နှောင်ကြိုးတွေ မချည်ပါနဲ့

သစ္စာနီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စနေနေ့ ၉-၃-၁၃ နေ့က သူရဦးအေးမြင့် ဥက္ကဌအဖြစ်ဆောင်ရွက်သော လွှတ်တော်ရေးရာကော်မတီမှ အစည်းအဝေးဖိတ်သည်။ ရှစ်မိုင် ရန်ကုန်စီးတီးဟော်တယ်မှာ ၉ နာရီဟု ဆိုသည်။ လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ဥပဒေမူကြမ်းကို ဆွေးနွေးဖို့ဖြစ်သည်။ ကျနော်တို့ ကဗျာဆရာများသမဂ္ဂ မတက်ရောက်ဖြစ်။ ကိုထွန်းဝင်းငြိမ်း(စာရေးဆရာသမဂ္ဂ) ဖုန်းဆက်တော့ ကျနော်တို့သဘောထားက အရင်အတိုင်းပဲဟုသာ ပြောလိုက်သည်။  (အစည်းအဝေးသွားမတက်ခြင်းမှာ ကျနော်တို့ ကမ္ဘာ့ကဗျာနေ့ကျင်းပရန် အစည်းအဝေးနှင့် လူထုပဲ့တင်သံ သံချပ်ဒိုင်အဖွဲ့၏ အစည်းအဝေးများ ရှိနေခြင်းကြောင့်ဖြစ်သည်။)

မနှစ်ကလည်း ထိုနေရာမှာပင် (ဝန်ကြီးဦးကျော်ဆန်း လက်ထက်) ထိုလွှတ်တော်ရေးရာကော်မတီက ဖိတ်ခေါ်ကာ ဆွေးနွေးဖူးသည်။ သူရဦးအေးမြင့်တို့ သဘောထားက ကောင်းမွန်သည်။ ပုံနှိပ်ဥပဒေနှင့် ပတ်သက်၍ တကယ်ရေးသားနေသူများထံမှ အကြံဉာဏ်တွေ လိုချင်သည်။ ဒီအချက်တွေကို အခြေခံကာ စာရေးသူတွေ မနစ်နာအောင် လွှတ်တော်သို့ ဥပဒေတင်သွင်းပါက သူတို့ဆွေးနွေးမည်ဟု ဆိုသည်။ ခက်တာက ထိုဥပဒေထဲတွင် ဘာတွေပါသလဲ။ ကျနော်တို့မသိ။ သူတို့(ဦးအေးမြင့်တို့အဖွဲ့) လည်း မသိ။ လွှတ်တော်ကို တင်သွင်းမှ သိရမည်။ ပြန်ကြားရေးဝန်ကြီးနှင့် သူ့လူတွေ ကျိတ်ဆွဲထားသော ဥပဒေသာဖြစ်သည်။ ကျနော်က ထကာ ပြောင်ပင်ပြောသည်။ ထိုဥပဒေနှင့်ပတ်သက်၍ ဥပမာပေးရလျှင် မအေက နောက်အိမ်ထောင်ပြုတော့မယ့် ပထွေးကို ဖြူသလား၊ မည်းသလား မသိတဲ့သူတွေနှင့် တူနေသည်ဟု။ ကိုဖေမြင့်က ထိုဥပဒေမူကြမ်း မာတိကာကို လာပြ၏။ ဦးရဲထွဋ် (ယခု ဒု ဝန်ကြီး)ဆီက ယူထားတာဟု ပြောသည်။ ဒါကြောင့် ကျနော်က ထ ပြောတဲ့အခါ….

“အရင်ကတော့ ပုံနှိပ်ဥပဒေဆိုတာ ဘယ်လိုဟာမှန်းမသိဘူး။ အခုတော့ ကိုဖေမြင့်ပြလို့ သိရပါပြီ။ ဘယ်လောက်သိသလဲ ဆိုရင်တော့ မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်စမ်းသလောက် သိပါပြီ” ဟုပြောခဲ့သည်။ ဟုတ်သည်။ ပွင့်လင်းမြင်သာမှုမရှိတော့ ဆင်ဆိုသည်ကား အုတ်နံရံကြီးပါတကားဟု ဆိုသည်ကိုလည်း အဆိုးမဆိုသာ။

ယခုလည်း ပြန်ကြားရေးဝန်ကြီး ပူပူနွေးနွေး ဦးအောင်ကြည်က ဖေဖေါ်ဝါရီ၂၇ ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ခဲ့သည်။ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဆိုင်ရာ ဥပဒေဟောင်းကိုပင် ထုံးသုတ်ကာ ပြန်လည်ပွဲထုတ်ခြင်းဖြစ်သဖြင့် စာနယ်ဇင်းလောကက ဝိုင်းဝန်းကန့်ကွက်ကြသည်။ သို့သော် ဝန်ကြီးက လုံး၀ ဂရုမပြုဘဲ ထိုဥပဒေကြမ်းကိုပင် လွှတ်တော်သို့တင်သွင်းခဲ့သည်။ “အရင်ဟာထက် နောက်ဟာဆိုး၊ ထိုးသာချလိုက် ဒကာမရေ” ဆိုသော ပုံပြင်ထဲကလို နိုင်ငံတော်သမ္မတက ပြင်ဆင် ဖွဲ့စည်းပေးထားသည်ဆိုသော “ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်ခြင်းနှင့် ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့” ပါဝင်သူများစာရင်းကလည်း ထွက်ပေါ်လာသည်။ ဝန်ကြီး ၂ ဦးနဲ့ ဒုဝန်ကြီး ၃ ဦး တောင်ပါတယ်ဆိုတော့ ပေါ့သေးသေးအဖွဲ့မဟုတ်။ ထို့အပြင် ပေါ့ကြီးကြီးဟု ထပ်ပြောရအောင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အဆင့်မြင့်အရာရှိများ၊ ရဲချုပ် ဆိုတာတွေပါဝင်နေတာတွေ့ရတော့ အားလုံးမျက်လုံးပြူးကုန်သည်။ ပြည်ထဲရေးဝန်ကြီးလည်း ပါသည်။ ပြည်ထဲရေးဝန်ကြီးဆိုတာ ဘာလုပ်ရသလဲ အားလုံးသိသည်။ သူတို့က စောင့်ကြည့်ကြပ်မတ်မည်ဟု ဆိုသည်။ ကောင်းရော။ အရပ်သား စာပေနဲ့ ပတ်သက်သူတွေလဲ တယောက်မှမပါ။ ဒီလူတွေက ဘာလုပ်မှာလဲ။

စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of the press) ဆိုတာ ဘယ်ရောက်သွားပြီလဲ။ ၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ စာပေသမားတွေမှာ အနှစ် ၅၀ လုံးလုံး ချည်တိုင်က နွားဘ၀ ရောက်ခဲ့ကြသည်။ အခု စာပေလွတ်လပ်ခွင့်တဲ့။ ကျနော့်အမြင်တော့ ချည်တိုင်ကမပြောင်း။ ကြိုးပြောင်းချည်ခြင်းသာဖြစ်သည်။ ယခင်ကြိုးက တိုတို။ ယခုကြိုးကတော့ နည်းနည်း ပိုရှည်လာသယောင် ထင်ရသည်။ ကြိုးရှည်ရှည်နှင့်လှန်သည်ဆိုတာ ဒါမျိုးလားမသိ။ မနှစ်က သူရဦးအေးမြင့်တို့အဖွဲ့နှင့် တွေ့စဉ်ကပင် ကျနော့်သဘောထားကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီးပြီ။ (ဆွေးနွေးချက်တွေကို စာနဲ့လည်း ရေးပေးခဲ့သည်) ကျနော်တို့လိုချင်တာက လုံး၀ လွတ်လပ်ခွင့်။ ဘာအချုပ်အနှောင် အတားအဆီးမှမလိုချင်။ ဥပဒေဆိုတာ ကန့်သတ်ချုပ်ချယ်ဖို့ အာဏာပိုင်တွေက ဖန်တီးထားတဲ့အရာပဲ။ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေက နည်းနည်းပါ။ အဲဒီလွတ်လပ်မှုကို ကျနော်တို့ စာပေသမားတွေက တာဝန်သိစိတ်နဲ့ ထိန်းသိမ်းရင် လုံလောက်ပြီဟုထင်သည်။ ဒီလို အသိစိတ်ကင်းမဲ့သူမျိုး စာပေလောကမှာ ရှားသည်။ “ဂေါ်ရင်ဂျီကုလားကို ကစော်တိုက် ဆဲခိုင်းရင် ရတာမျိုးကို ကျနော်တို့ကဗျာဆရာတွေ ဘယ်တော့မှမရေး” ဟု ကျနော် ထိုပွဲတွင ်ပြောခဲ့သည်။ (ရေးချင်သော စုန်းပြူး တယောက်နှစ်ယောက်ရှိနေတာက ကျနော်တို့ အလုပ်မဟုတ်ပါ။)

၁၉၆၂ ဟိုဖက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်ကရော ဘာဥပဒေရှိလို့လဲ။ ကျနော်တို့မြန်မာနိုင်ငံသည် အာရှတွင် စာပေလွတ်လပ်ခွင့်အရှိဆုံးနိုင်ငံဟု သတင်းမွှေးခဲ့သည်။ တည်ဆဲဥပဒေနှင့် ငြိစွန်းပါက သက်ဆိုင်ရာအဖွဲ့အစည်းက အရေးယူလိမ့်မည်။ အရေးယူသော သာဓကတွေလည်းရှိသည်။ ကျန်တာကတော့ (ကိုယ့်စာ ကိုယ်တာဝန်ယူနိုင်သည် ဆိုသော်) ကိုယ့်ဖာသာလွတ်လွတ်လပ်လပ် ရေးချင်တာရေး။ သူတို့ပင် ပြဌာန်းအတည်ပြုထားသော ၂၀၀၈ ပြည်ထောင်စုမြန်မာနိုင်ငံတော် အခြေခံဥပဒေအရပင် အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အပိုဒ် (၃၅၄) (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု အတိအလင်းဆိုထား၏။

အပိုဒ် (၃၅၃) အရလည်း မည်သူ့ကိုမှ တည်ဆဲဥပဒေနှင့် အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရဟုလည်း အခိုင်အမာ ပြော၍ထားသည်။

အပိုဒ် (၃၆၆) တွင်လည်း (ဂ) သိပ္ပံပညာ စူးစမ်းရှာဖွေမှု၊ စာပေနှင့်အနုပညာ ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆ ဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စရပ်များတွင် လွတ်လပ်စွာ သုတေသနပြုဖော်ထုတ်ဆောင်ရွက်ခွင့် ရှိသည်ဟု အတိအလင်း ဆိုထားပါသည်။

အပိုဒ် (၃၉၀) တွင်မူ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်။ (က) အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဟူ၏။ စာပေသည် ကြီးစွာသော ယဉ်ကျေးမှုဖြစ်သည်ကို လူတိုင်းအသိ။ ဒါဆို ကျနော်တို့က နိုင်ငံတော်ကို ကူညီနေသူတွေဖြစ်သည်။

နိုင်ငံတော်ကရော ………

သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading