မတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် အများစိတ်လှုပ်ရှားခဲ့ရသော လက်ပံတောင်း ကြေးနီစီမံကိန်းတဝှိုက် ကျေးရွာများသို့ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ သွားရောက်၍ မတ်လ ၁၂ ရက်တွင် လူထုထံ ထုတ်ပြန်ခဲ့သော အပြီးသတ်အစီရင်ခံစာအား ရှင်းလင်းတင်ပြရာတွင် ဆန္ဒပြကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရခြင်းမှာ မြန်မာ့နိုင်ငံရေး အကူးအပြောင်းတွင် စိန်ခေါ်မှု ကြီးမားစွာရှိနေကြောင်း ထပ်မံ သက်သေပြခြင်းပင်။
တိကျ ရှည်လျားပြီး ပညာရှင်ဆန်လွန်းလှသည့် အစီရင်ခံစာတွင် စီမံကိန်းသည် ပွင့်လင်းမြင်သာမှု ကင်းမဲ့ကြောင်း ပြောဆိုပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ဦးပိုင် ကုမ္ပဏီများက လုပ်ဆောင်ရမည့် နိုင်ငံတကာ စံချိန်စံညွှန်းမီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ၊ ဒေသခံတို့၏ လူမှုဘ၀ ကောင်းကျိုးအတွက် ရေရှည်အစီအမံများ ထည့်သွင်းရန် အကြံပြု သုံးသပ်ထားသည်ကို သက်ဆိုင်ရာတို့က သဘောတူပြီး လက်ခံဆောင်ရွက်မည်ဟု ဆိုသော်လည်း ယင်းသို့ ကတိပြုဆောင်ရွက်မှုများ မည်သို့အကောင်အထည်ဖော်ပြီး မည်မျှရေရှည်ခံအောင် လုပ်ဆောင်မည်ကိုမူ မရှင်းလင်းလှပေ။
သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးသော စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်မည့် ကော်မတီအဖွဲ့မှာလည်း အုပ်ချုပ်ရေးဝန်ထမ်းများနှင့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်များသာ ပါဝင်ပြီး လွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ မပါဝင်သောကြောင့် မည်မျှ ပွင့်လင်းမြင်သာမှု ရှိပြီး မည်သို့ထိရောက်စွာ အကောင်အထည်ဖော်မည်ကိုလည်း မရေရာလှသေးပေ။
ထို့အတွက်ကြောင့်လည်း ဘိုးဘွားဘီဘင် လက်ထက်မှ စ၍ ဓားမဦးချ လုပ်ကိုင်ကြီးပြင်းလာရသော လယ်ယာများနှင့် သဘာဝတောတောင်ရေမြေများကို စွန့်လွှတ်လိုက်ရသည့် ရိုးသားသော တောင်သူလယ်သမားများအဖို့ ပညာရှင်ဆန်ဆန် သုံးသပ်တွေးမြင်မည်မဟုတ်ဘဲ ကိုယ်ပိုင်ဘဝ အတွေ့အကြုံများနှင့် ယှဉ်သော အသိ ခံစားချက်များဖြင့်သာ ချဉ်းကပ်ကြသည်ကို မြင်တွေ့ရသည်မှာ မဆန်းပေ။ နှစ်ပေါင်းများစွာကြာ သူတို့အတွက် အုပ်ချုပ်သူများ၏ ကတိကဝတ်ဆိုသည်မှာ အခြေခံလူထုဘဝအတွက် မည်သည့်အခါမျှ အကောင်အထည် မဖော်ခဲ့သော မကြာခဏ ပြောင်းလဲနေသည့် စကားလုံးများပင်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဦးဆောင်ကြိုးပမ်းနေသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုသို့ ခံစားချက်အမြင်များကို ခြေဖျက်မည်ဆိုလျှင် ပြည်သူအများက ထောက်ခံယုံကြည်အပ်သော နိုင်ငံရေး ခေါင်းဆောင်တဦးက ပုဂ္ဂလိကဆိုင်ရာ ကြားဝင် အာမခံ ကတိကဝတ်ပေးခြင်းထက် တောင်သူလယ်သမားများအကြား ယုံကြည်မှုဖြစ်ပေါ်လာစေရန် လက်တွေ့အကောင်အထည်ဖော် အုတ်မြစ်ချပေးခြင်းက ပိုမိုထိရောက်ပါသည်။ သောက်ရေ အမြန်ဆုံး ရရှိရေး၊ သိမ်းခံရသော လယ်မြေများ ပေါက်ဈေးအတိုင်း ပြန်ရရေး၊ ဆာလဖြူရစ် အက်စစ် ဘေးထွက်ဆိုးကျိုး ထိန်းချုပ်ရေးတို့အား ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးနိုင်ဖွယ် ရှိသည်ကို သံသယရှိစရာ မလိုပေ။ ထို့ကြောင့်လည်း ကျေးရွာ အတော်များများက ဒေါ်အောင်ဆန်းစုကြည် အာမခံသည် ဆိုသည်နှင့် ပြန်လှန်မေးခွန်း မထုတ်တော့ဘဲ လက်ခံခဲ့ကြခြင်းဖြစ်သည်။
သို့ရာတွင် ဆုံးရှုံးခဲ့မှုများအတွက် တရားနည်းလမ်း မျှတစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုခဲ့သော်လည်း ဦးဆောင်ပါဝင်ခဲ့ကြသော သံဃာများကိုလျင်ပင် လုံခြုံရေး ရဲတပ်ဖွဲ့များက လက်လွန်ခြေလွန် နှိမ်နင်းခဲ့သည့်အပေါ် ရဲတပ်ဖွဲ့များ နိုင်ငံတကာအဆင့်မီစေရန် ပြုပြင်သင့်သည်ဟူမျှနှင့် စိတ်ဒဏ်ရာဒဏ်ချက်များ ကုသပျောက်ကင်းမည်ဟု မမျှော်လင့်အပ်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြေးနီတောင်စီမံကိန်း မည်သို့ကြောင့် ဆက်လက်လုပ်ဆောင်သင့်ကြောင်း သုံးသပ်အကြံပေးနိုင်လျှင် မည်သည့်အတွက် နယ်မြေခံလူထု၏ စိတ်ဒဏ်ရာကို နှစ်သိမ့်နိုင်စေပြီး အစိုးရအပေါ် ယုံကြည်လာနိုင်စေမည့် ခြေလှမ်းဖြစ်သော အကြမ်းဖက်နှိမ်နင်းမှုအပေါ် မည်သူ တာဝန်ခံသင့်သနည်းဟူသည့် အကြံပြုသုံးသပ်ချက်ကို လစ်ဟင်းခဲ့ရသနည်း။
တာဝန်မဲ့ အကြမ်းဖက်မှုကို တရားနည်းလမ်းတကျ မဖြေရှင်းနိုင်ပါက လက်ပံတောင်းအရေး ရှေ့ဆက်တိုးရန် ခက်ပေမည်။ ပြန်လည်ရင်ကြားစေ့ရေးသည် ပုဂ္ဂိုလ်ရေးပေါ် အခြေခံ မဖြစ်သင့်ပါ။ အများလက်ခံပါဝင်နိုင်မည့် အခြေခံစည်းမျဉ်းသတ်မှတ်မှု မူဘောင်အပေါ်အခြေခံသော လူသားဆန်သည့် ဒီမိုကရေစီလုပ်ငန်းစဉ်သာ ဖြစ်သင့်သည်။ အဖြစ်မှန်ကို ရင်ဆိုင်ပြီး အမှားကို မည်သို့ပြင်ဆင်၍ အကျိုးအမြတ် မည်သူ မည်မျှဖြစ်မည်ကို သက်ဆိုင်သူအားလုံးက ရှင်းလင်းစွာ သိမြင်မှလည်း ထိုလုပ်ငန်းစဉ်အပေါ် ယုံကြည်သက်ဝင်လာမည်ဖြစ်ပြီး ပူးပေါင်း ပါဝင် ဆောင်ရွက်လိုစိတ်လည်း အားကောင်းလာမည် ဖြစ်သည်။
သို့သော် လတ်တလော အခြေအနေကား စိုးရိမ်ရဆဲဖြစ်သည်။ အကြောင်းမူ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို သပိတ်စခန်းအား နောက်ထပ်ဖြိုခွဲရေး မီးစိမ်းပြခြင်းဟု အစိုးရ အာဏာပိုင်များ၊ ကုမ္ပဏီအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောက်ယူနိုင်သောကြောင့်ပင်။ ။