အကယ်ဒမီ စိုးသူသည် ၁၉၈၃ တွင် ဒါရိုက်တာ နီဝင်းထွန်း၏ မိုက်ကြွေးမိုက်ပြစ် ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့စတင် ဝင်ရောက်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ၁၀၀ ကျော်နှင့် ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးအောင်မြင်ခဲ့သူဖြစ်သည်။ ရည်းစားလေးအချစ်ရဲ့မှတ်တမ်း တစ်ကိုယ်တော်စီးရီးဖြင့်လည်း ဂီတလောကသို့စတင် ဝင်ရောက်ခဲ့ပြီး တေးစီးရီး ၁၁ ခွေထွက်ရှိခဲ့သည်။ ၁၉၉၇ တွင် အောင်မြင်သောနေ့ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ၁၉၉၅ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ထွက်ခွာသွားခဲ့ပြီး မယ်ရီလင်းပြည်နယ်တွင် နှလုံးဆက်စပ် ဆရာဝန်တစ်ဦး အဖြစ် အသက်မွေး ရပ်တည်ခဲ့သည်။ ၂၀၁၂ စက်တင်ဘာတွင် မိခင်ကျန်းမာရေးကြောင့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ပြန်ရောက်ရှိလာပြီး ၂၀၁၃ ဖေဖော်ဝါရီလတွင် မိခင်ကျန်းမာရေးကြောင့် ပင် ထပ်မံရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အကယ်ဒမီစိုးသူ၏ “Past & Present Soe Thu” Free Show ကို၂၀၁၃ မတ်လ ၃၀ တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ မိုင်ဒါကွင်း(မြို့မကွင်း) တွင်ညနေ ၆ နာရီ၌ ကျင်းပမည်ဖြစ်သည်။ Forever Blossomနှင့် ထိုင်းနိုင်ငံ Index Created Village တို့မှ ဦးစီးကျင်းပပြီး Plus Three တေးဂီတမှ တီးခတ်ပေးမည်ဖြစ်သည်။ ၎င်းဖျော်ဖြေပွဲကို MRTV 4 နှင့်ဆက်စပ် ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဟု သိရသည်။ ဖျော်ဖြေပွဲနှင့်ပတ်သက်ပြီး စိုးသူကို ဧရာဝတီသတင်းထောက် နဒီထိုက်မှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ တေးစီးရီး ၁၁ ခွေထုတ်ခဲ့တဲ့ထဲက ဒီ Show မှာ ဘယ်နှစ်ပုဒ်ဆိုမလဲ။ ပရိသတ်ကရွေးတာ ဆိုမှာလား။ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ဆိုသွားမှာလား။
ဖြေ။ ။အကောင်းဆုံး ဖြစ်စေချင်တယ်လေ။ လူအများဆုံးဖြစ်စေချင်တာကို ဆိုဖို့ စဉ်းစားမှာပါ။ လူအများစု အကြိုက်ဆုံး ဖြစ်အောင် လုပ်သွားမှာပါ။သီချင်းတွေကိုလည်း အားပါးတရ ဖျော်ဖြေဖို့ စိတ်ကူးထားပါတယ်။ အများကြီးဆိုမယ်ဆိုပေမယ့် လာကြည့်သူတွေ ပင်ပန်းနွမ်းနယ်မှာ မလိုလားတော့ ထိုက်သင့်အားလျော်စွာ အကောင်းဆုံးဆိုဖို့ စိတ်ကူးထားပါတယ်။
မေး။ ။ဖျော်ဖြေပွဲရဲ့ခေါင်းစဉ်ကို Past & Present Soe Thu လို့ ဘာကြောင့်ပေးထားလဲ။
ဖြေ။ ။ နဂိုထဲက ဖျော်ဖြေပွဲလုပ်ဖို့ သူငယ်ချင်း အနုပညာရှင်တွေ၊ ပရိသတ်တွေက ပြောဆိုထားတာ ရှိပါတယ်။ တချိန်ချိန်မှာတော့ အကြောင်းတိုက်ဆိုင်လို့ ဆောင်ရွက်မယ်ဆိုတာမှာ ဒီလိုမျိုးလေး လုပ်ဆောင်ချင်တယ်။ အတိတ်၊ ပစ္စုပန်မှာ ကျနော့်အနေနဲ့ ပရိသတ်အပေါ်ထားတဲ့စိတ်က တူတူပဲ ရှိနေသေးတယ်ဆိုတဲ့သဘောနဲ့ ဒီနာမည်လေးပေးဖြစ်တာပါ။အဓိကတော့ ဘယ်အချိန်ဖြစ်ဖြစ် ပရိသတ်ကို ကျေးဇူးတင်စွာနဲ့ အတတ်နိုင်ဆုံး ပြန်ပေးဆပ်ချင်တဲ့အတွက် ခုလို စီစဉ်ဖြစ်သွားတာပါ။
မေး။ ။ Free Show အနေနဲ့ ဖြေဖျော်ဖြစ်တာကကော ဘယ်လိုရည်ရွယ်ချက်ကြောင့်လဲ။
ဖြေ။ ။ ဒါက စေတနာကို ဦးထိပ်ထားလို့ပါ။ လာကြည့်ကြမယ့် မိဘပြည်သူတွေအတွက် သူတို့နေရာကနေ စဉ်းစားတာပါ။ မကြည့်ရတာကြာပြီဖြစ်တဲ့ လူတွေကို ကြည့်လဲကြည့်စေချင်တယ်။ တကိုယ်တော်ဖျော်ဖြေပွဲလည်း တခါမှ မလုပ်ဖြစ်ခဲ့ဘူး။ အားရပါးရ ကြည့် စေချင်တယ်။ ဘယ်လိုလူမျိုးဖြစ်ဖြစ် ကြည့်စေချင်တယ်။ဘက်စုံထောင့်စုံ အကောင်းဆုံး ဆောင်ရွက်ချင်တယ်။ ကြည့်တဲ့မိဘပြည်သူတွေအတွက် စဉ်းစားပြီး လုပ်ဖြစ်တာပါ။ ဒီအပေါ်မှာ နားလည်တန်ဖိုးထားမယ် ထင်ပါတယ်။
မေး။ ။ ဖျော်ဖြေပွဲမှာ အတွဲနဲ့ သီဆိုဖို့ကော စီစဉ်ထားလား။
ဖြေ။ ။ ဒါက ပရိသတ်အတွက် အကောင်းဆုံးနဲ့ အဆင်ပြေဆုံး လုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဘယ်သူတွေပါမလဲ ဘယ်လိုဖျော်ဖြေမလဲဆိုတာ surprise အနေနဲ့ ပရိတ်သတ်ကို သိစေချင်လို့ပါ။
မေး။ ။ ဆိုမယ့်သီချင်းတွေကကော သီချင်းဟောင်းတွေပဲ ဖျော်ဖြေမှာလား။ သီချင်းသစ်တွေကော ဆိုဖြစ်မလား။
ဖြေ။ ။ အများစုကတော့ အဟောင်းဘဲ ဆိုဖြစ်မှာပါ။ ပရိသတ်တွေက သီချင်းဟောင်းတွေ ပိုကြားချင်တယ်ဆိုတော့လေ။ နောက်အဟောင်းတွေဆိုတော့ ပရိသတ်ငြီးငွေ့သွားမှာလည်း ဆိုးတယ်။ ဒိအတွက် အသစ်တွေလည်း ဆိုဖြစ်မှာပါ
မေး။ ။ ဖျော်ဖြေပွဲ အပြီးမှာကော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။ ဒီမှာပြန်အခြေချနေသွားမလားဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ကျနော်က အနုပညာအလုပ်တွေ လုပ်ခဲ့တယ်။ ပရိသတ်တွေကလည်း အကောင်းဆုံး တုံ့ပြန်အားပေးခဲ့ကြတယ်။ လူဆိုတာ တော်ရာမှာနေရ ဆိုသလိုပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အဝေးကြီးမှာ သွားနေရတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်ကတော့ အရင်ကလည်း ဒီတိုင်း ခုလည်း ဒီတိုင်းပဲ ရှိပါတယ်။အဝေးကြီးမှာ သွားနေလည်း ဒီတိုင်းပဲ။ ဆက်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဒီတိုင်း ဆက်ရှိနေမှာပါ။ ဘယ်မှာခြေချမလဲဆိုတာထက် ဘယ်မှာနေနေ ကိုယ်ချစ်တဲ့အနုပညာနဲ့ မိဘပြည်သူတွေကို စွမ်းဆောင်နိုင်ဆုံး လုပ်ပေးနိုင်သလောက်ကို ကြိုးစားလုပ်ဆောင်ပေးသွားမှာပါ။ နေတဲ့နေရာနဲ့ ဆုံးဖြတ်ချက်ထက် စိတ်စေတနာနဲ့ မိဘပြည်သူပေါ်ကို တုံ့ပြန်တဲ့ အနုပညာကို ချစ်တဲ့စိတ်ကသာ အဓိကကျမှာပါ။
မေး။ ။ ဖျော်ဖြေပွဲမှာ Plus 3 တီးဝိုင်းအပြင် အကိုရဲ့အရင်က တီးဝိုင်း မန်ချက်စတာ တီးဝိုင်းကိုကော ထည့်သွင်းတီးခတ်သွားဖို့ အစီအစဉ်ရှိလား။ထူးထူးခြားခြား အစီအစဉ်လေးတွေ ဘာပါလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ လာအားပေးတဲ့သူတိုင်းကို အစဉ်ပြေစေချင်ပါတယ်။ နောက် ပရိသတ်တွေ အားပေးတဲ့အပေါ်မှာ အကောင်းဆုံးတွေ ပေးချင်တယ်။ ဖြစ်နိုင်ရင် သီချင်းအပုဒ် ၁၀၀၀ လောက် ဆိုပြချင်တယ်။ အရင်က လက်တွဲလုပ်ခဲ့တဲ့ Iron Cross၊ Emperor တို့ ကျနော်ဆိုခဲ့ဖူးတဲ့ တီးဝိုင်း အကုန်လုံးကို ထည့်ချင်တယ်။နောက် ကျနော့်တီးဝိုင်း မန်ချက်စတာကိုလည်း ထည့်တီးချင်တယ်။ ရှိသမျှ အဆို၊ အက၊ အတီးတွေ အကုန်ထည့်ပြီး လုပ်ချင်တယ်။ ဒီပွဲမှာ လာကြည့်သူတိုင်း ကောင်းတယ် အဆင်ပြေတယ် ဆိုတာမျိုးဖြစ်အောင် လုပ်သွားမှာပါ။
မေး။ ။ ဒီမှာ အခြေပြန်ချဖို့နဲ့ ပါတ်သတ်ပြီး တိတိကျကျ မပြောနိုင်သေးတာက လက်ရှိနိုင်ငံပေါ်လစီကြောင့်လား။ အလုပ်အကိုင်ကြောင့်လား။ တခြားတခုခုကြောင့် မပြောနိုင်သေးတာလား။
ဖြေ။ ။ဒါကို ခဏခဏ မေးကြပါတယ်။ ခုချိန်မှာတော့ သွားလိုက်ပြန်လိုက် ရှိနေဦးမှာပါ။ အရင်လို အဝေးကြီးမှာ မနေချင်တော့ဘူး။ အခြေချဖို့ မဆုံးဖြတ်ရသေးဘူးလားဆိုတော့ ပြောရရင် ခက်ပါတယ်။ ဖြစ်နိုင်ရင် ဒီကနေ မပြန်ချင်တော့ဘူး။ လူဆိုတာက နေချင်တဲ့နေရာမှာ မနေရဘူးလေ။ ဟိုမှာကလည်း အလုပ်တခုရှိတော့ ခုချိန်မှာ ဘာမှ မပြောနိုင်သေးဘူး။
မေး။ ။လက်ရှိ အမေရိကန်နိုင်ငံသား ခံယူထားလို့များ ဒီမှာအခြေချဖို့ ခက်ခဲနေတာလား။
ဖြေ။ ။အဲလို မဟုတ်ပါဘူး။ ခုချိန်ထိ ကျနော် ဒီနိုင်ငံသားပါ။ ဇနီးနဲ့သမီးကလည်း ဒီနိုင်ငံသားပါပဲ။ ဒီနိုင်ငံကို ချစ်တဲ့ ဒီနိုင်ငံသားအနေနဲ့ပဲ ဆက်ရှိနေပါသေးတယ်။ သမီးလေးက ၆ နှစ်ခွဲ ရှိပါပြီ။ ဆိုတာ၊ ကတာ အင်မတန် ဝါသနာ ပါတယ်။ အင်မတန်လည်း ရှက်တတ်ပါတယ်။ သူ အနုပညာ ဝါသနာပါလို့ လုပ်မယ်ဆိုရင်တော့ ကျနော်က အားပေးရမှာပေါ့။တဦးတည်းသော သမီးလေးပါ။ နာမည်က အိန်ဂျယ်စိုးသူလွင် ခေါ် စုဝတ်မှုန်စိုးပါ။ အခု ရန်ကုန်မှာပါပဲ။
မေး။ ။ စီးရီးခွေ အသစ်ထုတ်ဖို့ကော ရှိလား။
ဖြေ။ ။ ဒီကိုပြန်မလာခင်ထဲက ကမ်းလှမ်းထားတာရှိတော့ လုပ်ဖြစ်သွားမှာပါ။
မေး။ ။အခု လက်ရှိလှုပ်ရှားမှုက
ဖြေ။ ။ လက်ရှိက ကြော်ငြာတွေ ရိုက်ဖြစ်နေတယ်။ ဒါရိုက်တာ ဇွဲလုံ့လရဲ့ ပဒုမ္မာ ဆပ်ပြာကြော်ငြာကို နန်းဆုရတီစိုးနဲ့ ရိုက်နေတယ်။ ကိုနိုင် nvg ရဲ့ iq vision မျက်မှန်ဆိုင်ကို သက်မွန်မြင့်နဲ့ ရိုက်ထားတယ်။ mango ကိုလည်း ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်တို့နဲ့ ရိုက်ထားပါတယ်။
မေး။ ။ ဂီတဖျော်ဖြေပွဲ လုပ်တာနဲ့တင်ပဲလား။ မျိုးဆက်သစ်တွေကို မြေတောင်မြှောက်ပေးဖို့ အစီအစဉ်မရှိဘူးလား။
ဖြေ။ ။ကိုစိုးသူက အနုပညာ လုပ်ငန်းမှာ ပါဝင်ထမ်းဆောင်ခဲ့သူ တဦးပါ။ ဒီမှာ ဂီတလောကကောင်းဖို့မှာ တဦးချင်းတယောက်ချင်းက ကောင်းအောင် စေတနာအပြည့်နဲ့ ဆောင်ရွက်ရမှာဖြစ်သလို အများကလည်း ပေါင်းလုပ်ရင် ကောင်းမှာတွေလည်း ရှိပါတယ်။ ကိုယ်လုပ်နိုင်သလောက်လုပ်သွားဖို့ စဉ်းစားထားပါတယ်။ဘယ်ဘက်ကဖြစ်ဖြစ် လုပ်နိုင်သလောက် လုပ်ပေးဖို့ ဘယ်တော့မှ နောက်မတွန့်ပဲ လုပ်ဆောင်ပေးသွားမှာပါ။ ဒီဟာက ခမ်းနားကြီးကျယ်တော့ အားလုံး ဝိုင်းလုပ်တာကောင်းမယ် ထင်ပါတယ်။ကိုယ့်ဘက်က ကျရာတာဝန် ထမ်းဆောင်သွားဖို့ အစဉ်သင့်ပါဘဲ။
အရင်ကလည်း ဝါသနာတူ သူငယ်ချင်းတွေ ပေါင်းပြီး မော်ဒယ်လ်အေဂျင်စီ ထောင်ခဲ့ဖူးပါတယ်။ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးပေးခဲ့တာတွေလည်း ရှိပါတယ်။တချို့ ထွက်လာတာတွေ ရှိသလို ထွက်မလာတာတွေလည်း ရှိပါတယ်။ ဒီကနေတချို့တွေဆို တော်တော်နာမည်ရတဲ့ စီနီယာတန်းတွေ ရောက်နေတာတွေ ရှိပါတယ်။အဲလို ပံ့ပိုးပေးတာတွေ ရှိပါတယ်။ ။