နှစ်ကာလများစွာ ပိတ်ပင်ထားခြင်း ခံခဲ့ရရာမှ ယခုအခါ နိုင်ငံတော်အစိုးရက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့် ပေးလိုက်ပြီ။ မြန်မာပြည် မီဒီယာလောကအတွက် ဝမ်းမြောက်ဖွယ်ဖြစ်၏။
ဧပြီ ၁ ရက်နေ့မှ စတင်၍ နေ့စဉ်ထုတ် သတင်းစာ တစောင်ပြီး တစောင် အပြိုင်းအရိုင်း ထွက်ပေါ်လာပြီ။ ယခု လက်ရှိ ၄ စောင် ထွက်နေပြီဖြစ်ပြီး ဆက်လက်ပြီး ထွက်ရန်လည်း တာစူနေကြသည်။
မြန်မာပြည် အနေအထားဖြင့် မီဒီယာသစ် ဟုခေါ်သည့် အွန်လိုင်းစာမျက်နှာများပေါ်မှ သတင်း မီဒီယာများ ဖွံ့ဖြိုးသင့် သလောက် ဖွံ့ဖြိုးလာသော်လည်း အွန်လိုင်းအသုံးပြုသူ အရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် နည်းပါးဆဲဖြစ်သည်။
ဒစ်ဂျစ်တယ်နည်းပညာတိုးတက်နေသောနိုင်ငံများတွင် ပုံနှိပ်မီဒီယာဈေးကွက် တဖြည်းဖြည်း ကျဆင်းလာပြီဖြစ်သော်လည်း မြန်မာပြည်ကဲ့သို့ ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများအတွက်မူ ပုံနှိပ်မီဒီယာမှာ ပြည်သူလူထု၏ အသိအမြင် တံခါးပေါက်ကို ဖွင့်ပေးမည့် သော့တံပင် ဆက်လက် ဖြစ်နေလိမ့်ဦးမည်။
ယခုအခါ ယခင်ထက် ပွင့်လင်း လွတ်လပ်လာပြီဖြစ်သော မြန်မာပြည်တွင် နောက်ချန်မနေခဲ့သော မီဒီယာ အဖွဲ့အစည်း များလည်း တိုးတက်များပြားလာသည်ကို အများသိပြီးဖြစ်သည်။ ပုံနှိပ်မီဒီယာများအဖြစ် ယခု ထွက်ပေါ်လာမည့် သတင်းစာ ၁၆ စောင်အပြင်၊ ရှိပြီးဖြစ်သော အပတ်စဉ်ထုတ် ဂျာနယ်များလည်း ရာနှင့်ချီသည်၊ ထို့အပြင် မီဒီယာသစ်ဟု ခေါ်သည့် အွန်လိုင်း ဝက်ဘ်ဆိုက်များ၊ သတင်း ရုပ်သံမီဒီယာလိုင်းများလည်း ရှိနေပြီ။ နေ့စဉ် သတင်းစာများ ထွက်ပေါ်လာသဖြင့် အပတ်စဉ်ထုတ် ဂျာနယ်များ၏ ဈေးကွက် တုန့်ဆိုင်းသွားမလားဆိုသည့် မေးခွန်းများ အပေါ်တွင်လည်း မြန်မာပြည်သူ လူထု လိုအပ်ချက်အရ အပတ်စဉ်ထုတ် ဂျာနယ်များလည်း ဆက်လက် ရှင်သန်နေလိမ့်ဦးမည်ဟု လေ့လာသူများက သုံးသပ် ကြသည်။
သို့သော် ထွက်ပေါ်လာသမျှသော နေ့စဉ်ထုတ် သတင်းစာများ အပါအဝင် မီဒီယာအသီးသီး၏ ဂုဏ်သိက္ခာ၊ ရပ်တည်ချက်၊ ယုံကြည်စိတ်ချရမှု၊ တာဝန်ယူမှု၊ တာဝန်ကျေမှုနှင့် သတင်းစာ ကျင့်ဝတ် စောင့်ထိန်းခြင်းတို့ မည်မျှအထိ ရှိမည်၊ မီဒီယာ ဈေးကွက်တွင် မည်သည့်ပုံစံ အနေအထားဖြင့် ရပ်တည်ကြမည် ဆိုသည်ကိုမူ မေးခွန်းထုတ်ရန် ရှိနေဆဲဟု ယူဆသည်။
ယခင်တပတ် အဓိကရုဏ်းဖြစ်စဉ်များ ဖြစ်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောခဲ့ရာတွင် လက်တလော ဖြစ်ပေါ် နေသော ဆူပူမှု၊ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မီဒီယာများ ကိုလည်း အားကိုးကြောင်း၊ မီဒီယာများက ဖြစ်ပေါ်လာသည့် အခြေအနေများကို တိတိကျကျ ရေးသား ဖော်ပြခြင်းဖြင့် တာဝန်ကျေသင့်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်ကို တွေ့ရသည်။ မီဒီယာသမား၏ တာဝန်မှာ စောင့်ကြည့်ဖော်ထုတ်ရန် (Watchdog) ဆိုသည့်သဘောကို သမ္မတက ထည့်သွင်းပြောသွားခြင်း ဖြစ်၏။
ရေကျော်ဗလီ မီးလောင်းမှုကြောင့် ကလေး ၁၃ ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်တွင် အစိုးရ တာဝန်ရှိသူများက မီဒီယာသမားများအား ဖြစ်စဉ်ကို သေချာစွာစေ့ငုပြီးမှ ရေးသားဖော်ပြကြရန် မေတ္တာရပ်ခံသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ထိုဖြစ်စဉ်တွင် အစိုးရ တာဝန်ရှိသူများဘက်မှ စောလျင်စွာ သတင်းထုတ်ပြန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲများ ကိုလည်း ကျင်းပပေးခဲ့သည်။ အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိလာသည့်အပေါ် ဧရာဝတီက ကြိုဆိုပါသည်။ သို့သော် ဤဖြစ်စဉ် တခုတည်းကို မဟုတ်ဘဲ ဖြစ်ရပ်တိုင်း၌ သတင်းမီဒီယာသမားများ၏ မေးမြန်းချက်ကို ပွင့်လင်းစွာ တာဝန်ယူ ဖြေကြားမှု နည်းပါးနေသေးသည်ဟု ဆိုချင်သည်။
မီဒီယာသမားများဘက်မှ တာဝန်သိ၍ ပြည်သူသိသင့်သမျှသော သတင်းများကို ဖော်ပြနေသကဲ့သို့ အစိုးရ တာဝန်ရှိသူများ ဘက်ကလည်း ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မှုများ အစဉ်ပြုလုပ်မှသာ ပြည်သူလူထု၏ နားမျက်စိများ ပွင့်လင်းမည်၊ မလိုလားအပ်သော ကောလာဟလများကိုလည်း ထိန်းချုပ်နိုင်မည်ဟု ဧရာဝတီက ယုံကြည်ပါသည်။
မည်သည့်အရာများကို စောင့်ကြည့်မည်၊ မည်သည့် သတင်းများကို ဖော်ပြမည်၊ မည်သည်ကို မဖော်ပြ၊ မည်သည်တို့ကို ပြည်သူသိရှိစေရန် ဖော်ထုတ်တင်ပြ ရေးသားမည် ဆိုခြင်းမှာမူ မီဒီယာတခုစီ၏ ဆုံးဖြတ်ချက်နှင့် မူဝါဒ ရပ်တည်ချက်ပေါ်တွင် မူတည်ပါသည်။
နေ့စဉ်ထုတ် သတင်းစာများ အနေဖြင့် တဘက်က ဈေးကွက်ယှဉ်ပြိုင်မှုများ ရှိနေမည့်အချိန်တွင် နှစ်ပေါင်းများစွာ အကျွမ်းတဝင် မရှိခဲ့သည့် လုပ်ငန်းများဖြစ်သော သတင်းဦး သတင်းထူးများ ဖော်ပြနိုင်ရေး၊ သုံးသပ်ချက်များနှင့် မိမိ သတင်းစာ၏ ရပ်တည်ချက်တို့ကို ပြည်သူသိရှိစေရန် နေ့စဉ်နှင့်အမျှ ရပေလိမ့်မည်။ မူဝါဒ၊ တင်ပြပုံ၊ အားထုတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့အပေါ် မူတည်ကာ မည်သည့် သတင်းမီဒီယာကို ရွေးချယ်မည်ဆိုသည်အား စာဖတ်သူ ပြည်သူလူထုက ဆုံးဖြတ်သွားပေလိမ့်မည်။ ပွင့်လင်းလာသော လူ့အဖွဲ့အစည်းတွင် မီဒီယာသမားများအတွက် ထိုသို့ စိန်ခေါ်မှုများ ကြုံတွေ့ရပေလိမ့်မည်။
ထို့အပြင် မူပိုင်ခွင့်ဥပဒေ မပီပြင်သေးချိန် အလွယ်လုပ်သည့် သတင်းသမား ကျင့်ဝတ်ချိုးဖောက်ခဲ့မှုများ အရှိန်မသတ်နိုင်ပါက တရားစွဲဆိုမှုများ၊ ဒဏ်ငွေပေးဆောင်ရခြင်းများ၊ သတိပေးခံရခြင်းများ စသည်ဖြင့် ပွင့်လင်းလွတ်လပ်သည့် ခေတ် အခြေအနေများတွင် ကြုံရမည့် စိန်ခေါ်မှုများကိုလည်း မေ့မထားသင့်ပေ။
ယခုခေတ် အချိန်နှင့် တပြေးညီဖြစ်လာသည့် မီဒီယာများသည် ပွဲပြီးမီးသေ မဖြစ်သင့် သကဲ့သို့ မီးသေသင့်ပါလျှက် မသေဘဲ အဓိကရုဏ်း၊ ဆူပူမှု အစရှိသည်တို့ကို ပိုမို လှုံ့ဆော်စေသည့် မီးလောင်ရာလေပင့် အရေးအသားများ၊ ဓာတ်ပုံများ ဖော်ပြမိခြင်း စသည့် ကျင့်ဝတ်နှင့် မညီသည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်း၊ ဝေဖန်ထောက်ပြရန်ရှိသည့် အစိုးရ၊ အတိုက်အခံ စသည့် အဖွဲ့အစည်း အသီးသီးကို မည်သည့်ဘက်မှ မလိုက်ဘဲ ထောက်ပြရန် နောက်တွန့်နေခြင်း စသည့် မီဒီယာသမား၏ တာဝန် ကျေခြင်း၊ မကျေခြင်းသည်လည်း စိစစ်ရေး ဖြေလျော့လာသည့် ယခုကာလအတွက် စိန်ခေါ်မှု တရပ်ပင်ဖြစ်သည်ဟု ယူဆသည်။
ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းစ၊ သမ္မတဦးသိန်းစိန် ပြောသွားသကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုများ မြေစမ်း ခရမ်းပျိုး နေချိန်တွင် လူ့ယဉ်ကျေးမှု အဆောက်အအုံကို ဖျက်ဆီးမည့် မည်သည့်ဖြစ်ရပ်မျိုးကိုမဆို ကမ္ဘာကသိရန် ဖော်ထုတ်ရေးသား တင်ပြရမည်မှာ မြန်မာ မီဒီယာများ၏ တာဝန်ဖြစ်သည်ဟု ဧရာဝတီက ယုံကြည်သည်။
အားကောင်းမောင်းသန် ပေါ်ထွက်လာနေသည့် နေ့စဉ်ထုတ် သတင်းစာများနှင့်တကွ ရပ်တည်ချက်မှန်ကန်၍ ကျင့်ဝတ်နှင့် ညီသော၊ အချိန်နှင့်တပြေးညီ သတင်းများကို တင်ပြရင်း လစ်ဟာမှုများ ရှိခဲ့သည့် ပြည်သူလူထု၏ အသိအမြင် ကွက်လပ် များကို ဖြည့်ပေးမည့် ဂုဏ်သိက္ခာရှိသော မြန်မာမီဒီယာများကို ဧရာဝတီက ကြိုဆိုကြောင်း ဖော်ပြလိုက်ရပါသည်။