“အနာဂတ်တွေကို မဖျက်ဆီးကြပါနဲ့”

ခင်ဦးသာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းခံခဲ့ရပြီး တပ်မတော်တွင်း ၄ နှစ်ဝန်းကျင် တာဝန်ထမ်းဆောင် ခဲ့ပြီး နောက် ထွက်ပြေးလွတ် မြောက်ကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည် စခန်း၌ ကျောင်း ဆရာ လုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် ကိုရဲလင်း ခေါ် ကိုမင်းမင်းထွန်း ကို ဧရာဝတီ သတင်းထောက် ခင်ဦးသာက တွေ့ဆုံ မေးမြန်းထားပါတယ်။ ကိုမင်းမင်းထွန်း ဇာတိက ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ ဖြစ်ပြီး ဗမာလူမျိုး ဖြစ်ပါတယ်။

မေး။     ။ ကလေးစစ်သား ဘယ်အရွယ်မှာ ဖြစ်ခဲ့တယ်၊ ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ။     ။ ကလေးစစ်သားဖြစ်တုန်းက ၁၃ နှစ်ပဲရှိသေးတယ်၊ စစ်သားဖြစ်ရတဲ့ တစ် အချက်က ကျနော်က ဗီဒီယို ကြည့်တာ တအား ဝါသနာပါတယ်၊ မိသားစု စီးပွားရေးလည်း အဆင်မပြေတော့ စိတ်လေပြီး ဗီဒီယို သွား ကြည့်ရင်း စစ်သားစုဆောင်းတဲ့ ရဲဘော် ၃ ယောက်နဲ့ ဆုံပြီး အဖမ်းခံရတယ်၊ ညက တအားမှောင်နေ တော့ မသင်ကာတဲ့ အမှုနဲ့ဖမ်းတာပေါ့။ ပြီးရင် ခြိမ်းခြောက်တာပေါ့၊ မှောင်ရိပ်ခိုမှုနဲ့ ထောင်ချမယ်၊ ထောင်ချ မခံချင်ရင် စစ်တပ်ထဲ ဝင်ရင် ထောင်မကျဘူးလို့ ပြောကြတယ်။

ကျနော်ကလည်း ငယ်သေးတော့ ကြောက်တာပေါ့၊ မိဘတွေကလည်း ဆုံးမဖူးတာရှိတယ် ထောင်ကျ တာ မကောင်းဘူးပေါ့၊ ရာဇဝင်ပါသွားမယ်ပေါ့၊ အဲဒီတော့ ထောင်ကျ မခံဘဲ စစ်သားပဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ အချိန်တုန်းက ကျနော်က ကျောင်းထွက်ပြီး အမေ့ကိုကူပေးနေတာပါ။

မေး။     ။ ငယ်ငယ်လေးနဲ့ကျောင်းထွက် အလုပ်လုပ်ပြီး အမေနဲ့မိသားစုကို ကူညီခဲ့တယ်ဆိုတော့ အမေကို ကူညီခဲ့တာတွေ ပြောပြ ပေး ပါ။

ဖြေ။     ။ ကျနော်တို့မှာက မိသားစု ငါးယောက်ရှိတယ်၊ ကျနော်က အငယ်ဆုံးပေါ့၊ ကျနော်တို့မှာက အိမ်ပိုင် မရှိတော့ အိမ်ငှားနေရ တယ်၊ တရက်လုပ်မှ တရက်စားပေါ့၊ အိမ်လခလည်းပေးရတော့ ငွေကအပိုမရှိဘူးပေါ့၊ အဲဒီတော့ အကုန် အလုပ်လုပ်ရတယ်၊ အဖေ က ဆိုက်ကားနင်းတယ်၊ တခါတလေ စီးပွားရေး အဆင်မပြေရင် ကန်စွန်းဥလည်း ပြုတ်စားရတဲ့အခါ ရှိတယ်၊ ဆန်ပြုတ်လည်း သောက်ရတဲ့အခါ ရှိတယ်ပေါ့။

အဆိုးဆုံးကတော့ ကျနော် ၉ နှစ်သားအရွယ် လေးတန်းတက်မယ့် အချိန်မှာ အဖေက ဆုံးသွားတယ်၊ ဒီဟာက ကျနော့်အတွက် ဆုံးရှှုံးမှုကြီး တခုလည်းဖြစ်တယ်၊ အမှတ်တရ သတိထားစရာတခုလည်း ရသွားတယ်။

မေး။     ။ အမှတ်တရ သတိထားစရာ တခု ရသွားတာက ဘယ်လိုကိစ္စမျိုးပါလဲ။

ဖြေ။     ။ ဘာကြောင့်လည်း ဆိုတော့ အဖေသေတာက ရိုးရိုးသေတာ မဟုတ်ဘူးလေ၊ သူ့ရဲ့အရင်း နှီးဆုံးသူ ငယ်ချင်းတွေက သတ်ပစ်လိုက်တဲ့အတွက်ပါ၊ အဲဒါကြောင့် လောကကြီးမှာ ဘယ်သူ့ကိုမှ မယုံရပါလားဆိုတဲ့ အသိတခုကို သတိထားစရာ အဖြစ် ကျနော်ရလိုက်တယ်။သူနဲ့အမြဲတမ်းပေါင်းသင်းနေတဲ့ သူငယ်ချင်း ၃ ယောက်က ပြန်သတ်လိုက်တယ်ဆိုတော့ လောကမှာ သူများယုံဖို့နေနေသာသာ ကိုယ့်ဒူးတောင် ကိုယ်မယုံ ရ ဘူးဆိုတာကိုလည်း သင်ခန်းစာရလိုက်တယ်။

နောက်အဖေသေတဲ့ အချိန်မှာ ကျနော့်အမေမှာ ကိုယ်ဝန်နေ့စေ့ လစေ့နဲ့ပေါ့၊ ကျနော့်အောက်က ကျနော့် ညီလေးမွေးဖို့ တပတ်ပဲ လိုတဲ့ အချိန်ပါ။ တပတ်နေပြီး ညီလေးကိုမွေးတယ်။ အမေက ဘာမှ မလုပ်တတ်တော့ မွေးပြီး တလကြာတာနဲ့ဈေးရောင်းတယ်။ ညနေ ၄ နာရီဆို ကျနော်က အမေ့ဆီသွားပြီး ဈေးတောင်း ကူ သယ် ပေးတယ်။ ဈေးသိမ်းပေးတယ်။

မေး။       ။ ကလေးစစ်သား အဖြစ် အဖမ်းခံရတဲ့ညမှာ ဘယ်နေရာ၊ ဘယ်စစ်တပ်ကို အပို့ခံလိုက်ရတာလဲ။

ဖြေ။     ။ ကျနော့်ကိုဖမ်းတဲ့ည ၁၂ နာရီလောက်မှာ ညတွင်းချင်းပဲ မီးရထားနဲ့ရန်ကုန်ကို ခေါ်သွားတယ်၊ ရန်ကုန် ရောက်တော့ ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်ကို ပို့တယ်၊ အဲဒီမှာ တချို့ဆို အကြာကြီးနေကြရတယ်၊ ကျနော်ကတော့ တပတ်ပဲနေခဲ့ရတယ်၊ ကံကောင်းတာက ကျနော်က စစ်သားအဖြစ် တာဝန်ပေးဖို့ ဆေးစစ် တော့ ဆေးမအောင်ဘူး၊ အဲဒါနဲ့ ကျနော်တို့ကို တာဝန်ယူပေးတဲ့ ဆရာကြီးက သူ့အသိဆေးခန်းက သူတွေ ပိုက်ဆံပေးပြီး ကျနော့်ကို ဆေးအောင်လက်မှတ်လုပ်ပေးလိုက်ပြီး စစ်သားအဖြစ် အသိအမှတ်ပြုလိုက်တယ်။ ကျနော်လိုမျိုး ကလေးစစ်သားတွေ အများကြီးရှိနေတာတွေ့ခဲ့ရတယ် စစ်တပ်တွေထဲမှာ။

မေး။     ။ စစ်သားဖြစ်ပြီးတော့ ဘယ်တပ်တွေမှာ တဝန်ထမ်းဆောင်ခဲ့ရလဲ၊ တာဝန်ထမ်းဆောင်စဉ်မှာ ကြုံတွေ့ ခဲ့ရတာ၊ လုပ်ခဲ့ရ တာတွေ၊ ဘယ်လိုနေထိုင် စားသောက်ခဲ့ရတယ်ဆိုတာတွေ နည်းနည်းရှင်းပြပေးပါ။

ဖြေ။     ။ စစ်သားဖြစ်ပြီး တပတ်ကြာတာနဲ့ ကျနော့်ကို ရှမ်းပြည်နယ်ဘက်ပို့ လိုက်တယ်။ စစ်သား သင်တန်း တက် ဖို့ပေါ့။ အစား အသောက်တွေကတော့ တအားဆိုးတယ်၊ ကိုယ်က စစ်သားဖြစ်နေပြီ ဆိုတော့ မထူး တော့ဘူး ဆိုပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားရတာပေါ့။ နောက် ကျနော့်ကိုယ် ကျနော်လည်း တိုင်းပြည် ကာကွယ်ဖို့ စစ်သား လုပ်တာပဲလို့ ခံယူလိုက်တယ်။

တိုင်းရင်းသား ပြည်နယ်တွေမှာ စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရတာကတော့ စစ်သားတွေ လာတာ မြင်တာနဲ့ ထွက်ပြေးကြတယ်၊ တအားကြောက်ကြတယ်။ မော်ချီး၊ ရှားတော ဘက်တွေ နယ်စပ်ဘက်တွေမှာ စစ်သား ဆိုရင် အရမ်းကြောက်ကြတယ်။ ကရင်နီနဲ့ ရှမ်းပြည် နယ်စပ်ဒေသတွေပေါ့။

ကျနော်တပ်ထဲရောက်တုန်းက သေနတ်တောင် ကောင်းကောင်းမနိုင်သေးဘူး၊ နောက် ကျနော်ရောက်တဲ့ တပ်ရင်းကလည်း တည်ထောင်ခါစ၊ ၁၃၅ တပ်ရင်းပေါ့။ တပ်ရင်းဆောက်ဖို့ ခြုံတွေရှင်းရ၊ အဆောင်တွေ ဆောက်ရတော့ အတွေ့အကြုံကလည်း မရှိတော့ ငှက်ဖျားမိသွားပြီး ဆေးရုံတင်လိုက်ရသေးတယ်။

မေး။     ။ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တပ်ထဲမှာ ဘယ်လိုတာဝန်ယူပေးလဲ။

ကလေးစစ်သား တဖြစ်လဲ ကျောင်းဆရာလေး ကိုရဲလင်း ခေါ် ကိုမင်းမင်းထွန်း (ဓာတ်ပုံ – ခင်ဦးသာ / ဧရာဝတီ)
ကလေးစစ်သား တဖြစ်လဲ ကျောင်းဆရာလေး ကိုရဲလင်း ခေါ် ကိုမင်းမင်းထွန်း (ဓာတ်ပုံ – ခင်ဦးသာ / ဧရာဝတီ)

ဖြေ။     ။ ငှက်ဖျား တနှစ်ကျော်လောက်အထိ မိတယ်၊ ကျန်းမာရေးမကောင်းပေမယ့် မနားရဘူး၊ ညနေ ကင်း စောင့်ရတယ်၊ မလုပ်နိုင်ရင် နှိပ်စက်ခံရတယ်။ နေမကောင်းတဲ့ အချိန်မှာ ကိုယ့်ကိုပြုစုမယ့်သူ မရှိတဲ့အပြင် ကောင်းကောင်းလည်း မနေရဘူး၊ အထက် အမိန့်အရဆိုပြီး ကျနော်နဲ့ကျနော့်သူငယ်ချင်း တယောက်ကို ပစ္စည်း တွေ သွားသယ်ဖို့ အမိန့်ပေးတယ်၊ အမိန့်အရဆိုတော့ မလုပ်လို့လည်း မရတော့ကျနော်တို့ အတော့်ကို စိတ်ဓာတ်ကျသွားတယ်။

စိတ်ဓာတ်ကျပြီး ကျနော်တို့ နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ဖို့အထိ ကြံစည်ခဲ့သေးတယ်၊ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ကျနော်စဉ်းစားတာပေါ့၊ ကျနော့်အမေကို နောက်ဆုံးတွေ့ချင်သေးတယ်၊ အမေကို ပြုစုလုပ် ကျွေးချင်သေးတယ်၊ သေလို့မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် ကျနော့်စိတ်က စစ်သားဖြစ်ချင်တဲ့ စိတ်က လုံး၀ မရှိ တော့ မနေချင်ဘူး၊ အဲဒါကြောင့် ၂၀၀၃ ခုနှစ်မှာ တခေါက်ထွက်ပြေးခဲ့သေးတယ်။ တပ်က ပြန်မိသွား တာပေါ့။

မေး။     ။ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ဖို့ ကြံစည် ကြတယ်ဆိုတော့ တပ်ထဲမှာ အဲဒီလိုမျိုး သတ်သေသွားတဲ့လူ ရှိလား။

ဖြေ။     ။ ကျနော်တို့အရွယ်တွေ၊ ၁၃၊ ၁၄၊ ၁၅ နှစ် ကလေးစစ်သား ၃ ယောက်လောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားတာရှိတယ်။ တချို့ကတော့ ပါးစပ်ထဲကို သေနတ်ပစ်ဖောက်ပြီး သေကြောင်း ကြံသွားကြတယ်။ တယောက် ဆိုရင် ဆရာကြီးနဲ့ စကားများတယ်၊ စကားများတာကို ဘယ်ဘက်ကပဲ ကြည့်ကြည့် ဆရာကြီးဘက်ကပဲ မှန်တယ်ပေါ့၊ နောက်ဆုံး စိတ်ညစ်တော့ သေနတ်ကိုပါးစပ်နဲ့ငုံ ပစ်သတ်ပြီး သေကြောင်းကြံသွား တယ်။ နောက်တယောက်ကတော့ ဗိုက်မှာသေနတ်ချိန်ပြီး ပစ်သေတယ်။ အသက် ၁၈ နှစ် အောက်တွေပါ။

မေး။     ။ ဘယ်အချိန်မှာ စစ်တပ်က ထွက်ပြေးလွတ်မြောက်ပြီးတော့၊ ဒီကရင်နီ ဒုက္ခသည် စခန်းရောက်လာတာလဲ။

ဖြေ။     ။ စစ်တပ်က ပထမ တခေါက်ထွက်ပြေးတယ်၊ ပြန်မိသွားတယ်၊ နောက်တခေါက်ထပ်ပြေးတယ်၊ မော်ချီး မှာပေါ့၊ ပြန်မိသွားတယ်၊ မိတော့ လက်နှစ်ဘက် ကြိုးတုပ်ထားပြီးတော့ ရင်ဘတ်တွေကို ထိုးတယ်၊ ကန် တယ်၊ ကျောက်တယ်၊ ပြီးရင် အချုပ်ခန်းထဲမှာထည့်ထားပြီး အဝတ်အစားလုံး၀ ပေးမဝတ်ဘူး။ တမံတလင်း ဆိုတော့ တအားအေးတယ်လေ၊ အတွင်းခံဘောင်းဘီနဲ့ပဲ ညအိပ် ခိုင်း တာပေါ့။

တည အိပ်ပြီးတော့ စောင့်တဲ့ဆရာတွေက သဘောနည်းနည်းကောင်းတော့ မကြည့်ရက်ဘူးထင်တယ်၊ အဝတ်အစားပြန်ဝတ် ခိုင်း တယ်။လက်ကိုတော့ ကြိုးတုပ်ပြီး အိပ်ရတာပေါ့။ပြန်မိလို့ စစ်သားပြန်မလုပ်ချင်ရင် ထောင်တနှစ်ချတယ်၊ ဒါပေမယ့် စစ်ပြေးမှု မဟုတ်ဘဲ အမြင်ကတ်ပုဒ်မနဲ့ မုဒိန်းမှုတို့ လိုမျိုးနဲ့ချလေ့ ရှိတော့ ကြောက်တာပေါ့။

နောက်ဆုံးလွတ်မြောက်တာက ၂၀၀၆ ခုနှစ်၊ တလပိုင်းမှာပါ။ ချားတောမြို့နယ်၊ တပ်ရင်း ၁၃၅ ကနေ ထွက်ပြေး လွတ်မြောက်လာတာပေါ့။ ထွက်ပြေးဖို့ စီစဉ်ထားတာက ၆ ယောက်ရှိတယ်၊ ၁၅ ၊ ၁၆ ကလေး စစ်သားတွေပေါ့၊ ဒါပေမယ့် သတ်မှတ်တဲ့ ရက်ပြောင်းလိုက်တော့ ပြေးခါနီးမှာ ၃ ယောက်က စိတ်ပြောင်း သွားပြီး ထွက်မပြေး တော့ဘူးလို့ပြောတယ်။ အဲဒီတော့ သူတို့ကိုလည်း ကျနော်မယုံတော့ဘူး ဆိုတော့ ရက်ပြောင်းပြီး ထွက် ပြေး ဖို့ စဉ်းစားကြရတယ်။

ထွက်ပြေးမယ့်ရက် မနက် ၂ နာရီမှာ ၁၃၅ တပ်ရင်းရဲ့ရှေ့တန်း တပ်စခန်းက ထွက်ပြေးကြတာပေါ့။ မနက် ၉ နာရီ၊ ၁၀ နာရီလောက် မှာတော့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တပ်တွေရှိတဲ့ နယ်စပ်က တောင်ကျောတွေဆီ ရောက်သွားတယ်။ အဲဒီအချိန်မှာ စစ်တပ်ကသိသွားတော့ ဗမာစစ်တပ်ကလည်း လိုက် ရှာတယ်၊ ထိုင်းစစ်တပ်ကလည်း လိုက်ရှာတယ်။ ညနေ လောက်မှ ကရင်နီတပ်ဖွဲ့ဝင် တချို့နဲ့ အဆက်အသွယ် ရပြီး သူတို့ စခန်း ခေါ်သွားတယ်။

မေး။     ။ လက်နက်တွေပါကြလား။ KNPP က ဘာတွေပြောလဲ။

ဖြေ။     ။ လက်နက်တွေ ပါလာကြတယ်၊ လက်ပစ်ဗုံးတွေလည်း ပါလာတယ်။ ၃ ယောက်စလုံးမှာပါ။ အဲဒီ အချိန်မှာ ကျနော် ၁၇ နှစ်ရှိပြီပေါ့။ KNPP က မေးတယ်၊ မေးတို့ ဘာလုပ်ကြမလဲ၊ ရဲဘော်လုပ်မလား၊ ကျောင်းတက် မလားပေါ့။ ကျနော်လည်း မခံချင်စိတ်က ရှိတော့ ရဲဘော်လုပ်မယ်လို့ ပြောလိုက်တယ်။ အဲဒီ အချိန်မှာပဲ ကိုထွန်းထွန်းဆိုတဲ့ ကရင်နီ အကိုတယောက်က ကျနော့်ကို သူ့ညီတယောက်လို သဘောထားပြီးတော့ ပြောတယ်၊ ငါ့ညီ ရဲဘော် ပြန်မလုပ်နဲ့ အသက်က ငယ်ငယ်လေးရှိသေးတော့ ကျောင်းပဲတက်ပါ ဆိုပြီး တိုက်တွန်း တော့ ကျနော် ကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အိမ်မှာပဲ ခေါ်ထားလိုက်တာပေါ့။

အဲဒီအချိန်မှာ ကျနော်က အသက် ၁၇ နှစ်ရှိပြီ ဖြစ်ပေမယ့် ကရင်နီ ဒုက္ခသည်မှာ ဖွဲ့ထားတဲ့ကျောင်းမှာပဲ ကျနော် ၆ တန်းက ပြန်တက်တယ်။ ဆယ်တန်းပြီးတဲ့အခါကျတော့ KNPP ကဖွင့်ထားတဲ့ Social ကျောင်းမှာ ၂ နှစ်ထပ် တက်ရတာပေါ့။ အဲဒီကျောင်းပြီးတော့ ဒီကျောင်းမှာပဲ အလယ်တန်းကျောင်းသားတွေကို စာပြန်သင် ပေးနေတယ်၊ တဘက်ကလည်း ဒီကျောင်းရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ လုပ်နေပါတယ်။ ဥပဒေ ပညာ ကိုလည်း လေ့လာနေတယ်။

မေး။     ။ ဥပဒေပညာကိုလည်း လေ့လာနေတယ်ဆိုတော့၊ အနာဂတ်မှာ ဘာတွေလုပ်သွားမယ် ဆိုတာမျိုး ရည်ရွယ်ထားတာ ရှိရင် ပြောပြပါဦး။

ဖြေ။     ။ အဓိက ရည်ရွယ်ချက်က အမေနဲ့ပြန်တွေ့ချင်တယ်၊ ပြီးရင် ကျနော်တို့ ပတ်ဝန်းကျင်က ကလေး သူငယ် တွေကို ကာကွယ်ပေးချင်တယ်၊ ၁၅ နှစ်အောက်ကလေးတွေပေါ့။ သူများဆီမှာ အလိမ်မခံရ အောင်ပေါ့၊ သူတို့ ဘဝတွေက မလုံခြုံဘူး၊ လမ်းဘေး တွေမှာ ပလတ်စတစ် လိုက်ကောက်နေတာတွေ၊ ချို့တဲ့ဆင်းရဲတဲ့ ကလေးတွေကို ကာကွယ်ပေးချင်တဲ့ အတွက် ကျနော်က ရှေ့နေ တယောက်ဖြစ်ချင်တယ်။

ဒုက္ခရောက်နေတဲ့ ကလေးစစ်သားတွေလည်း အများကြီးရှိနေသေးတယ် ဆိုတော့ ကူညီချင်တယ်။ အဓိက BLC (Burma Lawyers Council)ကို ကျနော် စိတ်ဝင်စားတယ်။ နောက်တခုက ဒီစခန်းက ကလေးတွေကို လည်း ပိုပြီးတော့ သူတို့ရဲ့ စိတ်နေ စိတ်ထားတွေ ပြောင်းလဲစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိ လာအောင်၊ တိုးတက်လာအောင် ကြိုးစားဖို့ လုပ်ပေးချင်တယ်။

မေး။     ။ နောက်ဆုံးမေးချင်တာက မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းတဲ့ ပြဿနာက ကြီးမားနေဆဲ ဆိုတော့ ကလေး စစ်သား ဖြစ်ခဲ့သူ တဦးအနေနဲ့ ကလေးတွေကို အဓမ္မစုဆောင်းတဲ့ အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။     ။ ဒီပြဿနာဟာ ကြီးမားပါတယ်၊ ဘာကြောင့်လည်းဆိုတော့ တပ်ထဲမှာ မလုပ်ချင်ဘဲ စိတ်ညစ်ခံ လုပ်နေရတဲ့ ကလေး စစ်သား တွေ အများကြီးပါ၊ တချို့ဆို အသက် မပြည့်ဘဲ ငယ်ငယ်လေးနဲ့ ရှေ့တန်းမှာ တိုက်ပွဲ ကျပြီး သေသွားတာတွေရှိတယ်။ ဒီတော့ လူကြီးတွေကို ပြောချင်တာက ကလေးဆိုတာ နောင်တချိန်မှာတိုင်း ပြည်ကို ခေါင်းဆောင်မယ့်လူတွေ၊ တိုင်းပြည်ကို အုပ်ချုပ်မယ့် လူတွေဆိုတော့ သူတို့ကို လွတ်လပ်စွာနေထိုင် ခွင့်ပေးပါ၊ ရှင်သန်ခွင့် ပေးပါ၊ သူတို့ရဲ့လွတ်လပ်မှုတွေ၊ အနာဂတ်တွေကို မဖျက်ဆီးကြပါနဲ့လို့ ပြောချင်ပါ တယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading