[irrawaddy_gallery]
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် လှုပ်ရှားခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တချို့ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံ မေးမြန်းထားပါသည်။ ကျွနု်ပ်ကြောင့် လူမျိုးရေး ဘာသာရေး အဓိကရုဏ်း မဖြစ်စေရ စာတမ်းပါ တီရှပ်၊ စတစ်ကာများနှင့် ဘာသာလူမျိုး မခွဲခြား မြန်မာနိုင်ငံသား လက်ကမ်း ပိုစတာများကို အခမဲ့ ဖြန့်ဝေခဲ့သည့် ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန် မြေနီကုန်း၊ လှည်းတန်း၊ မင်္ဂလာဈေး စသည့် လူစည်ကားရာ နေရာများတွင် လည်းကောင်း ဧပြီလ ၈ ရက်နေ့တွင် ဘိုကလေးဈေး မှတ်တိုင်တွင်လည်းကောင်း ဘာသာ ပေါင်းစုံ လူငယ်များ ပူးပေါင်း လှုပ်ရှားခဲ့ကြသည်။
ကိုနိုင်ဦး (ဗုဒ္ဓဘာသာဝင်လူငယ်)
ကျွန်တော်တို့ သွားရလာရတာ မလုံမခြုံ ခံစားနေရတယ်။ သူများတွေလည်း ကိုယ့်လိုပဲ မလုံခြုံတဲ့ ခံစားမှု ဖြစ်နေမှာပဲလို့ စဉ်းစားမိပြီးတော့ ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခမဖြစ်စေရ၊ ကျနော်သည် သူများကို ဒုက္ခပေးမယ့်သူ မဟုတ်ဘူး ဆိုတာကို ဖော်ပြချင်လို့ ဒီလို လှုပ်ရှားမှု လုပ်ဖြစ်သွားတာပါ။ ကျနော်တို့ ပထမဆုံး အကြိမ် မြန်မာပြည်အတွက် ဆုတောင်းခြင်း ဆိုပြီးတော့ ဝိုင်အမ်စီအေမှာ လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာမှ အများဆီ ပြန့်သွားအောင် ဆိုပြီးတော့ ကျနော်တို့ ဒီစတစ်ကာတွေ၊ တီရှပ်တွေကို ဝေတဲ့ လှုပ်ရှားမှုထပ်လုပ်ဖြစ်တယ်။ ကျနော်တို့ လှုပ်ရှားမှုကို လက်မခံနိုင်တဲ့ သူတွေ တော်တော်များများကိုလည်း ကြုံခဲ့ရပါတယ်။ ဒီလို သဘောထားလေး အပေါ်မှာ လက်မခံနိုင်တဲ့သူတွေ တော်တော်များများရှိပါတယ်။ ဘာကြောင့်လဲ ဆိုတာတော့ ကျနော်လည်း မသိပါဘူး။ အကြီးကြီး မျှော်လင့်ထားတာ ကျနော်တို့မှာ မရှိဘူး။ အဓိက ကတော့ ပဋိပက္ခတွေ ငြိမ်သက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားဖို့ပဲ။ တယောက်နဲ့ တယောက် မယုံသင်္ကာဖြစ်နေတာတွေ လျော့သွားရင် ကျေနပ်ပါတယ်။
ကိုသန့်ဇင် – Mizzima Network (အစ္စလမ် ဘာသာဝင်လူငယ်)
အဓိက ရည်ရွယ်ချက်ကတော့ မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းစေချင်တယ်။ ပဋိပက္ခတွေ ငြိမ်းအေးစေချင်တယ်။ ပြဿနာတွေ မဖြစ်စေချင်ဘူး။ ကျနော်တို့ သွားရမယ့် ဒီမိုကရေစီခရီးလမ်းမှာ အနှောင့်အယှက် အဟန့်အတားဖြစ်စေမယ့် ပဋိပက္ခတွေ အဓိကရုဏ်းတွေကို အမြန်ဆုံး ရပ်တန့်သွားစေချင်တယ်။ ကျနော်အစ္စလမ် ဘာသာဝင် တယောက်အနေနဲ့ ခံစားရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသား တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ကတော့ ဒီလို အဖြစ်အပျက်တွေကို လုံး၀ လက်မခံဘူး။ ကျနော်တို့ နိုင်ငံက လူအများစုဟာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတယ်၊ ပဋိပက္ခ မလိုချင်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ လှုပ်ရှားမှုဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မယ်လို့ ယုံကြည်တယ်။ အစ္စလမ်ဘာသာပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲ ဖြစ်ဖြစ် ဘယ်လို ဘာသာပဲဖြစ်ဖြစ် ပုတ်ခတ် စော်ကားမှုတွေက နေရာတိုင်းမှာ ရှိတယ်။ အဲဒါကို ကျနော်တို့က လိုက်ပြီးတော့ ခံစားနေမယ်ဆိုရင် ခံစားလို့ ကုန်မှာတောင် မဟုတ်ဘူး။ ဒါတွေဟာ အဖျက်အမှောင့် လုပ်ရပ်တွေပဲ။ ဒါတွေက အမှန်တရား မဟုတ်ဘူး။ ဗုဒ္ဓကို စော်ကားတဲ့ ဗီဒီယိုတွေ၊ သခင်ယေရှုကို စော်ကားတဲ့ ဗီဒီယိုတွေ၊ ဒါတွေကို လုပ်တဲ့သူတွေက ဂိမ်းတခုလို သူတို့က ခံယူပြီး လုပ်တာ။ ကျနော်တို့ ဒါတွေကို မြင်ရတာ ခံစားရတယ်။ ကျနော်တို့ ဘာသာတရားမှာလည်း ဘယ်သူ့ကိုမှ စော်ကားပိုင်ခွင့် ရှုံ့ချပိုင်ခွင့် လုံးဝမရှိဘူး။ ဒီလို ပုတ်ခတ်ထားတာတွေကို မြင်တဲ့အခါ ဖီလင်တော့ဖြစ်တယ်။ ဒါပေမယ့် ခံစားချက်ကို အတွင်းထဲမှာပဲ မျိုသိပ် သည်းခံလိုက်တယ်။ ကျနော်တို့ လိုချင်တာက ငြိမ်းချမ်းမှုပဲ။
ကိုစည်သူမောင် (ခရစ်ယာန်ဘာသာဝင် လူငယ်)
ဘာသာတရားရှိတဲ့ သူပဲဖြစ်ဖြစ်၊ ဘာသာတရားကို လက်မခံသေးတဲ့သူပဲ ဖြစ်ဖြစ် ငြိမ်းချမ်းစွာ နေလိုတဲ့ သူက ငြိမ်းချမ်း ချင်ကြတယ်။ ကိုယ်ချင်းစာတရား တခုနဲ့ ကျနော်ငြိမ်းချမ်းချင်တယ်။ ဘာသာတရားတွေ အားလုံးက ကောင်းတာကိုပဲ သင်ပြတယ်။ ဒါပေမယ့် တချို့လူတွေက သူတို့ကိုယ် သူတို့ ဘုရားလို့ ထင်သွားတဲ့ သူတွေ ရှိတယ်။ အဓိကကတော့ ပညာရေးလို့ ထင်တယ်ခင်ဗျ။ ပညာတတ်ပြီးတော့ အကောင်းမြင်တတ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ ကျနော်တို့ ကမ္ဘာကြီးမှာ များလာဖို့ လိုအပ်တယ်လို့ ကျနော်ထင်တယ်။ ဘယ်ဘာသာမဆို ပညာနဲ့ မစဉ်းစားဘဲ အစွန်းရောက်သွားတဲ့ ဘာသာရေး ခေါင်းဆောာင်တွေ ရှိပါတယ်။ သူတို့တွေက တဆင့် ဟောပြောလှုံ့ဆော်လာရာကနေ အခုလို ပြဿနာတွေ ဖြစ်လာတာ။ ပညာပါတဲ့ အသိတရားနဲ့ အားလုံးကို ထိန်းကျောင်းသွားနိုင်မှ ငြိမ်းချမ်းနိုင်မယ်လို့ ကျနော်ယူဆတယ်။ နောက်တခုက ဘာသာတရားတခုက တခြားကို လွှမ်းမိုးလိုတဲ့ စိတ်၊ ချဲ့ထွင်လိုတဲ့ စိတ်တွေကြောင့် ဒီပြဿနာတွေ ရှိနိုင်တယ်။ ဒီလို စိတ်တွေကို မငြှိမ်းသတ်နိုင် သ၍တော့ ဒီလိုပြဿနာတွေက ဖြစ်နေအုံးမှာပဲလို့ ကျနော်ထင်ပါတယ်။