လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြ လှုပ်ရှားမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်နေသော ခေတ်သစ်ဦးစောဟု ဆိုရှယ်မီဒီယာ ဖေ့ဘွတ်စာမျက်နှာများတွင် စွပ်စွဲပြောဆိုနေကြသည့် နိုင်ငံရေး အကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံ ကိုဟန်ဝင်းအောင်ကို အစီရင်ခံစာအပေါ် သဘောထား၊ စွပ်စွဲမှုများအပေါ် ထင်မြင်ချက်၊ ရှေ့ဆက်လုပ်မည့် အနေအထားတို့အား ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာန သတင်းထောက် မေစစ်ပိုင်မှ မေးမြန်းထားပါသည်။
မေး။ ။ ဖေ့ဘွတ်ခ် စာမျက်နှာတွေထက်မှာ တချို့ ဘလော့တွေမှာ ကိုဟန်ဝင်းအောင်ကို ခေတ်သစ် ဦးစော လို့ ပြောနေကြတယ်၊ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒါဟာ စစ်အာဏာရှင်စနစ် ထောက်ခံပြီး စစ်အကျိုးစီးပွားကို လိုလားတဲ့ ထောက်လှမ်းရေးသမားတွေနဲ့ ဦးပိုင် ကုမ္ပဏီဘက်ကို လိုက်ပြောတဲ့ သူတွေက ပြောတဲ့ အပြောတွေလို့ ပဲ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းအရင်း အားလုံး မှားယွင်းနေတဲ့အတွက်ကြောင့်ပါ။ ပထမ တချက်က ဒေါ်အောင်ဆန်းစုကြည် က တုံရွာ၊ ဆည်တည်းရွာ၊ မိုးကြိုး ပြင်ရွာတွေမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေက ကျနော် နောက်ကနေ ရှိနေတယ်လို့ ပြောတာ စွပ်စွဲပြောဆိုချက်တွေပါ။ အဲဒါဟာ ထောက်လှမ်းရေးနဲ့ ဦးပိုင် အလိုတော်ရိတွေက ပြောတယ်လို့ ယူဆပါတယ်။
မေး။ ။ ဖြစ်ခဲ့တဲ့ပြဿနာတွေက ကိုဟန်ဝင်ေးအာင် ကြိုးကိုင်နေတာ ဆိုပြီး ပြောနေကြတယ်။
ဖြေ။ ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အရေးဆောင်ရွက်နေတဲ့ အင်အားစုတွေကို ထိခိုက်အောင် လုပ်ဆောင်ချင်တဲ့ စစ်ဘက် ထောက်လှမ်းရေးတွေရဲ့ ပြောဆိုချက်တွေပါ။ အသိပညာနိမ့်ပါးတဲ့ သူတချို့ရဲ့ ဝေဖန်ချက်တွေပါ။ အဲ့အချိန်မှာ ကျနော် နိုင်ကျဉ်းက ကိုသက်ဦးနဲ့ ရွာတရွာမှာရှိနေခဲ့တာပါ။ ဒေါ်စုကို လမ်းဆင်းလျှောက်ပါ၊ ဓားမြှောင်နဲ့ ထိုးမယ်လို့ ကျနော်က ပြောတယ် ဆိုပြီး ပြောဆိုနေခဲ့ကြပါတယ် ။ တော်တော်အခြေအနေ ရှုပ်ထွေးပါတယ်။ ဒါဟာ ဝါဒဖြန့်တာ၊ ဒေါ်စုကိုလည်း သိက္ခာကျစေ၊ ကျနော့်ကိုလည်း သိက္ခာကျစေဆိုပြီး ကောလဟလ လွှင့်ခဲ့ကြတာပါ။ ဖြစ်နေနိုင်တာတခုက စနစ်ကျသော အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့ တချို့ ပါလာနေပြီ။ ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ အင်အားစုတွေကို သွေးခွဲဖို့အရေး လှုံ့ဆော်နေတဲ့ ကိစ္စတခုလို့ပဲ မြင်ပါတယ်။
မေး။ ။ ဆည်တည်းရွာမှာ ကိုဟန်ဝင်းအောင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကော ဟုတ်လား။။
ဖြေ။ ။ တကယ်တန်း ပြဿနာတွေ ဖြစ်တဲ့အချိန်မှာ ကျနော် နိုင်ငံရေးအကျဉ်းသားကော်မတီက ကိုသက်ဦး၊ ABSDF က ကိုရဲမြင့် အပါအဝင် တခြား နိုင်ငံရေးသမားအချို့နဲ့ ရွာလေးတရွာမှာ စကားပြောနေတာပါ။ ဒီလူတွေကို အချိန်မရွေး ဆက်သွယ်ပြီး မေးလို့လည်းရတယ်။ ဆည်တည်းရွာမှာ ဖြစ်ပွားတဲ့ကိစ္စက အဆိုတော်ကိုလင်းလင်းရဲ့ ဖေ့ဘုတ် စာမျက်နှာပေါ် တင်လိုက်တဲ့ အချက်အလက်ပေါ့ဗျာ။ ကျနော်အပါအဝင် ငါးယောက်က ဓားမြှောင်နဲ့ထိုးဖို့ ဆိုပဲ။ အဲဒီအချိန်မှာ တခြားရွာတရွာမှာ ရန်ကုန်က လာတဲ့ဧည့်သည်တွေနဲ့ တွေ့နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ချစ်ခင်လေးစားစရာ ရေကာင်းပါတယ်။ တလှေတည်းစီး တခရီးတည်း သွားနေတဲ့သူတွေပါ။ သဘောထားကွဲလွဲစရာ ကန့်ကွက်စရာမရှိဘူး။ ဒေသခံတွေကတော့ စိတ်ဒဏ်ရာတွေဖြစ်နေတော့ ထိထိရောက်ရောက် မဖြေရှင်းနိုင်တော့ စိတ်ကွက်မှုလေးတွေရှိတယ်။ ဒေါ်စုကို ကန့်ကွက်ခိုင်းတာမဟုတ်ဘူး၊ ဦးပိုင် စီမံကိန်းဖျက်သိမ်းရေးကိုပဲ တောင်းဆိုကြတာပါ။ ဒေသခံတွေထဲက ဘယ်သူ့ကိုမဆို မေးနိုင်တယ်။ သူတို့ကို ကျနော်က ဓားနဲ့ထိုးမယ်ပြောတာ တကယ်သက်သေရှိသလား။
မေး။ ။ လက်ပန်းတောင်းတောင် ဆန္ဒပြမှု အစကတည်းက ဝင်ပါခဲ့တယ် မဟုတ်လား။
ဖြေ။ ။ ဟုတ်ပါတယ်၊ ဒီလို ပြောဆိုနေကြတဲ့အပေါ် ဝမ်းသာစွာ ကြိုဆိုပါတယ်။ နှစ် နှစ်ကျော်ကာလကြာ ပြည်သူတွေက ဘယ်သူမှ မသိဘဲ ဖိနှိပ်ခံခဲ့ရတာပါ။ မိုးကြိုးဆာလဖျူလစ်အက်ဆစ် စက်ရုံဆိုတာလည်း နိုင်ငံတော်အဆင့်တွေက ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ ခိုးပြီး လုပ်နေကြတာတွေ ဖြစ်တယ်။ ပြည်သူတွေရဲ့နစ်နာချက်ကို ကျနော် သိသိချင်း လက်ပံတောင်းကို သွားတယ်။ ဆန္ဒတွေ ထုတ်ဖော်မှုတွေ လုပ်ခဲ့တယ်။ ဟုတ်တယ်၊ အဲ့ဒါကို ကျနော်ဝန်ခံတယ်။ အပြစ်မဲ့ပြည်သူတွေဘက်က ဆန္ဒထုတ်ဖော်ရင်း ရပ်တည်မှာပါ။ ဖိနှိပ်ခံရတဲ့ပြည်သူဘက်က ရပ်တည်ခဲ့တာ ကျွန်တော်ဝန်ခံတယ်။
မေး။ ။ လက်ပံတောင်းတောင် အစီရင်ခံစာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အစီရင်ခံစာက ဦးပိုင်ကို အပြီးအပိုင် ဖျက်သိမ်းအောင်တော့ မလုပ်နိုင်ပါဘူး။ ရက်ပေါင်းများစွာ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကြောင့် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာတွေကို ဖော်ထုတ်နိုင်ခဲ့တာကို ကြိုက်တယ်။ အနိုင်ကျင့်ခံနေရတဲ့အပေါ် သေချာ မဖြေရှင်းနိုင်သေးတာကိုတော့ ကျနော် အားမရသလို ဒီက ပြည်သူတွေလည်း အားမရဘူး။
မေး။ ။ ဆန္ဒပြမှုတွေက အရပ်ဘက်အဖွဲ့အစည်းတွေ ရောက်လာပြီးမှ စတင်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ရေးသားထားတဲ့ အပေါ်ကိုရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ အပြစ်တော့ သိပ်မပြောချင်ဘူး။ ဒေသကို သေချာမရောက်ဘူးတဲ့သူတွေကြောင့်လို့ပဲ ထင်ပါတယ်။ ဒေသခံတွေက သူတို့မြေတွေစသိမ်းတယ်ဆိုကတည်းက ၁၂ ရက် ၁၂ လ ၂၀၁၀ ခုနှစ်ကတည်းက ဆန္ဒပြမှုတွေဖြစ်ခဲ့တာပါ။ ဘယ်နိုင်ငံရေးသမားမှ မရှိခင်ကတည်းကပါ။ ဘယ်သတင်းဌာန၊ ဘယ်နိုင်ငံရေးသမားမှ မပါဘူး။ ဦးပိုင်က ဖိနှိပ်တယ်၊ ဆားလင်းကြီး ရဲစခန်းက ဘာမှမလုပ်ပေးဘူး။ ဒါကြောင့် ၈၈ ကျောင်းသား ကိုမျိုးသန့်က ဝက်မှေးရွာ က မသွဲ့သွဲ့ဝင်းတို့ နဲ့အတူ ကျနော့်ကို လာရောက်ကူညီပါဦးလို့ ဖိတ်ခေါ်တဲ့အတွက်ကြောင့် လက်ပန်းတောင်း ကိုရောက်သွားခဲ့တာပါ။ ကျနော်ရောက်ခဲ့တဲ့အချိန်မှာ ကိုမင်းကိုနိုင်တို့ ကိုဒီငြိမ်းလင်းတို့တွေ ရောက်ခဲ့ပြီးပြီ။ ဖိနှိပ်မှုတွေရှိခဲ့တဲ့အတွက် သူ့သဘာဝအလျောက် ဆန္ဒထုတ်ဖော်မှုတွေဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေက ပြည်သူတွေဘက်က ရပ်တည်ခဲ့ကြတာဟာ ပယောဂ မဟုတ်ဘူး၊ ပယောဂဆိုရင်တောင် ကောင်းတဲ့ပယောဂတခုပဲ ဖြစ်ခဲ့လိမ့်မယ်။ ကျနော်တို့ လှုပ်ရှားခဲ့ကြတယ်ဆိုတာ သံဃာတော်တွေကို မီးလောင်တိုက်သွင်းဖို့ မဟုတ်ဘူး။ ပြည်သူကိုဖိနှိပ်တဲ့ ဦးပိုင်စစ်ကုမ္ပဏီဘက်က မရပ်တည်ဘူး။ ဒီနေ့အချိန်ထိ တောက်လျှောက် ဒေသခံတွေနဲ့အတူ တိုက်ပွဲဝင်နေကြတာပါ။ ဒါကို မကူညီသင့်ဘူးလား၊ မဆောင်ရွက်သင့်ဘူးလား။ ဒေသခံတွေက သိပ်နာကျင်လွန်းတာကြောင့် ဆန္ဒပြမှုတွေဖြစ်လာတာပါ။
မေး။ ။ ဆန္ဒပြမှုတွေကို ပြည်ပက နောက်ကွယ်က ထောက်ပံ့ပေးမှုတွေရှိနေတယ်လို့ သုံးသပ်ကြတဲ့အပေါ်ကော။
ဖြေ။ ။ မိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ ဒေါက်တာကျော်သူ၊ ကိုဘိုကြည်တို့က ထောက်ပံ့တယ်လို့ ပြောနေကြတယ်။ ကျနော်ပြောမယ်၊ သူတို့နဲ့ ငါးပြားမှ မပတ်သက်ခဲ့ဘူး။ သူတို့ လုပ်ခိုင်းလို့ ဒီကိစ္စ ဖြစ်ရောလား။ မေးလို့ရတယ် ဖြေလို့ရတယ်။ စွပ်စွဲမှုတွေ ကြည့်လုပ်ကြဦး။
မေး။ ။ နောက်ထပ် လှုပ်ရှားမှုတွေရော ဆက်လုပ်သွားဖို့ ရှိလား။
ဖြေ။ ။ တိုက်ပွဲတွေမှာ တတ်နိုင်တဲ့ ဘက်က ကူညီဦးမှာပါ။ ဘယ်သူတွေ ကန့်ကွက် ဆန့်ကျင်ပါစေ၊ ဘယ်လိုပြောပြောပါ။ ကျနော် အဖိနှိပ်ခံ ပြည်သူဘက်က ဆက်ပြီး ရပ်တည်နေမှာပါ။ ။