ကလေးတို့ရဲ့ အနာဂါတ် အကြောင်းကို ကျမတို့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါမှာ ပညာရေးဆိုတဲ့အကြောင်းက မပါမဖြစ် ပါလာရပါပြီ။ မူလတန်းအရွယ် ပညာရေးကစလို့ တက္ကသိုလ်ပညာရေး အဆုံးအထိ ပညာရေး အကြောင်းကို ပြောမယ်ဆိုရင်ဖြင့် သိပ်ကို ကျယ်ပြန့်လွန်းပါတယ်။ အခုတလော ကျမတို့တိုင်းပြည်မှာ ကျောင်းသားဗဟိုပြုစနစ် ကို ပြောင်းမယ်ဆိုတဲ့ အသံတွေကို ကြားနေရပါတယ်။
ကလေး ဗဟိုပြု သင်ကြားရေးစနစ် တနည်းပြောရရင် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် ဆိုတာဟာ တကယ်တော့ အင်မတန် သဘောကျစရာ ကောင်းတဲ့ သင်ကြားရေး စနစ်တစ်ခုပါပဲ။ ပညာရေးကို လမ်းသစ်ထွင်သူ၊ အတွေးအခေါ်ပညာရှင်ကြီး ဂျွန်ဒေဝီ (June Dewey) တို့ တွေးခဲ့ခေါ်ခဲ့ စဉ်းစားခဲ့တဲ့ နည်းပါ။ ကျောင်းဆိုတာဟာ စာသင်ရုံသက်သက်မဟုတ်ဘဲ လူ့ဘဝရဲ့ နေနည်းထိိုင်နည်းတွေကိုပါ သင်ကြားပေးတဲ့နေရာမို့ ကျောင်းစာသင်ခန်းဆိုတာဟာ တကယ်တော့ လူမှုအဖွဲ့အစည်းကြီးတခုကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ လူတယောက်ချင်းစီဟာလည်း ဉာဏ်ရည်အမျိုးမျိုး၊ သင်ယူပုံ သင်ယူနည်း အမျိုးမျိုး၊ လေ့လာပုံ လေ့လာနည်း အမျိုးမျိုးနဲ့ စိတ်ဝင်စားမှု အမျိုးမျိုး ရှိတာမို့ သူတို့စိတ်ဝင်စားရာကို သင်ယူချင်တဲ့ ပုံစံအတိုင်း သင်ယူခွင့်ပေးတဲ့ စနစ်ပါပဲ။
ဆရာဗဟိုပြု စနစ်မှာကတော့ ဆရာဆိုတာဟာ ဆရာပဲမို့ အားလုံးသိနေတယ်၊ သင်ရိုးညွှန်းတန်း အတိုင်းပဲ ဆရာက သင်တယ်၊ သင်တဲ့အတိုင်းပဲ ကျောင်းသားက ဖြေရပါတယ်။ ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြုစနစ်က ဗဟိုပြုလွန်းလှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော့်အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။ စာအုပ်ထဲကအတိုင်း သည်၏ မရွေး ဖြေကြရတာကိုး။
ကျောင်းသားဗဟိုပြုစနစ်မှာတော့ အဲလိုမဟုတ်တော့ပါဘူး။ ဆရာဆိုတာဟာ ကူညီရုံသက်သက်ပါပဲ။ ကျောင်းသားလေ့လာချင်တဲ့ စာအုပ်စာတမ်းတွေကို ဘယ်မှာ ရှာဖတ်လို့ ရတယ်လို့ ပြောပြရုံပါပဲ။ ကျောင်းသားဟာ သူလေ့လာချင်၊ ရှာဖွေချင်တာကို သူ့ဖာသာသူ လေ့လာ အားထုတ် ရှာဖွေရပါတယ်။ ဆရာဗဟိုပြု စနစ်တုန်းကလိုမျိုး ဆရာက ကျောင်းသားကို မေးခွန်းမေးပြီးတော့ ဖြေခိုင်းရုံ မဟုတ်တော့ဘူး။ သူ့ဖာသာ သူ စာတွေဖတ် လေ့လာရင်းနဲ့ မေးစရာမေးခွန်းတွေ ထွက်လာမယ် (တနည်းပြောရရင် သိချင်လာမယ်)။ ကိုယ်သိချင်တာကို ကိုယ့်ဘာသာ လေ့လာ ရှာဖွေရမှာပါ။ သင်ရိုးညွှန်းတန်းကလည်း လွတ်လပ်ပါတယ်။
ကျောင်းသားဗဟိုပြု သင်ကြားရေးကို လုပ်မယ်ဆိုရင်ဖြင့် ပထမဆုံးလိုအပ်တာက ကျောင်းသားနဲ့ ဆရာ ရဲ့ဦးရေပါ။ အတန်းတတန်းမှာ လူ ငါးဆယ် ခြောက်ဆယ် ရှိပြီးတော့ ဆရာ တယောက်တည်းနဲ့တော့ဖြင့် ကျောင်းသားဗဟိုပြု သင်ကြားရေးကို လုပ်ဖို့မလွယ်လှပါဘူး။ ဒီသင်ကြားရေးစနစ်မှာ အရေးကြီးဆုံးကတော့ ကျောင်းသားများ လေ့လာချင်ရာကို လေ့လာ နိုင်ဖို့အတွက် စာအုပ်စာတမ်းများ အင်မတန်စုံတဲ့ စာကြည့်တိုက်တွေလိုပါတယ်။ သိပ္ပံဆိုလည်း သိပ္ပံကို လေ့လာဖို့ စမ်းသပ်ခန်းတွေ လိုပါတယ်။ အရည်အချင်း ပြည့်မှီတဲ့ ညွှန်ကြားနိုင်တဲ့ (သင်ကြားတာမဟုတ်ပါ) ဆရာ လိုပါတယ်။ လေ့လာချင်ရာကို လေ့လာနိုင်ဖို့အတွက်၊ ရှာဖွေနိုင်ဖို့အတွက် ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက် အင်တာနက်ကို ကျောင်းသားတိုင်း ပေါပေါလွယ်လွယ်နဲ့ ကျောင်းမှာသုံးနိုင်ဖို့လိုပါတယ်။
ဒီလိုမှ မဟုတ်ပါဘဲနဲ့ ကျောင်းသားဗဟိုပြုစနစ်ကို ပြောင်းမယ်ဆိုရင်ဖြင့် ဘာတွေကို ဘယ်လိုရှာပြီး ဘယ်လိုတွေလေ့လာကြမလဲလို့ မေးစရာဖြစ်လာရပါပြီ။ ပညာရေးစနစ်နဲ့ သင်ရိုးညွှန်းတန်းဟာ ကျမတို့နိုင်ငံလောက် ပြောင်းတာ ကျမတို့နိုင်ငံပါ။ တော်ကြာ ဝိဇ္ဇာနဲ့ သိပ္ပံ တွဲလိုက်၊ တော်ကြာ ခွဲလိုက်နဲ့ အမျိုးမျိုး ပြောင်းနေတာပါ။ ၁၉၉၀ ခု ဝန်းကျင် လောက်ကလည်း ဂျပန်မှာအသုံးတွင်ကျယ်နေတဲ့ CPR (comprehensive personal record) လို့ခေါ်တဲ့ ကျောင်းသားတဦးရဲ့ အရည်အချင်းလိုက် အမှတ်ပေးစနစ် သုံးခဲ့ဖူးပါတယ်။ ရိုးရိုးနဲ့လွယ်လွယ် ပြောရရင်ဖြင့် အဲဒီစနစ်က ကျသူ မရှိစနစ် ဖြစ်လာရတော့တာပါပဲ။ ကျောင်းသားတဦးချင်းစီရဲ့ အရည်အချင်းတွေ မပြောင်မြောက်လာပဲ မြန်မာစာတောင် ကောင်းကောင်း မဖတ်တတ်၊ မရေးတတ်တဲ့ ကလေးတွေ များလာတာကို တွေ့ကြရပါတယ်။ သချာၤမှာ ဒဿမတောင် မဖြတ်တတ်တဲ့ အထက်တန်းကျောင်းသားတွေ၊ ပထဝီမှာလည်း လူတွေဟာ ကမ္ဘာလုံးရဲ့ အတွင်းထဲမှာ ဝင်နေတယ်လို့ ထင်တဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တော်တော်များများကို မွေးထုတ်ပေးလိုက်တာပါပဲ။
ပြောင်းလို့ ပြောလိုက်ရတာက လွယ်လှပါတယ်။ ဒါပေမယ့် တကယ်ရော ပြောင်းနိုင်ရဲ့လား။ ပြောင်းလို့ရော ရရဲ့လား။ ပြောင်းလို့ လွယ်ရဲ့လားဆိုတာ စဉ်းစားကြဖို့ လိုပါတယ်။ ကျောင်းသားဗဟိုပြုစနစ်ကို တကယ်ပြောင်းနိုင်ဖို့အတွက် ကျမတို့ သင်ရိုးညွှန်းတန်းတွေကို တကယ် လွတ်လပ်စေပြီလား။ လွတ်လပ်စွာ လေ့လာဖို့ လေ့လာစရာ စာအုပ်စာတမ်းတွေ၊ စာကြည့်တိုက်တွေကို တည်ထောင်နိုင်ပြီလား။ ကျောင်းတွေမှာ ကျောင်းသားတိုင်း အင်တာနက်သုံးခွင့်ရှိပြီလား၊ သုံးနိုင်ပြီလား။ ဆရာနဲ့ကျောင်းသား အချိုးအဆ ညီညီရော စာသင်ခန်းတွေမှာ ထားနိုင်ပြီလား ဆိုတာကို အရင် စဉ်းစားကြပါဦး။ ကျောင်းသားဗဟိုပြုစနစ်ကို နားလည်သူပညာရှင်များအနေနဲ့လည်း ဝိုင်းဝန်း ဆွေးနွေး ပေးကြပါဦးလို့။ ။