စိတ်ဉာဏ်ရည် မြင့်မားသူတို့ အနာဂတ်သစ်

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

“ပညာရှိအမျက် အပြင်မထွက်” ဆိုတဲ့ စကားကို  ကျမတို့ ငယ်ငယ်ကတည်းက ကြားဖူးနေကြ စကားပါ။ ငယ်ငယ် တုန်းကတော့ အဲဒီ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျမ သိပ်နားမလည်ခဲ့ပါဘူး။ ပညာရှိတွေဟာ အပြင်ကို အမျက်ဒေါသ မပြဘဲ နဲ့ စိတ်ထဲမှာ ကြိတ်ပြီးတော့ အငြိုးအတေး ထားကြလေသလား လို့ ထင်ခဲ့မိဖူးပါတယ်။ ဒါပေမယ့် ကျမကြီးပြင်းလာတဲ့ အချိန်မှာ စာလေးပေလေး ဖတ်ရှုလာပြီးတဲ့နောက်မှာတော့ ရှေးလူကြီးများ ထားခဲ့တဲ့ ဒီ စကားပုံလေးရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို နားလည်ခဲ့ရပါတယ်။

ပညာရှိ သူတော်ကောင်းများ ဆိုတာက စိတ်ဉာဏ်ရည် (EQ – Emotional Quotient) မြင့်မားသူများ ဖြစ်တာမို့ သူတို့ရဲ့ ဒေါသစိတ်ကို ချွန်းအုပ်နိုင်ကြသူများပါ။ စိတ်က ဒေါသဖြစ်လိုက်တာနဲ့ ကိုယ်ကပါ ဝုန်းဒိုင်း ထကြဲ တတ်သူများ နဲ့ ကွာချင်တိုင်း ကွာကြပါတယ်။ အမျက်ဒေါသကို အပြင်ဘက် (ကာယကံမြောက်) မရောက်အောင်လို့ ကိုယ့် စိတ်ကို ကိုယ် ထိန်းသိမ်းနိုင်ကြသူများဖြစ်ပါတယ်။ (I.Q လို့ခေါ်တဲ့ Intelligent Quotient ဆိုတာလည်း ရှိပါတယ်။ အိုင်ကြူ ဆိုတာက စဉ်းစားတွေးခေါ် သိမြင်နိုင်စွမ်းနဲ့ ဆက်စပ်ပြီး၊ အခုပြောတဲ့ အီးကြူကတော့ ခံစား နားလည်နိုင်စွမ်းနဲ့ ဆက်စပ်နေပါတယ်။)

တကယ်တော့ စိတ်ဉာဏ်ရည် မြင့်မားမှု ဆိုတဲ့ အရာဟာ သိပ်ကိုမှ အရေးကြီးလှတဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ ခံစားချက် ဝမ်းနည်းတာ၊ ဒေါသထွက်တာ စတာတွေကို ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ လုံလုံခြုံခြုံ ထိန်းထိန်းသိမ်းသိမ်း ထိန်းချုပ်သွားနိုင်တာကိုက လူတစ်ယောက်ရဲ့ ရင့်ကျက်မှုကို ပြရာရောက် စေတာပါပဲ။ ကိုယ့် စိတ်အခန့် မသင့်တာနဲ့ ဒေါသထွက်တာ၊ လက်ပါတာ၊ ဆဲဆိုတာ၊ အနိုင်ကျင့်တာ၊ စော်ကားတာ၊ ရိုင်းပျတာ ဒါတွေအားလုံးဟာ စိတ်ဉာဏ်ရည် နိမ့်ပါးမှုကို ပြတဲ့ လက္ခဏပါပဲ။

စိတ်ဉာဏ်ရည် နိမ့်ပါးသူများဟာ သူကိုယ်တိုင် အတွက်ရော၊ ပတ်ဝန်းကျင် အတွက်ပါ အမြဲတမ်း ဒုက္ခပေး တတ်သူ များဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖွံ့ဖြိုးပြီး နိုင်ငံက ကျောင်းများမှာတော့ ကလေးများကို သူငယ်တန်းလောက်မှာ ကတည်းက စလို့ စိတ်ဉာဏ်ရည် ဖွံ့ဖြိုးစေတဲ့ အလေ့ကျင့် လေးတွေကို စတင်ပြီး လုပ်ပေးပါတယ်။

စိတ်ဉာဏ်ရည် ဖွံ့ဖြိုးဖို့ အတွက် လူ တစ်ယောက်ဟာ သူ့ရဲ့ စိတ်ခံစားချက်ကို သိရပါတယ်။ သူ ဒေါသထွက်နေလား၊ ဝမ်းနည်းနေလား၊ စိတ်ဆိုးနေလား၊ ကျေနပ်နေလား၊ ပျော်နေလား၊ ပျင်းနေလား စတဲ့ စိတ်ခံစားချက်ကို သူ့ဖာသာ သတိပြုမိဖို့ သိပ်ကိုလိုပါတယ်။ ကိုယ့်ကိုယ်ကို မလိမ်မညာတမ်း ပြန်ကြည့်ပြီးတော့ သိရမှာပါ။

ဒါကြောင့်မို့ ကျမတို့ဟာ ကလေးများကို သူတို့ရဲ့ စိတ်လှုပ်ရှား ခံစားချက် များကို သိစေဖို့ အတွက် ကူညီပေးဖို့ လိုပါတယ်။ ကလေး ဒေါသထွက်နေတာကို မထွက်ရဘူးလို့ ကျမတို့ မတားရပါဘူး ။ လူဟာ စိတ်တိုစရာ ရှိရင် တိုကြ မှာပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ ထွက်လာတဲ့ ဒေါသကို ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ ဘယ်လို ပြေအောင်ဖြေမလဲ ဆိုတာဟာ သိပ်ကိုမှ အရေးကြီးလို့လာပါပြီ။ မဆိုင်တဲ့သူတွေ၊ ကိုယ်နိုင်ရတဲ့ လူတွေကို ပေါက်ကွဲပြီးတော့ ဖြေချလိုက် မလား။ ဒါဆိုရင်ဖြင့် ကိုယ့်ရဲ့ ဒေါသကတော့ ပြေသွားပါလိမ့်မယ်။ ဒါပေမယ့် တဖက်က လူက လူပေပဲမို့ သူရှက်သွား၊ ဝမ်းနည်းသွား၊ နာကျင်သွားရပါလိမ့်မယ်။ ဒါဟာ မှန်ကန်တဲ့ ဒေါသ ဖြေဖျောက်နည်း မဟုတ်ပါဘူး။

ဒါဆိုရင်ဖြင့် ကိုယ့်ကိုယ်ကိုနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ဒေါသ ဖြေဖျောက်နည်းကို ရှာကြရတော့မှာပါ။ ၁ ကနေ ၁၀၀ အထိ ရေတွက်မလား၊ အခန်းထဲမှာ ဒေါသပြေတဲ့အထိ ခဏလေး ငြိမ်ငြိမ်နေ မလား၊ မျက်စိလေး မှိတ်လို့ အသက်ကို ၀၀ရှူသွင်း မလား စသဖြင့် တခဏထွက်လာတဲ့ ဒေါသကို လက်ပါ၊ ပါးစပ်ပါ ပါတဲ့ အထိ မရောက်စေဖို့ ထိန်းသိမ်းလို့ ရတဲ့ နည်းတွေ များစွာ ရှိပါတယ်။ အမှန်တော့ဖြင့် လူတစ်ယောက်ရဲ့ စိတ်ဉာဏ်ရည် မြင့်မားစေဖို့ အတွက် ထိန်းသိမ်းဖို့ ဆိုတာဟာ ကလေးတို့ အရွယ် ငယ်စဉ်ကတည်းက စတင်ပျိုးထောင်ပေး ရမယ့် အလုပ်ကြီး တခုပါ။

ကျမသားလေး အခု တက်နေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံက ကျောင်းမှာတော့ သူငယ်တန်း အရွယ်ကလေးငယ် များကို အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်စတဲ့ ကာလာ အရောင်လေးတွေ သတ်မှတ်ပြီးတော့ စိတ်ဉာဏ်ရည်ကို ပြုစု ပျိုးထောင်ပေးပါတယ်။  ဒီကနေ့ ကျောင်းမှာ ကိုယ့်ရဲ့ စိတ်ကို လိမ္မာယဉ်ကျေးစွာနဲ့ ထိန်းနိုင် သိမ်းနိုင်နေနိုင်ပြီ ဆိုရင်ဖြင့် လိမ္မော်ရောင် ကာလာလေးကို ချယ်ပေးပါတယ်။ လိမ္မော်ရောင် ကာလာတွေချည်းပဲ လေးရက်လောက် ရပြီ ဆိုရင်တော့ သောကြာနေ့လို နေ့မျိုးမှာ တန်ဖိုးသိပ် မများလှတဲ့ ခဲဖျက်လို၊ ခဲတံလို၊ ဒိုင်နိုဆော အရုပ် သေးသေးလေးလိုမျိုး ဆုအဖြစ် ဆုချပါတယ်။ ဒေါသထွက်ရင် မအော်ရဘူး။ ဝုန်းဒိုင်းမကြဲရဘူးဆိုတာလေးတွေ ကိုလည်း ဆရာမက ပုံပြင်လေးတွေ၊ ကာတွန်းကားလေးတွေ ပြပြီးတော့ သင်ပေးပါတယ်။ သားလေးဟာ ကျောင်းတက်ပြီး ခြောက်လ အတွင်းမှာပဲ သူ့ရဲ့ စိတ်ခံစားချက်ကို သူ့ဖာသာ သိပြီးတော့၊ သူ့ဖာသာ တော်တော် ထိန်းချုပ်တတ် လာပါတယ်။

ကျမတို့ရဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့  စိတ်ခံစားချက်ကို မပေါက်ကွဲအောင် ထိန်းချုပ်ဖို့ ဆိုတဲ့ ကိစ္စကို သင်ပေးဖို့ အတွက် တော်တော်ကို မလွယ်လှသေး သလိုပါပဲ။ မပြေလည်တဲ့ စီးပွားရေးထဲမှာ လုံးခြာလည်နေရင်း ဒေါသထွက် နေတဲ့ မျက်နှာထား တင်းတင်း ဆရာ၊ ဆရာမတွေကိုချည်း ကျမတို့ မြင်နေကြရတာပဲလေ။ ဒီလိုပဲ တရားလွန် အလိုလိုက်၊ အကြိုက်ဆောင် ခံထားရတာမို့ ငါမှငါသာ နှိုင်းစရာ ရယ်လို့ ထင်မြင်နေသူ လူ့အထက်လွှာ လူတန်းစား များရဲ့ သားသမီးတွေ၊ ရာထူးကြီးကြီး ယူထားရသူများရဲ့ သားသမီးတွေမှာ  စိတ်ဉာဏ်ရည်ကလည်း ဟိုးအောက်ဆုံး အဆင့်က အနုတ်အောက်တောင် ရောက်နေကြပါပြီ။

လူကို လူလို မြင်တတ်ဖို့၊ လူလို လေးစားဖို့နဲ့ ကိုယ့်ရဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားချက်များကို ထိန်းချုပ် ပဲ့ကိုင်နိုင်ဖို့ ဆိုတာ ယဉ်ကျေးတဲ့ လူမျိုး၊ ပညာ ရှိတဲ့ လူမျိုး၊ အဆင့်တန်းမြင့်တဲ့ လူမျိုးတို့ရဲ့ အမှတ်သားတခုပါ။ ကျနော်တို့ ကျမတို့ ယဉ်ကျေးပါတယ်။ အဆင့်တန်း မြင့်ပါတယ်လို့ ကမ္ဘာကို ပြနိုင်ဖို့ အတွက် ကိုယ့်ရဲ့ စိတ်ယဉ်ကျေးမှုကို မြင့်မားအောင်လုပ်ဖို့ လိုပါတယ်။ စိတ်ယဉ်ကျေးမှု မမြင့်မားဘဲနဲ့တော့ ဘယ်လောက်ပဲ ရာထူးကြီးတွေ ကြီးနေပါစေ၊ ဘာဘွဲ့တွေကိုပဲ အထပ်ထပ် ယူထားပါစေ၊ ဘယ်လောက်ကြီးပဲ ပိုက်ဆံတွေ ချမ်းသာ နေပါစေ လူ့လောက အတွက် အဖိုးမတန်တဲ့၊ တန်ဖိုးမရှိတဲ့ လူဖြစ်နေမှာပါပဲ။

ဒါကြောင့်မို့ ကျမတို့ရဲ့ အနာဂတ်သစ်မှာ တန်ဖိုးရှိတဲ့ လူတွေ များလာစေဖို့ ကိုယ့်ရဲ့ခံစားချက် ဒေါသကို ကာယကံ မြောက်၊ ဝစီကံမြောက် ဒေါသအဖြစ် တဖက်လူကို မစော်ကားမိအောင် ထိန်းချုပ်နိုင်ဖို့ အတွက် နောင်တချိန်မှာ နိုင်ငံကို ဦးဆောင်လာမယ့် ကျမတို့ရဲ့ ကလေးငယ်များကို ငယ်ငယ်ကတည်းက သင်ကြားပေးကြဖို့ လိုနေပါပြီ။     ။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။
Loading