ကလေးတွေ အပြင်စာဖတ်ပါစေ

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့တပတ်က မူကြိုကလေးများကို သူငယ်တန်းစာတွေချည်း ဖိသင်နေကြတဲ့ သူငယ်တန်း မူကြိုများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒီတပတ်မှာတော့ ကလေးများနဲ့စာ (ပုံပြင်၊ ကာတွန်း) ဖတ်တဲ့အကြောင်းကို ကျမ တင်ပြဆွေးနွေးချင်ပါတယ်။ ကျမတို့ရဲ့ မြန်မာပြည်က မိဘတော်တော်များများဟာ ကလေးတွေ စာဖတ်တာကို မကြိုက်တတ်ကြပါဘူး။ အပြင်စာ (ပုံပြင်၊ ကာတွန်း) ဖတ်မယ် ဆိုရင်ဖြင့် ကျောင်းစာမှာ အားနည်းသွားမယ်၊ ညံ့သွား လိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ အပြင်စာဖတ်ရင် ပျက်စီးမယ်လို့ထင်ကြတဲ့ မိဘတွေတောင်မှ ရှိကြပါသေးတယ်။

တကယ်တော့ စာဖတ်ဝါသနာ ဆိုတာဟာ မိဘတွေအနေနဲ့ ကလေးတို့ကို ပျိုးထောင်ပြုစုပေးရမယ့် ဝါသနာတရပ်ပါပဲ။ စာဖတ်ခြင်းဟာ ထောင်တံခါးများကို ပိတ်စေပါတယ်။ အမေရိကန်နိုင်ငံ အရီဇိုးနား ပြည်နယ်မှာရှိတဲ့ ထောင်မှာ ထောင်ထဲက အိပ်ရာဘယ်နှစ်ခုလောက်များ လိုမလဲလို့ တွက်ချက်ကြည့်ကြတဲ့ အခါမှာ အဲဒီပြည်နယ်မှာရှိနေတဲ့ လေးတန်းကလေးတွေ ဘယ်နှစ်ယောက်လောက် စာဖတ်ဝါသနာပါကြလဲ၊ စာဖတ်ကြလဲ ဆိုတာပေါ်မူတည်ပြီး တွက်ချက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းလေးကို ဖတ်ရတော့ ကျမရင်ထဲမှာ တွေးစရာတွေ များစွာ ရှိလာရပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ဖြင့် ကလေးများကို ငယ်ရွယ်စဉ် မွေးစကတည်းက စာဖတ်ပြတဲ့ အလေ့အကျင့်လေးတွေကို လုပ်ကြ၊ ရှိကြပါတယ်။ ကလေးတို့ ဖတ်စရာစာအုပ်ကလည်း စာကြည့်တိုက်များမှာ စုံလှသလို၊ စာကြည့်တိုက် ဆိုတာကလည်း ကလေးတွေ မလာချင်လာချင်အောင်လို့ လုပ်ထားတဲ့ နေရာမျိုးပါ။ ကလေးကျောင်းများမှာ ဆိုလည်း ကျောင်းတိုင်းမှာ စာကြည့်တိုက်ရှိပါတယ်။ သူငယ်တန်းအရွယ်ကတည်းက ကလေးအိမ်မှာ ဖတ်ဖို့ အတွက် စာအုပ် တွေကို ကျောင်းစာကြည့်တိုက်တွေကနေ ငှားလိုက်ကြတာကိုး။ ကျမတို့ဆီမှာတော့ဖြင့် ကလေးစာပေဆိုတာဟာ အင်မတန်မှ ရှားပါးလှတဲ့ စာပေအမျိုးအစားပါ။ ကလေးစာကြည့်တိုက် ဆိုတာကတော့ ကြားတောင်မှမကြားဖူးတဲ့ အရာပါ။ မိဘများမှာလည်း ကလေးတို့ ပထမရဖို့ ၊ ကျူရှင်တက်ဖို့ ၊ အင်္ဂလိပ်လို ပြောတတ်ဖို့ ဆိုတဲ့ ကိစ္စတွေမှာ ခေတ်နဲ့အညီ အမီလိုက်နေရတာမို့ ပုံပြင်လေးတွေ၊ ကာတွန်းလေးတွေကို ကလေးကိုဖတ်ပြဖို့နဲ့ ကလေးကိုဖတ်ခိုင်း ဖို့ စိတ်အားသိပ်မသန်လှပါဘူး။ အပြင်စာဖတ်တယ် ဆိုတဲ့ကိစ္စဟာ ကျောင်းစာကို အလွတ်ကျက်ဖို့အတွက် မှတ်ဉာဏ်ကိုလည်း အထောက်အကူ သိပ်ပေးလှတဲ့ အရာမဟုတ်တာမို့ စာအတွက် အနှောက်အယှက်ဖြစ်တယ်လို့တောင်မှ ထင်တတ်ကြပါတယ်။

ကလေးပြုစုစောင့်ရှောက်ရေးနဲ့ပတ်သက်တဲ့ စာအုပ်တအုပ်မှာ ကျမဖတ်ဖူးထားတဲ့ စာလေးတပုဒ်အကြောင်းကို သတိရမိပါတယ်။ စာဖတ်တာနဲ့ ပတ်သက်လို့ပါ။ အမေရိကားမှာ ပထမဆုံး လူမည်း နျူရိုပညာရှင် ဖြစ်လာသူရဲ့ အမေက သူများအိမ်မှာ အိမ်သန့်ရှင်းရေးလုပ်ရသူ လူမည်းမကြီးပါ။ အဲဒီတုံးက လူမည်းလေးများဟာ နည်းနည်းလေး အရွယ်ရောက်လာတာနဲ့ ကျောင်းက တဝက်တပျက်နဲ့ ပျက်စီးကြတာ များပါတယ်။ သူက သူ့သားလေးကို အဲလို မပျက်စီးစေချင်ဘူး။ ဒါနဲ့ သူဘာလုပ်ရမလဲ လို့ စဉ်းစားပါတယ်။ သူအလုပ်လုပ်တဲ့ (ချမ်းသာတဲ့) အိမ်တိုင်းလိုလိုမှာ စာအုပ်တွေ အများကြီး ရှိနေတာကို သူတွေ့ရပါသတဲ့။ ဒါနဲ့ပဲ သူ့သားလေးကို စာကြည့်တိုက်ကနေ စာအုပ် တပတ်တအုပ်ငှားဖတ်ဖို့ ဖတ်ပြီးတော့ သူ့ဆီကို စာအုပ်အကြောင်း အတိုချုပ် စာရေးပြောပြဖို့ ခိုင်းပါတယ်။ အစကတော့ ကလေးက စိတ်ညစ်တာပေါ့။ နောက်ပိုင်းမှာတော့ စာဖတ်ရတာကို သူပျော်လာပါတယ်။ ကျောင်းမှာ ဆရာမက စာမေးရင်  လူဖြူကလေးများသာ အများဆုံးဖြေနိုင်တဲ့ ဗဟုသုတ မေးခွန်းများကို သူ ဖြေနိုင်လာပါတော့တယ်။ သူ တခြားလူမည်းများလို လေလွင့် မပျက်စီးခဲ့ရတာ စာဖတ်ခဲ့လို့လို့ ဆိုပါတယ်။ တခြား လူမည်းလေးတွေ အရက်ဆိုင်ကို သွားနေတဲ့ အချိန်မှာ သူကတော့ စာကြည့်တိုက်ထဲကို ရောက်နေခဲ့ပါတယ်။သူ နျူရိုပညာရှင် တယောက်ဖြစ်လာရခြင်းဟာ သူ့အမေ သူ့ကို စာဖတ်ဝါသနာပါအောင်လို့ လေ့ကျင့်ပေးခဲ့လို့ လို့ဆိုပါတယ်။

အဲဒါနဲ့ ဆက်စပ်ပြီးတော့ ကျမကို ညီမလို ခင်တဲ့ ကလေးမလေး တယောက်က ပြောဖူးတာကို သတိရမိပါတယ်။ သူက ကျမတို့ မြန်မာနိုင်ငံက လူချမ်းသာတွေအိမ်မှာ လူချမ်းသာတွေရဲ့ ကလေးတွေကို စာလိုက်သင်နေတဲ့ ကလေးမလေးပါ။ သူဌေးတွေအိမ်မှာ စာအုပ်ဆိုလို့ သတင်းစာတောင်မှ မတွေ့ရတာမို့ သူက ချမ်းသာတဲ့လူများဟာ စာမဖတ်လို့ ချမ်းသာကြတာနဲ့တူပါရဲ့လို့ မှတ်ချက်ပေးပါတယ်။ ဒီမှတ်ချက်ကို ကြားရတဲ့ အချိန်မှာတော့ ကျမဟာ အံ့သြ ထိတ်လန့်မိရပါတယ်။ ကျမတို့မှာ ဒီလို အတွေးအခေါ်တွေ ရှိနေကြပြီလား။ မိဘတွေနဲ့ ဆရာမတွေမှာရော စာဖတ်တာကို အချိန်ဖြုန်းတဲ့ အလုပ်လို့ ထင်နေကြပြီလား။ တွေးစရာပါ။ ကျမတို့ဆီမှာ ကျမတို့ငယ်ငယ်က ငှားခဲ့ဖူး၊ ဖတ်ခဲ့ဖူးတဲ့ စာအုပ်ဆိုင်လေးတွေ ပျောက်ပျောက်ကုန်တာ၊ စာအုပ်ဆိုင်တွေ အစား လမ်းထောင့်မှာ ကိုရီးယားခွေဆိုင်တွေ ပေါလာတာ၊ ဘီယာဆိုင်တွေ များလာတာ၊ ကလေးတွေ ဂိမ်းဆိုင်တွေ ရောက်ကုန်တာ ကောင်းသော ယဉ်ကျေးမှုအပြောင်းအလဲ မဟုတ်ပါဘူး။ အောက်ကို ထိုးစိုက်ဆင်းလာတဲ့ အပြောင်းအလဲကြီးပါပဲ။ အပြင်စာအုပ်ဖတ်ရင်ဖြင့် ပျက်စီးမယ်၊ ကျောင်းစာထိခိုက်တယ်လို့ ထင်သူ မိဘများက ကလေးတို့ ကိုရီးယားကား ထိုင်ကြည့်နေတာကိုတော့ ကျောင်းစာထိခိုက်မယ်ရယ်လို့ မထင်ကြတာ အံ့သြစရာကောင်းလှပါတယ်။ စာမဖတ်ကြတော့တဲ့အတွက် အကြားအမြင် ဗဟုသုတတွေ နည်းလာသလို ဆင်ခြင်တုံတရားတွေလည်း နည်းလာစေပါတယ်။ ပိတ်နေတဲ့ မျက်စိလိုမျိုးပဲ စိတ်တွေလည်း ပိတ်၊ နားတွေလည်း ပိတ်၊ ပါးစပ်တွေလည်း ပိတ်လို့ ဘာကိုမှ မသိနိုင်၊ မတွေးနိုင်စေတဲ့ ဘဝကို ရောက်သွားစေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ကလေးများကို စာဖတ်ခိုင်းကြပါဦး။ စာဖတ်ဝါသနာလေးပါအောင်လို့ ကာတွန်းတွေ၊ ပုံပြင်တွေကို သူတို့ ဖတ်နေရင်ဖြင့် မိဘများ မတားကြပါနဲ့လို့ တိုက်တွန်းပါရစေ။ အနာဂတ်မှာ စာဖတ်ဝါသနာပါတဲ့ ကိုယ်လိုချင်၊ ရှာချင်တာကို စာကြည့်တိုက်မှာ၊ (စာကြည့်တိုက် မရှိရင်တောင်) အွန်လိုင်းပေါ်မှာ ရှာဖွေဖတ်ရှုလေ့လာ တတ်တဲ့ မြန်မာကလေးလေးတွေကို အများကြီးမြင်တွေ့ချင်ပါတယ်။

(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading