“ကြိုးကိုင်နေတဲ့ လူတွေကို ဖော်ထုတ်ဆဲပဲ ရှိပါသေးတယ်”

ကျော်ခ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေကို ကူးစက် ပြန့်ပွားခဲ့သလို ရန်ကုန်မြို့မှာလည်း ကောလာဟလတွေ ပြန့်ပွားခဲ့ပါတယ်။ ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဒီလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၄၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။

နေပြည်တော် အပါအဝင် ပဲခူးတိုင်းထဲအထိ တပတ်အတွင်း နေရာအတော်များများကို ကူးစက်သွားတဲ့ ဒီပဋိပက္ခ  ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူတွေ ရှိလိမ့်မယ်လို့  “မြန်မာနိုင်ငံရဲတပ်ဖွဲ့” က သံသယရှိနေပြီး ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းလုံခြုံမှုကို ထိပါးလာတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ သည်းခံမှာ မဟုတ်ဘဲ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် တားဆီး
နှိမ်နှင်းကြဖို့ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းစဉ် ထည့်သွင်း ပြောဆိုသွားပါတယ်။

ဒါကြောင့် ဒီပဋိပက္ခဖြစ်စဉ်အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုင်တွယ်ဆောင်ရွက်နေပုံ အခြေအနေတွေကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင် ကို ဧရာဝတီ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။     ။ မိတ္ထီလာက စခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ နေပြည်တော်တို့ ပဲခူးတိုင်းတို့ကိုပါ ကူးစက်ခဲ့ပါတယ်။ ဒါတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်သလဲဆိုတာ သိပါရစေ။

ဖြေ ။     ။ အခုနောက်ပိုင်းတော့ ကျနော်တို့ အဓိကရုဏ်းနှိမ်နှင်းရေး လမ်းစဉ် အစီအမံအတိုင်းပဲ ကျနော်တို့ ထိန်းချုပ်ပါတယ်။ အရင်ဆုံး ပါးစပ်နဲ့ပြောပါတယ်၊ ညှိနှိုင်းပါတယ်၊ ဆွေးနွေးပါတယ်။ နောက်ဆုံး မရတဲ့ အခါမှာတော့ ရာဘာကျည်နဲ့ ပစ်ပြီးတော့ လူစုခွဲပါတယ်။ လက်ရှိ အနေအထားမှာဆိုရင် ပဲခူးဆိုတော့ ပဲခူးအနောက်ခြမ်းမှာ
တပ်ရင်းတရင်း လွှတ်ထားပါတယ်၊ နယ်မြေခံ တပ်တွေလည်းရှိပါတယ်။

မေး ။     ။ အခု ဖြစ်နေတဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ နောက်ကွယ်က လှုံ့ဆော်သူတွေရှိနေတဲ့ အတွက်ကြောင့် ဒီလောက်ထိ
ကူးစက်မှုတွေ ဖြစ်နေတယ်ဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေကြတယ်။ ဒီအပေါ်မှာ ရဲတပ်ဖွဲ့အနေနဲ့ရော ဘယ်လိုသိထားလဲ။

ဖြေ ။     ။ လှုံ့ဆော်မှုတွေ ရှိနေတယ်ဆိုတာကတော့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ကတော့ လောလောဆယ် အနေအထားမှာ ပြောလို့မရသေးဘူး။ ဖြစ်နိုင်ခြေကတော့ များတာပေါ့လေ။ လှုံ့ဆော်မှု တခုခု မရှိဘဲနဲ့တော့ အလကားနေရင်း မဖြစ်ပါဘူး။ ရှိလို့ပဲ ဒါမျိုးတွေလုပ်လာတာ ဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ အကြမ်းဖက်တဲ့ လူတွေလောက်ပဲ ထိန်းသိမ်းထားတာရှိပါတယ်။ တကယ်တမ်း အဓိက တရားခံခေါ်မှာပေါ့ဗျာ၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူတွေကို ဖော်ထုတ်ဆဲပဲ ရှိပါသေးတယ်၊ လက်ရှိမှာ သူတို့က လာအကြမ်းဖက်မယ်၊ မီးရှို့မယ်၊ ဖျက်ဆီးမယ်၊ ဒါမျိုးလူတွေလောက်ပဲ လက်ရှိမှာ ဖမ်းမိပါသေးတယ်။

မေး ။     ။ ဒီလို လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သံသယရှိရင် တခြားနေရာတွေမှာ ထပ်မဖြစ်အောင် တနိုင်ငံလုံးကို ရဲတပ်ဖွဲ့ အနေနဲ့ ကြိုတင် အသိပေးတာမျိုးလုပ်ဖို့ အစီအစဉ်တွေရှိလား။

ဖြေ ။     ။ အဲဒီလို အစီအစဉ်တော့ မရှိပါဘူးဗျ။ လက်ရှိအနေအထားမှာ ရတဲ့သတင်းတွေကို ရနိုင်သလောက် စုဆောင်းပြီးတော့မှ အဓိကရုဏ်းတွေ မဖြစ်ဖို့အတွက်တော့ ထိန်းသိမ်းနေပါတယ်။

မေး ။     ။ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ထိရောက်တဲ့ ကာကွယ်မှုတွေ နည်းတယ်ဆိုပြီး အခင်းဖြစ်ပွားတဲ့ နေရာက
ဒေသခံတွေကိုယ်တိုင်က ဝေဖန်ပြောဆိုနေကြတာတွေ ရှိပါတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ကြတော့ရော ဘယ်လိုအခက်အခဲတွေ ရှိနေလို့လဲဗျ။

ဖြေ ။     ။ အဓိက ကျနော် မြင်တာတော့ ကျနော်တို့ ပစ်တာကတော့ ရာဘာကျည်နဲ့ ခြောက်လှန်ပစ်တာ လုပ်တာပေါ့။ သူတို့ကလည်း ရာဘာကျည်က ဘာမှမဖြစ်ဘူးဆိုတာ သိနေတဲ့သဘောတော့ ရှိပါတယ်။ ဒါကြောင့် သူတို့က ပိုတိုးလုပ်လာရင် ကျနော်တို့ဘက်က ကိုင်တွယ်ရတာ အခက်အခဲရှိတာတွေ ရှိပါတယ်။ နောက်တခုက သူတို့နဲ့ ကျနော်တို့ အင်အားခြင်း မမျှတာတွေလည်း ရှိနေပါတယ်။ သတင်းတွေကတော့ ကျနော်တို့ ချက်ချင်းရပါတယ်၊ ရတဲ့အခါမှာ ရှိတဲ့အင်အား၊ တတ်နိုင်တဲ့ အင်အားနဲ့ ဖြစ်အောင်တော့ ဝိုင်းထိန်းပြီးတော့ လုပ်နေကြတာပါ။

မေး ။     ။ မြန်မာရိုးရာ သင်္ကြန်ပွဲတော်က နီးလာပြီ ဆိုတော့ ဒီအကြမ်းဖက်မှုတွေက အုပ်စုလိုက် စုဖွဲ့သွားလာလို့ လွယ်ကူတဲ့ သင်္ကြန်ကာလကို ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်လား။

ဖြေ ။     ။ သင်္ကြန်ပွဲက အားလုံးရဲ့ပွဲ ဖြစ်တဲ့အတွက် ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ယူဆပါတယ်။ သင်္ကြန်ကာလ အတွက်တော့ လုံခြုံရေးကို နှစ်စဉ် လုပ်နေကြအတိုင်းတော့ စီမံထားပါတယ်။ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေအလိုက် သင်္ကြန်တွင်း လုံခြုံရေး စီမံချက်ဆိုတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ရေးဆွဲထားပါတယ်။ လုံခြုံရေးကို ဒီနှစ်မှ ထူးထူးခြားခြား
စီမံဖို့တော့ အစီအစဉ်မရှိသေးပါဘူး။

မေး ။     ။ အခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ တခြားပြည်နယ်တိုင်းတွေကို ဆက်ပြီး မကူးစက်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာရော ရှိလားဗျ။

ဖြေ ။     ။ အဲဒါတွေတော့ လုပ်နေပါတယ်ဗျ။ တပ်မတော်အဖွဲ့လည်း ပါတယ်၊ ကျနော်တို့ ရဲအဖွဲ့လည်း ပါပါတယ်ခင်ဗျ။ လှည့်ကင်း လှည့်တာတွေ၊ နယ်မြေစိုးမိုးရေးတွေ ဆောင်ရွက်နေပါတယ်၊ ရန်ကုန်မှာလည်း ရန်ကုန်အလျောက်ပေါ့၊ စစ်ဆေးတာတွေ၊ ညဘက် ကင်းလှည့်တာတွေ လုပ်ထားပါတယ်။

မေး ။     ။ ပဋိပက္ခတွေ ဖြစ်ပွားတဲ့နေရာတွေရဲ့ နောက်ဆုံးအခြေအနေတွေ ပြောပါဦးခင်ဗျ။

ဖြေ ။     ။ မိတ္ထီလာ အပါအဝင် မန္တလေးတိုင်းထဲက အခြေအနေတွေကတော့ တည်ငြိမ်သွားပြီလို့ ပြောလို့ရပါတယ်။ ဒီလိုပဲ နေပြည်တော်မှာဖြစ်သွားတဲ့ ၂ နေရာမှာလည်း ငြိမ်သွားပါပြီ။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading