ဒေါ်စန်းစန်းဝင် (ခ) ဒေါ်လေးလေးသည် ၁၉၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား တဦးနှင့်ပူးပေါင်းကာ အစိုးရ၏ သတင်းများအား ပေးပို့ခဲ့သည်ဟု စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၁ နှစ်ချမှတ် ခံခဲ့ရသော်လည်း အယူခံဖြင့် တနှစ်နှင့် ၄ လအကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ လက်ရှိအချိန်တွင် လူ့အခွင့်အရေး အဖွဲ့အစည်း များစွာဖြင့် ပူးပေါင်းကာ လူ့အခွင့်အရေးကိစ္စများ ဆောင်ရွက်လျှက်ရှိပြီး ကလေးသူငယ် အခွင့်အရေးအတွက်လည်း ကူညီလျှက်ရှိသည်။ ထို့အပြင် ဒေါ်လေးလေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တဦးလည်းဖြစ်သည်။ ယခုလတ်တလောတွင် အတင်းအဓမ္မ ကျင့်ခံရပြီးနောက် ပြုကျင့် ခဲ့သူက ခိုးမှုဖြင့် ပြန်လည်ကာ တရားစွဲဆိုထားခြင်းကို ရင်ဆိုင်နေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ကူညီပေးနေသည့် ဒေါ်လေးလေးအား ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးနေ့တွင် တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆိုပြီး နိုင်ငံတကာမှာ သတ်မှတ်ကြတဲ့ အပေါ် ဒေါ်လေးလေးရဲ့ အမြင်ကို ပြောပြပေးပါလား။
ဖြေ။ ။ မြန်မာလူမျိုးတွေက နိုင်ငံတကာ အမျိုးသမီးများနေ့ကို မသိကြဘူး။ ဒါတွေက အာဏာရှင်တွေကိုက
အသိအမှတ် မပြုဘဲ ထားတာလေ။ ဟိုအာဏာရှင် စနစ် အစိုးရကတည်းက အမျိုးသမီးတွေကို အရမ်းဖိနှိပ်တယ်။ အမျိုးသမီးဆိုရင် အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး မရရှိသလို၊ အမျိုးသမီးတွေကို ဖိနှိပ်မှုတော်တော်များများ ရှိတယ်။ အိမ်ထောင်ရှင် အမျိုးသားတွေကလည်း အမျိုးသမီးတွေကို အိမ်ထဲကနေ အိမ်ပြင်မထွက်ခိုင်းဘဲ အိမ်မှုကိစ္စတွေကိုပဲ လုပ်ခိုင်းရင်နဲ့ အချိန်ကုန်စေတာပေါ့။ ဒါကြောင့် ကျမက အမျိုးသမီးတွေ ကိုယ်စားပြုပြီး အမှန်တရားနဲ့၊ အမျိုးသမီးတွေရဲ့
အကြောက်တရား ကင်းအောင် လိုက်လုပ်ပေးနေတာပါ။ အမျိုးသမီးတွေကို လက်တွဲခေါ်ပြီး အမှန်တရား ဖော်ထုတ်ချင်တာပါ။ အန်တီ့ အနေနဲ့တော့ မတ်လ ၈ ရက်နေ့ကို မြန်မာပြည်မှာ နိုင်ငံတကာ အမျိုးသမီးများ နေ့အဖြစ် အစိုးရအနေနဲ့
ပြုလုပ် ပေးသင့်ပါတယ်။ အဲဒါကို ကျမတို့ ဖော်ထုတ် ပြုလုပ်သွားမှာပါ။
မေး။ ။ လက်ရှိအချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ ကျင့်တာကို ပပျောက်အောင် ဘယ်လို ဆောင်ရွက်သွားမှာလဲ။
ဖြေ။ ။အဲဒီ ကလေးတွေနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေ လုပ်မယ်။ ယောကျာ်တွေဆိုရင် ယုံကြည်စရာ မရှိဘူး၊ ကိုယ့်မိသားစုလို ဘယ်အမျိုးသားတွေကိုမှ မဆက်ဆံနဲ့၊ အလုပ်ရှင်ဆိုပြီးတော့ တရင်းတနှီး မဆက်ဆံနဲ့ ဆိုတာ တွေကို ပြောပြသွားဖို့ ရှိပါတယ်။ ကျမတို့ အနေနဲ့ကတော့ ဒီလို အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလုပ်လုပ်ရင်လည်း နေ့လယ်ပိုင်းပဲလုပ်၊ ည အိမ်ပြန်ဆိုတာတွေ ပြောသွားမယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိခင်တွေက အလုပ် လုပ်ခိုင်းမယ် ဆိုရင်လည်း အဲဒီမိခင်တွေကို နည်းနည်း စည်းရုံးရေး လုပ်ရမှာပေါ့။ ဘယ်လိုနေရာ ဘယ်လို ဆိုင်တွေမှာလုပ်ဖို့၊ ဖြစ်နိုင်ရင် ကလေးငယ် တွေကို ည အိမ်ပြန် အိပ်ခိုင်းဖို့ အဲဒါတွေ ပြောသွားပါမယ်။
မေး။ ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ကူညီပေးခဲ့တာ ဘယ်နှမှုလောက် ရှိပါသလဲ။
ဖြေ။ ။ မိန်းကလေးနဲ့ ပတ်သက်တဲ့ အမှုကတော့ ၅ မှုပါ။ ကလေးစစ်သားနဲ့ ပတ်သက်ရင်တော့ ရေတပ်က ၉ ယောက် လောက်တော့ ကူညီပေးခဲ့တယ်၊ အားလုံး အောင်မြင်ခဲ့တယ်။ အခု လတ်တလောလည်း အမျိုးသမီးနဲ့ ပတ်သတ်တဲ့ကိစ္စ၊ ကလေးသူငယ်တွေ မတရားနှိပ်စက်ခံရတဲ့ ကိစ္စတွေကို ကူညီပေးနေပါတယ်။
မေး။ ။ ဒေါ်လေးလေးက အမျိုးသမီးတယောက်ဖြစ်ပြီး အဲဒီလို မတရား ဖိနှိပ်ခံရတဲ့ အမှုတွေကို လိုက်ကူညီပေးတာ ဘာကြောင့်လဲ၊ ဘယ်နှခုနှစ်က စလုပ်ခဲ့လဲ။
ဖြေ။ ။ ကျမကလည်း စစ်အာဏာရှင်စနစ်က မတရားမှုနဲ့ ထောင် ၂၁ နှစ်၊ ပြင်သစ်နိုင်ငံသားကို အစိုးရရဲ့ သတင်း ပေးပို့မှုဆိုပြီး စွဲဆိုခဲ့တယ်။ ဒါပေမယ့် အယူခံလိုက်တော့ တနှစ်နဲ့ လေးလပဲ ကျခဲ့တယ်။ ပြီးတော့ ကျမသား အသက်မပြည့်တဲ့ ကလေးကို စစ်တပ်က လိမ်ညာ ခေါ်သွားတာတွေကို ခံပြင်းလို့ မတရားတာတွေကို ကိုယ်တိုင်ကြုံခဲ့လို့ အဲဒီလို မတရား တာတွေ မြင်ရင်၊ ကြားနေရင် ကူညီပေးတာပေါ့။ ၂၀၀၅ ခုနစ်က စတင်လုပ်ခဲ့တာပါ။
မေး။ ။ အဲဒီလို မတရားခံရတဲ့ သူတွေလိုက်ကူညီပေးတဲ့အချိန်မှာ အာဏာရှင်တွေက ဒေါ်လေးလေးကို ဘယ်လို ခြိမ်းခြောက်မှုလုပ်သလဲ။
ဖြေ။ ။ ခြိမ်းခြောက်မှုကတော့ အမျိုးမျိုးပါပဲ။ ဖိအား ဆိုတာရှိပါတယ်။ ကျမကတော့ မကြောက်တော့ဘူး။ ကြောက်စိတ်လည်း ကုန်နေပါပြီ။ ဒါကြောင့် ကိုယ့်လို အမျိုးသမီးတွေကို အာဏာရှင်က မတရားဖိနှိပ်တာ ကြုံလာရင် မကြောက်ဖို့၊ မခံဖို့ ဆိုပြီး အမြဲ ပြောပြပါတယ်။ ပြီးတော့ ကျမက ကိုယ်ကူညီတဲ့ သူတွေအတွက် တာဝန် ယူရဲတယ်၊ တာဝန်ခံရဲတယ်။ မတရားခံရတာကို သိလို့လေ။
မေး။ ။ မြန်မာအမျိုးသမီးတွေ အကြောက်တရားတွေ လွှမ်းမိုးနေသေးတယ်ဆိုတော့ ဒေါ်လေးလေး အနေနဲ့ အဲဒီ အကြောင်း ဘာများ ဆက်ပြောချင်ပါသလဲ။
ဖြေ။ ။ အဲဒီအတွက်ကို ကျမက အမျိုးသမီးအင်အားစုကို တမြို့နယ်ကနေ တမြို့နယ်၊ ပြီးတော့ တိုင်းကနေ တပြည်လုံးအထိ Campaign တွေ လုပ်သွားရပါမယ်။ အမျိုးသမီးတွေ အကြောက်တရားမရှိအောင် ကျမတို့က လိုက်ပြီး အားပေးမယ်။ အမှန်တရား ဖော်ထုတ်ခိုင်းမယ်။ ရဲတွေ စစ်တပ်တွေဆိုတာ ကြောက်စရာမလိုဘူးလို့ ပြောသွားမယ်။ Campaign ဆိုရင်တော့ အမျိုးသမီးထု တရပ်လုံး အကြောက်တရား မရှိဖို့ရယ်၊ တပြေးညီ ခံစားခွင့်ရှိတယ် ဆိုတာ ပြောပြီးတော့ လုပ်သွားပါမယ်။ အခုဆိုရင် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ရွှေပြည်သာ မြို့နယ်တွေမှာ အမျိုးသမီးတွေ အတွက် အဖွဲ့တွေဖွဲ့ပြီးသွားပါပြီ။
မေး။ ။ အရွယ်မရောက်တဲ့ ကလေးငယ်တွေက အဲဒီလို အတင်းအဓမ္မ ကျင့်တာခံရပြီး နောက်ပိုင်း စိတ်ခံစားမှုတွေ၊ အားငယ်မှုတွေ မရှိအောင် ဘယ်လို လုပ်ဆောင်သွားမှာလဲ။
ဖြေ။ ။ ကလေးတွေက ကျမကို တွေ့တာနဲ့ အရမ်း အားကိုးကြတယ်။ သူတို့ အားကိုးတဲ့သူတယောက် ဖြစ်အောင်လည်း လုပ်ဆောင် ပေးနေတယ်လေ။ ကျမက အမှုဖြစ်တဲ့ အချိန်ပဲလုပ်ပေးတာ မဟုတ်ဘူး၊ ကလေးငယ်တွေ နောင်ရေးအတွက်ပါ ထည့်စဉ်းစားပြီး လုပ်ဆောင်ပေးတာပါ။ မိန်းကလေးတွေ ဆိုတာ အရှက်နဲ့ အသက်ရှိတယ်။ အရှက်ကို ကာကွယ်ရမယ်လေ။ မှန်မှန်ကန်ကန် ဖြစ်အောင်နဲ့ ဘဝရပ်တည် နိုင်အောင် တဖြည်းဖြည်း သင်ကြားပေးသွားမှာပါ။
မေး။ ။ ကလေးငယ်တွေ ဘ၀ ပြုစုပျိုးထောင်မှုဆိုတာ ဘယ်လိုမျိုးလဲ။
ဖြေ။ ။ ကျမတို့ တောင်ဒဂုံမှာ ဆိုရင် BG (Blood Give) အဖွဲ့ကနေပြီးတော့ လမ်းဘေး ကလေးတွေကို စာသင်ပေးပါတယ်။ ပြီးတော့ သူတို့လေးတွေကို ဥပဒေ သိစရာလေးတွေ နားလည်အောင် ရှင်းပြပါတယ်။ ကလေးငယ်တွေ ပညာမတတ်မှုတွေ များလာရင် မတရား ဖိနှိပ်မှုတွေ များလာမယ်။ ကလေးငယ်တွေကို အကြောက်တရား မရှိအောင် သင်ပေးတယ်။
မေး။ ။ ဒေါ်လေးလေးက NLD ပါတီဝင် တယောက်လည်းဖြစ်တဲ့အတွက် အမျိုးသမီး တယောက်အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါသလား။
ဖြေ။ ။ ကျမက NLD အဖွဲ့ဝင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရပ်ကွက်မှာပဲ ပါတီအဖွဲ့ကို ဆောင်ရွက်ပါတယ်။ မြို့နယ်တို့ တိုင်းတို့မှာတော့ မဆောင်ရွက်ပါဘူး။ အပြင်ကနေပဲ ကိုယ်လုပ်သင့်တာတွေ လုပ်ပါတယ်။ ရွေးကောက်ပွဲတော့ ယှဉ်ပြိုင်ဖို့ မလုပ်ပါဘူး။ ကိုယ်နိုင်တဲ့ ဘက်ကနေ လုပ်တာကောင်းပါတယ်။
အမျိုးသမီး အခန်းကဏ္ဍဆိုရင် အခုလိုမျိုးပေါ့ အာဏာရှင် အုပ်စုတွေက အမျိုးသမီးတွေကို ဖိနှိပ်၊ ကြောက်အောင်ခြောက်၊ ပွင့်ပွင့်လင်းလင်း မဆောင်ရွက်တာတွေပေါ့။ မြန်မာနိုင်ငံမှာ ရှိတဲ့အမျိုးသမီး ရေးရာတို့၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးတို့က လူကြီးတွေရဲ့ အမျိုးသမီးတွေ လုပ်တယ်။ တကယ်တော့ သူတို့တွေက ပြည်သူ့ရှေ့မှောက်မှာ ရပ်တည်နေတဲ့သူတွေ မဟုတ်ပါဘူး။ တကယ်စောင့်ရှောက်နေတဲ့ သူတွေဟာ ဒီလို အပြင်က လူမှု ကွန်ယက်တွေပါ။ အမျိုးသမီးရေးရာ ကရော၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးကရော ပူးပေါင်းပြီး အမျိုးသမီးထု ဘက်ကနေ ရပ်တည်ပေးပါလို့ ပြောချင်ပါတယ်။ ။