ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မဈေးကြီးထဲက ငရုပ်သီးမှုန့်ရောင်းတဲ့ ဆိုင်တဆိုင်ရှေ့မှာ ပိတ်ပြီး ကျပန်းဈေးသည် ယပ်တောင်ရောင်းသူတဦး ရောက်နေတယ်။ အချိန်က မနက်ပိုင်း၊ သင်္ကြန်ပြီးခါစ ဈေးကြီးပြန်ဖွင့်တာမှ နှစ်ရက်ပဲ ရှိသေးတယ်။
ငရုပ်သီးမှုန့်သည်က ယပ်တောင်သည်ကို သူ့ဆိုင်ရှေ့ပိတ်မရောင်းဖို့ ကောင်းကောင်းမွန်မွန် ပြောနေတယ်။ ဒါပေမယ့် ယပ်တောင်သည်က ရုတ်တရက် ကက်ကက်လန်အောင် ပြန်ရန်တွေ့တယ်။ ရန်တွေ့ရုံတင်မကဘဲ မဆိုင်တဲ့ ဘာသာရေး ပုတ်ခတ်မှုတွေပါ ပြောလာတာ ကြားလိုက်ရတော့ အနားက ဈေးသည်ဈေးဝယ်တွေပါ သူတို့ဆီ အာရုံရောက်ကုန်ကြတယ်။
ငရုပ်သီးမှုန့်သည်က မဆိုင်တာတွေ မပြောဖို့နဲ့ သူကောင်းကောင်းမွန်မွန် ပြောတာကို ပြေပြေလည်လည် ပြန်ပြောဖို့ ရှင်းပြလေလေ ယပ်တောင်သည်က ရန်တွေ့တာ ကြမ်းလာလေလေ ဖြစ်လာပါရော။ ငရုပ်သီးမှုန့်သည်က မြန်မာမွတ်စလင် သန်လျင်မြို့ခံပါ။ ဒီဈေးကြီးမှာ ဆိုင်ခန်းယူပြီး ဖွင့်လှစ်လာတာ ကြာပြီ။ ယပ်တောင် သည်က ဘယ်က ဘယ်လို ရောက်လာမှန်းမသိဘဲ သူများဆိုင်ရှေ့မှာ တမင် ပိတ်ကာရောင်း၊ ဟိုက ပြောလာတော့ ဘာသာရေး တွေနဲ့ ပြန်လည် တိုက်ခိုက် တရားလက်လွတ် ပြောဆိုနေတာ ကြည့်မကောင်း ကြားမကောင်း တာတော့ အမှန်ပဲ။
ယပ်တောင်သည် အပြောကြမ်းလာပေမယ့် ငရုပ်သီးမှုန့်သည်က သည်းညည်းခံနေတယ်။ ဒါပေမယ့် ဘေးမှာရှိနေတဲ့ မြန်မာမွတ်စလင် တချို့က မခံချင် ဖြစ်နေပုံဘဲ။ တကယ်တော့လည်း တဘက်သက်ကြီး သူ့ဘက်ကလည်း စစော်ကား သေးတယ် တဘက်သားကိုလည်း မညှာမတာ ပြောဆိုနေတယ်ဆိုတာကို ကြည့်ရင် ယပ်တောင်သည်ပုံစံက တမင်ကို ရန်မဖြစ်ဖြစ်အောင် ရန်စနေသလိုပါ။ ဘေးက ဈေးသည်ဈေးဝယ်တွေကတော့ အခြေအနေကို ဘယ်သူမှလည်း ဝင်မပါဘဲ ဒီအတိုင်း ကြည့်နေ ကြတယ်။ အဲဒီအနားမှာ ခဏ ရုံးစုရုံးစု ဖြစ်လိုက်ပေမယ့် ဈေးစည်ပင်က အခြေအနေကို ဝင်ထိန်းပေးပြီး ယပ်တောင်သည်ကို ခေါ်သွားလို့ ဘာမှဆက်မဖြစ်ဘဲ အခြေအနေ ငြိမ်သက်သွားပါတယ်။
မြို့မဈေးထဲမှာ ဆေးရောင်းသူ တဦးကတော့ အဲဒီယပ်တောင်သည် ဒီလိုပုံစံမျိုး လုပ်တာ ၃၊ ၄ ခါလောက် ရှိပြီလို့ ဆိုပါတယ်။ သူဆိုလိုတာက ယပ်တောင်သည်ဟာ အခုလိုပဲ မြန်မာမွတ်စလင်တွေရဲ့ ဈေးဆိုင်တွေရှေ့မှာ ရန်စတဲ့ ပုံစံမျိုးနဲ့ ပိတ်ရောင်း၊ ဟိုက ဖယ်ခိုင်းတဲ့အခါမှာ နင်ပဲငဆပြော၊ မဆိုင်နဲ့ ဘာသာရေး ပုတ်ခတ်စော်ကားမှုတွေ ပြုဆိုတာမျိုး လုပ်ပြီး အဓိကရုဏ်း အခြေအနေ ဖြစ်လာအောင် ဖန်တီးနေသလားလို့ စဉ်းစားစရာပဲ။
ဒီယပ်တောင်သည် ဘယ်ကရောက်လာလဲ၊ သူ့ကို ဒီလိုလုပ်ဖို့ ဘာက တွန်းအားပေးထားလဲ၊ သူ့ရဲ့ နောက်ခံက ဘာလဲ၊ သူ ဒီလို တခြားသူကို စော်ကားဖို့ ဘယ်သူက ခိုင်းစေလိုက်တာလဲ၊ သူ့လို လူမျိုးတွေ ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသတွေမှာ ဘယ်နှယောက်တောင် ရှိနေမလဲ စတဲ့ မေးခွန်းတွေ ကျမ စိတ်ထဲမှာ အလိုလို ပေါ်လာပါတယ်။ သူ့ကို ဘယ်သူကမှ စေခိုင်းတာမဟုတ်ဘူး ဆိုရင်တောင် ဒါဟာ လူနည်းစုလူမျိုးကွဲ ဘာသာကွဲတွေကို အသားလွတ် စော်ကားထိပါးတာပဲ။ ဒီမိုကရေစီ နိုင်ငံတခုမှာ မရှိသင့်မရှိအပ်တဲ့ လူအချင်းချင်း ခွဲခြားဖိနှိပ်မှု ဆိုတာတွေ ကျမတို့ မြန်မာနိုင်ငံမှာ ရှိနေပြီလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။
မနှစ်က အခုလိုအချိန်မှာ ကျမ စင်ကာပူနိုင်ငံရောက်နေပါတယ်။ အာရှနိုင်ငံ ၁၃ နိုင်ငံက ဂျာနယ်လစ် ၁၈ ယောက် တက်ခွင့်ရတဲ့ Asia Journalism Fellowship (AJF) ၃ လ အစီအစဉ် တက်နေချိန်ဖြစ်ပါတယ်။ အဲဒီမှာ ကျမရဲ့ အခန်းဖော် ပါကစ္စတန်သူ ဂိုနီလာ ဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံ ကျမိတော့ သူတို့နိုင်ငံရဲ့ လူနည်းစုဘာသာဝင်တွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်ကွပ်မှုတွေ အကြောင်း သူပြောပြတာ ကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူနည်းစုက ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပါတယ်။ လူများစုကတော့ အစ္စလမ် ဘာသာဝင်တွေပါ။ ကျမရဲ့ အခန်းဖော် ဂိုနီလာက ခရစ်ယာန် ဘာသာဝင် တဦးပါ။ အလုပ်ခွင်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ အင်အားကြီး အစ္စလမ်ဘာသာဝင်တွေရဲ့ ထိပါးရိုင်းပြမှုတွေကို သူတို့လို လူနည်းစုတွေ ဘယ်လို ခံစားရတယ်ဆိုတာ သူက ပြောပြပါတယ်။ အဲဒါတင်မကဘဲ သူတို့နိုင်ငံမှာ အင်အား နည်းသူတွေ ဘက်က ရပ်တည် ရေးသားတဲ့ သတင်းသမားတွေ ဆိုရင်လည်း ခြိမ်းခြောက်ခံရ၊ တချို့ အသက်အန္တရာယ် ထိပါးလာတဲ့အထိ ပြုမူကြတယ်လို့ သိရပါတယ်။
အဆိုးဆုံးကတော့ ၂၀၁၂ မေလထဲမှာ ပါကစ္စတန်နိုင်ငံက ဂျာနယ်လစ်တယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ အစွန်းရောက် အစ္စလမ် ဘာသာဝင်တချို့က သတ်ဖြတ်တယ်လို့ သိရပါတယ်။ အဲဒီ အသတ်ခံရသူ ဂျာနယ်လစ်က ကျမတို့ရဲ့ စီနီယာ အစ်ကို တယောက်လို့ ပြောလို့ရပါတယ်။ သူက AJF တတိယ အသုတ်မှာ တက်ရောက်ခဲ့သူ၊ ကျမတို့က စတုတ္ထအသုတ်မှာ တက်သူတွေ ဖြစ်လို့ပါပဲ။ အဲဒီ ဂျာနယ်လစ်ဟာ အစ္စလမ်ဘာသာဝင် တဦးဖြစ်ပါတယ်။ သူဟာ အမြဲတမ်း လူနည်းစု၊ အားနည်းသူတွေဘက်က ရပ်တည် ရေးသားခဲ့သူလို့ ဂိုနီလာက ပြောပြပါတယ်။ အဲဒီတုန်းက အကြောင်းအရာ တွေဟာ ကျမအတွက် အစိမ်းသက်သက်လို့ မဆိုနိုင်ပေမယ့် ကျမနဲ့ အနီးဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထ ရှိခဲ့တာတွေ မဟုတ်တာကြောင့် တော်တော်လေးတော့ အံ့သြမိပါတယ်။ အစိမ်းသက်သက်လို့ မဆိုနိုင်တာက ကျမရဲ့ မီဒီယာအတွေ့အကြုံ အရ ကျမတို့ မြန်မာနိုင်ငံအတွက် အဲဒီကာလက အထိ လူနည်းစုဆိုတာ တိုင်းရင်းသားလူမျိုးတွေပါ။ တိုင်းရင်းသားလူမျိုးတွေကို ဖိနှိပ်ချုပ်ချယ်တယ်၊ ခွဲခြားဆက်ဆံတယ် ဆိုတာမျိုးဟာ နယ်စပ်ဒေသတွေမှာ ရှိနိုင်ပေမယ့် ကျမတို့ နေထိုင်တဲ့ ပတ်ဝန်းကျင် ဒေသတွေမှာတော့ အကြီးအကျယ် မရှိပါဘူး။
ကျမ ကိုယ်တိုင်လည်း မြန်မာနိုင်ငံရဲ့ လူနည်းစု ဘာသာဝင်လို့ ပြောနိုင်တဲ့ ခရစ်ယာန် ဘာသာဝင် တယောက်ပါပဲ။ ငယ်စဉ် ကတည်းက ကိုယ့်ဘာသာကိုကိုယ် လွတ်လွတ်လပ်လပ် ကိုယ်းကွယ်ဝတ်ပြုခွင့် ရခဲ့တယ်လို့ ကျမ သိထားပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေ ထဲမှာလည်း ဘာသာပေါင်းစုံ ပါရှိသလို၊ တိုင်းရင်းသားတချို့လည်း ပါရှိတယ်၊ အားလုံးရဲ့ နေ့ကြီးရက်ကြီးတွေ ခရစ္စမတ်ပဲ ဖြစ်ဖြစ်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်ကာလတွေမှာဖြစ်ဖြစ်၊ အိဒ်ပွဲတော်၊ ဒီပါဝလီ ပွဲတော်တွေမှာပဲ ဖြစ်ဖြစ် အားလုံးပါဝင် ပျော်ရွှင်ကြတာပါပဲ။ အဲဒီအတွက် ဘယ်သူကဖြင့် ခွဲခြားဆက်ဆံ ခံရတယ် ဆိုတာမျိုး တခါမှ မတွေးဖူး ပါဘူး။
ဒီတော့ ကျမက ဂိုနီလာကို ကျမ ခံစားရတဲ့ အတိုင်းပဲ ပြောပြခဲ့ပါတယ်။ ကျမတို့ မြန်မာနိုင်ငံသားတွေဟာ လူမျိုးဘာသာ တန်းတူရည်တူ စိတ်ထားကြတယ်၊ ကျမတို့ မြန်မာနိုင်ငံသားတွေကို ဖိနှိပ်ချုပ်ချယ်တာဟာ စနစ်ပဲ။ အဲဒါကတော့ စစ်အာဏာရှင် ဆိုတဲ့ စနစ် ဖြစ်တယ်။ ဒီစနစ်ကို မြန်မာနိုင်ငံသားတိုင်း၊ ဘယ်ဘာသာ ဘယ်လူမျိုးမဆို တွန်းလှန်ချင်ကြတယ်။ အားလုံးဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဆိုတာကို ရရင် အားလုံး တပြေးညီ အကျိုးကျေးဇူး ခံစားကြရမယ် ဆိုတဲ့အကြောင်း ကျမ ဂိုနိလာကို ပြောပြခဲ့တယ်။ မနှစ်ကအထိ ကျမ အဲဒီလိုပဲ ယုံကြည်နေမိပါတယ်။
ဒါပေမယ့် ဝမ်းနည်းစရာ ရှက်စရာ ကောင်းတာကတော့ အခု ဖြစ်နေတဲ့ အခြေအနေလို့ ပြောရမလိုပါ။ ကျမတို့ အထိုက် အလျောက် ဒီမိုကရေစီ ရပြီလို့ ပြောနိုင်နေတဲ့အချိန်၊ အရင်ကထက်စာရင် လွတ်လပ်စွာ ကိုယ့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ခွင့် ရနေကြတဲ့အချိန်၊ အရပ်သားအစိုးရလို့ဆိုပြီး ပြည့်ပြည့်ဝဝ မရသည့်တိုင်အောင် စစ်အာဏာရှင်စနစ်က ခွဲထွက်နိုင်ပြီလို့ ယူဆနိုင်တဲ့အချိန်၊ ကျမတို့နိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်း၊ ပညာရေး အခွင့်အလမ်းတွေ အထိုက်အလျောက် မြင်နေရချိန်မှာမှ ဘာကြောင့် တသက်လုံး ကောင်းအတူဆိုးအတူ ယှဉ်တွဲ နေထိုင်လာသူတွေ အချင်းချင်း မယုံသင်္ကာစိတ်၊ သွေးကွဲစိတ်တွေ ဖြစ်အောင် လုပ်လာရတာလဲဆိုတဲ့ မေးခွန်း မေးချင်နေမိတယ်။ ဒီစိတ်တွေကြောင့် အလင်းရောင်ပြပြ မြင်ရစပြုတဲ့ မြန်မာနိုင်ငံ အမှောင်ဘက်ဆီ လုံးလုံး ပြန်ရောက်သွားနိုင်တယ် ဆိုတာကို မတွေးမိလောက်အောင် ဒီလို အဖြစ်တွေဖြစ်ဖို့ ပါဝင်အားပေးသူတွေ အနေနဲ့ ပညာမဲ့ကြသလား ဆိုတဲ့ ဂရုဏာ ဒေါသလည်း ဖြစ်မိတယ်။
စနစ်တိုင်းမှာ အဆိုးနဲ့အကောင်း ဒွန်တွဲပြီး လာတတ်တဲ့ သဘောရှိတာကို လက်ခံနိုင်ပေမယ့် အားလုံးက အဆိုးနည်းနည်း၊ အကောင်းများများကို မျှော်လင့်ကြတယ်၊ ဖြစ်စေချင်ကြတယ်။ မျှော်လင့်နေတဲ့ ရောင်နီဦးကို ပြပြလေး မြင်ရချိန်မှာ ဘာကြောင့် မိုးမှောင်ကြီး ကျလာတာကို လက်ခုပ်လက်ဝါး တီးချင်ကြတာလဲ။ အဲဒီလို အလင်းရောင်ကို မကြိုက်သူတွေကတော့ အမှောင်ကို အကာအကွယ်ယူပြီး ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းနေသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်သူမှ မြို့ပြကို လောင်မီးကျ စစ်တလင်းလို မဖြစ်စေချင်ကြပါဘူး။ ဘယ်သူမှ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရတဲ့ အထိတ်တလန့် ဘဝမျိုး မလိုချင်ပါဘူး။ တောမီးလောင်တာကို သဘောကျသူတွေကတော့ လက်ခမောင်းထခတ်ချင်တဲ့ တောကြောင်တွေပဲ ဖြစ်လိမ့်မယ် ဆိုတာ ပြောပြနေစရာတောင် မလိုအောင် ရှင်းလင်းပါတယ်။
သန်လျင်မြို့မဈေးထဲက ယပ်တောင်သည်ဟာ သူ့သဘောနဲ့သူ မွတ်စလင်ဆိုင်တွေ ရှေ့မှာ သွားပိတ်ရောင်းပြီး တမင်ရန်စစော်ကား တာလား၊ ဒါမှမဟုတ် သူ့ကို တယောက်ယောက်က ခိုင်းစေတာလား ဆိုတာ မပြောတတ်ပေမယ့် တဘက်သားက မခံချင်ဖြစ်လာလို့ တန်ပြန် တိုက်ခိုက်လာရင်၊ ဘေးက သွေးထိုးသူတွေပါ ပါလာရင် အမှုသေးသေး ကနေ အဓိကရုဏ်း အကြီးကြီးအထိ ဖြစ်သွားနိုင်တဲ့ အနေအထားပါ။
အဲဒီ ယပ်တောင်သည်လိုမျိုး ဘယ်မြို့ ဘယ်ဒေသတွေမှာ ဘယ်နှယောက်လောက်တောင် ရှိနေပြီလဲ ဆိုတာ တွေးမိပြီးလည်း စိုးရိမ်စိတ် ဖြစ်မိပါတယ်။ စော်ကားသူနဲ့ အစော်ကား ခံရသူနှစ်ဦးမှာ အစော်ကားခံရသူ ဘက်က ဘယ်လောက်အထိ ကြာကြာ သည်းညည်းခံ နေနိုင်မှာလဲ ဆိုတဲ့ မေးခွန်းလည်း မေးစရာရှိပါတယ်။ လူသားတွေသာ ဖြစ်တဲ့အတွက် အသားလွတ်စော်ကားမှု ဒဏ်ကို ဘယ်သူမှ ကြာကြာမခံနိုင်ပါဘူး။ ဒီကြားထဲ ဘေးက သွေးကြွအောင် ဆွပေးသူတွေ ရှိမယ်ဆိုရင် နောက်ထပ် အမှိုက်ကစ ပြာသာဒ်မီးလောင်တဲ့ အဖြစ်မျိုးတွေ ဖြစ်မလာဘူးလို့လည်း မပြောနိုင်ပါဘူး။
ဒီလို အဖြစ်မျိုးတွေ (အမှုသေးသေးလေးတွေက အစ) ဒေသခံ ပြည်သူလူထု အနေနဲ့ ပညာသတိနဲ့ယှဉ်ပြီး ကြည့်မြင် ဆင်ခြင်ရလိမ့်မယ်လို့ ယူဆပါတယ်၊ အဲဒီလို အဖြစ်မျိုးလေးတွေ ဖြစ်လာခဲ့ရင် ဘယ်သူမဆို လူမျိုးဘာသာ မခွဲဘဲ အမှန်တရားဘက်က ရပ်တည် ကာကွယ်ပေးရပါမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲ ဖြစ်နေပါစေ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ရရမယ်ဆိုတဲ့အသိ လူတိုင်းမှာ ရှိနေမယ်၊ ကိုယ့် အခွင့်အရေးကို တပါးသူက လေးစားဖို့အတွက် တပါးသူရဲ့ အခွင့်အရေးကိုလည်း ကိုယ်က လေးစားတတ်ရမယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်သူ တာဝန်ရှိသူများ ဘက်ကလည်း ငြိမ်းချမ်းမှုကို ပျက်ပြားအောင် ပြုသူတွေကို ဘယ်လူမျိုး၊ ဘယ်ဘာသာမှ မခွဲခြားဘဲ တိတိကျကျ ဖော်ထုတ် အရေးယူရမှာပါ။ အဲဒီတော့မှပဲ တရားဥပဒေစိုးမိုးမှု ရှိတဲ့ နိုင်ငံအစိုးရအဖြစ် နိုင်ငံသားများသာမက နိုင်ငံတကာကပါ လေးစားမှု ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
လူနည်းစုကို လူများစုက ဖိနှိပ်စော်ကားနိုင်တဲ့ အခွင့်အရေး ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ မရှိပါဘူး။ အင်အားကြီးသူက အင်အားနည်းသူကို ရိုင်းပြစော်ကားဖို့ ဘယ်ဘာသာတရားကမှလည်း မသွန်သင်ထားပါဘူး။ ဟိုနိုင်ငံမှာတော့ ငါတို့ဘာသာဝင် တွေကိုနှိပ်ကွပ်တယ်၊ အဲဒီတော့ ဒီနိုင်ငံမှာ ငါတို့က လူများစု အပေါ်စီးမို့ သူတို့ဘာသာဝင်တွေကို နှိပ်ကွပ်လိုက်မယ် ဆိုတဲ့ စိတ်မျိုး ထားမယ်ဆိုရင်တော့ အမုန်းသံသရာ ရှည်ပြီး ပျော်ရွှင်ငြိမ်းချမ်းမှုနဲ့ ဝေးသည်ထက် ဝေးကြရပါလိမ့်မယ်။ ပြည်သူလူထု ပျော်ရွှင်ငြိမ်းချမ်းမှုနဲ့ ဝေးကွာချိန်မှာ တောကြောင်များသာ လက်ခမောင်း ထခတ်ကြပါလိမ့်မယ်။
စနစ်ဆိုးတခု အောက်က လွတ်မြောက်စပြုလာတဲ့ ကျမတို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဝါဒစွဲ၊ လူမျိုးစွဲ၊ ကိုယ့်ဝါဒမှ အမှန်၊ ကိုယ့်လူမျိုးမှ အကောင်းဆိုတဲ့ “အစွဲဆိုး” တွေရဲ့ ဖိနှိပ်မှုဒဏ်ကို တဖန်ပြန်မခံရစေဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံသားတိုင်း တန်းတူရည်တူ အခွင့်အရေးရရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ပျော်ရွှင်နိုင်ဖို့ အတွက် ဒီမိုကရေစီရေစီးမှာ ပါလာတဲ့ အမှိုက်သရိုက်တွေကို အတူတကွ ပညာ၊ သတိနဲ့ စစ်ထုတ် ဖယ်ရှားကြမှသာ ရလာတဲ့ ရေကောင်းရေသန့်ကို အတူမျှဝေ သောက်သုံး နိုင်မှာဖြစ်ပါတယ်။ အဖျက်အမှောင့် ကင်းကင်းနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ် လင်းလင်းချင်းချင်း လှပသာယာဖို့ မြန်မာနိုင်ငံသားတိုင်း အပေါ်မှာ မူတည်နေတယ် ဆိုတဲ့အကြောင်း ဖော်ပြလိုခြင်းသာ ဖြစ်ပါတယ်။ ။