ငြိမ်းချမ်းရေးရဖို့ တရားဥပဒေ စိုးမိုးရမည်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ကျင်းပခဲ့ပြီးပြီ။ ထိုညီလာခံ၏ ခေါင်းစဉ်က “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဖြစ်သည်။

တိုင်းရင်သားလူမျိုးစုကြီး တစုအောက်တွင် နှစ်ပေါင်းများစွာ အကွဲကွဲ အပြားပြား ဖြစ်ခဲ့ကြသော လူမျိုးစုနွှယ်များကို  ပထမဆုံးကြိမ် တပေါင်းတစည်းတည်း မြင်တွေ့ရပြီး ရှမ်းမျိုးနွယ်စုများ ဖြစ်သည့် လားဟူ၊ ပအိုဝ်း၊ တောင်သူ၊ ဝ၊ ကိုးကန့်၊ ပလောင် အစရှိသဖြင့် အကွဲကွဲအပြားပြား ဖြစ်ခဲ့ကြရာမှ ယခုကျင်းပမည့် ညီလာခံသို့ စိတ်တူကိုယ်တူ တက်ရောက်လာကာ ညီညွတ်မှုနှင့် ငြိမ်းချမ်းရေး အဖြေတခုကို ရာဖွေရန်ကြိုးစားခဲ့သည့် ပွဲဟု ဆိုချင်သည်။

ရှမ်းတိုင်းရင်းသားများသာ မကဘဲ တခြားသော တိုင်းရင်းသား လူမျိုးစုကြီးတချို့ အတွင်းတွင်လည်း မတူကွဲပြားမှု၊ အယူ ခြားနားမှုများကြောင့် အဖွဲ့များ ကွဲကာ အချင်းချင်း ရန်စောင်တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးသည်၊ ရလဒ်က ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းရပြီး ရည်မှန်းချက်ပန်းတိုင် ပျောက်ဆုံးရခြင်းသာ အဖတ်တင် ကျန်ခဲ့ကြောင်း တွေ့ကြရပြီ။

အယူကွဲပြားမှု အစွန်းရောက်ခြင်း၊ ညီညွတ်မှု မရှိခြင်းတို့ကြောင့် အကျိုးမဲ့ကြရသည့် ဖြစ်ရပ်များကို ဥပမာ၊ ဥပမေယျများ ပြကာ ပြောရန် လိုမည်မထင်ပါ။

လတ်တလောတွင် အယူအဆ အစွန်းရောက်မှုမှ ပေါ်ထွက်လာသည့် ရိုင်းပြခဲ့မှု များကြောင့် အလွန်စည်ကားခဲ့သော လမ်းဆုံမြို့ကြီးတမြို့ဖြစ်သည့် မိတ္ထီလာမြို့ကြီး ပျက်စီးသွားခဲ့ရပြီ။ မလိုလားအပ်သော ရိုင်းပြသည့် ဖြစ်ရပ်များက ငြိမ်းချမ်းရေး လိုလားသည့် ပြည်သူအားလုံးကို စိတ်ဆင်းရဲစေခဲ့ပါသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနား ဖြစ်မြောက်ရေးကော်မတီက ၎င်းတို့၏ ကြေညာချက်တွင် “တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက် ပျက်ပြားစေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် ဖန်တီးလှုံ့ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ရှုတ်ချပါကြောင်း” ထည့်သွင်း ဖော်ပြထားသည်။

အချင်းချင်း ခွဲခြားမှု၊ ကြီးနိုင်ငယ်ညှဉ်း ပြုမူခဲ့မှုတို့ကြောင့် သွေးစွန်းခဲ့ရသည့် ဖြစ်ရပ်များ ရပ်တန်းက ရပ်သင့်ပေပြီ။

ရှမ်းပြည် ငြိမ်းချမ်းရေးပါတီ/ ရှမ်းပြည်နယ် တပ်မတော်၏ နာယက၊ ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်က ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး အခမ်းအနားတွင် “တရားဥပဒေစိုးမိုးမှု မရှိလျှင် ယုံကြည်မှု တည်ဆောက်၍ မဖြစ်နိုင်” ကြောင်း ပြောသွားသည်။

တရားဥပဒေ စိုးမိုးရေး ကင်းမဲ့လျှင် ငြိမ်းချမ်းရေး မရနိုင်ကြောင်း တိုင်းရင်းသား ပြည်သူ တရပ်လုံး လက်သင့်ခံရပေလိမ့်မည်။

၎င်းအဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် တပြည်လုံးအတိုင်းအတာနှင့် ကောလာဟလ သတင်းများ၊ သွေးထိုးလှုံ့ဆော် မှုများအပေါ် အခြေခံကာ ပြည်သူလူထုတို့ ကျီးလန့်စာစား ဖြစ်နေရသည့် အခြေအနေတရပ်ကို ဧရာဝတီအနေဖြင့် လက်သင့်မခံပါ။ ထိုအခြေ အနေက တရားဥပဒေ စိုးမိုးမှု မရှိခြင်းကို မီးမောင်းထိုးပြနေသည့်နှယ် ဖြစ်နေသည်။

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည့် မြန်မာပြည်တွင် “ငြိမ်းချမ်းရေး” ဆိုသည်ကို ပြည်သူအားလုံး လက်တွေ့ကျကျ မကြုံဘူးကြဟုဆိုပါက လွန်မည်မထင်ပါ။ အများစုက အနည်းစုကို တိုက်ခိုက်နှိပ်ကွပ်ခြင်းသည် လူ့ယဉ်ကျေးမှု အဆောက်အအုံကို ဖျက်ဆီးရာ ရောက်သည်ဟု ဆိုချင်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်ကတည်းက ဖြစ်ပေါ်ခဲ့ရသည့် အမျိုးသားသွေးကွဲမှုနှင့် ပြည်တွင်းစစ်၏ အဓိက အကြောင်းရင်း မှာ ဒီမိုကရေစီစနစ်အပေါ် ခိုင်မာသော သန္နိဋ္ဌာန်ကင်းမဲ့ခြင်း၊ လူမျိုးစုံအကြား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည်ကို အသိအမှတ် မပြု မလိုက်နာ မကျင့်သုံးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်မှာ မှန်ပါသည်။ ထို့အပြင် အချင်းချင်းသွေးကွဲမှု၊ အိမ်ကြက်ခြင်း ခွပ်နေမှု၊ ကြီးနိုင်ငယ်ညှဉ်းစနစ်များ ရှိနေခဲ့မှုတို့ကြောင့် “နွားကွဲကာ ကျားဆွဲ” ခံခဲ့ရမှုများ သာဓက အဖြစ် ရှိခဲ့ခြင်းကိုလည်း ငြင်းနိုင်မည်မထင်ပါ။

သမ္မတ ဦးသိန်းစိန်ဦးဆောင်ပြီး အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းပြည်အေးချမ်းမှုကို လိုလားသူများက ဒီမိုကရေစီ စနစ်၊ တံခါးဖွင့်စီးပွားရေးစနစ်ကို အပြည့်အဝ ကျင့်သုံးကာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခြေလှမ်းသစ်များ စလှမ်းရန် အားယူနေချိန်တွင် အယူသီးမှုများ၊ တဘက်စောင်းနင်း တွေးခေါ်ပြောဆို လှုံ့ဆော်မှုများ၏ ရလဒ် သွေးကွဲမှု၊ အချင်းချင်း ခိုက်ရန် ဖြစ်ပွားမှုတို့ကြောင့် သွားလိုသည့် ပန်းတိုင်ကို မရောက်ဘဲ လမ်းလွဲသွားမည်ကို စိုးရိမ်မိသည်။

ထိုသို့ မလိုလားအပ်သော ခိုက်ရန်ဖြစ်ပွားမှုတို့အတွက် သွေးထိုးလှုံ့ဆော်သူများ၊ တိုင်းပြည်မငြိမ်မသက်မှုကြောင့် စနစ်ဆိုးဆီသို့ နောက်ပြန်ဆွဲမည်ကို အားပေးသူတို့အား ဧရာဝတီက ရှုတ်ချပါသည်။ ထိုသူတို့ကို တိတိကျကျ ဖော်ထုတ် အရေးယူသင့်သည်။

ရှေးရိုးစွဲ၊ နောက်ပြန်ဆွဲ အယူဝါဒများဖြစ်သည့် လူမျိုးရေးအစွန်းရောက်မှု၊ အမျိုးသားရေး အစွန်းရောက်မှု၊ ဘာသာရေး အစွန်းရောက်မှုတို့ ယခုအချိန်တွင် မရှိသင့်တော့ဟု ယူဆသည်။

တိုင်းပြည်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေသည့် တိုင်းပြည်ခေါင်းဆောင်များ အကျပ်ရိုက်စေရန် တမင်သက်သက် ဖန်တီးလှုံ့ဆော်သည့်၊ ခိုက်ရန်ဖြစ်ပွားမှုဖြင့် ဒီမိုကရေစီ ပန်းတိုင်ပျောက်ကွယ်စေရန် ပြုမူနေကြသည့် အခြေအနေများကို ပြည်သူတရပ်လုံး သတိပြုသင့်သည်။

မိတ္ထီလာ အဓိကရုဏ်း ဖြစ်ပွားစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က “တရားဥပဒေ စိုးမိုးရေး ထိန်းသိမ်းရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိကြောင်း” ကို ပြောဆိုခဲ့ပြီး ဖြစ်သည်။

သွေးခွဲမှုများအပေါ် အချင်းချင်းယုံကြည်မှုတို့ ပျက်ပြား ယိမ်းယိုင်မသွားဘဲ ကြံ့ကြံ့ ခံကာ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် တတပ်တအား ပါဝင်ရပေလိမ့်မည်။

ငြိမ်းချမ်းရေးကို မလိုလားသည့် လက်တဆုပ်စာ စုန်းပြူးတို့၏ ဥပဒေမဲ့ ကဖျက်ယဖျက် လုပ်ခြင်းကို နိုင်ငံတော် အစိုးရနှင့်တကွ တိုင်းရင်းသား၊ လူမျိုး၊ ဘာသာ မခွဲခြားသော ပြည်သူ တရပ်လုံး တညီတညွတ်တည်း ကြံ့ကြံ့ခံ တွန်းလှန်မှသာ မြန်မာပြည်၏ ဒီမိုကရေစီခရီး၊ ငြိမ်းချမ်းရေးခရီး ရှေ့သို့ လှမ်းနိုင်မည်ဟု ဧရာဝတီက ဖော်ပြလိုက်ရပါသည်။

Loading