(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)
“ကျနော်တို့တွေဟာ၊ ဝမ်းနည်းတဲ့ကာလတွေ၊ ပူဆွေးတဲ့ ကာလတွေ၊ ဒုက္ခရောက်တဲ့ ကာလတွေ၊ ဒီလိုနှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးပြီ။ မနှစ်တုန်းကလည်း ဒုက္ခများစွာ ကြုံခဲ့တာပဲ။ ဟိုးအရင်နှစ်ပေါင်း ၅၀ ကို ပြန်ကြည့်ရင်လည်း နှစ်ပေါင်းများစွာ ဒုက္ခတွေ ကြုံခဲ့တာပဲ။ ကျနော်ကတော့ ဒီနှစ်ကူးကစပြီး ပျော်ချင်တယ်။ ရှေ့နှစ်ပေါင်းများစွာလည်း ပျော်ချင်တယ်။ ကျနော်ပျော်ချင်သလိုပဲ ကျနော်တို့ ကမ္ဘာသူကမ္ဘာသားအားလုံး၊ တိုင်းသူပြည်သားတွေ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းမြေ့စရာတွေ ဖြစ်စေချင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်”
“တခုပဲရှိပါတယ်၊ ကျနော်ပျော်ချင်သလို တိုင်းရင်းသားတွေ အားလုံး၊ သို့မဟုတ်ရင်လည်း လူတွေအားလုံး၊ ဘာသာပေါင်းစုံ အားလုံး ပျော်ရွှင်ဖို့ဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးငြိမ်းချမ်းမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လက်တွဲဆောင်ရွက်မှုတွေ ရှိမှသာ ဖြစ်မယ်လို့ ယူဆပါတယ်၊ အဲလိုဟာမျိုးတွေ ဖြစ်ဖို့အတွက်ဆိုရင် နိုင်ငံရေးလို့ ကျနော်တို့ အခြေခံ ပြောရတာကတော့ လက္ခဏာ သဘောကတော့ နိုင်ငံရေးလို့ ပြောချင်ပြောပါစေ။ အမှန်တိုင်းကတော့ လူမှုရေး ဘဝတွေမှာရော၊ စီးပွားရေး ဘဝတွေမှာရော နေရာတိုင်းမှာ ကျနော်တို့ အားလုံးဟာ ငြိမ်းချမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း တည်ငြိမ်ခြင်း၊ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍတိုင်းမှာ ရှိဖို့လိုတယ်လို့ ကျနော်ယူဆပါတယ်။ လာမယ့်နှစ် တနှစ်လုံးမှာ တိုင်းသူပြည်သား အားလုံး လူမျိုး၊ ဘာသာရွေး နိုင်ငံရေးတည်ငြိမ်မှုတွေရဖို့ ဝိုင်းဝန်းဆောင်ရွက်ကြပါ။ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ငြိမ်းချမ်းမှုတွေ အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ကြပါ၊ အလားတူပဲ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဝိုင်းဝန်း ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုပါတယ်ခင်ဗျ။ အဲလို နည်းနဲ့သာ ရှေ့လာမယ့်ကာလ တနှစ်လုံး၊ ဒါမှမဟုတ် နောင်လာမယ့် နှစ်တွေမှာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတွေကို ခံစားရလိမ့်မယ်လို့ ပြောချင်ပါတယ်။ အဲဒီအတွက်လည်း လွက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်”
ဦးသိန်းညွန့်
(အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
“မြန်မာ့ သက္ကရစ် ၁၃၇၅ ခုနှစ်သည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက် ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါသည်၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများအတွက် ဆောင်ရွက်စရာ လုပ်ငန်းများ၊ အမြောက်အများ ရှိနေပါသည်။ ဤတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရန်၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး စိတ်ဓာတ် အားကောင်းရန် လိုအပ်ပါသည်”
“ထို့အတူ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ ပိုမို၍ အရှိန်အဟုန် ရလာရန်၊ ပြုပြင်ပြောင်းလဲရေးကို လိုလားသော အင်အားစု မှန်သမျှသည် အထူးသဖြင့် အမျိုးသား အင်အားစုများ ဖြစ်သော နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များသည် အမိမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြား အိမ်နီးခြင်းနိုင်ငံများကို ရင်ဘောင်တန်းနိုင်ရေးနှင့် မိမိတို့၏ မည်သည့်အခါမှ ပျောက်ကွယ်နိုင်ခြင်း မရှိသည့် ပြည်ချစ်စိတ်ဓာတ်ကို အခြေခံ၍ နိုင်ငံ၏ ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကြိုးစားနိုင်ကြပါစေ၊ အပြောနှင့် အလုပ် ညီညွတ်ကြပါစေ၊ မိမိ၏ ဆောင်ရွက်မှု မှန်သမျှသည် ပြည်သူတို့၏ အကဲဖြတ်မှုကို ခံယူနိုင်ကြပါစေလို့ နှစ်သစ်အတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်”
ဒေါက်တာ အေးမောင်
(ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ)
“နှစ်သစ်ကူးတယ် ဆိုရင်တော့ဖြင့် အဟောင်းရဲ့ ဆင်ခြင် သုံးသပ်စရာလေးတွေကို သံဝေဂ ယူရမှာပေါ့။ ခေတ်အဆက်ဆက်မှာ ဒီလိုပဲယူလာခဲ့ကြတာလေ။ အနာဂတ်ဖြစ်တဲ့ နှစ်သစ်ကို ရောက်ပြီဆိုရင် နှစ်အဟောင်းရဲ့ အကြွေးတွေရှိတယ်၊ ဆင်ခြင်စရာ လေးတွေ ရှိတယ်၊ ပြန်လှန် သုံးသပ်စရာလေးတွေ ရှိတယ်၊ သံဝေဂယူစရာလေးတွေ ရှိတယ်၊ အဲဒါတွေ အကုန်လုံးကို ပြန်လှန် သုံးသပ်နိုင်မှပဲ။ ကျနော်တို့ ရှေ့ဆက်သွားမယ့် လမ်းအတွက် အားဖြစ်မှာပေါ့။ တကယ်လို့ မသုံးသပ်နိုင်ခဲ့ဘူး၊ မိုက်ခဲ့တာတွေကို ပြန်ပြီးယူသွားမယ် ဆိုလို့ရှိရင် နှစ်ဟောင်းရဲ့ ကျနော်တို့ အပေါ်မှာ ကမ်းပေးလိုက်တဲ့ လက်ဆောင်ကို ကျနော်တို့ အသုံး မပြုနိုင်သလို ဖြစ်သွားမှာပေါ့”
“ကျနော်တို့က နှစ်သစ်ကို ကြိုဆိုတာနဲ့အတူ နှစ်ဟောင်းက ပေးလိုက်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ လိုတယ်၊ အဲလိုပဲ လာမယ့်နှစ်တွေမှာ ကြုံလာမယ့် အဖြစ်အပျက်တွေကိုလည်း နောင်လာမယ့် နှစ်အတွက်လည်း သင်ခန်းစာယူရမယ်။ လက်ဆင့်ကမ်းပေးရမယ်၊ နှစ်တနှစ်မှာ ပေးလိုက်တဲ့ တာဝန်ကို ကျေနိုင်မှ သမိုင်းတာဝန်ကို ထမ်းသလိုဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် နှစ်ဟောင်းဆိုတာ မေ့ပစ်ဖို့မဟုတ်သလို သံဝေဂ ယူစရာလေးတွေကို အသုံးပြုနိုင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်စေချင်တယ်”
“နှစ်သစ်မှာ ကျနော်တို့တောင့်တတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ရောက်အောင်တော့ လူထုက လူထုတာဝန်နဲ့ အညီ တည့်မတ်ပေးရမှာပေါ့။ အစိုးရဆိုတာကတော့ ဖောက်ပြန်တာလည်း ရှိတယ်၊ သစ္စာရှိတာလည်း ရှိတယ်။ ဖောက်ပြန်ခဲ့လို့ရှိရင် သစ္စာရှိတဲ့ အစိုးရဖြစ်အောင် လူထုလိုချင်တဲ့ လမ်းကြောင်းပေါ် ရောက်တဲ့ အစိုးရဖြစ်အောင် လူထုက တည့်မတ်ပေးဖို့လိုတယ်။ အဲသလိုပဲ လူထုကို အုပ်ချုပ်ဖို့အတွက် လူထုက ရေးစွဲခဲ့တယ်လို့ဆိုတဲ့ အခြေခံဥပဒေကအစ အစိုးရနဲ့လူထု ပဋိညဉ်ယူထားတဲ့ ဥစ္စာလေးတွေမှာ လူထုလိုအပ်ချက်တွေ အစိုးရအဖွဲ့က သို့မဟုတ် သက်ဆိုင်တဲ့ စာချုပ်စာတန်းက မလုံလောက်တော့ဘူးဆိုရင်၊ လူထုကပဲ ပြန်ပြင်ပေးဖို့အတွက် လူထုကပဲ တာဝန်ရှိတယ်။ အဲဒီတော့ လူထုက မောင်းနှင်ပေးပါ၊ လူထုဦးဆောင်တဲ့ အစိုးရ ဖြစ်အောင် လူထုကြိုက်တဲ့ လမ်းစဉ်ဖြစ်အောင် နှစ်သစ်မှာလုပ်ပေးပါလို့ ကျနော်တင်ပြတောင်းဆိုချင်ပါတယ်”
ဦးဖေမြင့်
(ပြည်သူ့ခေတ် အယ်ဒီတာချုပ်)
“လာမယ့် နှစ်သစ်မှာ အေးချမ်းသာယာပြီး မြန်မာ့ဒီမိုကရေစီအကူးအပြောင်း ဆက်လက်တိုးတက် ဖြစ်ပေါ်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်ဗျာ။ နှစ်ဟောင်းက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့နှစ်ထဲ တိုင်းပြည်မှာ အဆင်မပြေတဲ့ အကြောင်းကိစ္စတွေ၊ အဖုအထစ်တွေ၊ အရုပ်ဆိုး၊ အကျည်းတန်တဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့တယ်ပေါ့ဗျာ။ လာမယ့်နှစ်မှာတော့ ဒါမျိုးတွေ မဖြစ်ပေါ်စေဖို့ ဆုတောင်းပါတယ်ဗျာ။ ပြည်သူလူထု အနေနဲ့လည်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကို ဖြတ်သန်း နိုင်ကြပါစေ။ ငြိမ်းချမ်းမှု၊ သာယာမှု ဖွံ့ဖြိုးတိုးတက်တဲ့ နှစ်များနဲ့လည်း ကြုံတွေ့ကြရပါစေလို့လည်း ဆုတောင်းပေးပါတယ်ဗျာ”
ဒုတိယ ရဲမှူးကြီး မင်းအောင်
(ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး)
“အားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ဗျာ၊ ဘေးရန်မခဘဲနဲ့ လိုရာဆန္ဒတွေ ပြည့်ဝစေဖို့ပဲ ဆုတောင်းလိုက်ပါတယ်။ သင်္ကြန်တွင်းမှာလည်း ဘေးအန္တရာယ်တွေ မဖြစ်အောင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ဒေသတိုင်းမှာ လုံခြုံရေးပိုင်းအရ ပြင်ဆင်ထားပါတယ်။ လက်ရှိအခြေအနေမှာလည်း ဖြစ်စရာ အနေအထား မရှိပါဘူး။ နှစ်သစ်ကူးလည်း အေးအေးချမ်းချမ်း ပြီးသွားပါစေလို့လည်း ဆုတောင်းပေးပါတယ်”
ဦးကျော်သူ
(နာရေးကူညီမှု အသင်း)
“သင်္ကြန်မှာ အရက်သေစာ သောက်စားတာ၊ မူးယစ်ရမ်းကာတာတွေ၊ ဒါတွေကို ဆင်ခြင်ဖို့ အရေးကြီးပါတယ်။ ရာသီဥတုကလည်း အတော်ပူပြင်းနေတယ်၊ သရုပ်ပျက် ယဉ်ကျေးမှုနဲ့ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ ဒါတွေကို ဆင်ခြင်ကြဖို့ ဒါတွေကိုပဲ တိုက်တွန်းချင်ပါတယ်”
“ကူးပြောင်းသွားမယ့် နှစ်သစ်မှာတော့ အဓိက ကတော့ ငြိမ်းချမ်းရေးပေါ့လေ၊ ငြိမ်းချမ်းမှလည်း နေထိုင်စားသောက်တာ၊ အလုပ်အကိုင်လုပ်တာကအစ အားလုံး အဆင်ပြေမယ်၊ မငြိမ်းချမ်းရင်တော့ ဘယ်လိုမှ လုပ်လို့ကိုင်လို့ ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းချင်ရင်တော့ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုကျေမှ တိုင်းပြည်က မြန်မြန်လေး ကျနော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်မှာပေါ့”
ဦးအောင်မျိုးမင်း
(လူ့အခွင့်အရေး ပညာပေး ဌာန – မြန်မာနိုင်ငံ [HREIB] ဒါရိုက်တာ)
“နှစ်သစ်ကူး အချိန်အခါသမယမှာ လူတိုင်း ဘေးရန်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ကြပါစေ။ လူမျိုး၊ ဘာသာ၊ လိင်ကွဲပြားမှုနဲ့ အသားအရောင်မရွေးဘဲ ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း၊ ကြောင့်ကြခြင်းမှ ကင်းဝေးခြင်းဆိုတဲ့ ဂုဏ်သိက္ခာ အပြည့်အဝနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေ။ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ၊ အာဃာတတရားကြောင့် အကြမ်းဖက်မှုစတဲ့ နေရာတွေမှာ လူကိုလူချင်းလေးစားတဲ့ လူ့အခွင့်အရေး ယဉ်ကျေးမှုတရပ်နဲ့ အမြန်ဆုံး အစားထိုး တည်ဆောက် နိုင်ကြပါစေ”
ဦးအောင်သိန်းလင်း
(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်)
“နှစ်ဟောင်းကနေ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကူးပြောင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုလည်း ထပ်မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်ဗျာ။ နှစ်သစ်မှာလည်း ကျနော်တို့ မျှော်လင့်ထားသလို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာဖို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့အတူ ခေတ်မီ၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာဖို့ မျှော်လင့်ပါတယ်ဗျာ။ လူထုတွေ အနေနဲ့လည်း အားလုံး ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကို ကူးပြောင်းနိုင်ပါစေ၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို ပိုင်ဆိုင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
မတင်တင်ညို
(အမျိုးသမီးအဖွဲ့ချုပ် [မြန်မာနိုင်ငံ] အထွေထွေ အတွင်းရေးမှူး)
“မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ကနေ စပြီးတော့ ကျန်နှစ်ပေါင်းများစွာ ကျမတို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ဘေးအန္တရာယ်တွေ ကင်းဝေးပြီးတော့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ၊ ဘဝမှာ လုံလုံခြုံခြုံနဲ့ အမြန်ဆုံးနေထိုင်ပြီးတော့မှ ကျမတို့နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း အဖက်ဖက်ကနေ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိဖို့အတွက် လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
“ကမ္ဘာသူကမ္ဘာသားများနှင့် မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများ၊ ငြိမ်းချမ်းသာယာခြင်း အသိနဲ့ နှစ်သစ်ကို ကူးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
“နှစ်သစ်မှာ လူသားတိုင်း စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊ နှစ်ဟောင်းမှာ မကောင်းမှုတွေ ဖြစ်ခဲ့တာတွေ၊ ကံဆိုးမှုတွေ ရှိခဲ့တာတွေကို အတာရေနဲ့ ဆေးပြီးတော့ နှစ်သစ်မှာ အကောင်းတွေကိုပဲ ယူဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ လူထုတွေအနေနဲ့ နှစ်သစ်မှာ ပူပင်သောကကင်းစွာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြပါစေလို့လည်း ဆုတောင်း ပေးပါတယ်”
“သင်္ကြန်မှာ ရန်တွေ မဖြစ်ကြဘဲနဲ့ ဘေးအန္တရာယ်ကင်းရှင်းပြီး နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါစေ။ နှစ်ဟောင်းမှာ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ရှိခဲ့ရင်လည်း အဲလိုမျိုး နှစ်သစ်မှာ နှစ်သစ်အထိ ပါမလာပါစေနဲ့ နှစ်သစ်မှာလည်း အဲဒါမျိုးတွေထပ်မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်”