မူကြိုတွေ ကလေးတွေကို ပိုညံ့သွားစေသလား

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

ပြီးခဲ့တဲ့ တပတ်က ကလေး ဗဟိုပြု သင်ကြားရေး စနစ် အကြောင်းကို ကျမ အကြမ်းဖျဉ်း ဆွေးနွေး ခဲ့ပါတယ်။ ဒီအပတ်တော့ ကျမ မူကြို ကျောင်းတွေ အကြောင်းကို ပြောချင်ပါတယ်။ မူကြို ကျောင်းများ ဟာ ကလေး တယောက်ရဲ့ ပညာရေး ခြေလှမ်းမှာ ပထမဆုံး စတင်ပြီးတော့ ချလိုက်ရတဲ့ ခြေလှမ်းတခုပါ။ ဒါကြောင့်မို့ မူကြို ကျောင်းများ ဟာ သိပ်ကိုမှ အရေးကြီးလှပါတယ်။

ကလေးတို့ သုံး၊ လေး နှစ် အရွယ်လောက် ရောက်လာပြီ ဆိုရင်ပဲ မိဘ တော်တော်များများက မူကြိုကို ပို့ကြပါပြီ။ မူကြိုကို ပို့တဲ့ ရည်ရွယ်ချက်ပေါင်း မြောက်များစွာ ထဲမှာမှ ကျမတို့ဆီက မိဘ တော်တော်များများရဲ့ ရည်ရွယ်ချက် ကတော့ သူတို့ကလေး သူငယ်တန်း တက်ရင် စာတွေ အဆင်သင့် ဖြစ်နေအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့ကြတာ များပါတယ်။ အဲဒီလိုပဲ ကျမတို့ နိုင်ငံက မူကြိုကျောင်း အများစုကြီးဟာလည်း ကလေးတွေကို သူငယ်တန်း စာတအုပ်လုံး နီးနီးလောက် ရနေစေဖို့ အစွမ်းကုန် လေ့ကျင့်ပေးကြပါတော့တယ်။ ဒါဟာ တကယ်တော့ အင်မတန်ကိုမှ မှားယွင်းတဲ့၊ အန္တရာယ်ကြီးမားလှတဲ့  အလုပ်ကြီး တခုပါပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ မွေးစကနေ ငါးနှစ်အရွယ် ကာလဟာ ကလေးတွေရဲ့ ဆော့ကစားတဲ့ အရွယ်(Play Years) လို့ ခေါ်ပါတယ်။ ဘာဖြစ်လို့ ဆော့ကစားတဲ့ အရွယ်လို့ ခေါ်ရသလဲ ဆိုရင် ဒီအရွယ် ကလေးတွေရဲ့ ကစားမှုဟာ လူကြီးတွေ အလုပ်လုပ်သလိုပဲ သူတို့ရဲ့ ကစားနေခြင်းဟာ အလုပ်လုပ်ခြင်း ဖြစ်လို့ပါပဲ။ လူ့ဘဝထဲကို ဝင်ဖို့အတွက် (စိတ်ပိုင်း ရုပ်ပိုင်း ကြီးပြင်းဖို့ အတွက် ) သူတို့ ကစားဖို့ လိုပါတယ်။ ကစားတယ် ဆိုတဲ့ နေရာမှာ ကြွက်သားကြီးများ သန်မာလာအောင် (Gross Motor Skills) လို့  ပြေးလွှား လှုပ်ရှား ကစားဖို့ လိုသလို၊ ကြွက်သားငယ်လေးများ သန်စွမ်းလာအောင် (Fine Motor Skills) လို့ ပန်းချီဆွဲတာ၊ ဂျုံရုပ်လေးတွေ (Play Dough) နဲ့ နယ်ပြီး ကစားကြတာ၊ အရုပ်မလေးတွေကို အင်္ကျီဝတ်ပေးတာ၊ သစ်သားတုံးလေးတွေ တတုံး နဲ့ တတုံး ထပ်ထပ် ပြီး ကစားတာတွေ လုပ်ဖို့ လိုပါတယ်။ ပြေးရင်း လွှားရင်း ဆော့ကစားရင်း နဲ့ပဲ လူ့ဘဝမှာ တကယ် အသုံးဝင်အရေးကြီးလှတဲ့  ကလေးအချင်းချင်း (လူအချင်းချင်း) ပေါင်းတတ် သင်းတတ် စေတဲ့ ပေါင်းသင်း ဆက်ဆံမှု စွမ်းရည် (Social Skills) ကို ရရှိစေနိုင်မှာပါ။

ပေါင်းသင်း ဆက်ဆံမှု စွမ်းရည် ဖံွ့ဖြိုးအောင်လုပ်ဖို့ နဲ့ ကလေးတို့ရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်လေးတွေ တိုးတက်လာအောင် လုပ်ဖို့ဆိုတာ သိပ်ကို အရေးကြီးလှပါတယ်။ ကလေးတို့ ရောင်စုံ ခဲတံလေးတွေနဲ့ ခြယ်ချင်ရာကို ခြယ်ခွင့်ပေးတာ၊ ဂျုံရုပ်လေးတွေ နဲ့ လုပ်ချင်တဲ့  အရုပ်လေးတွေကို လုပ်ခွင့်ပေးတာဟာ ကလေးတို့ရဲ့ တီထွင်ဖန်တီးမှု စွမ်းရည်ကို တိုးတက်လာအောင်လို့ လုပ်ပေးခြင်းပါပဲ။ ဒါတွေဟာ မူကြိုကျောင်းများကနေ မဖြစ်မနေ လုပ်ကိုလုပ်ပေးရမယ့် အရာတွေပါ။

ကလေးတို့ကို ဝလုံးရေးခိုင်းဖို့ (စာရေးခိုင်းဖို့ အတွက်) ကလေးတို့ရဲ့ လက်မောင်း လက်ဖျံ ကြွက်သားတွေ သန်စွမ်းဖို့ လိုသလို၊ လက်ချောင်းလေးတွေ သန်စွမ်းဖို့လိုပါတယ်။ ဒီလို သန်စွမ်းဖို့ အတွက် မပြေးမလွှား မဆော့ မကစားဘဲနဲ့ လုံး၀ မရနိုင်ပါဘူး။ ကလေး တယောက်ကို ဝလုံး အရေး မခိုင်းခင်မှာ ခဲတံကိုင်ခိုင်းဖို့ အတွက် လေ့ကျင့်ပေး၊ လုပ်ပေး ရမယ့် အဆင့်တွေ ရှေ့မှာ အများကြီး ရှိပါသေးတယ်။ ကလေးတယောက်နဲ့ တယောက်ဟာ ဖွံ့ဖြိုးမှု မိုင်တိုင် (Mile Stone) တွေ တယောက်နဲ့ တယောက် မတူကြတာမို့ သုံးနှစ်ပြည့်ပြီ ဝလုံး စရေးတော့၊ လေးနှစ်ပြည့်ပြီ စာ စရေးတော့ ရယ်လို့ လုပ်လို့ မရပါဘူး။

ကျမရဲ့ သားကလေး ကို မူကြို ကျောင်းထားမယ် ဆိုပြီးတော့ မူကြို တော်တော်များများကို ကျမ လိုက်ကြည့် လေ့လာ ဖူးပါတယ်။ စားပွဲဝိုင်းလေးတွေ ချပြီးတော့ စာအုပ်လေးတွေ ထုတ်ပြီး ကလေးတို့ ဝလုံး တွေကိုပဲ ထိုင်ရေးနေတဲ့ မြင်ကွင်းကို မူကြို တော်တော် များများမှာ ကျမတွေ့လာရပါတယ်။ သိပ်ကိုမှ စိတ်ဆင်းရဲစရာ ကောင်းတဲ့ မြင်ကွင်းပါ။ သူငယ်တန်း တက်ရင် အဆင်သင့်ဖြစ်အောင် ဆိုပြီးတော့ သူငယ်တန်း စာတွေကို မရပ်မနား သင်နေတဲ့ မူကြို ကျောင်းတွေမှာ ကလေးတွေက မျက်နှာငယ်လေးတွေနဲ့ စာတွေရေးလို့။ ကျောင်းဖွင့်ရင် အဆင်သင့်ဖြစ်အောင်လို့ သင်နေရတဲ့ သူငယ်တန်းစာ ဆိုတာကြီးရယ်၊ အချိန်ပြည့်နီးပါးလောက် ဝလုံးကို မဝိုင်းဝိုင်းအောင် ရေးခိုင်းနေတဲ့ လေးကြောင်းမျဉ်း စာအုပ်တွေရယ်ဟာ ကလေးတို့ရဲ့ တီထွင် ဖန်တီးမှုစွမ်းရည်တွေ၊ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်တွေ၊ တွေးခေါ် စဉ်းစားမှု စွမ်းရည်တွေ၊ ကိုယ်လက် သန်စွမ်းမှုတွေ အားလုံးကို ခမ်းခြောက်သွားအောင်လို့ လုပ်ပစ်နေကြတာပါ။ နှမြောစရာ အကောင်းဆုံး ကတော့ ဒီအရွယ် ကလေးတို့ရဲ့ မွေးရာပါ စွမ်းရည်တခု ဖြစ်တဲ့ စိတ်ကူးကမ္ဘာ ထဲက စိတ်ကူးယဉ် ကစားနည်းတွေ ကို ကစားခွင့်၊ စိတ်ကူးခွင့် မရတော့တာပါပဲ။

မူကြိုကျောင်းတွေက မူကြိုနေရာမှာ မနေဘဲ သူငယ်တန်းစာတွေကို ကြိုကြိုသင်နေကြတဲ့ ကျမတို့ဆီက ပညာရေးကို ကျမ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ မူကြို ကလေးတယောက်ဟာ ကျောင်းမတက်ခင်မှာ သူငယ်တန်းစာကို အကုန် ရသွားတယ် ဆိုပါတော့။ ဒါဆို သူငယ်တန်းက ဆရာမတွေ ဘာတွေကို သင်နေကြသလဲ လို့ မေးစရာ ဖြစ်လာ ပါပြီ။ မူကြိုမှာ ဝလုံး မရေးတတ်ခဲ့တဲ့ ကလေးတယောက်ဟာ သူငယ်တန်း တတ်တဲ့ အချိန်မှာ ကျမတို့ ငယ်ငယ်ကလို ဆရာမက ဝလုံးရေး မသင်ပေးတော့ဘူး လို့လည်း ပြောကြပါတယ်။ တကယ်တော့ သူငယ်တန်း ဆရာမ တယောက်ရဲ့ အလုပ်ဟာ သူငယ်တန်း စာသင်ဖို့ပဲ မဟုတ်လား။ သူငယ်တန်းစာကို မူကြိုတွေက သင်နေတာ၊ သူငယ်တန်းကို ကျူရှင်ယူနေ ရတာတွေကို ကျမ နားမလည်အောင် ဖြစ်ရပါတယ်။

ပညာရေး ဆိုတာဟာ တကယ်တော့ သူငယ်တန်း တခုတည်းနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဘ၀ တသက်တာလုံး သင်ယူသွားရမယ့် အရာပါ။ ကလေးတို့ မူကြိုမှာတင် စာသင်ရတာ ကြောက်စရာ၊ ကျောင်း ဆိုတာဟာ ကြောက်စရာ ရယ်လို့ ထင်သွားခဲ့မယ်ဆိုရင်ဖြင့် သူတို့ အနာဂါတ်ပညာရေး အတွက် စာ သင်ရတာ ပျော်စရာ မဖြစ်နိုင်တော့ ပါဘူး။ ကျမကတော့ ကလေးသံရယ်လို့ မကြားရဘဲ မူကြိုဆရာမရဲ့ “ဟဲ့.. ဝိုင်းအောင်ရေး.. ငေးမနေနဲ့.. မြန်မြန်ရေး” ဆိုတဲ့ အသံတသံကိုပဲ ကြားနေရတဲ့ မူကြိုတွေ အစား ကလေးတွေ အော်ဟစ်ဆူညံစွာ ပြေးလွှားဆော့ ကစားနေတဲ့၊ ပျော်ရွှင် ရယ်မောနေတဲ့ မူကြိုကျောင်းတွေကို ကလေးတို့ အနာဂါတ်အတွက် မြန်မာပြည် ပညာရေး အနာဂတ်အတွက် များများ မြင်တွေ့ချင်ပါတယ်။

(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

Loading