မတ်လ ၁၁ ရက်နေ့မှာ အများပြည်သူ စောင့်မျှော်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ လက်ပံတောင်း ဒေသခံ တွေရဲ့ ငိုကြွေးသံတွေ၊ မကျေမနပ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သလို ဝမ်းနည်းနေသူတွေရဲ့ မျက်ရည်တွေ အတွက် စာနာ ကရုဏာသက်မိတာ အမှန်ပါ။
အစီရင်ခံစာ ဖတ်ရှုပြီးတဲ့ နောက်မှာ မြေယာကို ၁ ဧကအတွက် လက်ဖက်ရည် တခွက်ဖိုးတောင် မရှိတဲ့ နှုန်းနဲ့ သိမ်းယူထား တာ တွေ့ရပါတယ်။ ဒေသခံတွေက မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကို ယုံပြီးပုံခဲ့တဲ့ ကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် ကာလပေါက်ဈေးအတိုင်း မြေလျော်ကြေး ပေးမယ်၊ သတ္တိရှိရှိနဲ့ အပြောင်းအလဲကို ရင်ဆိုင်ဖို့ ကြိုးစားပါလို့ ပြောလာတဲ့အခါ ဒေသခံတွေရဲ့ စိတ်မှာ ပိုထိခိုက် ကြေကွဲ သွားပါပြီ။
ဒီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ အကြံပြုတာဟာ နိုင်ငံရဲ့ အနာဂတ် ကောင်းမွန်ဖို့၊ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြားတဘက်က စဉ်းစားစရာတွေလည်း ရှိလာနေပါတယ်။
ဒေသခံတွေဟာ ကိုယ့်မြေ ကိုယ့်ယာပေါ်မှာ စိုက်ပျိုးပြီး လက်ပံတောင်းတောင်ကြီးကို အမှီသဟဲပြု ဘိုးစဉ်ဘောင်ဆက် များစွာကတည်းက နေထိုင်လာခဲ့တာပါ။ မချမ်းသာပေမယ့် ရသမျှနဲ့ ရောင့်ရဲတင်းတိမ်ပြီး “သခင်စိတ်ဓာတ်”နဲ့ နေထိုင်ခဲ့ကြ တာပါ။ အခုကျတော့ ကိုယ်တသက်လုံး လုပ်ကိုင်စားသောက်လာကြတဲ့ မြေကို မတရား သိမ်းယူခံခဲ့ရတယ်။ ကာလပေါက် ဈေးနဲ့ မြေလျော်ကြေး ပေးတယ်ပဲ ထားပါဦး၊ အဲဒီငွေကြေးဟာ ဘ၀ တသက်လုံးအတွက် လုံလောက်မယ့် ငွေကြေး မဟုတ်ပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ် ဆိုတဲ့နေရာမှာ ဘိုးဘေးဘီဘင် ကိုယ့်အရပ် ကိုယ့်မြေကိုယ့်ရေ “သခင်မျိုးဟေ့” စိတ်နဲ့ လွတ်လွတ်လပ်လပ် နေထိုင်ကြီးပြင်းခဲ့ရာကနေ ဝမ်ပေါင်နဲ့ ဦးပိုင်အောက်မှာ အခိုင်းစေခံ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
နောက်တချက်က မြန်မာအမျိုးသမီးလေးတွေရဲ့ “လုံခြုံမှု” ပါ။ လုပ်ငန်းခွင်မှာ မြန်မာအမျိုးသမီးလေးတွေကို ကာယိန္ဒြေ ပျက်ပြားစေမယ့် အပြုအမူတွေ ရှိနိုင် မရှိ အာမခံချက် ရှိ မရှိ အမျိုးသမီး တယောက်အနေနဲ့ ကျမ စိုးရိမ်ပိုပါတယ်။ လက်ရှိ အခြေအနေမှာတောင် ကျမတို့ မြန်မာနိုင်ငံသူ အမျိုးသမီးငယ်တွေထဲက တချို့ တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရပြီး ဇနီးမယား အဖြစ် ရောင်းစားခံနေရတာ အားလုံးအသိပါ။ လူမှုရေးအရ သက်ရောက်မှု ရှိလာနိုင်မယ့် အကျိုးဆက်ကို ကျမတို့ မေ့ထားလို့ မရပါဘူး။
တရုတ်နိုင်ငံမှာ မြို့တော်ပေကျင်းကအစ လေထုညစ်ညမ်းမှုတွေ နှစ်စဉ် ပိုပိုဆိုးနေတာဟာ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းမှုအပိုင်း အားနည်းတာကို ညွှန်ပြနေတာကြောင့် ကျမ စိုးရိမ်မှုတွေ ဖြစ်ပါတယ်။ အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်ရာမှာ (အစီရင်ခံစာမှာ ဘယ်လိုပဲ အကြံပြုထားပါစေ) နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေအတိုင်း တကယ် လိုက်နာ မလိုက်နာ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။
ကျမ ငယ်ငယ်က ဖတ်ရှုခဲ့ဖူးတဲ့ ကေသီလှိုင် (မောင်လင်းယုန်၊ ရှမ်းပြည် ၏ ကလောင်ခွဲ) ရဲ့ “သံသယ” ဆိုတဲ့ ကဗျာ တပိုင်းတစကို သွားသတိရမိပါတယ်။ “ကြည်ကြည်လင်လင် ရေကိုမြင်လျက်၊ ရေတွင်ဆိပ်ခိုး ပါလေနိုးဖြင့်၊ စိုးရွံ့ မသောက်သာပြီ တကား” တဲ့။ မသန့်ရှင်းတဲ့ လေကို ရှူရှိုက် မသန့်ရှင်းတဲ့ ရေကို သောက်သုံးနေရတဲ့ ဒေသခံတွေရဲ့ ဘဝကို ကိုယ်ချင်းစာနာတတ်မယ် ဆိုရင် ကိုယ်ချင်းစာနာတတ်ကြည့်ဖို့ ကောင်းပါတယ်။
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ပါတဲ့ ကွင်းဆင်းလေ့လာထားတဲ့ လက်ပံတောင်းတောင် ကွင်းဆင်းလေ့လာတဲ့ လက်ပံတောင်းတောင် အစီရင်ခံစာအတွက် ဖွဲ့စည်းထားတဲ့ ကော်မရှင်မှာ စိတ်ပညာရှင်တွေ မပါတာ သတိပြုမိပါတယ်။ ဒေသခံတွေရဲ့ ရင်ထဲမှာ တောင်ကြီး ပျောက်ကွယ်သွားမှာ စိုးရွံ့တဲ့ စိတ်၊ အနိုင်ကျင့်ခံနေရတယ်လို့ ခံစားနေရတဲ့ စိတ်၊ ကိုယ့်ဇာတိကို ခင်တွယ်တဲ့ စိတ်တွေ ရှိနေတာကို ကော်မရှင်က မေ့များထားခဲ့သလားလို့ တွေးမိပါတယ်။ တကယ်လို့ ကော်မရှင်မှာ စိတ်ပညာရှင်တွေသာ ပါဝင်ခဲ့မယ် ဆိုရင် ရှုမြင်ချက်က တမျိုးတဖုံ ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။
ဆန္ဒပြနေကြတဲ့ ဒေသခံတွေဟာ လျော်ကြေး ထပ်လိုချင်လို့၊ ငွေမက်လို့ ဆန္ဒပြနေကြတာ မဟုတ်ဘူးဆိုတာ သက်ဆိုင်သူ တွေ နားလည်စာနာစေချင်ပါတယ်။ “မကျေနပ်လို့ ဆန္ဒပြချင်ရင် ခွင့်ပြုချက်ယူပြီး ဆန္ဒပြပါ”လို့ ပြောဆိုခဲ့တာဟာ ဒေသခံတွေရဲ့ ဝမ်းနည်းစိတ်ထိခိုက်မှုကို ဂရုမစိုက်သလိုများ၊ အလေးမထားရာများ ရောက်နေမလားလို့ တွေးမိပါတယ်။ သူတို့ တတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို၊ သောကတွေကို သူတို့လောက် ဘယ်သူများ သိနိုင်မှာတဲ့လဲ။
နဂိုကတည်းက ပွင့်လင်းမြင်သာမှု မရှိတဲ့ ဒီစီမံကိန်းရဲ့ အကျိုးဆက်ကို အခု မျိုးဆက်သာမက နောက် မျိုးဆက်တွေပါ ခံစားရမှာပါ။ နိုင်ငံရဲ့ အနာဂတ်အတွက်၊ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆိုရင် ကျမ မေးပါရစေ။
“ကြေးနီ စီမံကိန်းကြီး ပြီးသွားရင် လက်ပံတောင်း ဒေသခံတွေ ဘာလုပ်ကိုင်စားသောက် ရမှာလဲ” “ကြေးနီတူးဖော် တာကြောင့် ပျက်ယွင်း ပျောက်ကွယ်သွားတဲ့ သဘာ၀၀န်းကျင်မျိုး ပြန်ရနိုင်မှာလား” “ကြေးနီဟာ လူမှုအသုံးအဆောင် ထုတ်လုပ်ရေး အတွက်လား၊ လက်နက်ထုတ်လုပ်ရေး အတွက်လား” “ကြေးနီ စီမံကိန်းကြောင့် ကျောင်းနေအရွယ် ကလေးသူငယ်တွေ အားလုံး ကျောင်းတက်နိုင်မှာလား” “ကျန်းမာသန်စွမ်းတဲ့ အနာဂတ် မျိုးဆက်တွေ ဖြစ်လာမှာလား” “တကယ်လို့ မန္တလေးတောင်ကြီးမှာ ပတ္တမြားတွေ ထွက်နေတယ် ဆိုရင် မန္တလေးတောင်ကြီးကို ဖြိုကြမှာလား” “စစ်ကိုင်း တောင်မှာ စိန်တွေ ထွက်တယ် ဆိုရင် စစ်ကိုင်းတောင်ကို တူးဖော်ဖြိုပစ်ကြမှာလား”
ကျမတို့ ငယ်စဉ်က သင်ကြားရတဲ့ ပထဝီသင်ခန်းစာထဲက “စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင်” ဆိုတာတွေကို နောင်အနာဂတ်မှာ ပျောက်သွားပါတော့မယ်။ ချင်းတွင်းမြစ် ပျက်စီးသွားခဲ့ရင် ဆက်နွယ်ပြီး ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတွေကို ဒေသခံပြည်သူတွေပဲ ခံစားရမှာပါ။ လယ်ယာမြေတွေ အစားပြန်ပေးခဲ့မယ် ဆိုရင်တောင်မှ အဲဒီ လယ်ယာမြေတွေပေါ်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိမှ စိုက်ပျိုးနိုင်လို့ ရမှာပါ။ ဒေသခံ ရွာသူ ရွာသားတွေ အနေနဲ့ မိုင်းခွဲသံ ကြားရတိုင်း နှလုံးသားကို အပ်နဲ့ဆွသလို ခံစားရမှာ အမှန်ပါ။
အခုလို အချိန်မှာ ခံစားမှုတွေ မြင့်တက်နေတဲ့ ရွာသားတွေအပေါ် “ဘာလို့ ဆန္ဒပြတာလဲ။ ဘယ်သူ့ အတွက် ဆန္ဒပြတာလဲ” လို့ အပြစ်တင်နေမယ့်အစား စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ ဒေသခံတွေ ပြောပြတာကို စိတ်ရှည်လက်ရှည် နားထောင်ပြီးမှ နောက်လုပ်ကိုင်မယ့် အစီအစဉ်တွေကို ပြောပြ ရှင်းပြရမှာပါ။ ဖြစ်နိုင်ရင် နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်မယ့် ပညာရှင်တွေနဲ့ ဒေသခံတွေကို တွေ့ဆုံပေးသင့် ပါတယ်။
ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားမယ် ဆိုရင်၊ သူတို့တတွေရဲ့ မျက်ရည်တွေကို မျက်ကွယ်ပြုထားမယ် ဆိုရင်၊ သူတို့ရဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ ပိုများလာမှာ အသေအချာပါပဲ။ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ၊ စိတ်မချမ်းမြေ့မှုတွေ အတွက် ကိုယ့်လိပ်ပြာကိုယ် လုံနိုင်ကြပါ့မလား။ ကြေးနီတွေ ထွက်နေတာကိုက ဒေသခံတွေရဲ့ ကံဆိုးမှုပေပဲလားလို့ ကျမ စိတ်မသက်မသာ တွေးမိပါတယ်။ “သယံဇာတ ကျိန်စာ” ကြောင့် လက်ပံတောင်းတောင်ကြီး ပျောက်ကွယ်သွားရတော့မှာ ဖြစ်သလို ခံပြင်းနာကျည်းမှုတွေ၊ နာကျင်မှု၊ ကြေကွဲမှုတွေနဲ့ ဒေသခံတွေရဲ့ ဖြူစင်တဲ့ နှလုံးသားမှာ အရောင်တွေ စွန်းထင်း ခံနေရရှာပါပြီ။
သဘာဝတောတောင်နဲ့ လွတ်လပ်မှုတွေ ပျောက်ကွယ်သွားရမှာကို ကြိတ်မနိုင်ခဲမရ ဖြစ်နေရတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေ အတွက် “စိတ်လျော်ကြေး” ကိုတော့ ဘယ်သူ့ဆီမှာ၊ ဘယ်ရုံးတော်မှာ တောင်းယူရမလဲ။ ဘယ်လိုများ ပေးချေကြမလဲလို့ တွေးတောနေမိပါတော့တယ်။
သွေး (စစ်ကိုင်း)သည် ကဗျာ၊ ဝတ္ထုတို၊ ပန်းချီ ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက်ရှိသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦးဖြစ်သည်။