ဖက်ဆစ်ဝါဒကို သဘောမတွေ့ခဲ့ကြသော အချိန်ကာလတခု မြန်မာနိုင်ငံတွင်ရှိခဲ့ဖူးသည်။ ဖက်စစ်ကို တိုက်ထုတ်ရမည်ဆိုသည့်အချက်က မြန်မာများကို စည်းလုံးညီညွတ်စေခဲ့သော အကြောင်းတခု ဖြစ်ခဲ့သည်။ အထူးသဖြင့် နိုင်ငံရေးလောကကို စုစည်း နိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ စစ်တပ်က အာဏာကို သိမ်းယူခဲ့သော ၁၉၆၂ခုနှစ် အထိ ကာလတလျောက်တွင် တိုင်းပြည်၏ အဓိက နိုင်ငံရေးအင်အားစုမှာ စစ်အတွင်းကာလ ဂျပန်တို့၏ အုပ်စိုးမှုကို တော်လှန်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူလွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ဖြစ်သည်။
နှစ်ငါးဆယ်ကြာ စစ်အုပ်ချုပ်ရေးကာလ နောက်ပိုင်းတွင် ဖက်ဆစ်ဆိုသည်မှာ အမည်နာမတခု အဖြစ်သာ ရှိနေခဲ့သော်လည်း လွန်ခဲ့သောရာစုနှစ်က ဖျက်ဆီးချေမှုန်းခံလိုက်ရပြီဟု ထင်ခဲ့ရသည့် ယင်းအတွေးအခေါ် သဘောတရား မြန်မာနိုင်ငံ၌ ပြန်လည်စတင် မွေးဖွားရန် စတင်လာကြသည်။ လွန်ခဲ့သောနှစ်နှစ်မှစ၍ စစ်တပ်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်ကာ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ဦးတည်နေပြီဆိုသော်လည်း မြန်မာလူငယ်များသည် မြန်မာ့ နိုင်ငံရေး အတွေးအခေါ်များအပေါ်တွင် မျိုးဆက်နှစ်ခုခန့် ကြီးစိုးခဲ့သော အစွန်းရောက် အမျိုးသားရေးဝါဒ၏ လွှမ်းမိုးမှုကို မတွန်းလှန်နိုင်သည့် အခြေအနေသို့ရောက်နေကြောင်း ပြသသည့် အရိပ်လက္ခဏာများကို စိတ်ပျက်စရာ မြင်တွေ့လာနေရသည်။
ယခုလို ထင်မြင်ယူဆချက်များဖြစ်ပေါ်လာအောင် ကျနော့်ကို လှုံ့ဆော်ပေးလာသည့် အကြောင်းအရာများထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ လတ်တလောဖြစ်ပွားခဲ့သည့် မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများနှင့် မူဆလင်များအပေါ်တွင် နာဇီများက ဂျူးများကို မြင်သလို အမြင်မျိုးထားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အချို့ ဦးဆောင်သော ၉၆၉ ဟုအမည်ခံထားသည့် လှုပ်ရှားမှုတခု ဒီရေမြင့်တက်လာသည်ကို တွေ့မြင်နေရခြင်းတို့ကြောင့်သာ မဟုတ်ပါ။ မကြာသေးခင်က မွန်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့စဉ် နာဇီစင်္ကြာတံဆိပ်ပါသော တီရှပ်များကိုဝတ်ဆင်ကာ နာဇီအလံများကို ဝှေ့ရမ်းနေကြသော လူငယ်များကို မျက်မြင်တွေ့ခဲ့ရခြင်းသည်လည်း အကြောင်းတခု ဖြစ်ပါသည်။
မွန်ပြည်နယ်ကို ဘာသာတရား အလွန်ကြည်ညိုကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာဒေသအဖြစ် မြန်မာများက သိထားကြသည်။ လွန်ခဲ့သောလက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ ရိုက်ခတ်မှုကို မခံခဲ့ရသော်လည်း ၉၆၉ လှုပ်ရှားမှု၏ မူလဘူတ နယ်မြေအဖြစ် မွန်ပြည်နယ်ကို သိလာကြသည်။ ပြည်နယ်မြို့တော် မော်လမြိုင်မှ ရဟန်းပျို တစုက ထိုလှုပ်ရှားမှုအဖွဲ့ကို စတင်တည်ထောင်ခဲ့ကြောင်း အချို့က ယုံကြည်ကြသည်။
သို့သော်လည်း ပြီးခဲ့သော သင်္ကြန်ကာလက မွန်ပြည်နယ်အတွင်း ဖြတ်သန်း ခရီးနှင့်ခဲ့ချိန်တွင် အစွန်းရောက်နာဇီ သင်္ကေတ သရုပ်ဖေါ်မြင်ကွင်းများကို တွေ့မြင်ရမည်ဟု ကျနော် မျှော်လင့်မထားခဲ့ပါ။
ကျိုက်ထီးရိုးစေတီကြောင့် ကျော်ကြားသည့် ကျိုက်ထိုမြို့မှ သံဖြူဇရပ်မြို့သို့ အသွားတွင်မြင်ခဲ့ရသော မြင်ကွင်းက ကျနော့်ကို အံ့အားသင့်စေပါသည်။ ပန့်ခ်ဖက်ရှင်နှင့် ဆယ်ကျော်သက် လူငယ်များသည် မျက်လုံးတွင် အမဲရောင်ချယ်ကာ ဆံပင်ကိုထောင်ထားကြပြီး သူတို့ဝတ်ဆင်ထားသော တီရှပ်များပေါ်တွင် အပြာရောင်စက်ဝိုင်း အတွင်းမှ အနီရောင် စင်္ကြာတံဆိပ်ကိုတွေ့ရသည်။
သို့သော်လည်း သူတို့၏ ဖက်ရှင်ကသာ ကျနော့်ကို အံ့အားသင့်စေသည် မဟုတ်ပါ။ မော်လမြိုင်သို့ ရောက်သောအခါ ဒါဇင်နှင့်ချီသော လူငယ်များ ဆိုင်ကယ်သံ ဆူညံစွာဖြင့် လှည့်ပတ်သွားလာနေသည်ကို မြင်ရသည်။ အချို့သူတွေက နာဇီအလံတွေကို ဝှေ့ရမ်းနေကြပြီး အချို့တွေက ဝါးရင်းတုတ်၊ သံတုတ်များ ကိုင်စွဲထားကြသည်။ သူတို့မှာ တစုံတရာ ရွယ်ချက်မရှိဟု ဆိုစေကာမူ မြင်ရသည်မှာ ကျောချမ်းစရာတော့ အမှန်ဖြစ်သည်။
တွေ့မြင်ရသမျှသည် ငြိမ်းချမ်းသော ဗုဒ္ဓဝါဒ၏ အရိပ်အောက်တွင် ရှိနေသည်ဆိုသော မွန်ပြည်နယ်၏ ရိုးရာ အစဉ်အလာ ပုံရိပ်နှင့် ကွဲပြားခြားနားစွာ ရှိနေသည်။ တချိန်ထဲမှာပင် တိုင်းပြည်၏ လတ်တလော အခြေအနေများနှင့် ပတ်သက်သော ခံစားချက်များ ရှိနေသော စိတ်ထဲ၌ ထူးဆန်းနေသည်။ ရခိုင်ပြည်နယ်တွင် ယခင်နှစ်က ဖြစ်ပွားခဲ့သလို ယခုနှစ် မတ်လက မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အရုပ်ဆိုး အကျည်းတန်သည့် ဖြစ်ရပ်များသည် တိကျသော အသွင်တခုကို ဆောင်လာသလို ခံစားရသည်။ အပေါ်ယံအခြေအနေတခုသည် တချိန်ထဲမှာပင် လေးနက်လာသည်။
လူငယ်တို့၏ ဆန့်ကျင် ပုန်ကန်တတ်သော စိတ်သဘောကို ဖော်ပြသည့် မြင်ကွင်းအပေါ်တွင် ကျနော် အစိုးရိမ်လွန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤလူငယ်လေးများသည် နာဇီစင်္ကြာတံဆိပ်၏ ခါးသီးသောသမိုင်းကို မသိ နားမလည်ကြတာလည်း ဖြစ်နိုင်ပါသည်။ ရှေးနှစ်ပေါင်းများစွာက ဟိန္ဒူ နှင့်ဗုဒ္ဓဘာသာဝင်များက မင်္ဂလာရှိသောအဆောင် အဖြစ်သုံးစွဲခဲ့သည့် အမှတ်တံဆိပ်ကို ဟစ်တလာက ပုံမှားရိုက်ကာ လူမျိုးရေးမုန်းတီးမှု၏ သင်္ကေတဖြစ်အောင် သုံးစွဲခဲ့သည့် အမှတ်တံဆိပ်ကို တူညီသည်ဟု မှားယွင်းစွာ နားလည်နေကြခြင်းလည်း ဖြစ်နိုင်ပါသည်။
ပြည်တွင်းဖြစ် ဖက်ဆစ်ဝါဒတခု ရှင်သန်ကြီးထွားလာခြင်းကို ဖော်ပြနေခြင်း သဘောမဟုတ်နိုင် ဟူသော အတွေးဝင်မိသည့် အချိန်မှာ ကျနော် အနည်းငယ် စိတ်သက်သာရသည်။ မွန်ပြည်နယ်အတွင်း ဖြတ်သန်းသွားစဉ်တလျှောက်တွင် ၉၆၉ တံဆိပ် စတစ်ကာများကို ကားတွေပေါ်မှာ၊ ဆိုင်ပြတင်းပေါက်များမှာ၊ အဆောက်အဦးများပေါ်မှာ နေရာတိုင်းလိုလို မြင်ခဲ့ရသည်။
ထိုလှုပ်ရှားမှုကို လူတိုင်းက အားပေးထောက်ခံနေကြသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ တက္ကသိုလ်ကျောင်းသား လူငယ်တယောက်နှင့် ကျနော် စကားပြောဖြစ်ခဲ့ပါသည်။ သူက ဘုန်းကြီးကျောင်းတကျောင်းတွင် နေထိုင်ခဲ့သူဖြစ်ပြီး ထိုကျောင်းတွင် ၉၆၉ လှုပ်ရှားမှု၏ အရေးပါသော အဖွဲ့ဝင် ရဟန်းပျို အချို့ ရှိကြောင်းပြောပါသည်။ သို့သော်လည်း ကျောင်းထိုင်ဆရာတော်က သူတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အသိအမှတ် မပြုကြောင်းလည်းပြောသည်။ (ထိုလူငယ်၏ ဆိုင်ကယ်တွင် ၉၆၉ စတစ်ကာ ကပ်ထားပါသည်။)
ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာရေးခေါင်းဆောင် များပါဝင်သော ရပ်မိရပ်ဖ များကတော့ မော်လမြိုင်တွင် အဓိကရုဏ်းများ မဖြစ်ပေါ်စေရေး အတွက် သူတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောပါသည်။ မော်လမြိုင် နှင့် မွန်ပြည်နယ်တွင် ယခုအချိန်အထိ ငြိမ်းချမ်းရေးကို အောင်မြင်အောင် သူတို့ ထိန်းသိမ်းထားနိုင်ခြင်းသည် သတင်းကောင်းတခုဖြစ်သည်။
၉၆၉ လှုပ်ရှားမှုသည် လတ်တလော လှုပ်ရှားလာမှုတခုဟု ဆိုနိုင်သော်လည်း ၎င်းကိုဖြစ်ပေါ်စေသည့် အခြေခိုင်နေသော လူမျိုးခြားကြောက်ရွံ့သောရောဂါသည် အသစ်အဆန်းတခု မဟုတ်ပါ။ မော်လမြိုင်တွင် ရှေးအကျဆုံးဖြစ်သော ခရစ်ယာန် ဘုရားကျောင်း တကျောင်းမှ ကက်သလစ် ဘုန်းကြီးတပါးက ဘာသာရေး အစွန်းရောက်ဝါဒသည် ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေး ကာလများအတွင်းမှာ စတင်အမြစ်တွယ်ခဲ့သည်ဟု သူ ယုံကြည်ကြောင်း ကျနော့်ကို ပြောပါသည်။ စစ်ဗိုလ်ချုပ်များသည် သူတို့လက်ထဲမှ အာဏာကို ပိုမိုခိုင်မြဲစေရေးအတွက် လူမျိုးရေးဆန်သော မျက်ကန်းမျိုးချစ်ဝါဒကို ရံဖန်ရံခါ လှုံ့ဆော်ပေးခြင်းများ လုပ်တတ်သည်ဟု သူက ဆိုသည်။ အိုမင်းနေပြီဖြစ်သော ဘုန်းကြီးသည် ဝန်ကြီးချုပ်ဦးနု၏ ပါလီမန်ဒီမိုကရေစီ ခေတ်နေ့ရက်များကို ယခုတိုင်မှတ်မိနေဆဲဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့် ဆိုသည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစ ပထမ ဆယ်စုနှစ် ကတည်းက ဝေးကွာခဲ့သည်ဟု ပြောသည်။
မြန်မာနိုင်ငံသည် အာဏာရှင်အုပ်ချုပ်ရေး၏ နယ်နမိတ်အစပ်၌သာ ရှိနေသေးသည်ဟု ယူဆရမည့် အခြေအနေတွင် ဖက်ဆစ်ဝါဒကဲ့သို့ အရာရာကို ဆန့်ကျင်လိုသော စိတ်ကူးများက လူငယ်များအပေါ် လွှမ်းမိုးလာနေသည်ကို တွေ့ရခြင်းမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ သူတို့တွေ ထိုလောင်းရိပ်အောက်မှ အမြန်ဆုံး လွတ်မြောက်လာမည်၊ ဖြစ်လိုသော အိပ်မက်များ ပြည့်မြောက်ရန် တခုတည်းသော နည်းလမ်းမှာ အခြားသူတို့၏ အိပ်မက်များကို လေးစားနားလည်ပေးခြင်းသာဖြစ်ကြောင်း သိရှိနားလည်လာမည်ဟုသာ ကျနော်တို့ မျှော်လင့်ရုံ ရှိပါတော့သည်။