[irrawaddy_gallery]
ပန်းချီ ဇော်ဝင်းဖေ သည် မော်ဒန်ဟန် ပန်းချီကားများကို စိုက်လိုက်မတ်တတ် ရေးဆွဲ နေသူဖြစ်ပြီး အထူးသဖြင့် Landscape (ရှုမျှော်ခင်း) ပန်းချီကားများကို အရေးများသူဖြစ်သည်။ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာ ပြပွဲပေါင်း ၂၀ ကျော်၊ ပြည်တွင်း ပြပွဲပေါင်း ၂၀ ကျော်ပြသခဲ့ပြီး ဆုများလည်း ချီးမြှင့်ခံရသူ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၆ ရက်မှ မတ်လ ၃၀ ရက် နေ့အထိ Natural Person (အညတြရုပ်ပုံလွှာ) အမည်ဖြင့် Portrait (ပုံတူပန်းချီ) ကားများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီ ပြခန်း၌ ပြသသည်။ Natural Person ပန်းချီပြပွဲနှင့် ပတ်သက်ပြီး ပန်းချီ ဇော်ဝင်းဖေ ကို ဧရာဝတီ သတင်းဌာနမှ ကိုစိုးက တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ အရင်က Landscape ပန်းချီကားတွေ ရေးနေရာကနေ ဘာဖြစ်လို့ Portrait တွေ ပြောင်းရေးရတာလဲ။ အရင်ကရော Portrait တွေ ပြပွဲလုပ်ဖူးလား။
ဖြေ။ ။ ကျနော် တောက်လျှောက်ရေးလာတာ Landscape ပဲ၊ ရှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း၊ နောက်ချင်းပြည်နယ် အဲဒီ ခရီးတွေ သွားပြီး ရေးရတဲ့ဟာမျိုးကို ပိုပြီးတော့ ရေးဖြစ်တယ်။ ၂၀၀၄ လောက်ကတည်းက တစိုက်မတ်မတ် ရေးလာတာ၊ ဒီဘက်ရောက်လာတဲ့ အခါကျတော့ ဘာပဲပြောပြော ၇ နှစ် ၊ ၈ နှစ်လောက် တောက်လျှောက်ရေးလာခဲ့တာ။ ပြောင်းတယ်လို့ မဟုတ်ပါဘူး၊ ကျနော် ရေးနေကျ Landscape တွေလည်း ဆက်ရေးမှာပါ။
အခုရေးတဲ့ ပန်းချီကားထဲက လူတွေကျတော့ ဘာကြောင့် စိတ်ဝင်စားလာလည်း ဆိုတော့ ကျနော်နေရတာလေးကိုက ကျနော်က မြောက်ဥက္ကလာ ဝေဘာဂီ မြို့သစ် ဆိုတာ ဆင်ခြေဖုံး၊ ဆင်ခြေဖုံး ဆိုတော့ ကျနော့် အနီးအနားမှာ ရှိတဲ့ လူတွေက ဆိုက်ကား ဆရာတွေ ရှိသလို၊ စာပေ အနုပညာ ချစ်တဲ့ လူတွေလည်း ရှိတယ်။ ဘာကားတွေ ရေးလဲ ဆိုပြီး လာစပ်စုတဲ့ လူတွေလည်း ရှိတယ်။ အဲဒီလူတွေနဲ့ စကားပြောဖြစ်တယ်။ စကားပြောဖြစ်တဲ့ အခါကျတော့ တခါတလေ ကျနော်က စကက်ချ် လေးတွေရေးပြ တယ်။ အဲဒီလို ရေးမိတဲ့ အခါကျတော့ နောက်သူတို့ကို ရေးချင်လာတယ်။
အခု ပြပွဲမှာ ပြတဲ့ ကား ၁၁ ကားထဲမှာ ကျနော့် ကိုယ်တိုင်ရေး ပုံတူ တပုံကလွဲရင် ကျန်တာ အရပ်ထဲက သာမာန် လူတွေရဲ့ပုံတွေ။ ဦးထုပ်နဲ့ ပုံက ကျနော့်ပုံတူ။ အဲဒီပုံက ၂၀၀၈ မှာ ကျနော့် သူငယ်ချင်းရဲ့River ဂယ်လာရီကနေ Portrait ပြိုင်ပွဲလုပ်တယ်။ အဲဒီမှာ ပြိုင်ဖို့ ဆိုပြီး ရေးတာ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မပြိုင်ဖြစ်ဘူး။ အဲဒါ အခုထည့်ပြတာ။ နောက် ပအို့ဝ် အမျိုးသမီး ၂ ယောက် ပုံလည်းပါတယ်။ အဲဒီပုံတွေကတော့ ဓာတ်ပုံကနေ ပြန်ရေးတာ။ ကျန်တဲ့ ပုံတွေကတော့ ထိုင်ခိုင်းပြီး ဒါရိုက်ရေးတဲ့ ပုံတွေ။
မေး။ ။ အဲဒီ ဓာတ်ပုံကနေ ပန်းချီ ပြန်ရေးဖို့ကို ဘယ်လို စိတ်ကူးပုံရိပ်(Inspiration)ပေါ်လာ ရတာလဲ။
ဖြေ။ ။ အဲဒီပုံတွေကတော့ ကျနော်ပွင့်ပွင့်လင်းလင်းပြောရင် ရေးတဲ့သဘောက ဓာတ်ပုံကနေပြီး လေ့ကျင့်တဲ့သဘောပေါ့။ ရေးနေ ရင်း လက်စသတ်ပြီး အခုပြပွဲ လုပ်မယ်ဆိုတဲ့ အခါကျတော့ အဲဒီပုံတွေပါ ထည့်ပြဖို့ တောင်းဆိုတာ ရှိလာတယ်။ အရောင်းအဝယ် သဘော ဈေးကွက်ဝင်မယ့် သဘောလို့ ထင်ပါတယ်။ ကျနော် ပြချင်တာကတော့ ကျနော့် ပတ်ဝန်းကျင်က လူတွေကို ရေးထားတဲ့ ပုံတွေကိုပဲ ပြချင်တာ။
မေး။ ။ Natural Person ဆိုတဲ့ ပြပွဲအမည်ကိုရော ဘယ်လို ပေးဖြစ်တာလဲ။
ဖြေ။ ။ ပြပွဲအမည်က မြန်မာလို ဆိုရင် ဆရာ မြသန်းတင့် ရေးတဲ့ အညတြ ရုပ်ပုံလွှာ ဆိုတာမျိုးပေါ့။ ကျနော်လည်း ကြိုက်တယ်။ အဲဒီ စာအုပ် ပန်းချီကလည်း ဆရာ ဦးကျော်သောင်း ရေးတာကျတော့လည်း အရမ်းသဘောကျတယ်။ အညတြ ရုပ်ပုံလွှာနဲ့ လိုက်တယ်။ ပထမ အဲဒါမျိုး ကျနော် လုပ်မလို့။ ဒါပေမယ့် အခု ပန်းချီကားထဲက လူတွေကလည်း သဘာဝထဲမှာ နေထိုင် ကျင့်ကြံ တဲ့ လူတွေ။ ပထမ သူတို့နဲ့ပြောရတာ အဟပ်ကွာနေသလိုပဲ။ ပြောရင်းပြောရင်းနဲ့ အဲဒီလို အရသာလေးတွေ ကျနော် သဘောကျလာတယ်။ ကျနော်တို့ ဆိုရင် အရမ်း တင်းကျပ်မှုတွေ များတယ်။ တခါတလေ ဆိုလို့ရှိရင် လွတ်လွတ်လပ်လပ် ရယ်ချင်မောချင်ရင် တောင် မရဘူး။ သူတို့မှာ ကိုယ့်လောက် မပြည့်စုံပေမယ့် လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ကျနော်တို့မှာက အမြဲတမ်း ကိုယ့်အလုပ်နဲ့ ကိုယ့်တိုင်ပင်နဲ့ ချိန်ဆပြီး အလုပ် လုပ်နေရတယ်။ သူတို့မှာက အေးအေးဆေးဆေးပဲ။ အဲဒီလို တခါတလေကျရင် အရမ်းနေချင် တာ။ အဲဒီလိုမျိုး တွေ့ရင်းနဲ့ ရေးချင်စိတ် ပေါ်လာတာ။ ကျနော် ဆက်ရေးဖို့လည်း ရှိတယ်။ လူတွေပေါ်မှာ မြင်တဲ့ အမြင်၊ အယူ အဆတွေတော့ ပြောင်းသွားနိုင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်က မော်ဒန် ဟန်ကို ကြိုက်တာကို၊ အခုကတော့ သဘာ၀ အရှိတရားနဲ့ တတ်နိုင်သမျှ ရအောင်ရေးခဲ့တာ။
ကျနော် စရေးတုန်းက အပြောင်းအလဲတွေ စတဲ့ အချိန်၊ ၂၀၁၁ လောက်ကနေ စပြီး ရေးတာ။ အပြောင်းအလဲတွေနဲ့ စပြီး လှုပ်လှုပ် ရှားရှား ဖြစ်တဲ့ အချိန်။ ဘယ်လို ပြောင်းမယ်၊ ဘယ်လိုဖြစ်မယ် ဆိုပြီး တွက်ဆတဲ့ အချိန်။ အဲဒီအချိန်မှာ ကျနော်က ဒီလူတွေနဲ့ စကား ပြောကြည့်တဲ့အခါကျတော့ တချို့က အဲဒါကို သိပ်နားမလည်ဘူး။ တချို့ကတော့ ဒီမိုကရေစီ ဖြစ်တာကို အရင်းရှင် စနစ် ပြန်ဖြစ်တယ်လို့ ထင်နေတယ်။ ဆိုက်ကားဆရာ တချို့က ကျနော့်ကို ကျနော်တို့ ဒီ့ထက်ပိုပြီး ကျပ်တည်းမယ်အစ်ကို ဆိုပြီး ပြော တယ်။ ပြောတဲ့ အခါကျတော့ ကျနော်လည်း ဉာဏ်မီသလောက် ရှင်းပြတယ်။ ဒီမိုကရေစီနဲ့ အရင်းရှင် ကွာတဲ့ စနစ်လေးတွေ ပြောပြ တယ်။ ဒီမိုကရေစီ ဆိုတာ ကျနော် နားလည်တာက ကိုယ်ကျွမ်းကျင်တဲ့ အပိုင်း၊ ပညာရပ်ပိုင်းမှာ တိုးတက်ရင် တိုးတက်သလို ကိုယ့်အခွင့်အရေး ကိုယ်ရတယ် ဆိုတဲ့ သဘောမျိုး ရှင်းပြတယ်။ အရင်းရှင် စနစ်ဆိုတာကတော့ ကိုယ်တော်ပေမယ့်လည်း ငွေရှင် ရဲ့ ချယ်လှယ်မှု အောက်ကနေ သွားရတယ် ဆိုတဲ့ သဘောမျိုး ပြောပြတယ်။ အဲဒီတော့ အခုအချိန်ကနေ စပြီး ပေါ့ပေါ့တန်တန် မနေနဲ့ ကိုယ့်ကလေးတွေ ပညာရေးအတွက် ဘယ်လိုလုပ် ဆိုတာမျိုးတွေ ပြောဖြစ်တယ်။ တကယ့်တကယ် ကျတော့ သူတို့က မနက်စာနဲ့ ညစာ အလျင်မီအောင် ရုန်းကန်ရတဲ့လူများတယ်။ အသိအမြင်ပိုင်းကျတော့ ကိုယ်ပြောတာပဲ ရှိတယ်၊ တကယ်တန်း ထဲထဲဝင်ဝင် လက်ခံနိုင်တဲ့ အင်အား သူတို့ မရှိဘူး။ သူတို့က သာမန် လူတန်းစားတွေ။
မေး။ ။ အခုပြပွဲမှာ တင်ထားတဲ့ ပန်းချီကားတွေကို ဘယ်လိုရေးချက် နည်းစနစ် နဲ့ ရေးထားတာလဲ။ ထူးခြားတဲ့ ရေးချက်တွေကို သုံးထားတာရော ရှိလား။
ဖြေ။ ။ ဒီပွဲမှာတော့ ထူးခြားတဲ့ ရေးချက် အားနည်းတယ်။ ကျနော် စုတ်တန်နဲ့ ရေးတာပါတယ်၊ ပြီးတော့ Knife(ဓား)နဲ့ ရေးတာပါတယ်။ ထူးထူးခြားခြား ရေးတာကတော့ ကျနော် နောက်တဆင့်မှန်းထားတယ်။ ပထမ စကတည်းက ကျနော် အရိုးဆုံးကို ရေးချင် တာ။ ကျနော် ကိုယ်နှိုက်ကလည်း သဘာဝဆန်တဲ့ ရေးချက်မျိုး၊ ရေးဟန်မျိုး အဲဒီလိုသွားချင်တာ။ အရောင်သုံးတာကလည်း ထူး ထူး ခြားခြား Message(တွေးစရာ) တခုအတွက် ရေးတာမျိုး မဟုတ်ဘူး။ ကျနော် ကိုယ်နှိုက်ကိုက အရောင် ပြင်းပြင်း စူးစူး ရှရှ ရေး ရတာကို ကြိုက်တယ်။ အဲဒါကြောင့် တခါတလေကျ အရောင်ပြင်းအားကို တင်ပြီးရေးတတ်တဲ့ အလေ့အကျင့်ရှိတယ်။ ဒီ Portrait တွေရေးပြီးပြပွဲ လုပ်တာကတော့ ပထမဆုံး အကြိမ်ပါပဲ။ တချို့ ပုံတွေက တူမှုကို အာရုံ ထားတယ်၊ တချို့ပုံတွေကို တော့ တူတာ မတူတာထက် ကျနော့် အနုပညာကို ပိုအာရုံ ထားတယ်။
အပြာရောင်တွေ များများနဲ့ ရေးထားတဲ့ အညတြ ရုပ်ပုံလွှာ ၆ ပန်းချီကား(Natural Person 6 ) ဆိုရင် အဲဒီကား ရေးတဲ့ အချိန်မှာ လက်ပံတောင်းတောင် ကိစ္စ ဖြစ်နေတယ်၊ ကျနော်တို့ စိတ်ထဲမှာ သိပ်မကြည်လင်ဘူး၊ အဲဒီ Mood(အာရုံ ခံစားမှု)တော့ ပါတယ်။
မေး။ ။ နိုင်ငံတကာ ပြပွဲအတွေ့အကြုံတွေလည်း အများကြီးရှိတယ်ဆိုတော့၊ ပြည်တွင်း ပန်းချီလောကအပေါ် အမြင်ကို နိုင်ငံ တကာနဲ့ ယှဉ်ပြီး ပြောပြပါဦး။
ဖြေ။ ။ ပြည်တွင်း ပန်းချီလောက ကတော့ ကျနော်တို့ ပန်းချီဆရာတွေက မကြိုးစားဘူးတော့ မဟုတ်ဘူး၊ အရမ်း အလုပ် လုပ်ပါတယ်။ သို့သော် လုပ်တဲ့အခါ တခါတလေမှာတော့ လွဲတယ်၊ ကျနော်တို့က အစဉ်အလာတို့ မိရိုးဖလာတို့၊ ပုံမှန် လမ်းကြောင်းတို့ ဆိုတဲ့ အထဲမှာ ကျနော်တို့က အရမ်းနေသားကျတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တဖက်ကို ကွဲထွက်လာတာမျိုးတို့၊ တဘက်ဘက်ကို Creation(တီထွင် ဖန်တီးမှု) တခုခုနဲ့ ပြောင်းလဲဖို့တို့ ဟာမျိုးကျတော့ ကျနော်တို့ လူလတ်ပိုင်းတွေမှာ အတော် အားနည်းသွားတယ်။
ဒါပေမယ့် လူငယ်ပိုင်းတွေမှာ ကျတော့ သူတို့က ခွဲထွက်ဖို့ ကြိုးစားတယ်၊ နောက် စတိုင်သစ်တွေ ကြိုးစားတယ်၊ သူတို့ ယုံယုံကြည်ကြည်နဲ့ လုပ်သင့် လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့ နဲ့ လုပ်တယ်။ ဒါပေမယ့် သူတို့မှာကျတော့ အတွေ့အကြုံ အားနည်းတယ်။ သူတို့ ရတဲ့ အတွေ့အကြုံက သုတ ဉာဏ်လို့ပဲ ပြောရမလား မသိဘူး။ သူတို့က အင်တာနက်က ရမယ်၊ စာအုပ်က ရမယ်။ အဲဒါမျိုးတွေကနေ သွားတဲ့ အခါကျတော့ သူတို့မှာ အခုနက ပြောသလို အတွေ့အကြုံအားနည်းတဲ့ဟာက ကိုယ်ခံအား ဖောင်ဒေးရှင်းမှာ လက်တွေ့မရတဲ့ အခါကျတော့ တခါတခါ သူတို့လိုချင်တဲ့ Target(ရည်မှန်းချက်)ကို မရောက်ဘူး ဖြစ်ဖြစ်နေတယ်။
ဒါပေမယ့် အဲဒါကလည်း ဒီဘက်က လူကြီးတွေရဲ့ အတွေ့အကြုံမျိုးနဲ့ သူတို့ လုပ်ချင်တဲ့ လွတ်လွတ်လပ်လပ် ဖန်တီးချင်တဲ့ စိတ် ဆန္ဒမျိုးနဲ့ ပြန်ပြီၤး ပေါင်းစပ်နိုင်ရင်တော့ အနုပညာ လောကအတွက် နောက်တဆင့် တက်ပြီး တကယ့်ကို လိုချင်တဲ့ အနုပညာမျိုးတွေ ထွက်လာမယ်လို့ ထင်တယ်။
နောက်တခုက ဂယ်လာရီတွေပေါ့၊ ဂယ်လာရီတွေ ဆိုလို့ရှိရင်လည်း ကျနော်တို့ ဆီက ဂယ်လာရီတွေက ပြသပုံ တင်ဆက်ပုံ တင် ဆက်နည်းတွေမှာ တချို့က အရမ်းအားနည်းပြီးတော့ ပန်းချီကားတွေ အများကြီးချိတ်ပြီး ပြနေတာမျိုးတွေပဲ ရှိပြီးတော့ တခြားနိုင်ငံ တွေမှာက ပြသတဲ့ တင်ဆက်ပုံတွေက တကယ့်ကို ပန်းချီကားကို ပံ့ပိုးတာမျိုး။ Lighting(အလင်းရောင်) တွေနဲ့ ပံ့ပိုးတာ ၊ Space(နေရာ အထားအသို) တွေနဲ့ ပံ့ပိုး တာမျိုးတွေ။ ကျနော်တို့ ဆီမှာက သမားရိုးကျ ပြသတာမျိုး။ ဒါပေမယ့် အရင်တုန်းက နဲ့ စာလို့ရှိရင်တော့ အတော့်ကို တိုးတက်လာတယ်။ ပြည်တွင်းကတော့ မိသားစုအသွင် ပိုဆောင်တယ်။ ပန်းချီဆရာနဲ့ သူ့ အပေါင်း အသင်း ပရိသတ်တွေ လာတဲ့ ပွဲပဲ။
မေး။ ။ ဈေးကွက်နဲ့ အနုပညာ အပေါ် သဘောထား အမြင်နဲ့ ခံယူချက်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ လုပ်တုန်းကတော့ တခါတည်း အနုပညာကိုနားလည်ပြီးတော့ အနုပညာရှင်ကြီး ဖြစ်အောင် ကြိုးစားတာမျိုးလည်း မဟုတ်ဘူး။ ဈေးကွက်ကို အားပြုပြီးတော့ အရမ်းရောင်းရအောင် ကြိုးစားတာမျိုးလည်း မဟုတ်ဘူး။ လုပ်ရင်းလုပ်ရင်းနဲ့ ဒီ ပန်းချီ ရေးရတဲ့ တန်ဖိုးကို သိလာတယ်။ အနုပညာ တန်ဖိုးကို သိလာတယ်။ အဲဒီအပေါ်မှာ အားထည့်ရင်း ထည့်ရင်းနဲ့ သူ့ဘာသာ သူ လူကြိုက်များလာပြီး အရောင်းအဝယ် ဖြစ်တဲ့ ပန်းချီဆရာ မျိုးပဲ။ အဲဒီတော့ ကျနော်မြင်တာကတော့ ကိုယ့်အလုပ်ကိုယ် တန်ဖိုး ထားပြီးတော့ မှန်မှန် ကန်ကန်နဲ့ ကြိုးစားမယ် ဆိုရင် ဈေးကွက်တို့၊ အောင်မြင်မှုတို့ ဆိုတာ သူ့ဟာသူ နောက်က လိုက်လာမယ်။
မေး။ ။ ပန်းချီအနုပညာကို လေ့လာ ဖန်တီးတဲ့ နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း ပြောပါဦး။
ဖြေ။ ။ အခက်အခဲကတော့ အများကြုံတဲ့ အခက်အခဲမျိုးတွေပါပဲ။ စိစစ်ရေး ဆိုတာမျိုးကိုတော့ ကျနော်တို့ ဖြတ်ရတယ်။ အရင် ထက်စာရင်တော့ အခု လျော့သွားတယ်။ ဟိုတုန်းကတော့ အနီရောင်တရောင် ရေးတာက အစ ပြဿနာ ရှိခဲ့တယ်။ ဘာကြောင့် နီတာလဲ ဆိုတာ။ ကျနော်ရေးတဲ့ ရှမ်းပြည် ရဲ့ Landscape ကားတွေမှာ မြေကြီးတွေက သဘာဝကိုက နီနေတာ။ ညနေပိုင်း နေ ရောင်က အဲဒီ အပေါ် သွားကျရင် နီရဲ နေတာမှ တကယ့်ကို စိတ်ကိုလှုပ်ရှားစေတဲ့ အနီမျိုး။ အဲဒါမျိုးက တကယ့်ကို သဘာ၀ ခံစားပြီး ကိုယ့်ခံစားချက်နဲ့ ရေးတာ။ ဒါပေမယ့် သူတို့က တမျိုး အဓိပ္ပာယ်ကောက်ပြီး ပယ်တာမျိုးတွေလည်း ရှိတယ်။ ကျနော့် ပန်းချီကား တွေ က အနီတွေ များတယ် ဆိုတာမျိုး။ ဒါပေမယ့် ပန်းချီဆရာကတော့ အရောင်ကို ချစ်လို့ ရေးတာ၊ အသုံးချတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အဲဒါကို ကန့်သတ်မှုတွေကြောင့် အချုပ်အနှောင် သွားဖြစ်တယ်။ အနီရေးရင် ဘာ၊ အဝါ ရေးရင် ဘာ၊ အပြာ ရေးရင် ဘာ ဆိုတာမျိုး။ တကယ်တမ်းက ကျနော်တို့ က ချစ်တဲ့ စိတ်နဲ့ ရေးဖြစ်တာ။ ပန်းချီပညာမှာ လိုအပ်တဲ့ အရောင်ကို ထည့်ရေးတာပါ။
ကျနော်ကြုံဖူးတာ ရှိတယ်၊ အဲဒါက တပ်မတော်နေ့ နှစ် ၅၀ ငွေရတု အထိမ်းအမှတ် ပြပွဲအတွက် မျိုးချစ် စိတ်ဓာတ်နဲ့ ပတ်သက်တဲ့ ပန်းချီကားမျိုး တောင်းတယ်။ တောင်းတော့ ကျနော်က ဘာရေးလည်း ဆိုတော့ ရွှေတူ ဂျာနယ်မှာ ပါလာတဲ့ ဓာတ်ပုံလေး၊ အဲဒီ ဓာတ်ပုံ က ဆရာစံ ရုံးထုတ်တဲ့ ပုံ။ ကျနော်က အဲဒီ ဆရာစံ ပုံကို ရေးတယ်၊ ရေးတာက မျိုးချစ် သူရဲကောင်း ဆိုတဲ့ အမည်နဲ့ ရေး တာ၊ ဆရာ စံကို နောက်ဆုံးနေ့ ကြိုးတိုက်ပို့တဲ့ အခန်းပဲ၊ ဒါပေမယ့် သူတို့က မျိုးချစ် သူရဲကောင်းက အဲဒီလို မကျဆုံးဘူး ဆိုတဲ့ သဘောနဲ့ ပယ်လိုက်တယ်။
မေး။ ။ ပန်းချီဆရာ တယောက်အနေနဲ့ ပန်းချီ အနုပညာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် အဓိပ္ပာယ် ဖွင့်ဆိုထားတာမျိုး ရှိလား။
ဖြေ။ ။ ကျနော်တို့ ပန်းချီကို ပထမ စသင်တုန်းက အရုပ်ရေးတယ်ဆိုတဲ့ အဆင့်ကို စတယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ပန်းချီ ဆိုတာ တကယ်တော့ အကြိုးအကြောင်းကို ရေးတာ၊ ဒါပေမယ့် အကျိုးအကြောင်းကို ရေးနေတဲ့ အချိန်တုန်းက ကျနော် သိ သလောက် အဲဒါ သဘာဝထဲမှာပဲ ရှိနေတယ်။ အဲဒီထက်ပိုတဲ့ ကိုယ့်အတွေးအမြင်၊ ကိုယ့် ဖန်တီးချက်တွေ ပါမှ ကိုယ့် အနုပညာ ဆိုတဲ့ အဆင့်ကို ရောက်တယ်။ အဲဒီတော့ ပန်းချီဆိုတာ ကျိုးကြောင်း ခိုင်ခိုင်မာမာ ရှိပြီးတော့ ကိုယ့်ရဲ့ အတွေးအခေါ် အယူ အဆ ကို ခြေခြေမြစ်မြစ် ထည့်နိုင်မှ ပန်းချီလို့ ယူဆတယ်။ ပန်းချီဆရာ တယောက်အနေနဲ့ ခံစား လေ့လာမှု ၊ ဖန်တီး ထုတ်လုပ်မှုတွေ အားကောင်း ရမယ် ပေါ့။
မေး။ ။ ပန်းချီမှာ အထူးသဖြင့် မော်ဒန်နဲ့ ရိုးရာယဉ်ကျေးမှု အပေါ်မှာ ဘယ်လို သဘောထား ရှိလဲ။
ဖြေ။ ။ ကျနော်ကတော့ အနုပညာကို အနုပညာလို့ပဲ မြင်တဲ့ ခံယူချက်မျိုးပေါ့။ ယဉ်ကျေးမှု ဆိုတာ ကျနော် မချစ်တာ မဟုတ်ဘူး။ ချစ်တယ်၊ ထိန်းသိမ်းတယ်။ ကျနော်လည်း ကြိုက်တယ်၊ ဒါပေမယ့် ကျနော့် အနုပညာကျတော့ ကျနော် ယုံကြည်တဲ့ အနုပညာက အားလုံးကို ခံစားစေချင်တယ်။ ကျနော့် ပန်းချီကားက တခုခုကို ရည်ညွန်းထားတာမျိုး၊ တခုခုထဲမှာ ကန့်သတ် ထားတာမျိုး ကျနော် မကြိုက်ဘူး။ တရုတ်ကြီးပဲ ဖြစ်ဖြစ်၊ အမေရိကန်ပဲ ဖြစ်ဖြစ်၊ ဗမာပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် အနုပညာ ဆိုတာကို အရသာခံတတ် စေချင်တယ်၊ အရသာ သိစေချင်တယ်။ ကျနော် ဘောင်မခတ်ဘူး။ လိုအပ်ရင် ရိုးရာယဉ်ကျေးမှုကို ထည့်သုံးမယ်၊ မလိုအပ်ရင် မသုံးဘူး။
မေး။ ။ ဒီလို ပန်းချီကားတွေ ရေးပြီး အလုပ်လုပ်နိုင်ဖို့၊ နေနိုင်ဖို့အတွက် ကိုယ့်ရဲ့ Life style (နေ့စဉ်ဘဝ)ကို ဘယ်လို ကျင့်ကြံ နေ ထိုင်လဲ။
ဖြေ။ ။ ကျနော်နေတတ်တဲ့ အနေအထားကိုက ကျနော်က အေးတယ်၊ အေးတော့ ပုံမှန်သမားပဲ။ ကျနော် အောင်မြင်ခြင်း မအောင်မြင်ခြင်း၊ ရှိခြင်း မရှိခြင်း ဆိုတာ ကျနော့်အတွက် ကျနော်နေတတ်တဲ့ သင့်တင့်တဲ့ နေထိုင်မှုမျိုးနဲ့ပဲ ကျနော် နေတယ်။ ကျနော့်မှာ ပိုက်ဆံရှိလို့လည်း ပိုသုံးလိုက်တာမျိုး မရှိဘူး၊ ပန်းချီကား မရောင်းရလို့ စိတ်ဓာတ် ပျက်သွားတမျိုးလည်း မရှိဘူး။ ကြုံလာတဲ့ အပေါ်မှာ ပျော်ပျော်လေးနဲ့ပဲ၊ အေးအေး ချမ်းချမ်းလေးနဲ့ပဲ နေတယ်။ မိသားစုလည်း နည်းတယ်။ မိသားစု ၄ ယောက်လည်း အေး အေး ချမ်းချမ်းပဲ။ ပုံမှန်ပဲ။ ပေါင်းသင်း ဆက်ဆံရေးလည်း အဲဒီလိုပဲ။ ကူညီစရာ ရှိရင်လည်း သေသေချာချာ ကူညီတယ်။ ကျန်းမာရေး အတွက်တော့ ကျနော် လမ်းလျှောက်တယ်။ သင့်တင့်တဲ့ အစာ အာဟာရမျိုးကို စားတယ်။ ဒုက္ခပေးမယ့် ဟာမျိုးကို မစားဘူး။ ။