၁၉၈၀ နှောင်းပိုင်းနှစ်များမှာ ၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စီးရီးများဖြင့် အောင်မြင်ကျော်ကြားခဲ့ပြီး ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်နေသည့် အဆိုတော် (ဦး) မွန်းအောင်က ဧရာဝတီနှင့် အပြန်အလှန် အီးမေးလ်ဖြင့် အမေးအဖြေ ပြုလုပ်ရာတွင် အနှစ် ၂၀ ကျော် ဒီမိုကရေစီရေး လှုပ်ရှားမှုထဲ ဖြတ်သန်း လာခဲ့ရသည့် သီချင်းသည်တဦး၏ ယုံကြည်ချက်၊ ခံယူချက်နှင့် မျှော်လင့်ချက်များကို ပြောပြသည်။ လာမည့် မေလ သမ္မတကြီး ဦးသိန်းစိန် နိုဘဲလ်ဆု မရရေး ကမ်ပိန်းတခု စတင် လှုပ်ရှားမည် ဖြစ်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာအပေါ် ထောက်ပံ့သည့် နော်ဝေနိုင်ငံ သားများ၏ အခွန်ထမ်းငွေ အကျိုးရှိ မရှိ မေးခွန်း ထုတ်ရေးလည်း ပါဝင်မည်ဟု ဆိုသည်။ မြန်မာပြည် တနံတလျား သီချင်းများ ပြန်ဆို ချင်ကြောင်းလည်း သူကပြောသည်။
မေး။ ။ မကြာခင်က ယူကျုပေါ်မှာ “ဒို့ပြန်လာမယ်” ဆိုတဲ့သီချင်း တင်တာ နားထောင်လိုက်ရတယ်။ ဘယ်တုန်းက ဘယ်သူတွေနဲ့ ဘယ်လိုအသံသွင်းခဲ့တာလဲ။ ဘယ်လိုခံစားချက်နဲ့ ရေးဖြစ်ပြီး ဘာလို့ ယူကျုပေါ် အခုတင်ဖြစ်တာလဲ။
“ဒို့ပြန်လာမယ်” |
---|
ဖြေ။ ။ “ဒို့ပြန်လာမယ်” ဆိုတဲ့သီချင်းကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ ရေးပြီး နော်ဝေး အပျော်တမ်း တီးဝိုင်း တခုနဲ့ အစမ်း အသံသွင်းကြည့်ခဲ့တယ်။ နောက်ခံတီးလုံးကို ဗမာ့ဟန်နဲ့ တိုင်းရင်းသားဟန်တွေ ရောပြီးတီးဖို့ စဉ်းစားထားပေမယ့် အဲဒီလို သွင်းဖို့အခွင့်အလမ်း မရခဲ့ဘူး။ အဲဒါနဲ့ အခွေကြမ်း အဖြစ် အခုလို သွင်းထားခဲ့တယ်။ ကိုယ့်စိတ်ကြိုက်ပြန်တီးနိုင်မှ ပရိသတ်ကို ချပြမယ်လို့ စဉ်းစား ထားခဲ့တာ။ ဒီသီချင်းက အဲဒီကာလဝန်းကျင်က အခြေအနေကို ထင်ဟပ်ပြီး ရေးထားခဲ့တာ ဖြစ်ပေမယ့် မကြာခင်က ဖြစ်သွားတဲ့ မိတ္ထီလာမြို့က အစ္စလမ်ဘာသာဝင်တွေကို အကြမ်းဖက် တိုက်ခိုက် ခဲ့တဲ့ မင်းမဲ့စရိုက် လုပ်ရပ်တွေကြောင့် ဒီသီချင်းကို တင်လိုက်တာပါ။
တကယ်ဆိုရင် မြန်မာပြည်မှာနေထိုင်တဲ့ မွတ်စလင်တွေဟာ ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ လူသားတွေပါ။ တရားမဲ့ လက်လွတ်စံပ္ပာယ် လုပ်ရပ်တွေဟာ အကျည်းတန်ပြီး တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ လူတိုင်းဟာ တန်းတူညီမျှမှု ရှိပြီး အပြန်အလှန် လေးစားမှု ရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လို့ ရတာပါ။ ဒါကြောင့် ဒီသီချင်းဟာ ယခုအဖြစ်အပျက်နဲ့တိုက်ရိုက်ကြီး မသက်ဆိုင်ပေမယ့် ကျနော်တို့တိုင်းပြည် ငြိမ်းချမ်းဖို့ အတွက် ကျနော်တို့တတွေ အားလုံး စည်းရုံးဖို့ လိုတယ်ဆိုတာကို ဆိုလိုတာပါ။ ကျနော်တို့ တတွေဆိုတဲ့နေရာမှာလည်း လူမျိုး ဘာသာ ခွဲခြားမှုမရှိဘဲ မြန်မာပြည်မှာ မှီတင်းနေထိုင်နေကြတဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ဆိုလိုတာပါ။
မေး။ ။ သီချင်းမဆိုဖြစ်တာကြာပြီလို့ သိရပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ဆုလာယူတုန်းက တကြိမ်၊ သမ္မတ ဦးသိန်းစိန် နော်ဝေလာတုန်းက ဆန္ဒပြပွဲမှာ တကြိမ် သီချင်းဆိုတာ တွေ့လိုက်ရတယ်။ သူတို့ ခရီးစဉ်တွေမှာ ဘာတွေက ကိုမွန်းအောင် သီချင်းဆိုဖြစ်လာအောင် စေ့ဆော်ခဲ့သလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် လာတုန်းကတော့ မြန်မာပြည်က ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ကိုယ်တိုင် ပထမဆုံးအကြိမ် အော်စလိုကို ရောက်နေတုန်းမှာ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ သီချင်း သွားဆိုခဲ့တယ်။ သူကြားတာ မကြားတာ သူသိတာ မသိတာထက် သူရှိနေတဲ့အရပ်မှာ ဂီတသံ လွှမ်းနေစေချင်လို့ အစီအစဉ်ရှိရှိနဲ့ သီချင်းသွားဆိုခဲ့တာ ဖြစ်တယ်။ ဦးသိန်းစိန် အော်စလို လာတုန်းကတော့ ဆန္ဒပြဖို့ သက်သက် သွားခဲ့တာပါ။ ဟိုရောက်တော့မှ ဆန္ဒပြသူတွေ အရေးကြီးပြီ သီချင်းဆိုပြီး ဂစ်တာ တလုံးနဲ့ ချီတက်လာတာကို ဘွားခနဲ တွေ့လိုက် ရတယ်။ အဲဒီရောက်မှ သိရတာက ရဲက ကြွေးကြော်သံ တိုင်ခွင့်မပြုဘူး။ သီချင်း ဆိုခွင့်ပဲ ပြုတယ်လို့ သိရတယ်။ ဒါကြောင့် သီချင်းဆိုရင်း ကြားမှာ ကြွေးကြော်သံကို တိုင်ခဲ့ပြီး ဦးသိန်းစိန်နဲ့ကြံ့ဖွံ့ အစိုးရအဖွဲ့ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်။ အဲဒီအတွက်ကြောင့် အဲဒီနေ့က ကျနော် သီချင်းဆိုဖြစ်တယ်။
မေး။ ။ လာမယ့် မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ သမ္မတကြီး ဦးသိန်းစိန် နိုဘဲလ်ဆု မရရေး ကမ်ပိန်းတခု စပြီးလှုပ်ရှားမှုမှာ ကိုမွန်းအောင် ပါမယ်လို့ ကြားတယ်။ ဘယ်သူတွေ ဦးဆောင်လုပ်မှာလဲ၊ ဘာကြောင့် ပါဝင်လှုပ်ရှားဖြစ်သလဲ၊ ဘယ်လို မျှော်မှန်းချက်တွေနဲ့ ဘာတွေ လုပ်ကြမှာလဲ။
ဖြေ။ ။ လာမယ့် မေလ ၄ ရက်နေ့ကစပြီး အပါတ်တိုင်း စနေနေ့တွေမှာ ၂၀၁၃ ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် ဦးသိန်းစိန်အမည် စာရင်း တင်ထားတာကို ကန့်ကွက်ကြောင်း လှုပ်ရှားမှုတွေ လုပ်ဖို့ စီစဉ်နေပါတယ်။ ကျနော်နဲ့အတူ မြန်မာ့အရေး လှုပ်ရှားသူတွေ စုပေါင်းပြီး အကောင်အထည်ဖော်ဖို့ လုပ်နေကြတယ်။ ဦးသိန်းစိန်ဟာ စစ်အစိုးရ အဆက်ဆက်မှာ တာဝန်ယူခဲ့တဲ့ စစ်ဗိုလ် တယောက် ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တခြားစစ်ဗိုလ်ချုပ်တွေရဲ့ အလိုအရ အရပ်ဝတ်လဲပြီး သမ္မတ တက်လုပ်ခဲ့သူဖြစ်တယ်။ ဒီလိုလူတယောက်ဟာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုနဲ့ဘယ်လိုမှ မထိုက်တန်သူသာ ဖြစ်တယ်။ ဒီအတွက်ကြောင့် ကန့်ကွက်တဲ့ လှုပ်ရှားမှုကို စတင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို လက်ကမ်း စာစောင်မှာ အကျဉ်းချုပ်ရေးပြီး ဝေမယ်။ ကျနော်တို့ လှုပ်ရှားမှုကို ထောက်ခံသူတွေရဲ့ လက်မှတ်တွေ စုဆောင်းပြီး နိုဘဲလ်ဆုရွေးချယ်ရေး ကော်မတီကို ပို့မယ်လို့ စီစဉ်ထားတယ်။ စာရွက်ဝေခြင်း လက်မှတ်စုဆောင်းခြင်း လုပ်နေစဉ်မှာပဲ သီချင်းတွေဆိုဖို့လည်း စီစဉ်ထားတယ်။
ဒါ့အပြင် ယနေ့လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေကို နော်ဝေး ပြည်သူတွေနဲ့ နော်ဝေးသတင်းဌာနတွေကို တတ်နိုင်သလောက် အသိပေးဖို့လည်း ကြိုးစားသွားမှာ ဖြစ်တယ်။ ဒီလှုပ်ရှားမှုဟာ နော်ဝေး – မြန်မာ ကော်မတီနဲ့ မည်သို့မျှ ပတ်သက်ခြင်းမရှိကြောင်း အတိအလင်း ပြောထားပြီးသားလည်း ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အကြောင်းပြပြီး အခကြေးငွေယူ အလုပ်လုပ်နေတဲ့ မည်သူ့ကိုမှ ဒီလှုပ်ရှားမှုမှာ မပါဝင်စေချင်ဘူး။
မေး။ ။ ကိုမွန်းအောင်က ၁၉၈၈ ခုနှစ်နောက်ပိုင်း ထိုင်း – မြန်မာနယ်စပ်မှာ အခြေစိုက်ဖူးပြီး ကချင် အမျိုးသား တယောက်လည်းဖြစ်တော့ တိုင်းရင်းသားအရေး မြန်မာအစိုးရက ကမကထပြု ဖွဲ့ထားတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ကြားဝင် ကိုင်တွယ်နေမှုကို နော်ဝေရဲ့ ငွေကြေးထောက်ပံ့ပေးနေတဲ့အပေါ် ဘယ်လိုမြင်လဲ။ နော်ဝေရဲ့ အကူအညီတွေက ထိရောက်တယ်လို့ ထင်လား။
ဖြေ။ ။ ငြိမ်းချမ်းရေး ကော်မတီကို အစိုးရက ကမကထပြု ဖွဲ့ထားပေးတာ ဆိုတော့မှ ဒါဟာ ဘက်မလိုက်တဲ့ ကြားနေ အဖွဲ့အစည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ မြန်မာ ငြိမ်းချမ်းရေးကော်မတီကို ကချင်လွတ်မြောက်ရေး အဖွဲ့က ယုံကြည်မှု မရှိလို့သာ နောက်ထပ်တွေ့ဆုံပွဲတွေမှာ နိုင်ငံတကာ လေ့လာသူတွေ ပါဝင်ဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ ကျနော် နားလည်တယ်။
နော်ဝေနိုင်ငံက မြန်မာငြိမ်းချမ်းရေးစင်တာကို ကူညီထောက်ပံ့မှုက ထိရောက်မှု မရှိဘူးလို့ ကျနော်မြင်တယ်။ ဒါတင်မက ထောက်ပံ့ငွေတွေက မြန်မာငြိမ်းချမ်းရေး စင်တာကို တဖက်သတ် ထောက်ပံ့နေသလို ဖြစ်နေတယ်။ ဒီထောက်ပံ့ငွေတွေနဲ့ ပတ်သက်လို့ နော်ဝေးအစိုးရရော လက်ရှိမြန်မာအစိုးရရော နှစ်ဘက်စလုံးက တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ မရှိဘူးလို့ ကျနော်ထင်တယ်။ ဒါကြောင့် ကျနော်တို့ လုပ်နိုင်တာက နော်ဝေးနိုင်ငံက အခွန်ထမ်း ပြည်သူတွေနဲ့ အတိုက်အခံပါတီတွေကို ဗမာပြည်မှာ ယခု လက်ရှိအစိုးရရဲ့ ငွေကြေးထောက်ပံ့ သုံးစွဲမှုဟာ အမှန်တကယ် ထိရောက်မှု ရှိပါရဲ့လားဆိုတာ မေးခွန်းထုတ်ဖို့ လိုကြောင်း တိုက်တွန်း လှုံ့ဆော်သွားမှာ ဖြစ်တယ်။ နော်ဝေးနိုင်ငံမှာ အစိုးရအဖြစ် တာဝန်ယူထားသူတွေက အာဏာရှိတယ်ဆိုပြီး လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူး။ အစိုးရရဲ့ အာဏာဟာ ပြည်သ့ူ လက်ထဲက လာတာဖြစ်တယ်။
မေး။ ။ နော်ဝေက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတာဟာ ကိုမွန်းအောင်နဲ့ တခြား ပြည်တော်ပြန် အနုပညာရှင်တွေနဲ့ မတူဘူးလို့ ပြသနေသလိုပဲ။ ကိုမွန်းအောင် မြန်မာပြည်ပြန်လာပြီး စင်တင်ဖျော်ဖြေ တင်ဆက်မှုတွေလုပ်ဖို့၊ မြန်မာပြည်က ကိုမွန်းအောင် ပရိသတ်တွေကို သီချင်းဆိုပြဖို့ မျှော်မှန်းချက် မရှိဘူးလား။
ဖြေ။ ။ ဒီနေရာမှာ ပြန်လာဖို့ ဆိုတာထက် ပြန်လာခွင့် ကိစ္စက ပိုအရေးကြီးတယ်။ သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ပြောခဲ့တယ် ဆိုပေမယ့် မြန်မာပြည်ပြန်ဖို့ အတွက် ဗီဇာလျှောက်ကတည်းက ထိန်းချုပ်မှုတွေ ရှိနေတယ်။ သာမန် နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ဗီဇာ လျောက်ရသလိုဆိုရင် ကျနော်ကျေနပ်တယ်။ အခုတော့ အဲဒီလိုမဟုတ်ဘဲ ပြည်ပရောက် မြန်မာတွေကို ခွဲခြားဆက်ဆံနေသလို ဖြစ်နေတယ်။ သီချင်းသည် တယောက်အနေနဲ့ ကိုယ့်အမိမြေမှာ ကိုယ့်ပရိသတ်ကို သီချင်းဆိုပြဖို့ ဆိုတာ ကျနော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပါ။ တပြိုင်နက်တည်းမှာပဲ လွတ်လွတ် လပ်လပ်နဲ့ ဂုဏ်သိက္ခာ ရှိရှိ ပြန်လာပြီး လွတ်လပ်တဲ့ မိုးကောင်းကင်ကြီး အောက်မှာ လူမျိုးဘာသာ အတန်းအစားခွဲခြားမှုမရှိဘဲ
လူတိုင်းအတွက် ကျနော် သီချင်းဆိုချင်တယ်။ စင်တင် ဖျော်ဖြေပွဲတွေတင် မဟုတ်ဘဲ ကျနော့် မွေးရပ်မြေက ကချင် ဒုက္ခသည် စခန်းတွေ အပါအဝင် တခြားသော ဒုက္ခသည် စခန်းကလူတွေ၊ ငိုကြွေးနေတဲ့ ပြည်သူတွေ၊ လက်နက်ကိုင်ပြီး အချင်းချင်း တိုက်ခိုက်နေကြတဲ့ ဘက်ပေါင်းစုံက စစ်သားတွေကို ရန်သူမိတ်ဆွေ မခွဲခြားဘဲ သူတို့သာ နားထောင်ချင်မယ်ဆိုရင် အားလုံးကို ဖျော်ဖြေချင်တဲ့ ဆန္ဒ ရှိပါတယ်။
မေး။ ။ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တလျှောက်လုံး ပါဝင်ခဲ့သူ အဆိုတော် တယောက်အနေနဲ့ အနုပညာနဲ့ နိုင်ငံရေးဟာ သီးခြားမဟုတ်ဘူးလို့ ကိုမွန်းအောင် ပြောနိုင်လား။ အနုပညာနဲ့ နိုင်ငံရေးဟာ သီးခြား သက်သက်စီလို့ ပြောလာရင်ကော ကိုမွန်းအောင် ဘယ်လိုတုန့်ပြန်မလဲ။
ဖြေ။ ။ အနုပညာနဲ့ နိုင်ငံရေးဟာ သီးခြားဟုတ်တယ် မဟုတ်ဘူးဆိုတာကို ကျနော်မဆွေးနွေးလိုဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျနော်က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ကျနော် တလျောက်လုံး လုပ်ခဲ့တာ တော်လှန်ရေး ဖြစ်တယ်။ ဘာကြောင့် တော်လှန်ရေး လုပ်ဖြစ်ခဲ့သလဲဆိုရင် ငယ်စဉ် ကလေးဘဝကတည်းက ပြည်တွင်းစစ်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့ရပြီး သီချင်းသည် ဘဝမှာလည်း ဆိုချင်တဲ့ သီချင်းတွေကို မူရင်းအတိုင်း မဆိုရဘဲ အဓမ္မ ဖြတ်တောက်ခံရခဲ့တယ်။ ပြီးတော့ ၁၉၈၈ မှာ မြို့တော်ရဲ့လမ်းတွေပေါ်မှာ လူတွေကို စစ်တပ်က အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့တာကို မြင်ခဲ့ရတယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်မှာ တော်လှန်ရေးမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ နေခဲ့တယ်။ ယခုထက်ထိလဲ အဲဒီအတိုင်း နေနေဆဲဖြစ်တယ်။
မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာကို မျက်စိပိတ် နားပိတ်ပြီး ငြင်းနေတာ မဟုတ်ပါဘူး။ ဗိုလ်သန်းရွှေ အစိုးရလက်ထဲကနေ ဦးသိန်းစိန်အစိုးရအဖြစ် ပြောင်းလာတဲ့ ဖြစ်စဉ် အဆင့်ဆင့်ကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဖို့ အစီအစဉ် ရှိရှိ ဆောင်ရွက်နေတုန်းပဲလို့ ကျနော် မြင်တယ်။ စစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း မြန်မာပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ လိမ်ခဲ့ပြီးပြီ။
ပြောရမယ်ဆိုရင် ဗိုလ်စောမောင်ခေတ်က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကို ပြန်ပါ့မယ်ဆိုပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်ခဲ့ပေမယ့် အာဏာကိုလွှဲ မပေးခဲ့ဘဲ ဆက်ပြီးအုပ်ချုပ်တယ်။ ဒါပေမယ့် နိုင်ငံတကာက သူတို့ကို တရားမဝင် အစိုးရလို ဆက်ဆံနေတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလို့ ကြွေးကြော်ပြီး သူတို့ သဘောနဲ့သူတို့ စိတ်ကြိုက် အခြေခံဥပဒေကို ရေးဆွဲတယ်။ နာဂစ်မုန်တိုင်းကြောင့်လူတွေ ဒုက္ခရောက်တာတွေ ဘာတွေကို ဂရုမစိုက်ဘူး။ မရအရ အတည်ဖြစ်အောင် လုပ်ခဲ့တယ်။ ပြီးတော့ အဓိက အတိုက်အခံမပါတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့တယ်။ အဲဒီမှာလဲ ကြိုတင်မဲတွေ ဟိုမဲတွေ ဒီမဲတွေနဲ့ ကြံ့ဖွံ့ပါတီအပြတ်အသတ် အနိုင်ရပြီး ဦးသိန်းစိန် သမ္မတ ဖြစ်လာတယ်။ သူတို့ အခိုင်အမာ နေရာတွေ ယူထားပြီးတဲ့နောက်မှာမှ နိုင်ငံတကာမှာ မျက်နှာပန်း လှစေဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို တသုတ်စီ တသုတ်စီ လွတ်ပေးတယ်။ တကယ်ဆိုရင် ဒီအကျဉ်းသားတွေဟာ နဂိုကတည်းက ထောင်ထဲမှာ ဖမ်းထည့်ထားသင့်တဲ့သူတွေ မဟုတ်ဘူး။
ဒီနေရာမှာ ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြောရရင်လည်း စစ်တပ်က လူထုကို စစ်မှန်တဲ့ ဒီမိုကရေစီ မပေးနိုင်ကြောင်း အတိအလင်းပါတယ်။ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါမယ်။ လိုအပ်ရင်လည်း စစ်တပ်က အာဏာသိမ်းခွင့်ကို အခြေခံဥပဒေမှာ ခွင့်ပြုထားသေးတယ်။ သမ္မတ ဖြစ်ဖို့ဆိုတဲ့ နေရာမှာလည်း စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ဆိုတယ်။ လက်တွေ့မှာ တိုင်းပြည်ရဲ့ အဓိက အုပ်ချုပ်ရေး အပါအဝင် လုပ်ပိုင်ခွင့်အာဏာ အားလုံးကလည်း သူတို့ လက်ထဲမှာပဲ ရှိနေသေးတယ်။
တချိန်တည်းမှာပဲ စစ်တပ်က ကချင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တယ်။ ကချင်လူမျိုးအများစုက ခရစ်ယာန်ဘာသာဝင် တွေဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ခရစ်တော်ရဲ့ မွေးနေ့လို ရက်မျိုးမှာ စစ်တပ်က လေကြောင်း ကနေ တိုက်ခိုက်ခဲ့တယ်။ ဘယ်မှာလဲ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ။ တကယ်ဆိုရင် တိုင်းရင်းသားတွေ ကျောင်းသားတွေ ရဟန်းတွေ ပြည်သူတွေနဲ့ လှည့်ပတ်ပြီး ဒိုင်ခံ ရန်ဖြစ်နေတာက စစ်တပ်ပဲဗျ။
ကျနော့် အနေနဲ့ကတော့ စစ်တပ်က လိမ်တတ်တယ် ဆိုတာ သိနေတော့ သူတို့ ဘာပြောပြော သူတို့ လုပ်ရပ်ကို ကြည့်ပြီး ယုံကို မယုံနိုင်သေးဘူး။ မကြာသေးခင်က ထပ်ကြားရတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ စစ်တပ်ဟာ အနာဂတ်နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေဦးမယ်လို့ ပြောခဲ့တာကလည်း ဒီမိုကရေစီ စံနှုန်းနဲ့ ဖီလာဆန့်ကျင်ဖြစ်နေတယ်။
မေး။ ။ မြန်မာပြည်က ထွက်သွားပြီး ၁၉၉၂ ခုမှာ “ငြိမ်းချမ်းရေးတိုက်ပွဲ” စီးရီး ဘယ်လို လုပ်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြပါဦး။ ကွယ်လွန်သူ ထူးအိမ်သင်က “အရေးကြီးပြီ” ဆိုတဲ့ စစ်ချီသီချင်း ရေးခဲ့တယ်ဆိုတာ ဟုတ်သလား။
ဖြေ။ ။ ၁၉၉၂ မှာ “ငြိမ်းချမ်းရေးတိုက်ပွဲ” သီချင်းစုကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သွင်းခဲ့တယ်။ ကျောင်းသားဘဝတုန်းက ညည သီချင်းဝိုင်းတွေမှာ မှတ်သားခဲ့ရဘူးတဲ့ တော်လှန်ရေးသီချင်းတွေ အပြင် နယ်စပ်ရောက်မှ ထပ်ရခဲ့တဲ့ သီချင်းတွေကို စုပေါင်းပြီး အသံသွင်းခဲ့တာပါ။ ဒီသီချင်းတွေဟာ ပြည်သူလူထုနဲ့ ဒီမိုကရေစီရေးအတွက် တဘက်တလမ်းက ခွန်အားတွေ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဆိုခဲ့တာပါ။
“အရေးကြီးပြီ” ဆိုတဲ့ သီချင်းကို ကိုထူးအိမ်သင်က ရေးခဲ့တာပါ။ ကျနော်မှတ်မှတ်ရရ အခုချိန်အထိ ရှိနေသေးတယ်။ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက မယ်သလေစခန်းမှာ ကျနော်တို့ အတူတူ နေခဲ့ကြတယ်။ ကျနော် ငှက်ဖျားဖြစ်ပြီး အဖျားတက်နေတဲ့ ညတညမှာ ကျနော့် ဘေးနားမှာ တညလုံး ဖယောင်းတိုင်လေးထွန်းပြီး သူ တချွတ်ချွတ်နဲ့ ရေးခဲ့တာ။ မနက်ကျတော့ ကျနော်လည်း အဖျားကျရော သူက ဟာမိုနီကာလေးနဲ့ ဆိုပြခဲ့တယ်။ အဲဒီသီချင်းက “အရေးကြီးပြီ” ဆိုတဲ့ စစ်ချီသီချင်းပါပဲ။
မေး။ ။ ၁၉၉၈ ခုနှစ် နော်ဝေဂီတသမားတွေနဲ့ “လွတ်မြောက်ရာလမ်း” စီးရီးသွင်းခဲ့ပုံလည်း ပြောပါဦး။ နောက်ပိုင်း ကိုမွန်းအောင် သီချင်းတွေက ဂျပ်ဇ်ပုံစံတွေဖြစ်လာနေတော့ မြန်မာ ပရိသတ်နဲ့ အဆင်ပြေရဲ့လား။
ဖြေ။ ။ “လွတ်မြောက်ရာလမ်း” တေးစုကိုတော့ နော်ဝေနိုင်ငံသားတယောက်က ၈၈ အရေးအခင်း ၁၀ နှစ်မြောက်အနေနဲ့ အခွေတခွေ လုပ်ရအောင်လို့ ပြောလာပြီး လိုအပ်တာမှန်သမျှ သူတာဝန်ယူခဲ့တယ်။ ပြီးတော့ ကျနော့်မှာ သွင်းစရာ သီချင်း အဆင်သင့် မရှိတော့ ကိုရဲလွင်နဲ့ ကိုရဲနည် သီချင်းနှစ်ပုဒ်က လွဲလို့တခြားသီချင်း မယ်လိုဒီတွေကို သူရေးပေးတယ်။ အဲဒီ မယ်လိုဒီတွေပေါ်မှာ မြန်မာစာသားတွေထည့်ပြီး ဆိုခဲ့ရတာဖြစ်တယ်။ သီချင်းအများစုရဲ့ ကျောရိုးကို ဖန်တီးသူက ဂျပ်ဇ်ဂီတ မြတ်နိုးသူ ဖြစ်နေတော့ သီချင်းသံတွေကလဲ ဂျပ်ဇ်သံတွေ ဖြစ်သွားတော့တာ။
မေး။ ။ နောက် စီးရီးထွက်ဖို့ ရော စီစဉ်နေပြီလား။ ဦးရဲလွင် သီချင်းတွေ ကိုမွန်းအောင် ဆိုမယ်ဆိုတာ ဟုတ်လား။
ဖြေ။ ။ နောက်စီးရီးသွင်းနိုင်ဖို့အတွက် တီးဝိုင်းတခုနဲ့ အသံသွင်းဖို့ကိစ္စ စလုပ်နေပါပြီ။ ကိုရဲ သီချင်းတွေကို ကျနော် အခုမှဆိုတာ မဟုတ်ပါဘူး။ မြန်မာပြည်ထဲမှာ ရှိကတည်းက ကျနော်နှစ်ခြိုက်စွာ ဆိုခဲ့တာပါ။ အခုလည်း ကိုရဲရော ကိုနေဝင်းရော ရေးထားတဲ့ သီချင်းတွေ ဆိုစရာ ရှိနေသေးတယ်။ ကိုရဲ၊ ကိုနေဝင်း၊ ကိုမောင်မောင်တို့ရဲ့ သီချင်းတွေက ကျနော့်ကို ကျောင်းသား ဘဝကတည်းက သြဇာလွှမ်းမိုးခဲ့ပြီး သူတို့ သီချင်းတွေဆိုတိုင်းလည်း ရင်ခုန်ရတယ်။ လွတ်လပ်တဲ့ နေ့တနေ့၊ လွတ်လပ်တဲ့ မိုးကောင်းကင်အောက်မှာ လွတ်လပ်တဲ့ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် သီချင်းတွေ လာဆိုပြနိုင်မယ်လို့ မျှော်လင့်ရင်းနဲ့ မျှော်လင့်နေဆဲပါပဲ။ ။