊ ကလေး တွေကို စာသင်ကြားနေတဲ့ ဆရာတိုင်းမှာ တာဝန်အပြည့် ရှိပါတယ်။ စည်းကမ်းဆိုတာ ဘာလဲ၊ အာဏာရှင်လည်း မဆန် စည်းလွတ်ဝါးလွတ်မျိုးလည်း မဖြစ်အောင်လို့ ကလေးတယောက်ကို  ဘယ်လို ထိန်းသိမ်း မလဲ ဆိုတာကို သိစေဖို့ ပထမဆုံး ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လို မိဘမျိုးလဲ ဆိုတာနဲ့ စတင်ပြီးတော့ ဆန်းစစ် ကြည့်ရအောင် ပါ။

ဘယ်လို မိဘမျိုးလဲ

ကလေးနဲ့ မိဘကြားမှာ ဖြေရှင်းရတဲ့ ပြဿနာတွေ၊ ထုတ်ရတဲ့ စည်းကမ်းတွေ ဆိုတာ ကတော့ ပြောရရင် အများကြီးပါပဲ။ ဒါပေမယ့် ဥပမာအနေနဲ့ ကျမ ပြောဖို့ အတွက် ကလေးမိဘ အများစုမှာ ရင်ဆိုင်ကြရတဲ့ အရုပ်သိမ်းတဲ့ ဥပမာ အနေနဲ့ပဲ ကျမပြောပါ့မယ်။ ကလေးက အရုပ်တွေကို ဖွထား တယ်ဆိုပါတော့။ ကလေးကို အရုပ်သိမ်းခိုင်းဖို့အတွက် ကလေးရဲ့ ဖေဖေ၊ မေမေတို့ ကလေးကို ဘယ်လို ပြောဆို ပြီးတော့ သိမ်းခိုင်းကြပါလဲ။ ကျမ အောက်မှာ ပေးထားတဲ့ ဥပမာလေး တွေကို ကြည့်ပြီးတော့ ကိုယ်ဘယ်လို မိဘမျိုးလဲ ဆိုတာကို ဆန်းစစ်ကြည့် နိုင်ပါတယ်။ ကြည့်ရအောင်ပါ။

“သား.. မင်း အရုပ်တွေက တခန်းလုံးလည်း ပွလို့ပါလား။ အခု ချက်ချင်း အရုပ်တွေ သိမ်းစမ်း။ မသိမ်းလို့ ကတော့ အမှိုက်ပုံထဲ ရောက်ပြီသာအောက်မေ့။ ငါ အကုန်လွှင့်ပစ်မှာ”

“သား.. မင်းအရုပ်တွေကလည်း တခန်းလုံး ပွရွလို့။ ဟွန်း… သိမ်းတယ်ကို မရှိဘူး။ လိုက်ပြောနေရတာပါပဲလား။ မင်း နဲ့ ညီအကို တဝမ်းကွဲ အောင်အောင်ဆို ဘယ်လောက်လိမ္မာလဲ။ သူ့အရုပ်သူ ကစားပြီး တာ နဲ့ သပ်သပ်ရပ်ရပ် သိမ်းတယ်။ ဘယ်သူမှ လိုက်ပြောနေစရာကို မလိုဘူး”

“သား.. အရုပ်တွေ တခန်းလုံး ပွနေတာပဲ။  သိမ်းလိုက်ဦး”

“သားရေ..သား အရုပ်လေးတွေကို သိမ်းချင်လား။ သိမ်းချင်တယ်ဆို ရင်တော့ မေမေ့ကို သိမ်းပေးပါကွယ်”

ကိစ္စကတော့ အရုပ်သိမ်းတဲ့ ကိစ္စပါပဲ။ အရုပ်သိမ်းတဲ့ ကိစ္စပေါ်မှာမှ အမေ (သို့) အဖေ ရဲ့ ပြောတဲ့ ပုံစံဟာ တယောက်နဲ့ တယောက် မတူပါဘူး။ သူတို့ရဲ့ ကလေးတယောက်ကို ပြုစုစောင့်ရှောက်၊ ထိန်းကျောင်းတဲ့ ပုံစံအတိုင်း ပြောကြတာပါ။ ကျမတို့ ဆန်းစစ်ကြည့်ရအောင်ပါ။

ပထမဆုံး ပြောတဲ့ ပုံစံက အာဏာရှင် အင်မတန်ဆန်တဲ့ မိဘတွေ ပြောတတ်ကြပါတယ်။ သိမ်းစမ်း မသိမ်းရင် ရိုက်မယ်၊ အရုပ်တွေ လွှင့်ပစ်မယ် ဆိုတဲ့ အပြောမျိုးပါ။ ကလေး ဟာ သူ့အရုပ်တွေကို လွှင့်ပစ်မှာ ကြောက်လို့ ကောက်သိမ်းကောင်း ကောက်သိမ်းပါလိမ့်မယ်။ ဒါပေမယ့်  အကြောက်တရားကြောင့် သိမ်းရ၊ လုပ်ရတာပဲ မို့ သူ့ရင်ထဲမှာ အရုပ်တွေဟာ သူ့ရဲ့ အရုပ်၊ သူဖွထားတာမို့ သူသိမ်းကို သိမ်းရမယ်။ သိမ်းဖို့ တာဝန်ရှိတယ် ဆိုတဲ့ အသိလေးကို မရနိုင်တော့ ပါဘူး။ အကြောက်တရား ကြောင့် လုပ်ရတာမို့ သူကြောက်ရတဲ့ အမေ (သို့) အဖေ ရဲ့ ကွယ်ရာရောက်တဲ့ အခါမှာတော့ သူ့ စိတ်ကြိုက် နေချင်သလို နေတတ်ကြ ပါတော့တယ်။  ရှေ့တင်မှာသာလုပ်ပြီး ကွယ်ရာမှာ နေသာသလို နေတတ်တဲ့ စိတ်ဓာတ်မျိုးတွေကို ကလေးရဲ့ စိတ်အခံထဲ သွတ်သွင်း ပေးနေတဲ့ ဆုံးမနည်း မျိုးပါပဲ။

ဒုတိယနည်းကတော့ တခြားလူနဲ့ နှိုင်းယှဉ် ဆူပူပြောတဲ့ အပြစ်တင် ဆုံးမနည်းမျိုးပါ။ ဒီ ဆုံးမနည်းဟာ ကလေးတို့ မခံချင်ဖြစ် တတ်ကြသလို၊ နှိုင်းယှဉ် ဆုံးမခံရတဲ့ ကလေးကို လည်း မုန်းတီးစိတ် ပေါ်လာနိုင်စေတာမို့ ပြောကို မပြောသင့် တဲ့ ဆုံးမနည်း ပါပဲ။ ဒီနည်းဟာလည်း ပထမနည်းလိုပဲ အာဏာရှင်ဆန်တဲ့၊ အပြစ်တင် တတ်တဲ့ မိဘမျိုးတွေ သုံးတတ်တဲ့ နည်းပါ။ လူ့အဖွဲ့စည်းထဲမှာ  အရာရာကို စိတ်တိုင်း မကျတတ်၊ ပြစ်တင် ငြူစူ တတ်တဲ့ လူကြီးတွေ အဖြစ် ကြီးမြင်းလာစေ နိုင်တဲ့ ကလေး ပြုစုစောင့်ရှောက်မှုမျိုး ပါပဲ။

တတိယနည်း ကတော့ အရုပ်သိမ်းခိုင်းတာပါပဲ။ ကလေးဖွထားတဲ့ အရုပ်တွေကို ကလေးကို သိမ်းခိုင်းတာပါ။ ဘာမှ အပိုအလို မပါပါဘူး။  ကလေးဟာ သူဖွထာတဲ့ အရုပ်ကို သူ့ဖာသာ ပြန်ပြီးတော့ သိမ်းကို သိမ်းရမယ် ဆိုတာကို သိစေတဲ့ နည်းပါပဲ။ ကလေးက မသိမ်းလို့ ဆိုပြီးတော့ မိဘက ကောက်ပြီးတော့ သိမ်းပေး စရာမလိုပါဘူး။ ဒီလို ပြောရုံနဲ့ သိမ်းပါ့ မလား လို့ မိဘတို့ တွေးစရာ ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ သိမ်းပါတယ်။ ကျမမှာ ခြောက်နှစ်အရွယ် သားလေး တယောက် ရှိတာမို့  ကျမ ကိုယ်တွေ့အရ ပြောရရင် တကယ်သာ သိမ်းခိုင်းပါ။ သူတို့ သိမ်းပါတယ်။ သူတို့ အရုပ်ဟာ သူတို့ဖာသာ သူတို့ ကစားပြီးတော့ ပြန်သိမ်းရမယ့် အရုပ်ဆိုတာကို သိစေဖို့ အတွက် မိဘတို့ အနေနဲ့ ဒီတခါ ကလေး သိမ်းခိုင်းလိုက်၊ နောက် တခါမှာ ကိုယ်က ပြန်သိမ်းလိုက်နဲ့ မလုပ်ရပါဘူး ။ အဲလိုပဲ ကလေးက ချွဲနွဲ့လို့ ဖြစ်စေ၊ ငိုယို ဂျီကျလို့ပဲ ဖြစ်စေ အလျှော့ မပေးမိဖို့တော့ လိုပါတယ်။ ဆိုလိုချင်တာက ကစားပြီးရင် အရုပ်တွေကို သိမ်းကို သိမ်းရမယ် ဆိုတဲ့စည်းကမ်းဟာ အမြဲတမ်း တည်မြဲနေဖို့ပါ။ အခု တရက်တော့ ဟုတ်လိုက်၊ နောက်ရက်တော့ မဟုတ်လိုက်နဲ့ မဖြစ်ရပါဘူး။

နောက်ဆုံး ပြောနည်းကတော့  အလျှော့ပေးလွန်းတဲ့ မိဘများရဲ့ ပြောနည်းပါပဲ။ အဲလို မိဘမျိုးဟာ သားသမီး ရဲ့ မျက်နှာ တချက် အညှိုးမခံတတ်ကြ ပါဘူး။ ကလေး တချက်ငို တချက်ဟင့်ကနဲ ဖြစ်လိုက်တာနဲ့ ထုတ်ထားသမျှ စည်းကမ်း အားလုံးကို ဖျက်ပစ် တတ်ကြပါတယ်။ ပျော့တွဲတွဲ လျော့ရဲရဲ စည်းကမ်းမျိုး ဖြစ်လို့ ကလေးတို့ဟာလည်း လုပ်ချင် လုပ်လိုက်၊ မလုပ်ချင် မလုပ်လိုက်နဲ့ ဖြစ်တတ်ကြပါတယ်။ ကလေးကြိုက် ရာကို ကြိုက်သလို လုပ်ခွင့် ပေးထားတတ်တာမို့ အဲလို ကလေးမျိုးဟာ ထင်ရာစိုင်းတတ်တဲ့ ကလေးမျိုးတွေ ဖြစ်တတ်ကြပါတယ်။ စည်းကမ်း လျော့ရဲရဲ နဲ့ အလိုလိုက် အကြိုက်ဆောင်တတ်တဲ့ မိဘရဲ့ အုပ်ချုပ်မှု အောက်မှာ နေရတဲ့ ကလေးတွေဟာ လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းထဲကို ဝင်လာတဲ့အခါမှာတော့ ဘာမဆို ကိုယ့်စိတ်ကြိုက်၊ ကိုယ့်အလိုအတိုင်းပဲ တကိုယ်ကောင်းဆန်စွာ လုပ်တတ်ကြ၊ လုပ်ချင်ကြပါတယ်။ လွတ်လပ်မှုကို အတိုင်းဆမဲ့ ပေးထားတတ်တာမို့ အသိပညာ မပြည့်စုံသေးတဲ့၊ လူ့လောက အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မသိနိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ် ကာလမှာ လမ်းမှားကို ရောက်ကြတာများ ပါတယ်။

ကလေးဘယ်လို စည်းကမ်းပေးမလဲ

ကလေးတယောက်ကို စည်းကမ်း ပေးတယ်ဆိုတာဟာ လူ့လောကရဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်တတ်စေ ဖို့၊ လိုက်နာရမယ့် စည်းမျဉ်း ဥပဒေ၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ ဝတ္တရား စတာတွေကို  လိုက်နာစောင့်ထိန်းတတ်စေဖို့ အတွက် မိဘများက သင်ကြားပေးခြင်းကို စည်းကမ်းပေးတယ်လို့ ဆိုတာပါပဲ။ အကြောက်နဲ့ စည်းကမ်းကို မလိုက်နာခိုင်း ဘဲ၊ အာဏာနဲ့ မလိုက်နာခိုင်းဘဲ နဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို နားလည်လိုက်နာစေဖို့ အတွက် အရေးကြီးဆုံး အရာကတော့ မိဘများ ကိုယ်တိုင်က ကလေးရှေ့မှာ ကလေးက လေးစားအောင်လို့ စံပြအဖြစ် နေတတ်ထိုင်တတ်ဖို့ လိုပါ တယ်။

အမြဲတမ်း လိမ်ညာတတ်တဲ့ အမေတယောက်ဟာ သားသမီးကို မလိမ်နဲ့လို့ စည်းကမ်းပေး စေခိုင်းဖို့ မလွယ်သလို ကလေး ရှေ့မှာ အော်ဟစ် ဆဲဆိုနေတတ်တဲ့ အဖေတယောက်ဟာလည်း ကိုယ့်ရဲ့ ကလေးကို မအော်ဟစ် မဆဲဆိုအောင် စည်းကမ်းပေးဖို့ မလွယ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်မကြိုက်တဲ့ အပြုအမူတွေကို ကလေး မလုပ်မိစေဖို့ အတွက် ကလေးရှေ့ မှာ စံပြအဖြစ်နေဖို့ လိုပါတယ်။

နောက်တခု ကတော့ ထုတ်ထားတဲ့ စည်းကမ်း၊ ပြောပြီးသား စကားကို ခိုင်မြဲစေဖို့ အတွက် ဂရုစိုက်ရပါမယ်။  ဥပမာ- ကျောင်းဖွင့်ရက်မှာ တီဗီ မကြည့်ရဘူး လို့ ကလေးကို စည်းကမ်း ထုတ်ထားတယ် ဆိုပါတော့၊ ကလေးက ကြည့်ချင်လို့ သနားအောင်ပဲပြောပြော၊ ငိုယိုပြီးတော့ ဂျီပဲကျကျ၊ ပေးမကြည့်ရပါဘူး။ အစ ပိုင်းမှာတော့ နည်းနည်းခက်ခဲ သလိုပါပဲ။ နောက်ပိုင်းမှာတော့ ကလေးဟာ စည်းကမ်းအတိုင်း လိုက်နာလာတာ တွေ့ရပါလိမ့်မယ်။ ကလေးက ရိုင်းရိုင်းစိုင်းစိုင်း ပြောတာမျိုး၊ အိမ် တအိမ်ကို သွားလည်ပြီး ကစားကြတဲ့ အခါမျိုးမှာ အဲဒီ့အိမ်က အရုပ်ကို ယူလာခဲ့ချင်တာ မျိုးတွေဆိုရင် ခွင့်မပြုရပါဘူး။ ကလေး ငိုချင်ငိုပါစေ။ ပြန်ပေးခိုင်းရပါမယ်။ ကလေး အချင်းချင်း ဗိုလ်ကျအနိုင်ကျင့်တဲ့ အခါမျိုးမှာလည်း ကိုယ့်ကလေးက အသာရတယ်ဟဲ့ ဆိုပြီးတော့ ငြိမ်ပြီး ကြည့်မနေရပါဘူး။  အဲလိုကလေးမျိုးဟာ ကျောင်းနေတဲ့ အချိန်ခါမှာ လည်း ဗိုလ်ကျ အနိုင်ကျင့်တတ်တာမို့ သူ့မှာ သူငယ်ချင်း အပေါင်းအသင်း ရှားပါးတတ်ပါတယ်။ လူမုန်းလည်း များတတ်သလို လူကြီးဖြစ်လာလို့ လူ့အသိုင်းဝိုင်းထဲကို ဝင်တဲ့အခါမှာလည်း လူ့အဖွဲ့အစည်းအတွက် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ လူမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။

မိဘများ သတိပြုရမယ့် အချက်တခုကတော့ ချီးကျူးဖို့ပါ။ ကျမတို့ မြန်မာလူမျိုး မိဘ တော်တော်များများဟာ ကလေးရဲ့ မကောင်းတဲ့ အပြုအမူတခု လုပ်ရင်သာ အလန့်တကြားနဲ့ အော်ဟစ်ဆူပူတတ်ကြပေမယ့် ကောင်းတဲ့ အပြုအမူ ကောင်းတဲ့ အမူအကျင့်လေး တခုခု လုပ်ရင်တဲ့အခါ  ချီးကျူးဖို့ မေ့နေတတ်ကြပါတယ်။ ကလေးရဲ့ သဘာဝကိုက လူကြီးတွေရဲ့ အာရုံထား အလေးဂရုစိုက်တာကို ရချင်တတ်ကြပါတယ်။ သူတို့ကို အာရုံစိုက် အလေးထား ခံရဖို့ အတွက် တမင်ကို ဆိုးပြတတ်ကြတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ကလေးတို့ လိမ္မာတဲ့၊ ကောင်းတဲ့ အရာတခုခု လုပ်တိုင်း မှာ ချီးကျူးပေးဖို့ မမေ့ရပါဘူး။

ကျမတို့ရဲ့ လူ့ အဖွဲ့အစည်းထဲမှာ အရွယ်ရောက် လူကြီးများရယ်လို့ ဖြစ်လာမယ့် ကလေးများကို အကြောက်တရား ကင်းကွာပြီး စည်းကမ်းလိုက်နာတတ်တဲ့၊ ကိုယ့်ကိုယ်ကို လေးစား တန်ဖိုးထားတတ်တဲ့ လူတွေ ဖြစ်လာစေဖို့ အတွက် ကလေးနဲ့ သက်ဆိုင်သူ မိဘများ၊ ဆွေမျိုးများ၊ ဆရာ ဆရာမများ က ပြုစုပျိုးထောင် ပေးရမှာပါ။ အာဏာနဲ့ အုပ်ချုပ်မှု ရယ်၊ စည်းလွတ်ဝါးလွတ် လွတ်လပ်စွာ အလိုလိုက်မှုရယ် ကြားက စည်းကမ်းဘောင်လေးတွေ  ကလေးတို့ကို ချပေးနိုင် မယ်ဆိုရင်ဖြင့် ကျမတို့ အနာဂါတ် လူ့အဖွဲ့စည်းမှာ မြန်မာနိုင်ငံသားတွေ စည်းကမ်းသိပ်ကြီးတယ်ရယ်လို့ ကမ္ဘာကို ပြောနိုင် ကြတော့မှာပါ။

(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading