တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် ဧပြီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ဥက္ကဌ ဒေါက်တာ အေးမောင်ကို ရွှေဂက်စ်ပိုက်လိုင်း ကိစ္စနှင့် ပတ်သတ်ပြီး ဧရာဝတီ သတင်းထောက် နန်းသီရိလွင်က ဆက်သွယ်မေးမြန်းထားပါသည်။ ၂၀၀၉ ခုနှစ် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း စတင်တည်ဆောက်ချိန်မှ စ၍ ၂၀၁၃ ခုနှစ် တည်ဆောက်ပြီးချိန် အထိ ရခိုင်ပြည်နယ် ဒေသခံများ၊ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသများရှိ ဒေသခံများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများမှသည် ပိုက်လိုင်း၏ ခိုင်ခံ့လုံခြုံမှုအပေါ် စိုးရိမ်မှုများအထိ ခံစားနေကြရသည်။
မေး ။ ။ တရုတ်နိုင်ငံ လေ့လာရေး ခရီးစဉ်မှာ ရွှေဂတ်စ်ပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးခဲ့ပါသလဲ။

ဖြေ ။ ။ ကျနော်တို့က တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ သွားတာပါ။ အစိုးရအဖွဲ့နဲ့ တွေ့တာ မဟုတ်ပါဘူး။ ကြုံရင်တော့ အဲဒါလေးကို ဆွေးနွေးဖြစ်တယ်။ နောက် ကျနော်တို့ ဦးတည်ချက်ကလည်း ရွှေသဘာဝဓာတ်ငွေ့ ကိစ္စတခုပဲ မဟုတ်ဘူး။ နှစ်နိုင်ငံ ပြည်သူချင်း ချစ်ကြည်ရေးအတွက်၊ ပါတီချင်း တွေ့ဆုံမှုမှသည် နှစ်နိုင်ငံ ပြည်သူချင်း ချစ်ကြည်ရေးကို ဦးတည်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဆိုတော့ ကူမင်းကို ရောက်တဲ့အခါ ပိုက်လိုင်းကိစ္စလေးကို စားသောက်ပွဲတွေမှာရော စည်းဝေးပွဲတွေမှာပါ ဆွေးနွေးပါတယ်။ ပီကင်းမှာလည်း ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ဗျူရိုမှာ ဆွေးနွေးခဲ့ပါတယ်။ ကျန်တာကတော့ အလွတ်သဘော ပြောခဲ့ကြတာ များပါတယ်။ တရားဝင် ဆွေးနွေးဖြစ်တာကတော့ ဗျူရိုမှာနဲ့ ကူမင်းပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံချိန်တွေမှာပါ။
မေး ။ ။ လက်ပံတောင်းတောင် (ကြေးနီ) စီမံကိန်း ကိစ္စကလည်း ပြဿနာဖြစ်ခဲ့တယ်။ အခု ရွှေဂက်စ်ကိုလည်း လူထုက သိပ်သဘောမကျတဲ့ အခြေအနေမှာ ဒေါက်တာ အေးမောင်တို့ အနေနဲ့ ဒါကို ဆွေးနွေးတဲ့အခါ သူတို့ဘက်က ဘယ်လို တုန့်ပြန်မှုမျိုး ရခဲ့ပါသလဲ။
ဖြေ ။ ။ သူတို့က မြန်မာပြည်ရယ်လို့ မဟုတ်ပါဘူး၊ နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ ပြောတယ်။ တရုတ်ပြည်က စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်တဲ့အခါမှာ နိုင်ငံတကာကို ရောက်တဲ့ တရုတ်ကုမ္ပဏီတွေ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ စံနှုန်းသတ်မှတ်ထားတာ ရှိတယ်။ တရုတ်ကွန်မြူနစ်ပါတီက မူဝါဒပိုင်းဆိုင်ရာ ပေါ်လစီ ချမှတ်ပေးထားတယ်။ သူတို့ မူဝါဒက မည်သည့် ပြဿနာပဲ ဖြစ်ဖြစ် သူတို့ ကုမ္ပဏီနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်တယ် ဆိုတာကို သူတို့ မိမိတို့ ကုမ္ပဏီကို မိမိတို့ ပထမ သုံးသပ်ပါတယ်တဲ့။ ကုမ္ပဏီ ဘာမှားသလဲ၊ ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို သုံးသပ်ပါတယ်တဲ့။ နိုင်ငံတိုင်းမှာရှိတဲ့ ဘယ်ကုမ္ပဏီမဆို ပြဿနာဖြစ်ခဲ့ရင် ဖြစ်တဲ့ ကုမ္ပဏီကို သူတို့ လေ့လာတယ်။ ပြီးတော့ ကုမ္ပဏီတွေရဲ့ ဖြေရှင်းချက်တွေကိုလည်း တောင်းတယ်။ အခုဟာက မဒေးကျွန်းကိစ္စက တရုတ်နိုင်ငံရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ရှိမယ်၊ သမုဒ္ဒရာ ၂ စင်းနဲ့ ပတ်သက်တဲ့ ပေါ်လစီလည်း ရှိမယ်၊ ဒါရဲ့ ရေခံမြေခံကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးပုံစံပဲ။
မေး ။ ။ အခုလက်ရှိ ရွှေဂက်စ်နဲ့ ပတ်သက်ပြီး ဒေသခံ လူထုရဲ့ စိုးရိမ်မှုတွေကိုရော ဘယ်လို ဖြေရှင်းပေးသင့်တယ်လို့ ထင်ပါသလဲ။ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ထင်ပါသလဲ။ RNDP အနေနဲ့ရော ဘယ်လို ဆောင်ရွက်ပေးဖို့ ရှိလဲ။
ဖြေ ။ ။ ဒါက ပြီးခဲ့တဲ့ အစိုးရလက်ထက်က စာချုပ်စာတမ်းတွေနဲ့ ဆိုင်တယ်။ ဒါတွေကို သုံးသပ်တဲ့အခါမှာ ကျနော်တို့က ပါတီချင်းတွေ့တဲ့အခါမှာ ပါတီချင်းစကား ပြောပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်ပြားမယ့် လုပ်ငန်းမျိုးကို ကျနော်တို့ကတော့ လက်မခံဘူး။ ကျနော်တို့က လူထုချင်း ချစ်ကြည်ရေးရှိဖို့ ဦးတည်တယ်ဆိုတဲ့အခါမှာ အဲဒီတုန်းက အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ အားနည်းချက် အားသာချက်ကို လူထုသိအောင် ပြပေးဖို့ လိုမယ်။ အဲဒီလို ပြပေးဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းပေးပါ။ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေကိုလည်း တိုက်တွန်းပေးပါ၊ ဒါတွေကိုတော့ တောင်းဆိုခဲ့တယ်။
ကုမ္ပဏီတွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေကို လူထုက မသိဘူး။ အဲဒီတော့ အဲသည်မှာ လျော်ကြေးတွေ ဘာညာ ရှိတယ်လေ၊ လူထု တောင်းဆိုနေတာ။ ခေတ်ကာလ ပေါက်ဈေးအရ လျော်ကြေးရ မရက အစိုးရနဲ့ ဆိုင်တယ်။ CNPC (တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း) ကုမ္ပဏီကတော့ ကျနော်တို့နဲ့ တွေ့တော့ ပြောပါတယ်။ တောင်းတဲ့ လျော်ကြေးကို ပေးပြီးပြီ။ ဒါက အစိုးရကို ပေးတာပေါ့။ အစိုးရကို ပေးရင် အစိုးရကတဆင့် သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေက ခုနက မြေသိမ်းခံရတဲ့ သူတွေကို ပေးရမယ့်အခါမှာ ဘာအားနည်းချက်ရှိသလဲ။ ဘယ်သူတွေက ဖြတ်စားလတ်စား လုပ်သလဲ။ မြေယာလျော်ကြေး နှုန်းထားက နိုင်ငံတကာ စံနှုန်းအတိုင်း ဟုတ် မဟုတ် ဆိုတာတွေက အစိုးရအဖွဲ့တွေက ရှင်းပေးရမယ်။
အစိုးရအဖွဲ့တွေက မရှင်းသေးသရွေ့ ကျနော်တို့က CNPC ကို တောင်းလို့ကလည်း မရပြန်ဘူးလေ။ ကိုယ့်အစိုးရ ဘာလုပ်ထားမှန်းမှ မသိတာ။ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို လူထုကို ရှင်းပြပေးဖို့ လိုတယ်။ CNPC ကို တောင်းဆိုနေရုံနဲ့ မပြီးဘူး။ CNPC က စာချုပ်စာတမ်းအရ ရပ်တည်နေတဲ့ အဖွဲ့အစည်း။ စာချုပ်စာတမ်းအရ ရပ်တည်တဲ့ နေရာမှာ CNPC က ဖောက်ဖျက်ကျူးလွန်မှု ရှိသလား၊ အစိုးရဘက်က ဘာလိုအပ်ချက်ရှိသလဲ။ ဘာတွေကို လူထုကို လုပ်ပေးဖို့လိုသလဲ ဆိုတာကို ကျနော်တို့ နိုင်ငံရေးပါတီတွေ၊ လူမှု အဖွဲ့အစည်းတွေက ကြားကနေ လူထုတောင်းဆိုချက်ကို ရအောင် လုပ်ပေးရမယ်။
CNPC မှားရင် CNPC ကို ထောက်ပြရမယ်။ အစိုးရမှားရင် အစိုးရကို ထောက်ပြရမယ်။ အဓိကကတော့ နှစ်ဖက်စလုံး အကျိုးရှိဖို့ကို ဦးတည်ပါတယ်။ ရခိုင်ပြည်မှာ စီမံကိန်းတခုကို လုပ်တယ်၊ ရခိုင်လူထုကလည်း အကျိုးကျေးဇူး တစုံတရာ ခံစားခွင့်ရှိရမယ်။ မြန်မာလူထုက ခံစားသွားရုံနဲ့ မပြီးဘူး။ ဒီသဘောကို တရုတ်ပြည်ဘက်က သဘောပေါက်ဖို့ လိုတယ်။ အဲဒါတွေက ကျနော်တို့ဘက်က ဆွေးနွေးတာတွေပါ။ အဲဒါကြောင့်လည်း တရုတ်ပြည် ကွန်မြူနစ်ပါတီက အရင်က အာဏာရပါတီနဲ့ ဆက်ဆံရာကနေ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖြစ်လာတာ ဖြစ်တယ်။
မေး ။ ။ ပိုက်လိုင်းရဲ့ လုံခြုံစိတ်ချရမှုကို တရုတ်နိုင်ငံနဲ့ CNPC ကရော ဘယ်လို အာမခံချက်မျိုး ပေးထားပါသလဲ။ တခုခု ဖြစ်လာခဲ့ရင် ဘယ်လို တာဝန်ယူ ဖြေရှင်းပေးမယ်ဆိုတာမျိုး အပြန်အလှန် ဆွေးနွေးတာရော ရှိခဲ့လား။
ဖြေ ။ ။ ဒီကိစ္စကို ဆွေးနွေးတော့ ရှမ်းပါတီလည်း ပါတယ်။ ရှမ်းပါတီက ပိုက်လိုင်းတလျှောက်မှာ ပိုက်လိုင်းရဲ့ လုံခြုံရေးကို စိတ်မချဘူး။ တချို့နေရာတွေမှာ ပိုက်လိုင်းဟာ လုံခြုံမှု နည်းတယ်လို့ ပြောတယ်။ သူတို့ဘက်ကတော့ ပိုက်လိုင်းဟာ စိတ်ချ၊ ကမ္ဘာနဲ့ချီပြီး လုပ်တဲ့အလုပ် ဖြစ်တယ်၊ အတွေ့အကြုံရှိတယ်၊ အန္တရာယ် မရှိနိုင်ဘူးလို့ သူတို့ဘက်က စိတ်ချယုံကြည်တယ်။ အန္တရာယ် ဖြစ်လာခဲ့ရင်လည်း ချက်ချင်း အရေးယူဖို့ အဆို့ရှင်တွေ ရှိတယ်၊ ချက်ချင်း ပိတ်လို့ ရတာတွေ ရှိတယ်၊ အဲဒီလို အာမခံမှုနဲ့ သူတို့ တင်ပြတာတွေလည်း ရှိတာပေါ့။ ကျနော်တို့ ဦးတည်တာ အဲဒါပါ။
မေး ။ ။ အခုဆိုရင် ဒေသခံ လူထုတွေကလည်း တောင်းဆိုချက်တွေ အမျိုးမျိုးနဲ့ ကြေညာချက်တွေ ထုတ်နေတယ်။ သူတို့ရဲ့စိုးရိမ်မှု မရေရာမှုတွေကို CNPC က မဖြေရှင်းနိုင်သရွေ့ ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆိုတာမျိုးတွေ ပါပါတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။ လူထုဟာ တကယ်ပဲ ဒီစီမံကိန်းအပေါ်မှာ ဘာအကျိုးအမြတ်မှ မရှိဘူးလို့ ထင်ပါသလား။
ဖြေ ။ ။ လူထုက တောင်းဆိုတိုင်းလည်း တောင်းဆိုတာ ရ ရမယ်လို့ အာမမခံနိုင်ဘူး။ တောင်းဆိုတဲ့ လူတွေဘက်က ဘာတွေ လိုနေတာတွေရှိလဲ။ တောင်းဆိုတဲ့ အချက်တိုင်းပေါ်မှာ ကျနော်တို့ ပြန်သုံးသပ်ဖို့လိုမယ်။ အဲဒီ အချက်တိုင်းအပေါ်မှာ အစိုးရဘက်က လုပ်ဆောင်ပေးသင့်တာ ရှိမယ်။ CNPC နဲ့ ရန်ကုန်လေဆိပ်မှာ ကတည်းက တွေ့ရပါတယ်။ သူတို့ လာရှင်းတယ်။ ဒေသခံလူထု တောင်းဆိုထားတဲ့ ၇ ချက်အပေါ်မှာ သူတို့ ဘာတွေ လုပ်ပြီးပြီ၊ ဘာတွေ လုပ်နေတယ် ဆိုတာကို လာရှင်းပါတယ်။ အဲဒီအပေါ်မှာလည်း ကိုယ့်ဘက်က အားနည်းချက် အားသာချက်တွေကို ပြန်ထောက်ကြည့်ရမှာပါ။
တောင်းဆိုတဲ့သူတွေရဲ့ ဦးဆောင်တဲ့သူတွေမှာလည်း ဘာတွေရည်ရွယ်ချက်နဲ့ ဘာလုပ်မှာလဲ။ ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်။ တောင်းနေရုံနဲ့ ပြီးမလား။ ထိထိရောက်ရောက် ဘာလုပ်ပေးနိုင်မလဲ၊ ဘာလုပ်ပေးသင့်သလဲ။ လူထု တောင်းဆိုနေတာက CNPC ကို တောင်းတာလား၊ အစိုးရကို တောင်းတာလား။ လူထုသိအောင် လုပ်တာလား၊ နိုင်ငံတကာ သိအောင် လုပ်တာလား။ တောင်းဆိုချက်တွေကရော ရသင့် ရထိုက်တဲ့ တောင်းဆိုချက်တွေ ဟုတ်ရဲ့လား။ တောင်းဆိုချက်တွေမှာ ဘာတွေကို ရပြီးပြီလဲ၊ လူထုဘက်ကလည်း ပြဖို့လိုတယ်။ ဘာတွေကို လုပ်ပေးဖို့ လိုမလဲ။ တချက်ချင်း သုံးသပ်ရမယ်။ ဥပမာ – မဒေးကျွန်းမှာဆိုရင် သင်္ဘောဆိပ်ကြီးတွေ လုပ်တယ်။ သင်္ဘောဆိပ်ကြီးတွေ လုပ်ပြီဆိုရင် နိုင်ငံတကာ သင်္ဘောကြီးတွေ ဝင်လာလို့ ရအောင် ထိခိုက်မှု မရှိအောင် လိုအပ်တဲ့ ကျောက်ဆောင်တွေကို သူတို့ ဖြိုခွင်းရင် ဖြိုခွင်းမှာပဲ။ ဒါကတော့ သူတို့ရဲ့ လုပ်ငန်းနယ်ပယ်အရ လိုအပ်မှုကြောင့် လုပ်တာ။ အဲဒီလို မိုင်းတွေခွဲမယ်၊ မြေအောက်မှာ ရှိတဲ့ သန္တာကျောက်တန်းတွေကို ရှင်းကောင်းရှင်းမယ်။ မရှင်းဘူးဆိုရင် သင်္ဘောကြီးတွေ လာတော့ ပိတ်နေလို့ ရေနံတွေ ယိုဖိတ်ရင် ပိုမဆိုးဘူးလား။ သူတို့ရဲ့ ပိုက်လိုင်း လုံခြုံမှုတို့၊ သင်္ဘောလုံခြုံမှုတို့ အရ လုပ်ရမယ့် အလုပ်တွေကို သူတို့လုပ်မှာပဲ။
စာချုပ်စာတမ်းကို ကျနော်တို့ မသိရဘူး။ ပြီးခဲ့တဲ့ အစိုးရနဲ့ CNPC လုပ်ခဲ့တာတွေကို ကျနော်တို့ မသိရဘူး။ ထိခိုက်မှုတွေ ပရောဂျက်တွေကို လူထုကို ရှင်းပြဖို့ လိုတယ်။ ဒါတွေကို ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိတယ်။ CNPC ကိုချည်းပဲ ပြောလို့မရဘူး စာချုပ် ချုပ်ဆိုတဲ့ အစိုးရကို အမွေခံတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ လူထုက တောင်းတဲ့ အခါမှာ၊ လူထုရဲ့ တောင်းဆိုချက်ကို လေးလေးနက်နက် ဆွေးနွေးဖို့က အစိုးရမှာ တာဝန်ရှိနယ်။ အဲဒီလိုပဲ ကျနော်တို့က ကြားခံလုပ်ပေးချင်တယ်။ ကွန်မြူနစ်ပါတီကလည်း ပြောပါတယ်၊ ပြဿနာတခုဖြစ်ရင် ပြဿနာကို ဖြေရှင်းဖို့ ဦးတည်ချက်က ၂ နိုင်ငံ ချစ်ကြည်ရေးပဲ၊ ၂ နိုင်ငံ ချစ်ကြည်ရေးကို မေတ္တာမပျက်စေဖို့ ကျနော်တို့ ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေက ကြားက နေရတာ။
မေး ။ ။ တက်ကြွလှုပ်ရှားသူအချို့က ဒီစီမံကိန်းကို ပြန်စစ်ဆေးသုံးသပ်ဖို့ ရပ်ထားစေချင်တယ်။ ဒေသခံတွေမှာလည်း ဒီစီမံကိန်းဟာ သူတို့ကို ထိခိုက်နစ်နာစေတယ်လို့ ယူဆနေကြတယ်။ ဒါကို ဘယ်လို ဖြေရှင်းပေးဖို့လိုလဲ။
ဖြေ ။ ။ ဒီပရောဂျက်ကြီးကို မလိုဘူးလို့ ကျနော်တို့ ရခိုင်လူထုက ပယ်ချမှာလား။ ဒါဆိုရင် ဘာအကျိုးရှိမလဲ။ ဒီလို ကြီးမားတဲ့ စီမံကိန်းတွေ ဖြစ်လာတာကိုက ဒီ့ထက်ပိုကောင်းအောင် ၂ နိုင်ငံ အကျိုးရှိအောင် ရခိုင်လူထုရော၊ တရုတ်လူထုရော win-win (သူသာ ကိုယ်သာ) ဖြစ်အောင် ကျနော်တို့မှာ တာဝန်ရှိတယ်။ လူထုရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့က အစိုးရမှာ တာဝန်ရှိတယ်။ အဲဒီလို ကြားမှာ ပြဿနာဖြစ်လာရင် ကြားဝင်ဖို့ ကျနော်တို့ ပါတီတွေမှာ တာဝန်ရှိတယ်။
လုပ်ငန်းတခုကို ဖျက်လိုဖျက်ဆီးဖြစ်အောင် လုပ်ချင်းအားဖြင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်။ ဒါကြောင့် ချဉ်းကပ်တဲ့အခါမှာ ပြဿနာတစ်ခုကို ပိုကြီးအောင် လုံး၀ စွန့်ပစ်အောင် လုံး၀ ရပ်တန့်အောင် အဆိုးမြင်ဘက်ကနေ ကြည့်တာမျိုးဟာ ဘာဖြစ်မလဲဆိုတဲ့ အမြင်တွေ ဟိုဘက်ဒီဘက် သုံးသပ်ပြီးကာမှ လုပ်သင့်တယ်။ ဖြစ်ခဲ့ရင် ဘယ်လို တာဝန်ယူမှုတွေ ရှိမလဲဆိုတာ တရုတ်ကုမ္ပဏီဘက်က အဆင်သင့်ရှိဖို့လိုတယ်။ သဘာ၀ ဘေးအန္တရာယ်ဆိုတာ ပြောလို့ မရဘူး။ သူ့ဘက်က တရားဝင် ကြေညာပေးဖို့ လိုတယ်။ လူထု အလန့်တကြား မရှိအောင် လုပ်ပေးဖို့လိုတယ်။
မဒေးကျွန်းပေါ်က ကျေးရွာ ၅ ရွာနဲ့ ပတ်သတ်လို့ ဘာတွေ ဖွံ့ဖြိုးပေးအောင် လုပ်ဖို့လိုတယ်၊ အသီးအပွင့်ကို ယူပြီး ကျေးရွာလူထုကတော့ ဆင်းရဲတွင်းနက်ဆဲပဲ ဆိုရင်တော့ တရုတ်ကုမ္ပဏီက အင်မတန် ရက်စက်တဲ့ ကုမ္ပဏီလို့ ပြောလို့ရတယ်။ အဲဒီတော့ ဒေသမှာ ဖွံ့ဖြိုးအောင် သူတို့ကတော့ ကျောင်းတွေ၊ လမ်းတွေ လုပ်ပေးနေတယ်ဆိုပေမယ့် ခေတ်မီအောင် လုပ်ပေးဖို့လိုတယ်။ လုပ်ပေးမယ်လို့လည်း ကျနော် မျှော်လင့်တယ်။ လုပ်ပေးဖို့လည်း ကျနော် တိုက်တွန်းပါတယ်။
ဒေသခံ လူထုတွေကို အဆင့်မီလုပ်ငန်းတွေမှာ လုပ်ငန်း ကျွမ်းကျင်မှုအလိုက် သုံးနိုင်အောင် သင်တန်းတွေ ပေးတာမျိုး တဆင့်ချင်း တဆင့်ချင်း ဒေသခံတွေရဲ့ အရည်အသွေးကို မြင့်တင်ပေးပါ။ ပြီးရင် ဒီဂက်စ် ပိုက်လိုင်းတခုတည်း မဟုတ်ဘဲ ရထားလမ်း လာဦးမယ်ဆိုတော့ ရထားလမ်းလာရင် ဒီဒေသဖွံ့ဖြိုးအောာင် လုပ်ပေးဖို့၊ စက်မှုဇုန်တွေမှာ ရင်းနှီးမြုပ်နှံဖို့ ကျနော်တို့က ဖိတ်ခေါ်ရတယ်။ နှစ်ဘက် အကျိုးရှိဖို့ပါ။ မြင်သမျှကို ဆန္ဒပြနေရုံနဲ့ ကျနော်တို့ ဒေသ အကျိုးရှိမသွားပါဘူး။ လုပ်သမျှ လုပ်ငန်း၊ အိန္ဒိယကုမ္ပဏီ လာလုပ်တယ်၊ ကန့်ကွက်တယ် ဆိုရင်ဖြင့် ကျနော်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကို ပြန်လှည့်နေတာနဲ့ တူမှာပါ။ ကျနော်တို့ဟာ အသီးအပွင့်ကို ခံစားချင်ရင် နိုင်ငံပေါင်းစုံနဲ့ ဆက်ဆံရမှာပါ။ အခွင့်အလမ်း အကုန်လုံးကို ကိုယ့်ဒေသ အကျိုးရှိအောင် အသုံးပြုနိုင်ရမယ်၊ လူထုရဲ့ အကျိုးအမြတ်ရရမယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရမယ်၊ ဒေသ ဖွံ့ဖြိုးကျန်ခဲ့ရမယ်။ တရုတ်ပြည်က လာမယ်၊ တရုတ်ပြည်က အစိုးရဟာ ဘာလုပ်ပေးသွားတယ်ဆိုတာ လက်ညှိုးထိုးပြနိုင်အောင် တရုတ်အစိုးရက လုပ်ပေးရမယ်။ ဒါမျိုးကို ကျနော်တို့က တောင်းဆိုတာပါ။ ။