တီဗီ ကွန်ပျူတာ ကလေးထိန်းစက် မဟုတ်

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကလေးတို့ကို အပြင်စာဖတ်ခိုင်းသင့်တယ် ဆိုတဲ့အကြောင်းကို ကျမ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီ တပတ်မှာတော့ ကလေး တို့နဲ့ တီဗီ၊ ဗီဒီယို၊ ကွန်ပျူတာဂိမ်းများ အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။

ဒီဘက်ခေတ်က ကလေးများဟာ ကျမတို့ ငယ်ငယ်ကနဲ့ မတူကြတော့ပါဘူး။ ကျမတို့ ငယ်ငယ်တုန်းကတော့ တီဗီတောင်မှ အိမ်တိုင်းစေ့ ရှိကြတဲ့ခေတ် မဟုတ်တာမို့ တီဗီကြည့်ရဖို့တို့၊ ရုပ်ရှင်ကြည့်ရဖို့တို့ ဆိုတာဟာ သိပ်ကိုမှ ခက်ခဲလွန်းလှတဲ့ ခေတ်ပါ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ နည်းပညာကလည်း တိုးတက်လာသလို တီဗီတို့ ဗီဒီယိုပြစက်တို့ဆိုတာ ဟာလည်း အရင်ခေတ်ကလိုမျိုး ပိုက်ဆံချမ်းသာတဲ့ အိမ်များမှာမှ အထူးတလည် ထားရတဲ့ ပစ္စည်းမျိုး မဟုတ်တော့ပါဘူး။ အိမ်တိုင်းလိုလိုမှာပဲ အနည်းဆုံး တီဗီလောက်တော့ ရှိနေကြပါပြီ။ အဲဒီလိုပဲ အိမ်အတော်များများမှာလည်း ကွန်ပျူတာတွေ ရှိလာကြသလို ကလေးတို့လည်း ကွန်ပျူတာ ဂိမ်းတွေ၊ တီဗီဂိမ်းတွေနဲ့ ရင်းနှီးလာကြပါတော့တယ်။ နှစ်နှစ်အရွယ် ကလေးလေးပေမယ့် ကွန်ပျူတာဂိမ်း ကို ကောင်းကောင်း ကစားနိုင် ဆော့နိုင်လာကြတာကို တွေ့ရပါတယ်။

ကွန်ပျူတာတွေ၊ တီဗီတွေ ခေတ်စားလာတာမို့ ကျမတို့ ငယ်ငယ်ကလိုမျိုး ပြေးလွှားခုန်ပေါက် ကစားတာ၊ စိတ်ကူး ယဉ်ကစားတာ၊  ဆရာဝန်လုပ်တမ်း ဟင်းချက်တမ်း တို့လိုမျိုး အတုလုပ် ကစားတာတွေ နည်းသထက် နည်းလာပါ တော့တယ်။ မြို့မှာနေတဲ့ ကလေးတွေဆိုရင် အိမ်ခန်းကလည်း ကျဉ်းလှသလို ကားလမ်းမနဲ့လည်း နီးလှသမို့ ပြေးလွှား ကစားစရာ နေရာရယ်လို့လည်း သိပ်မရှိလှပါဘူး။ ဒီလိုနဲ့ပဲ ကလေးတို့ရဲ့ ကစားစရာ ဟာ တီဗီတွေ၊ ဗီဒီယိုဂိမ်းတွေ၊ ကွန်ပျူတာ ဂိမ်းတွေ ဖြစ်လာရပါတော့တယ်။ ကျမတို့ ရဲ့ မြန်မာမိဘ တော်တော်များများကလည်း ထိမှာ ခိုက်မှာ ချော်လဲမှာကို အင်မတန်မှ  စိုးရိမ်တတ်ကြတာမျိုးမို့ တီဗီရှေ့မှာ ကလေး ရှိနေခြင်းဟာ ကလေးကို ငြိမ်နေစေတာမို့ ကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးလေးတွေကို ကာတွန်းကားတွေ တစ်ခွေပြီး တစ်ခွေ ထိုးပြထား ပြီးတော့ တနေကုန် တီဗီထိုင် ကြည့်စေတဲ့ ကလေးမိဘများကိုတောင်မှ ကျမ တွေ့ဖူးပါတယ်။

တီဗီဂိမ်းတို့ ဗီဒီယိုဂိမ်းတို့ ကစားတာဟာ ကလေးတို့ရဲ့ ကျိုးကြောင်းစဉ်းစားတတ်မှု ဉာဏ်ကို အထောက်အကူဖြစ်စေတယ်လို့ ကလေးသုတေသနပညာရှင်တို့က ဆိုပါတယ်။ အဲဒီလိုပဲ တီဗီ ကြည့်ခိုင်းတာ ဟာလည်း ကလေးတို့ အမြင်အာရုံကနေ တဆင့် အသိလေးတွေ ရရှိနိုင်စေတာပါပဲ။ ဒါပေမယ့် ကျမတို့ဟာ ကလေးတယောက် (လူတယောက်) ကို ပြုစုပျိုးထောင်တဲ့အခါမှာ လူ့ရဲ့ဦးနှောက် ဖွံ့ဖြိုးတိုးတက်လာအောင် တနည်းပြောရရင် ဉာဏ်ကောင်းအောင်တင်မကဘဲ လူ့လောကဝန်းကျင်ထဲမှာ လူဖြစ်လာစေဖို့၊ လူလို ကျင့်ကြံနေထိုင်တတ်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုယ်ကို ဒုက္ခပေးတတ်တဲ့ လူတွေ မဖြစ်လာစေဖို့ အတွက် ပျိုးထောင် ပေးရတာမျိုးကိုး။ ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း မျှမျှတတ ကြီးထွားဖို့ ဆိုတဲ့ ကိစ္စကလည်း သိပ်ကိုမှ အရေးကြီးလှပါသေးတယ်။

တီဗီကို ကလေးထိန်းစက်လိုမျိုး သဘောထားပြီးတော့ ဖွင့်ပေးထားတာဟာ သိပ်ကိုမှ မှားယွင်းတဲ့ အရာပါ။ တီဗီတို့ ကွန်ပျူတာတို့၊ အိုင်ပက်တို့၊ အိုင်ဖုန်းတို့ ဆိုတာဟာ တကယ်တော့ ကလေး ငြိမ်အောင်လို့ သုံးရမယ့် ကလေးထိန်းတဲ့ အရာတွေ မဟုတ်ပါဘူး။ တီဗီရှေ့မှာ၊ ကွန်ပျူတာရှေ့မှာ အကြာကြီး ထိုင်နေကြတာမို့ ကိုယ်လက်လှုပ်ရှားနည်း ပြီး အဝလွန်တဲ့ ကလေးမျိုးတွေ ဖြစ်တတ်ပါတယ်။ ကွန်ပျူတာဂိမ်းတွေကိုပဲ တယောက်တည်း အမြဲတမ်း ကစားနေတတ်တဲ့ ကလေးမျိုးဟာ အင်မတန်မှ လူ့လောကအတွက် အရေးကြီးလှတဲ့ ပေါင်းသင်း ဆက်ဆံရေး စွမ်းရည်ကို သင်ယူခွင့် မရတော့ ပါဘူး။ မိသားစုဝင် အချင်းချင်း ပြောဆို ရယ်မောပြီးတော့ စကားပြောဖို့ အခွင့်ရေးလည်း မရတော့ပါဘူး။

နောက်တခု အဆိုးဆုံးအရာကတော့ ကျမတို့နိုင်ငံက မိဘတော်တော်များများဟာ ကလေးငြိမ်ရင်  ပြီးရော သဘောထားပြီး တော့ အခွေတွေ၊ ဂိမ်းတွေ ဖွင့်ပေးတတ် ကစားခိုင်းတတ်ကြတာပါပဲ။ အဲဒီအခွေတွေ၊ ဂိမ်းတွေထဲမှာ ကလေးအရွယ်နဲ့ မကြည့်သင့်တဲ့ မကစားသင့်တဲ့ အရာတွေ ပါလား၊ မပါလား မဆန်းစစ်တတ်ကြပါဘူး။ တိုက်တဲ့ ခိုက်တဲ့ ဂိမ်းတွေ၊ ဖိုက်တဲ့ ချတဲ့ ဂိမ်းတွေ အခွေတွေ ကြည့်ခိုင်း ကစားခိုင်းတာမို့ ကလေးတို့ ကြမ်းတမ်း ရိုင်းစိုင်း လာတတ်ပါတယ်။ ဒေါသလည်း ကြီးလာတတ်ပါတယ်။

ကျမမှာလည်း ခြောက်နှစ်အရွယ် သားကလေးရှိတာမို့ သူတို့ခေတ်မှာ ပေါ်လာတဲ့ ကွန်ပျူတာဂိမ်းမျိုးစုံကို သူ ကစားချင် ပါတယ်။ မကစားနဲ့လို့ ကျမ မတားပါဘူး။ ဒါပေမယ့် တပတ်ကို သုံးရက်၊ တခါသုံးရင် တနာရီပဲ ပေးကစားပါတယ်။ သားကို တိုက်တဲ့ ခိုက်တဲ့ ဂိမ်းမျိုး၊ သူ့ရဲ့စိတ်ကို ကြမ်းတမ်း စေတဲ့ ဂိမ်းမျိုးကို ကျမ ပေးကစားပါဘူး။ ဘာကြောင့် မကစားခိုင်းရသလဲ ဆိုတာကိုလည်း သားနားလည်အောင် ကျမ ရှင်းပြပါတယ်။ အဲဒီလိုပဲ သူကြည့်မယ့် ကာတွန်းကားမျိုး ဆိုရင်လည်း ကျမ အမြဲပဲ အရင်ကြည့်ပြီးမှ သူ့ကို ပေးကြည့်ပါတယ်။

အခု ကျမတို့ နိုင်ငံမှာ လူတိုင်းနီးပါးလိုလို အင်တာနက်သုံးနိုင်လာကြပါပြီ။ အွန်လိုင်းဂိမ်းတွေကို ကလေးတွေဟာ ဆိုင်မှာ၊ အိမ်က ကွန်ပျူတာမှာ လွယ်လွယ်ကြည့်နိုင် သုံးနိုင်လာ ပါတော့တယ်။ အင်တာနက်ကို သုံးနိုင်လာတာဟာ ကောင်းတဲ့ အရာဖြစ်သလို အင်တာနက်ကတဆင့် မကောင်းတဲ့အရာတွေလည်း ပါဝင်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိဘများ အနေနဲ့ အင်တာနက်ဆိုင်မှာ ကလေးကို ဂိမ်းပေးကစားတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက် ချိတ်ထားလို့ ကလေး အင်တာနက် သုံးရင်လည်း ကလေး ဘာတွေကို သုံးနေတယ်၊ ဘယ်လို ဂိမ်းတွေကစားနေတယ်၊ ဘယ်လိုဟာတွေကို ဝင်ကြည့်နေတယ်ဆိုတာကို  သိအောင်လို့  ကိုယ့်မျက်စိရှေ့မှာပဲ သုံးခိုင်းသင့် ပါတယ်။ အခန်းထဲမှာ တယောက်တည်း သုံးနေတာမျိုးတွေကို ခွင့်မပြုသင့်ပါဘူး။

နည်းပညာကနေ တဆင့် ကျမတို့ သင်ယူနိုင်တာတွေ၊ စိတ်အပန်းပြေနိုင်တာတွေ အများကြီးပါ။ အဲလိုပဲ ခေတ်မီနည်းပညာကို တလွဲသုံးမိပြီဆိုရင်လည်း ကျမတို့မှာ နဂိုရှိပြီးသား အရည်အချင်းတွေ၊ ပျော်ရွှင်မှုတွေကို ခမ်းခြောက် သွားအောင်လို့ လုပ်ပစ်နိုင်ပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ထဲမှာ လူဖြစ်ကြရမယ့် ကလေးတွေအတွက် နည်းပညာရဲ့ ဆိုးကျိုးတွေကို မရစေဖို့ ကာကွယ်ပေးရမှာက မိဘတိုင်း၊ မိသားစုတိုင်းမှာ တာဝန်ဖြစ်ပါတယ်။ ကျမတို့ရဲ့ ကလေးတွေ ကိုယ်လက်လှုပ်ရှား ကစားခွင့်တွေ မရှိတော့ဘဲ၊ စိတ်ကူးယဉ် မကစားတတ်တော့ဘဲ ၊ လူအချင်းချင်း မပေါင်းသင်းတတ်တော့ဘဲ စက်ပစ္စည်းတွေနဲ့ချည်းပဲ နေတတ် ထိုင်တတ်သွားမယ် ဆိုရင်တော့ဖြင့် အနာဂတ်လူမှု အဖွဲ့စည်းတွက် အန္တရာယ် ရှိလာနိုင်ပါတယ်။

နည်းပညာကို အကျိုးရှိရှိ သုံးတတ်ပြီးတော့ လူပီသတဲ့၊ လူသားစိတ်ရှိတဲ့ လူသားလေးတွေ ဖြစ်လာစေဖို့ အတွက် ကျမတို့ စည်းကမ်းကလေး ထားပြီးတော့ ကလေးတို့ကို တီဗီတွေ၊ ကွန်ပျူတာတွေကို သုံးခိုင်းကြရမှာပါ။

(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading