အမြဲတမ်း ဆူညံပွက်လော ရိုက်နေတတ်တဲ့ ဖရေဇာလို့ခေါ်တဲ့ မဟာဗန္ဓုလ လမ်းမကြီးဟာ မတ်လ ၂၅ ရက်နေ့ ညမှာတော့ ၇ နာရီတောင် မထိုးချင်သေးဘူး ခြောက်ကပ်လို့။
ခါတိုင်း ဈေးခေါ်သံတွေ၊ စပယ်ယာတွေရဲ့ လူခေါ်သံတွေနဲ့ စည်ကားနေတတ်တဲ့ ဒီလမ်းမကြီးက လုံးဝ ပုံမှန်မဟုတ်ဘဲ ခြောက်ကပ်နေတာ၊ တချို့ဈေးသည်တွေက နေ့ခင်းဘက်က ခဏ ခင်းထားပြီး ညနေ ၆ နာရီကျော်လောက်မှာ သုတ်သုတ် သုတ်သုတ်နဲ့ သိမ်းနေတာ တွေ့ရပြန်တယ်။
အဝတ်ဟောင်း ဘေထုပ်ထည် ရောင်းသူတွေ၊ ဈေးပေါပေါ နာရီတွေ မျက်မှန်တွေ၊ ပိုက်ဆံအိတ် ကလေးတွေနဲ့ တိုလီမိုလီ ရောင်းသူတွေ အတော်များများဟာ ခါတိုင်းမှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး၊ ဈေးဝယ်သူ၊ ဈေးဆစ်သူတွေနဲ့ စကားအချေအတင် ပြောလို့၊ တချက်လောက် ငဲ့စောင်းကြည့်သူတွေကို “ဘာလိုလဲ အစ်ကို၊ ဘာယူမလဲ အစ်မ” ဆိုပြီး မလွတ်တမ်း အပြိုင်ခေါ်နေကြပေမယ့် အဲဒီနေ့ကတော့ ဘယ်ဈေးဝယ်ကိုမှ မကြည့်အားဘဲ သူတို့ရဲ့ ပစ္စည်းတွေကို ဆာလာအိတ်ကြီးတွေနဲ့ ခပ်သုတ်သုတ် ထုပ်ပိုးရင်း မျက်စိက ကျီးကန်းတောင်းမှောက်ပုံစံမျိုး၊ ဘာနဲ့ တူသလဲဆိုတော့ မဆလခေတ်က ဂဠုန်စီမံချက် ခေတ်စားစဉ် တုန်းကလိုမျိုး ဖြစ်နေတာပါ။ ဒါပေမယ့် အဲဒီတုန်းကလိုလည်း “ပြေးဟေ့၊ ပြေးဟ” ဆိုတဲ့ ဆူညံသံတွေတော့ မကြားရပြန်ဘူး။ အားလုံးက ကိုယ့်အလုပ်ကိုယ် တိတ်တဆိတ် လုပ်နေကြတာပါ။
ဘယ်သူကမှ ဖမ်းမယ်၊ ဆီးမယ် ပြောမထားပေမယ့် ကျီးလန့်စာစား ပုံစံမျိုး ဖြစ်နေတဲ့ ဈေးသည်တွေ အပြင် ခါတိုင်း ပလက်ဖောင်းပေါ်မှာ ခြေထောက်ခြင်း လိမ်မတတ် ရှောင်ရခက်၊ ရှားရခက် လမ်းလျှောက်ကြရတဲ့ပုံစံနဲ့ ကွဲလွဲလို့ အခုတော့ ရှင်းရှင်းလင်းလင်းကြီး ဖြစ်ပြီး တယောက်တည်း လမ်းလျှောက်နေရသလို ခံစားနေရတယ်။
ခါတိုင်း ည ၁၁ နာရီ၊ ၁၂ နာရီလောက်အထိ ဆူညံစည်ကားနေတဲ့ ဘီယာဆိုင်တွေမှာလည်း “ယနေ့ ည ၉ နာရီ ဆိုင်ပိတ်ပါမည်” ဆိုတဲ့ အရေးပေါ် ဆိုင်းဘုတ်ကလေးတွေ ချိတ်ဆွဲထားတာ တွေ့ရပြန်တယ်။
ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ Star World ဘီယာဆိုင်က ဝန်ထမ်းတယောက်က “ကျနော်တို့လည်း ဘယ်ပိတ်ချင်ပါ့မလဲ၊ လာပိတ်ခိုင်းလို့ ပိတ်ရတာ” လို့ စားသုံးသူတွေကို ရှင်းပြနေတယ်။ တကယ်တော့ မတ်လ ၂၅ ရက်နေ့ နေ့လယ်က မင်္ဂလာတောင်ညွန့် မြို့နယ်ထဲမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကနေ စပြီး ရန်ကုန်တမြို့လုံး ခြောက်ခြားနေကြတာပါ။
မတ်လ ၂၄ ရက်နေ့ညက တာမွေမှာ လူ လေးငါးယောက်လောက် စုဝေး အော်ဟစ်တာရဲ့ အဆက်အဖြစ် ၂၅ ရက်နေ့ နေ့လယ်မှာ မင်္ဂလာဈေးကို ဝင်လုမယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီပတ်ဝန်းကျင်က ဆိုင်တွေ အကုန်ပိတ်ထားပြီး မင်္ဂလာဈေးမှာ ဈေးခင်းနေကြသူတွေလည်း နေ့လယ် ၂ နာရီကတည်းက ဆိုင်တွေသိမ်းကုန်တဲ့ အနေအထား ဖြစ်ခဲ့ရတယ်။ ညဘက်မှာတော့ ရန်ကုန်တမြို့လုံးနီးပါး ခြောက်ကပ်ပြီး လူတွေ အထိတ်တလန့် ဖြစ်ကုန်ကြတာပါ။
ဒီအဖြစ်အပျက်တွေ ဘာကြောင့် ဖြစ်ခဲ့ရတာလဲ ဆိုတာ ပြောဖို့ လိုမယ်တောင် မထင်ပါဘူး။ ဒါပေမယ့် ဘယ်သူ စမွှေးတဲ့ မီးလဲ ဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။
တိုင်းပြည် ခေါင်းဆောင်တွေ ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ လက်ရှိ အခြေအနေတွေကို ရှုပ်ထွေးအောင်၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ပျက်ပြားအောင် အစပြု လုပ်ဆောင်သူတွေဟာ ဒီမိုကရေစီ စနစ်ကို မလိုလားသူ၊ ယခင် စနစ်ဟောင်းနဲ့ တရားမဝင် အကျိုးစီးပွားတွေ ခံစားခဲ့ရသူတွေလားလို့လည်း မေးခွန်းထုတ်မိတယ်။
ခေတ်တိုင်း၊ စနစ်တိုင်းမှာ အဖျက်အဆီး ဆိုတာကတော့ ရှိတတ်တာပါပဲ။
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အမြဲ ပြောလေ့ရှိသလို မတူတာတွေကို ဘေးဖယ်၊ တူတာတွေကို စုပြီး ရှေ့ကို သွားမယ်ဆိုတာမျိုး မဟုတ်တော့ဘဲ “မင်းသား မလုပ်ရရင် ပတ်မကြီး ထိုးခွဲမယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ အောက်လမ်းနည်း သုံးပြီး ကဖျက်ယဖျက် လုပ်တာမျိုးဆိုရင်တော့ တကိုယ်ကောင်း ဆန်လွန်းရာ ကျတယ်လို့ ဝေဖန်ချင်ပါတယ်။
ကျမတို့ မြန်မာပြည်က အနောက်နိုင်ငံတွေ အသာထားလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တောင် နှစ်ပေါင်းများစွာ နောက်ကျ ကျန်နေပြီဆိုတာ ကလေးတောင် နားလည်ပါတယ်။ ကျမတို့ လူလတ်တန်းတွေ ခေတ်မှာ အကောင်းဆုံးကို မမြင်နိုင်ရင်တောင် အကောင်းဆုံးဆိုတဲ့ လမ်းစကလေးကို မြင်ပြီး နောက်မျိုးဆက်တွေအတွက် သာယာတဲ့ ခေတ်စနစ်တခုကို အစပျိုး ပြင်ဆင် ပေးနိုင်မယ် ဆိုရင် ကျေနပ်ရမှာပါ။
အခုတော့ နောက်မျိုးဆက်တွေ အတွက် ပြင်ဆင်ကြဖို့ ထားလို့၊ လက်ရှိ အခြေအနေမှာကို ပြည်သူလူထုရဲ့ နေ့စဉ် စားဝတ်နေရေး အကျိုးစီးပွားတွေ ပျက်ပြားခဲ့ရပြီ၊ အထိတ်တလန့် ကျီးလန့်စာစား ဘဝ ရောက်ကြရပြီ။ တနေ့ ရောင်းမှ တနေ့စားရမယ့် လမ်းဘေးဈေးသည် ကလေးတွေကအစ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေသူတွေ အဆုံး ဆိုင်တွေ မဖွင့်ရဲ၊ အခုပဲ ဝင်လုတော့မှာလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ကြီးပြီး အစစ ထိခိုက်ကြရပြီ။
မတ် ၂၅ ရက်နေ့ည ရန်ကုန်မြို့ထဲ မြင်ကွင်းက မမြင်ရက်စရာပါပဲ။ ကျမတော့ ၂၀၀၇ စက်တင်ဘာတုန်းက သံဃာ့ အရေးအခင်းအပြီး ရန်ကုန်မြို့ကြီးကို ပြေးမြင်မိပါတယ်။ အဲဒီတုန်းက စစ်အာဏာရှင်စနစ် အုပ်စိုးစဉ်ကာလ၊ ဘယ်သူမှ ဘာမှမပြောရဲ၊ မလုပ်ရဲတဲ့အချိန်၊ မည်းမည်းမြင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့အချိန်မို့ ရန်ကုန်မြို့ကြီးက တစပြင်နဲ့ တူနေတာ မဆန်းပေမယ့် အခုလို ပွင့်လင်းမြင်သာတဲ့ခေတ်၊ လွတ်လပ်မှု တော်တော်များများ ရလာနေတဲ့ ခေတ်အခါမှာ၊ နိုင်ငံခြားသားတွေ လွတ်လွတ်လပ်လပ် ဥဒဟို သွားလာနေတဲ့ အခုအချိန်မှာ ဒီလို အဖြစ်မျိုး ဖြစ်ရတာ ရင်နာစရာလည်းကောင်း၊ ရှက်ဖို့၊ ဒေါသထွက်ဖို့လည်း ကောင်းလှတယ်။
ဒီနေရာမှာ “အောက်လမ်းနည်း” ဆိုတဲ့ စကားလုံးကို ကျမ ဘာကြောင့် သုံးစွဲသလဲ ရှင်းပြချင်ပါတယ်။ ခေတ် အဆက်ဆက် တိုင်းပြည်တည်ငြိမ်မှုကို ပျက်ပြားစေချင်ရင် အဓိကရုဏ်း ဖန်တီးတာက တိုင်းတပါးကျွန် ဘဝမှာကတည်းက ရိုးနေပြီးသားပါ။ ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်းတွေနဲ့ ပြည်သူလူထု စည်းလုံးမှု၊ ညီညွတ်မှုတွေကို ဖျက်ဆီးပြီး မနိုင်လို့ ဝင်ထိန်းလိုက်ရပါတယ်ဆိုတဲ့ အဖြစ်မျိုး ရောက်အောင် စီမံခဲ့ကြတာချည်းပါပဲ။ အဓိကရုဏ်း ဖန်တီးခြင်းဟာ နိုင်ငံရေးမှာ အောက်လမ်းနည်း သုံးတာပါပဲ။ ဒီနည်းကို ဘယ်ဘက်ကပဲ သုံးသုံး၊ ဘယ်သူကပဲ သုံးသုံး လက်မခံနိုင်ပါဘူး။ ဒါကို ရအောင် ဖော်ထုတ်ပြီး အရေးယူရပါမယ်။
မနိုင်လို့ ဝင်လိုက်ရပါတယ်ဆိုပြီး စစ်အာဏာရှင် စနစ်အောက်မှာ တိုင်းရင်းသား ပြည်သူတွေ ခေါင်းမဖော်နိုင်အောင် ပြန်ဖြစ်လာမယ့် အရေးကိုတော့ မလိုလားပါဘူး။ ကျမ မလိုလားသလို ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တ သူတွေ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု၊ အနာဂတ်နိုင်ငံရဲ့ ဂုဏ်ကျက်သရေ တင့်တယ်ဖို့ လိုလားသူတွေလည်း လက်ခံနိုင်မယ် မထင်ပါဘူး။
ကျမ ပြောချင်တာက စစ်အာဏာရှင် စနစ်ဆီ နောက်ပြန်လှည့်မှာကို မလိုလားတာပါ။ သမ္မတ အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထား ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေကို ဝန်းဝိုင်းပြီး တိုင်းပြည်နဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက် အားတက်သရော ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို ကြိုဆိုပါတယ်။ အဓိကရုဏ်းဆိုတဲ့ အောက်လမ်းနည်း သုံးသူတွေကို ဖမ်းဆီး အရေးယူဖို့၊ ဘာသာ လူမျိုးမခွဲဘဲ ပြည်သူလူထုရဲ့ လုံခြုံမှုကို စောင့်ရှောက်ဖို့ ဆိုတာကလည်း တပ်မတော်နဲ့ ပြည်သူ့ရဲ တွေကသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူလူထုလည်း အထိတ်တလန့် မဖြစ်ရအောင်၊ လက်ရှိ တည်ငြိမ်မှုနဲ့ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ၊ စီးပွားရေး အခြေအနေတွေ မပျက်ပြားရအောင် တပ်မတော်၊ ရဲနဲ့ ပြည်သူအားလုံး ပူးပေါင်း ကာကွယ်စောင့်ရှောက်ရမယ်လို့ မြင်ပါတယ်။
အဲဒီမှာ ပြည်သူလူထုရဲ့ အခန်းကဏ္ဍတရပ် ပါဝင်လာပါပြီ။ ရှေးနည်းအတိုင်း သုံးလာတဲ့ အောက်လမ်းနည်း တွေကို နားမယောင်ဖို့၊ ခေတ်နောက်ပြန်ဆွဲ အယူသည်းမှုတွေနဲ့ အကြောင်းပြ သွေးထိုးတာတွေအပေါ် မယုံကြည်ဖို့၊ သွေးဆူ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို လက်မခံဘဲ ယဉ်ကျေးတဲ့ မြန်မာ၊ လူမျိုးမရွေး ဘာသာမရွေး တန်းတူညီမျှ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ မြန်မာဆိုတဲ့ ဂုဏ်တခုကို ဆက်ထိန်းကြဖို့ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဆိုပြီး ဗုဒ္ဓရဲ့ တရားတော်မှာ မပါတဲ့ အစွန်းရောက်မှု၊ မေတ္တာတရား ကင်းမဲ့မှုတွေနဲ့ စည်းရုံးလှုံ့ဆော် နေတာတွေကို လုံးဝ ဆန့်ကျင်သင့်ပါတယ်။ အောက်လမ်းနည်း သုံးပြီး ပြည်သူအချင်းချင်း သွေးခွဲမှုတွေ ပြုလုပ်နေတဲ့ ဒီလူနည်းစုကို ဖော်ထုတ်ရာမှာ တိုင်းရင်းသား ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး တက်ညီလက်ညီ ပါဝင်မှပဲ ရေရှည် မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်အေးစရာ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
မိတ္ထီလာလို မြို့ကြီးတမြို့ရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက် ရန်ကုန်ဆီ သယ်မလာသင့်ပါဘူး။ မီးက လောင်ခဲ့ပြီးပါပြီ။ မီးလောင်ရာ လေပင့်တဲ့အထဲ သာမန်ပြည်သူလူထု မပါဝင်သင့်ပါဘူး။ အစွန်းရောက်သူတွေ သို့မဟုတ် မင်းသား မလုပ်ရလို့ ပတ်မကြီး ထိုးခွဲချင်သူတွေရဲ့ စကားတွေကို နားယောင်ပြီး မီးလောင်ရာလေပင့်မယ် ဆိုရင်တော့ အဲဒီမီးက လက်ရှိ ငြိမ်းချမ်းမှုကို ပျက်ပြားစေမယ့်မီး၊ ကိုယ်ကိုယ်တိုင်ကို လာလောင်မယ့် မီးဆိုတာကို ပညာနဲ့သတိရှိသူတွေ စဉ်းစားဆင်ခြင်မိမယ် ထင်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ ပတ်မကြီး ထိုးခွဲချင်သူတွေကို အားပေးအားမြှောက် ပြုကြမယ် ဆိုရင်တော့ နောက်ပြန် လှည့်ချင်သူတွေရဲ့ လက်ခုပ်သံတွေကို ကြားကြရပါလိမ့်မယ်။
ရန်ကုန်ညခင်းတွေ အရင်လိုပဲ သာယာနိုင်ပါစေ။ ။