မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီ အထူး အကြီးတန်း သတင်းထောက် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မိတီ္ထလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတီ္ထလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ဝိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ဝိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတီ္ထလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေညဝါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။
မေး။ ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မိတီ္ထလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊ ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။
မေး။ ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉ နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီး ရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင်ရှင်းပြပေးပါလား။
ဖြေ။ ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့ ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို ၉၆၉ က ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့ တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။ ဘာဖြစ်လို့လဲ ၉၆၉ က မိတီ္ထလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကို တရားခံ လုပ်နေတာကြီးက တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။
မေး။ ။ပဲခူးတိုင်းဒေသကြီးမှာ မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။ ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့ ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ဒကာကြီး ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့ အဆက်အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့ ဖွဲ့စည်းထားတဲ့နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှမဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။ မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။ မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊ ၇ တန်းကျောင်းသူ၊ ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက် ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။ နောက်ဆုံးဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ဆဲတဲ့အမှုတောင်ပါတယ်။ တရားမဝင် ဗလီတွေပါတယ်။ ကျူးကျော် ဗလီတွေပါတယ်။ မွတ်စလင်သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဉာဏ်ပေးရတာပေါင်းရင် ၁၀၀ ကျော်ရှိနေပြီ။ သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေဘောင်ထဲကနေ ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြဝါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့ သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။ ဥပဒေဘောင်ထဲက ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။
မေး။ ။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့ တရားဝင်သင်္ကေတအဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။ အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ လိုက်လံဖြန့်ဖြူးနေကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့ ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ ဒီဟာကို ပြင်ဆင်တဲ့သူက ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်တယ်။ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကို ရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။
မေး။ ။ဆရာတော်ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ ဘုရား။
ဖြေ။ ။ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေးဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။ အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့ မြို့တွေတော်တော်များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့ လှည့်ပြန်လာရတယ်။ အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာကိုကြည့်ပြီး အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့်မို့လို့ ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့ ဦးဇင်းဟောတာလေ။
မင်းကိုနိုင်တို့ ၈၈ အဖွဲ့ ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့ တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။ ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူထု ပြောပလောက်အောင် အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့ ပြည်သူ့ဘက် ရပ်တည်တာမျိုးမရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။ ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။ ကြေညာချက်တရပ်ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ အတုံးအရုံးသတ်ဖြတ်နေတာကို လုံး၀ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။
မေး။ ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။
ဖြေ။ ။အော် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့ ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလိုစော်ကားခံရတာ တွေ မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့ မပိုဘူးပေါ့ဗျာ။ အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။ ကိုယ့်အချင်းချင်းဆိုင် မဝယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို သွားတော့ အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာအဆင့်ရောက်သွားတာပေါ့။ အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။ ကိုယ့်လူကာကွယ်ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။
မေး။ ။အခု ပဋိပက္ခတွေ ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။
ဖြေ။ ။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအဝိုင်းကို အကြံပြုနေတယ်။ အခုလည်း အကြံပြုနေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။ ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။ မွတ်စလင်တွေကလည်း မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က ပြသနာဖြစ်လာတဲ့အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာအရေးယူရမယ်။ အဲဒီလို ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူတဲ့အချိန်မှာ တဖက်လူက အင်အားသုံး ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင် ရှေ့မှာ မားမားရပ်တည်ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။
မေး။ ။ သမ္မတအနေနဲ့ မနေ့က မိတီ္ထလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားမှာ အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက် ရောက် အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လဝီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။ သူတို့တွေက သွေးခွဲစကားတွေကို ပြောပြီးတော့ သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကို မှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။ ။