“ဘောလုံးက ဘာမှ ရစရာမရှိပါဘူး၊ ပေးဖို့ပဲရှိပါတယ်”

ရန်ပိုင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းရှင်ကြီး ဦးဇော်ဇော် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ၂၀၁၂ ခုနှစ် အကောင်းဆုံး အာဆီယံ ဘောလုံးအဖွဲ့ချုပ်ဆု(AFF Member Association Of The Year 2012) ကို ချီးမြှင့်ခံရပါတယ်။

မြန်မာအမျိုးသမီး ဘောလုံး အသင်း၏ နည်းပြ ဂျပန်လူမျိုး မစ္စတာ ကူမာဒါ ကိုလည်း AFF က တနှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးအသင်း နည်းပြဆု ချီးမြှင့်ခဲ့ပါတယ်။

ထိုသို့ဆုများချီးမြှင့်ခံရခြင်းနဲ့ မြန်မာ့ဘောလုံး ရှေ့အလားအလာ တို့နဲ့ ပတ်သက်ပြီး ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာန အကြီး တန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။     ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဦးဇော်ဇော် တာဝန်ယူနေစဉ်ကာလမှာ အခုလို ၂၀၁၂ ခုနှစ် အကောင်းဆုံး အာဆီယံ ဘောလုံးအဖွဲ့ချုပ်ဆု ရတဲ့ အပေါ်မှာ ထင်မြင်ချက်လေး သိပါရစေ။

ဖြေ။     ။ နိုင်ငံအတွက် ဂုဏ်ရှိတဲ့ ဆုတဆုရလို့ ကျေနပ်တယ်၊ ဒါပေမယ့် ဆုရတာက ဘောလုံးအဖွဲ့ချုပ်မှာရှိတဲ့ ဝန်ထမ်းတွေ အား လုံး အရည်အချင်း ရှိရှိကြိုးစားခဲ့တာပါသလို၊ မြန်မာ နေရှင်နယ်လိဂ်(MNL)က ကလပ် အသင်း ပိုင်ရှင်တွေ အနေနဲ့ ကျနော်တို့ ရည် ရွယ်ချက် ပရော်ဖက်ရှင်နယ်ကျကျ သွားချင်တာကို ငွေကုန်ကြေးကျခံပြီး ဝိုင်းဝန်းပံ့ပိုးပေးတာကြောင့်ရယ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နဲ့ အာရှဘောလုံး အဖွဲ့ချုပ်တို့ရဲ့ ပူးပေါင်းပံ့ပိုးပေးနိုင်မှုတွေက ကျနော်တို့ ဆုရဖို့ ဖြစ်လာတာပါ။

မေး။     ။ စောစောကပြောတဲ့ မြန်မာဘောလုံး အဖွဲ့ချုပ်ကို အောင်မြင်အောင် ပံ့ပိုးပေးတယ်ဆိုတဲ့ MNLကလပ်အသင်းတွေနဲ့ ပတ် သက်ပြီး အများကပြောကြတယ်၊ အရှုံးပေါ်နေတဲ့ကြားက ဆက်လက်လုပ်ဆောင်နေတာဟာ နည်းမျိုးစုံနဲ့ ရထားတဲ့ ငွေမည်းတွေကို ငွေဖြူလျော်တာလို့ ဆိုကြတဲ့ အပေါ်မှာရော ဘာများပြောချင်ပါလဲ။

ဖြေ။     ။ ပြစ်တင်ဝေဖန်မှုဆိုတာ နေရာတိုင်းမှာ ရှိပါတယ်၊ ဒါပေမယ့် အောင်မြင်မှုနဲ့ ဝေးနေတဲ့ မြန်မာ့ဘောလုံးဟာ နိုင်ငံတကာမှာ လုပ်နေတဲ့ ပရော်ဖက်ရှင်နယ်စနစ်ကိုမှ မကူးနိုင်ရင် အောင်မြင်မှုနဲ့ ပိုဝေးသထက်ဝေးသွားမယ်၊ ကလပ်အသင်း ပိုင်ရှင်တွေ အနေနဲ့ ငွေကုန်ကြေးကျခံပြီး ကိုယ့်နိုင်ငံ ဂုဏ်ရှိဖို့အတွက် ကစားသမားလေးတွေကို ပရော်ဖက်ရှင်နယ် အသင်းထောင်ပေးတယ်၊  ဒါဟာ ကျနော့်အမြင်ကတော့ ဘောလုံးနဲ့ ပတ်သက်လို့ တိုင်းပြည်ချစ်လို့ လုပ်ပေးနေတယ်လို့ မြင်တယ်။

မြန်မာ့ဘောလုံးအနေနဲ့ အခုတောင် လက်ရှိ အာရှမှာ အဆင့်အနိမ့်ဆုံး ကလပ်အသင်းတွေ ပြိုင်ပွဲမှာ ဝင်ပြိုင်နေရင်းက အခုဆို ဒုတိယအမြင့်ဆုံးမှာ ဝင်ပြိုင်ခွင့်ရပြီ၊ နောက်တဆင့် တတိယအမြင့်ဆုံးဖြစ်တဲ့ အာရှ ချန်ပီယံလိဂ်ကို ဝင်ပြိုင်နိုင်အောင်ကြိုးစား ရ မယ်လို့ ယုံကြည်တယ်။

မေး။     ။ မြန်မာ့ဘောလုံး အပေါ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကလပ်အသင်းပိုင်ရှင်တွေ အနေနဲ့ ငွေကြေးအရှုံးတွေနဲ့ လှုပ်ရှားနေရတယ် လို့ သိရတယ်၊ သူတို့ကရော ဒီအရှုံးကို ဘယ်လောက်အထိ တောင့်ခံနိုင်မယ်ထင်ပါသလဲ။

ဖြေ။     ။ အခုဆို အာရှမှာ AFC Cup လည်း ကစားခွင့်ရပြီ၊ MNLမှာလည်း လိဂ်ကို ပထမတန်း၊ ဒုတိယတန်း အဆင့်ခွဲပြီး ကစားနေပြီ ဆိုတော့ နောက်ဆို ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ဘောလုံးကိုအခြေခံပြီး သူတို့ အမှတ်တံဆိပ်တွေ အတွက်ကြော်ငြာစရာ အဖြစ် သုံးလာမယ်ဆိုရင်၊ နောက် အသင်းတွေအနေနဲ့လည်း မီဒီယာပိုင်းရော၊ ဈေးကွက်အပိုင်းမှာပါ ကောင်းအောင်လုပ်လာနိုင်မယ် ဆို ရင် ရေရှည်မှာ စိုးရိမ်စရာမရှိဘူးလို့ ထင်ပါတယ်။

မေး။     ။ အခုရတဲ့ အကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆုက လာမယ့် ဆီးဂိမ်းပြိုင်ပွဲကို ဘယ်လောက် အထောက်အကူ ပေးနိုင်မယ် ထင်ပါသလဲ။

ဖြေ။     ။ ဆီးဂိမ်းမှာ အိမ်ရှင်အဖြစ်လက်ခံ လုပ်ရတာ အရမ်းအရေးကြီးတဲ့အတွက် ပြင်ဆင်မှုတွေကို အားစိုက်လုပ်နေရတဲ့အချိန်မှာ ဒါဟာ ခွန်အားတခုဖြစ်စေတာပေါ့၊ ဒါပေမယ့် ဘောလုံးဆိုတာက ဆီးဂိမ်းတခုထဲတင် ရည်ရွယ်ချက်ထားရမှာ မဟုတ်ပါဘူး၊ အာရှဖလား၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအထိ ရည်ရွယ်ရမှာပါ၊ ဆီးဂိမ်း အတွက်ကတော့ တွန်းအားတခုပါ။

မေး။     ။ ဆီးဂိမ်းမှာ မြန်မာအမျိုးသား အမျိုးသမီး ဘောလုံးအသင်းတွေနဲ့ ပတ်သက်ပြီး ဘယ်အတိုင်းအတာအထိ မျှော်လင့် ထား လဲ၊ ရွှေတံဆိပ် မျှော်လင့်ထားပါသလား။

ဖြေ။     ။ ဒေသတွင်း ၁၁ နိုင်ငံမှာကတော့ ကျနော်တို့က အဆင့် ၄ ရှိပါတယ်၊ အဲဒီတော့ သူတို့ကိုဖြတ်ကျော်ဖို့ဆိုတာက ကျနော်တို့ အိမ်ရှင်ဖြစ်တာရယ်၊ ဘောလုံးသမားတွေ စိတ်ဓာတ်ခွန်အားရယ်၊ ပရိသတ်ရယ် တာဝန်ရှိသူတွေပေါင်းပြီး လုပ်ရင်တော့ လိုချင်တဲ့ ပန်းတိုင်ရောက်မယ်လို့ မျှော်လင့်ပါတယ်။ ပန်းတိုင်ဆိုတာက မဖြစ်မနေ ဖိုင်နယ်တက်ရမယ်၊ နောက်ဆုံး ဗိုလ်စွဲရမယ်၊ ဖြစ်အောင် လည်း မဖြစ်မနေ အစွမ်းကုန်လုပ်မယ်။ ပွဲမပြီးခင်တော့ ဘာဖြစ်ရမယ် ညာဖြစ်ရမယ်လို့တော့ မပြောချင်ဘူး။

မေး။     ။ ဦးဇော်ဇော် အနေနဲ့ စစ်အစိုးရလက်ထက်မှာလည်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အခုအရပ်သား အစိုးရ လက်ထက်မှာလည်း ဥက္ကဋ္ဌ ဆိုတော့ ဒီအစိုးရ နှစ်ရပ်ကြားမှာ လုပ်ရကိုင်ရတဲ့ အခြေအနေကို ပြောပါဦး။

ဖြေ။     ။ ဘောလုံးလောက တိုးတက်ဖို့အတွက် တိုင်းပြည်စီးပွားရေး ကောင်းမှဖြစ်တာကြောင့် အခု ပြောင်းလဲမှုတွေကို အရမ်းမျှော်လင့်တယ်၊ ဒါမှ ပြုပြင်ပြောင်းလဲမှုနဲ့ အတူ မြန်မာပြည်စီးပွားရေး တိုးတက်လာရင်၊ အားကစားအတွက် လူတွေ အချိန်တွေ ငွေတွေ သုံးလာနိုင်ရင် အားကစားလောက တိုးတက်မယ်လို့ ထင်တဲ့အတွက် ပိုကောင်းလာတယ် ထင်ပါတယ်။

မေး။     ။ ဖီဖာတို့လို နိုင်ငံတကာ ဘောလုံးအဖွဲ့တွေဆီကရော ဘာတွေများ အကူအညီရဖို့ မျှော်လင့်ထားပါသလဲ။

ဖြေ။     ။ ဖီဖာက ဂိုးပရောဂျက်အနေနဲ့ ရန်ကုန်မှာ ဘောလုံးအကယ်ဒမီ ဆောက်ဖို့ ဒေါ်လာ ၄ သိန်း ကူတယ်၊ ဒါပေမယ့် ၂ သန်း လောက်ကုန်ကျမယ်၊ ကျန်တာကတော့ ကျနော်ပဲလှူဖို့ စဉ်းစားနေပါတယ်။ အခုဆိုရင် ရန်ကုန်မှာ မြက်ခင်းတု ဘောလုံးကွင်းနှစ်ကွင်း ကျနော့်ရဲ့ ဧရာဝတီ ဖောင်ဒေးရှင်းက လုပ်ပေးနေပါပြီ။

မေး။     ။ ဦးဇော်ဇော် မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူတာနဲ့ပတ်သက်ပြီး တချို့ကစီးပွားရေးသမား ခရိုနီ၊ ကိုယ်ကျိုးစီးပွားကြောင့် ဥက္ကဋ္ဌ လုပ်တာလို့ ဝေဖန်သလို၊ တချို့ကလည်း ကြိုက်နှစ်သက်ကြတယ်၊ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ။     ။ ကျနော် မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ စစ်စစ်ပါ၊ ကျနော့်တိုင်းပြည် ကျနော်ချစ်တယ်၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ၊ ဘောလုံးက ဘာမှ ရစရာမရှိပါဘူး၊ ပေးဖို့ပဲရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြစ်တင် ဝေဖန်ကြပေမယ့် အချိန်တန်ရင် အဖြေထွက်လာမှာပါ၊ ဒါကအရေးကြီးတဲ့ သက်သေပါ၊ ဝေဖန်တဲ့သူ ရှိသလို၊ ချစ်သူ၊ မုန်းသူဆိုတာ ရှိနေမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ တိုင်းပြည်ချစ်တဲ့စိတ် တိုင်းပြည်အတွက် အလုပ်လုပ်တဲ့စိတ်က တပြား မှ လျော့သွားမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျားကုတ်ကျားခဲ လုပ်နေတာပါ။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading