မေဒေးမှာ အလုပ်သမားများ အခွင့်အရေး နှိုးဆော်ခြင်း

သစ္စာနီ

This article has been converted from Zawgyi One to Unicode

မေလ ၁ ရက်နေ့သည့် May Day နေ့ ဖြစ်သည်။ သို့မဟုတ် နိုင်ငံတကာ အလုပ်သမားများနေ့ (International Workers’ Day) ဖြစ်သည်။ ယင်း အမည်မှာ တရားဝင်အမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများက မေဒေးဟုသာ ခေါ်ဝေါ်သုံးစွဲနေကြသည်။ ယင်းသည် အလုပ်သမား လှုပ်ရှားမှု (Labor Movement) တခု အမေရိကန် နိုင်ငံ ချီကာဂိုမြို့ Haymarket affair မှ ပေါက်ဖွားလာခြင်း ဖြစ်သဖြင့် တချို့က အလုပ်သမားနေ့ (Labor Day) နေ့ဟု လည်း ခေါ်ကြသည်။ ထိုနေ့တွင် အလုပ်သမားများ၊ သမဂ္ဂဝင်များ၊ ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီ၊ မင်းမဲ့ဝါဒီ (Anarchist) များ စုပေါင်းချီတက်ကြကာ ဆန္ဒပြခဲ့ကြသည်။ အဓိက တောင်းဆိုချက်မှာ အလုပ်ချိန် တနေ့ ၈ နာရီသာ ရှိရေး ဖြစ်သည်။ ရဲက သေနတ်ဖြင့် ပစ်ခတ်ကာ နှိမ်နင်းသဖြင့် ဆန္ဒပြသူ ၄ ဦး သေဆုံးသွားခဲ့သည်။

မေဒေးသည် အထူးသဖြင့် ကွန်မြူနစ်နိုင်ငံတွေ အတွက် အရေးကြီးသော တရားဝင် ရုံးပိတ်ရက်ဖြစ်သည်။ မေဒေးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကျူးဘား၊ ဆိုဗီယက်ယူနီယံနှင့် မြောက်ကိုရီးယားတို့တွင် တခမ်းတနား ကျင်းပကြသည်။ (တောင်ကိုရီးယားနိုင်ငံတွင်မူ မေဒေးမှာ အစိုးရ ရုံးပိတ်ရက်ပင် မဟုတ်ချေ။) အမေရိကန်နှင့် ကနေဒါတွင်လည်း အလုပ်သမားတွေ အတွက် (Labor Day) တရားဝင် ရုံးပိတ်ရက်မှာ စက်တင်ဘာသာ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အီရန်၊ အီရတ်တို့တွင် မေဒေး (မေ-၁) သည် တရားဝင် ရုံးပိတ်ရက်မဟုတ်။ ပါကစ္စတန်၊ စင်ကာပူ၊ သိရီလင်္ကာ၊ ထိုင်း၊ အယ်လ်ဂျီးရီးယား၊ ကင်ညာတို့မှာ အစိုးရ ရုံးပိတ်ရက် ဖြစ်သည်။ ယခုအခါ မေဒေးနေ့ကို ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၈၀ ကျော်က တပြိုင်တည်း ကျင်းပလေ့ရှိသည်။

မြန်မာနိုင်ငံမှာ အလုပ်သမားနေ့ (မေဒေး) ကို အစိုးရက တရားဝင် ရုံးပိတ်ရက်ဟု ကြေညာထားသော်လည်း ပုဂ္ဂလိကနှင့် တခြား အဖွဲ့အစည်းပိုင်း၊ စက်ရုံအလုပ်ရုံ တချို့က ပိတ်ရက်အဖြစ် မသတ်မှတ်ဘဲ အလုပ်ဆင်းခိုင်းသဖြင့် မေဒေးနေ့ အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားခဲ့တာ တွေ့ရသည်။ ဥပမာ မန္တလေး ပြည်ကြီးတံခွန် မြို့နယ် “အောင်စိန်” ချည်မျှင်နှင့် ဆိုးဆေးစက်ရုံ။ MDCF ခေါ် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုက ကူညီသည် မဲဆောက်မြို့ ဟော်တယ် Rujira တွင်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတေါ (ထိုင်းက သတ်မှတ်ထားတဲ့ လုပ်ခ လစာ နှုန်း အပြည့်အ၀ မရသဖြင့်) ဆန္ဒပြကြသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အလုပ်သမားနေ့ မိန့်ခွန်း ပြောဆိုရာတွင် ၂၀၁၅ မတိုင်မီ “အဓမ္မ ခိုင်းစေမှု လုံး၀ ပျောက်ကွယ်သွားအောင် ဆောင်ရွက်မှာဖြစ်ကြောင်း၊ အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ပြုလုပ်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ သို့သော် ၂၀၁၃ မတ်လက အနိမ့်ဆုံး အခကြေးငွေ ဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း ထုံးစံအတိုင်း နောက်ဆက်တွဲ ထွက်ပေါ်လာရမည့် နည်းဥပဒေများ ထွက်ပေါ်လာခြင်း မရှိသေးသဖြင့်  အသက်ဝင်အောင် မကျင့်သုံးနိုင်သေးဘဲ ရှိသည်။ အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့် နည်းဥပဒေ များ ပြဋ္ဌာန်း ပေးထားသဖြင့် အလုပ်သမား အဖွဲ့အစည်းပေါင်း ၄၉၅ ဖွဲ့ကို မြန်မာနိုင်ငံတွင် ဖွဲ့စည်းပြီးပြီဟု ဆိုသည်။ ထိုအဖွဲ့အစည်းတွေက မြန်မာအလုပ်သမားများ၏ အကျိုးကို ဘယ်လောက် စွမ်းဆောင်ပေးနိုင်ခဲ့ပြီလဲ။ ပြန်လည် ဆန်းစစ်သင့်သည်။ အလုပ်သမားတွေသာ လုံလောက်သော ဖူလုံသော ရသင့်ရထိုက်သော အခွင့်အရေးတွေကိုသာ အပြည့်အ၀ ရရှိနေပါက ယနေ့ ကြားသိနေရသလို စက်ရုံ အလုပ်ရုံများ၌ ဆန္ဒပြပွဲတွေ၊ ခြိမ့်ခြိမ့်သဲသဲ ညံမစဲအောင် ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ တနေ့ကပင် (ဧပြီ ၃၀) ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ တက်ရောက်ရန် ကိုယ်စားလှယ် ၁ ဦးနှင့် အကြံပေး ၂ ယောက် ရွေးချယ်ရာတွင် မကျေမလည် ပြဿနာတက် သည့် အသံတွေ ကြားလိုက်ရသေးသည်။ ငွေပေး မဲဝယ်သည်ဟု စွပ်စွဲပုံမျိုး။

ကျနော်တို့ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခြေအနေက ၁၈ ရာစု စက်မှုတော်လှန်ရေး ပြီးကာစ၊ ဥရောပ အလုပ်သမားများ၏ ဘဝအခြေအနေနှင့် သိပ်မထူးခြားသော အခြေအနေမှာ ရှိနေသည်။ (၁) လုပ်ခ လစာ အလွန်နည်းသည်။ (၂) အလုပ်ချိန်များပြား ရှည်ကြာလွန်းသည်။ (စက်ရုံများတွင် ၁ နေ့ ၁၂ နာရီ လုပ်ကြရသည်။ အချိန်ပို ခိုင်းသည်။ တခါတရံ မိုးအလင်း အလုပ်ဆင်းရသည်။) (၃) လုပ်ငန်းရှင် အခြေအနေမှာ ဆိုးဝါးသည်။ အလုပ်ခွင် သာယာရေး သက်သောင့်သက်သာ ရှိရေး ဆောင်ရွက်မပေး။ (၄) ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးသည်။ (၅) ပင်စင်လစာ ကင်းမဲ့သည်။ (၆) အလုပ်ပိတ်ရက် မျှတမှု မရှိ။ (၇) အလုပ်ရှင်နှင့် လက်ပါးစေများက မောက်မာ ရိုင်းပျစွာ ဆက်ဆံတာ ခံကြရသည်။ ဒါကြေင့် တနှစ်လုံး ပြဿနာတွေ ဖြစ်နေသည်။ ပြေလည်မှု မရကြ။ ဝါဏိဇ္ဇခုံရုံး၏ အဆုံးအဖြတ် ကို အလုပ်ရှင်ဘက်က တိကျစွာ ဆောင်ရွက်ပေးမှု မရှိ။ အလုပ်သမား အဖွဲ့အစည်းခေါင်းဆောင် များကို အပြစ်ရှာကာ အလုပ်ထုတ်ပစ်ရာတွင်လည်း မည်သည့် ကာကွယ်မှုမှ မပေး။ ဤကိစ္စများမှာ အဓိက အားဖြင့်  စက်ရုံအလုပ်ရုံများ များပြား သော် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ နောက် ရှိသေးသည်။ ကလေးသူငယ် အလုပ်သမား ပြဿနာ။ ရန်ကုန်တိုင်း ဒေသကြီး ဗဟို ဝါဏိဇ္ဇကော်မတီရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဝင်းက အသက်မပြည့် သေးတဲ့ ကလေး အလုပ်သမား ပြဿနာကို ရည်ညွှန်းပြောဆိုရာ၌ “သာမန်အားဖြင့် ၁၈ နှစ်လို့ သတ်မှတ်ထားပေမယ့် ဒီနိုင်ငံမှာက စီးပွားရေး အခြေအနေအရ အသက် ၁၄ နှစ်ကိုလည်း အလုပ်လုပ်ခွင့် ပေးထားပါတယ်” ဟု ဆိုခဲ့သည်။ သဘော မပေါက်၊ ဥပဒေမှာ အခြေအနေအရ ဆိုသော ချွင်းချက် ရှိသလား။ ဒါဆိုလည်း အရွယ်ရောက်သူကို အသက် ၁၄ နှစ်ဟု ဥပဒေဖြင့် ပြင်ဆင် ပြဋ္ဌာန်းပေးလိုက်သင့်သည်။

၁၂၃ ကြိမ်မြောက် အစိုးရမဟုတ်သူများရဲ့ အလုပ်သမားနေ့ အခန်းအနားကို ရန်ကုန်ကမ်းနားလမ်း နန်ထိုက် စားသောက် ဆိုင်မှာ ကျင်းပခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်း ၆၀ ကျော်၊ လူ ၁၈၀၀ ကျော် တက်ရောက်ခဲ့သည်။ မကြာမီ နိုင်ငံတကာ မှ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဝင်ရောက်လာတော့မည် ဖြစ်ရာ တိကျတဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေတွေ ရှိနေဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း။     ။

သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။
Loading