တရုတ်-မြန်မာ-အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေး

လင်းသန့်

This article has been converted from Zawgyi One to Unicode

လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သတင်းတွေ၊ သုံးသပ်ချက်တွေနဲ့ အစီရင်ခံစာတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Janes Intellegent Review က တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းက လူမျိုးစု လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ကို စစ်သုံး ရဟတ်ယာဉ်တွေပေးတယ်ဆိုတဲ့ သတင်းတပုဒ် မကြာသေးမီ ရက်ပိုင်းက ရေးသားခဲ့ပါတယ်။

အဲဒီသတင်းဟာ မမှန်ကန်တဲ့ သတင်းတပုဒ်သာ ဖြစ်တယ်လို့ UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဧရာဝတီကို ပြောဆိုသွားခဲ့ပါတယ်။

“မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတွေပဲလို့ ယူဆပါတယ်၊ ကျနော်တို့ကို ရဟတ်ယာဉ်ပေးတယ်တို့ ဘာတို့ ညာတို့။ ရဟတ်ယာဉ်ပေးတော့ ဘယ်သူက လာမောင်းမှာလဲ၊ကျနော်တို့ဆီက ဘယ်သူက မောင်း တတ်မှာလဲ၊ ဘယ် အဖွဲ့ အစည်းက သွားမောင်းမလဲ” လို့ သူက ဖြေခဲ့ပါတယ်။

အဲဒီသတင်း စတင်ရေးခဲ့တဲ့ Jane’s Intellegent Review ကို ပြန်မေးသင့်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါသေးတယ်။

တရုတ်နိုင်ငံက TY 90ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားတဲ့ Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေကို ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ မတ်လဆန်းက UWSA ဆီကို လွှဲပြောင်းပေးခဲ့ တယ်ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ မြန်မာ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး အဲဒီ မဂ္ဂဇင်း က ဖော်ပြခဲ့တာပါ။

ဒီကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေလ ၇ ရက်နေ့မှာ မဟုတ်မှန်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

“သက်ဆိုင်ရာ သတင်းသည် မှန်ကန်ကြောင်း မရှိသည့်အပြင် စာဖတ်သူများကို အထင်လွဲသွားစေနိုင်တဲ့အတွက် သံရုံး အနေဖြင့် အလေးအနက်ထား ရှင်းပြလိုပါတယ်” လို့ သံရုံးကြေညာချက်က ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ယခုနှစ်ဆန်းပိုင်းတုန်းကလည်း တရုတ်နိုင်ငံက UWSA အဖွဲ့ကို တင့်ကားနဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း Jane’s Intellegent Review က ဖော်ပြခဲ့ပြီး အဲဒီဖော်ပြချက်တွေ မမှန်ဘူးလို့ ရန်ကုန်ရှိ တရုတ်သံရုံးက ငြင်းဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် မြန်မာ့အရေး ကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာကတော့ Jane’s Intelligence Review ပါ သတင်းဖော်ပြချက်ဟာ မှန်ကန်နိုင်တယ်လို့ ဧရာဝတီကို မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

သူ့အမြင်ကို ဆက်ပြောရာမှာတော့ မြန်မာစစ်တပ်အနေနဲ့ အခုအချိန်မှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို ထိုးစစ်ဆင် တိုက်နေတာရဲ့ ရည်ရွယ်ချက်ဟာ UWSA အဖွဲ့အခြေစိုက်တဲ့ ပန်ဆိုင်းကို ပစ်ခတ်နိုင်တဲ့ အခြေအနေတခုကို ဖန်တီးနေတာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်တောင်းဆိုနေတဲ့ UWSA ဘက်ကလည်း ဒါကို ရိပ်မိလို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာထဲက တခုအနေနဲ့ တရုတ်ရဲ့ လက်နက်နဲ့ စစ်ပစ္စည်းအထောက်အကူကို ယူတာဖြစ်နိုင်တယ်လို့ ဆက်ပြောပါတယ်။

Jane’s Intelligence Review ကနေ ဒီလို သတင်းတွေ ထုတ်ဖော်ရေးသားတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တရုတ်နိုင်ငံနဲ့ UWSA အဖွဲ့တွေက ငြင်းဆိုခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးကတော့ စဉ်းစားစရာတွေ ဖြစ်လာခဲ့ပါတယ်။

စစ်ဗိိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း တရုတ်ကုမ္ပဏီတွေ အမေရိကန် ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတဲ့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာနိုင်ငံသားတွေ မလိုလားလို့ ကန့်ကွက်ကြတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းလိုက်တာက အစပြုပြီး တရုတ်-မြန်မာဆက်ဆံရေးက နည်းနည်း အေးစက်သလို ဖြစ်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ တရုတ်အနေနဲ့ “ဝ” လက်နက်ကိုင်အဖွဲ့ကို လက်နက် ထောက်ပံ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဘာတေးလ် လစ်တနာက ဧရာဝတီကို အဲဒီလို မှတ်ချက်ပေးခဲ့တဲ့အပြင် Asia Times အွန်လိုင်း မဂ္ဂဇင်းမှာလည်း ဒီကိစ္စ အပေါ် အခြေခံပြီး ဆောင်းပါး တပုဒ်ရေးခဲ့ပါသေးတယ်။

သူ့သုံးသပ်ချက်မှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအပေါ် သိပ်ပြီး နွေးနွေးထွေးထွေး မရှိဘူးလို့ သုံးသပ်ပြထားပါတယ်။

ဒီနေရာမှာ သူက တရုတ် လက်နက်ရောင်းဝယ်ရေး သမားတွေဟာ UWSA ကို ရိုင်ဖယ်သေနတ်တွေက အစ တင့်ကားဖျက် ရော့ကက် လောင်ချာတွေ၊ စက်သေနတ်တွေနဲ့ PTL-02 6×6 လို့ခေါ်တဲ့ တင့်ကားမျိုးတွေ၊ တရုတ်လုပ် 4×4 zfb-05s ဆိုတဲ့ စစ်သုံးယာဉ်တွေ ပေးခဲ့တယ်ဆိုပြီး ဂျိန်းစ် စာစောင်ကို ကိုးကားပြီး ထပ်မံ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘာတေးလ်လစ်တနာက ပြုပြင်ပြောင်းလဲရေး သမား သမ္မတ ဦးသိန်းစိန်လက်ထက် အမေရိကန်နဲ့မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မြန်မာဟာ တရုတ်-အမေရိကန် ၂ နိုင်ငံရဲ့ ရှေ့တန်း စစ် မြေပြင်တခု ဖြစ်လာမလား ဆိုတာကိုလည်း အဓိက သုံးသပ် တင်ပြထားပါသေးတယ်။

နေပြည်တော်ကလာတဲ့ အတည်ပြုလို့မရတဲ့ သတင်းအချက်အလက်တွေအရ နေပြည်တော် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာအစိုးရသစ်ဟာ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ခိုင်ဖို့ ကြိုးစားလာတဲ့ ခြေလှမ်းတွေအတွက် စိုးရိမ်တာကြောင့် အမေရိကန်အပါအဝင် အနောက် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြန်မာဘက်က လမ်းဖွင့်ခဲ့တာလို့ ဆိုပါတယ်။

ဒီနောက်ပိုင်း တရုတ်ဘက်ကလည်း မြန်မာလို မဟာဗျူဟာ မြောက်တဲ့နိုင်ငံတခုကို ဆုံးရှုံးရမှာ စိုးရိမ်ပြီး မြန်မာအပေါ် ဆက်ဆံရေးတွေ ပြောင်းလဲကျင့်သုံးလာခဲ့ပါတယ်။ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ၊ NLD ကို ငွေကြေး လှူဒါန်းတာနဲ့ NLD ပါတီဝင်တွေကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်တာတွေ၊ တခြား တရုတ်အဖွဲ့တွေက ဖိတ်ခေါ်တာတွေ ရှိလာခဲ့ပါတယ်။

“ကျမတို့ဟာ အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့အခါ ညီမျှတဲ့ ဆက်ဆံရေးစနစ် ရှိကြရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က မကြာသေးခင် မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံကို ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက အခြားသော မြန်မာလူထုကြား သြဇာကောင်းတဲ့ ၈၈ မျိုးဆက်ကျောင်းသားများလို အဖွဲ့မျိုးကအစ အခြား နိုင်ငံရေးပါတီတွေနဲ့လည်း ထိတွေ့ဆက်ဆံလာပါတယ်။

တချိန်က တရုတ်နိုင်ငံ ခေါင်းဆောင်တွေဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးမှာ အလွန်နီးကပ်ခဲ့ပြီး ကုလသမဂ္ဂမှာလည်း ဗီတိုအာဏာကို မြန်မာအတွက် တရုတ်ဘက်က အသုံးချခဲ့တာတွေရှိခဲ့သလို အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာအပေါ် စီးပွားရေး ကန့်သတ်ပိတ်ပင်ထားချိန်မှာ မြန်မာစစ်အစိုးရအပေါ် စစ်လက်နက် ပစ္စည်းတွေ ရောင်းချ ထောက်ပံ့တာတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ပြီးတဲ့နောက် မြန်မာ စစ်တပ်အတွက် တရုတ်နိုင်ငံမှာ အသုံး မပြုလိုတော့တဲ့ အမေရိကန်ဒေါ်လာ၂ ဘီလျံခန့် တန်ဖိုးရှိ စစ်လေယာဉ်၊ စစ်သင်္ဘော၊ တင့်ကား၊ သံချပ်ကာကား ၊ အမြောက်နဲ့ စစ်လက်နက် ပစ္စည်းတွေကို အကြွေးနဲ့ ရောင်းချခဲ့တာကိုလည်း အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခဲ့သူ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောထားပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး ခိုင်မာတောင့်တင်းချိန် တလျှောက်လုံး မြန်မာ့အရေးဟာ အမေရိကန် အနေနဲ့လည်း အတော်စိတ်မသက် မသာဖြစ်ခဲ့ရတာပါ။ ဒီအထဲမှာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက မြောက်ကိုရီးယားနဲ့ စစ်ရေး လျှို့ဝှက်ဆက်ဆံမှုတွေ လုပ်ခဲ့တာကတော့ အမေရိကန်က အလွန်စိုးရိမ်တဲ့ အချက်တခုလည်း ဖြစ်ပါတယ်။

အခုတော့ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန်နဲ့ အနောက်အုပ်စုကလည်း ထောက်ခံပြီး ရှေ့ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးဖို့ ချမှတ်ကန့်သတ် ပိတ်ပင်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ ရုပ်သိမ်းပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်လာခဲ့ပါတယ်။

ဒါကြောင့်လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ဟီလာရီ ကလင်တန်ရဲ့ ကြိုးစားမှု၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းတို့ရဲ့ ပံ့ပိုးမှုတွေနဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်ရောက်လာခဲ့ရင်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားရဲ့ ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ သမိုင်းဝင် တရက်တာ မြန်မာနိုင်ငံခရီးစဉ်က အမေရိကန်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။

အခုတော့ မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ တစုံတရာ တံခါးပွင့်လာခဲ့ချိန်မှာ တချိန်ကလို တရုတ်နိုင်ငံကပဲ ပြိုင်ဘက်ကင်း မြန်မာ့ဈေးကွက်မှာ လွှမ်းမိုးချယ်လှယ်ခွင့်တွေ အားနည်းလာပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တဖွဲဖွဲ ဝင်ရောက်လာနေတာတွေဟာ တရုတ်အတွက် စိုးရိမ်စရာတခု ဖြစ်နေမှာပါ။

ဒီလို မြန်မာ့ အခင်းအကျင်း ပြောင်းလဲလာမှုအပေါ် တရုတ်နိုင်ငံဘက်ကလည်း UWSA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုတဲ့ အဖွဲ့တခုအပေါ် တိတ်တဆိတ် လက်နက်စတဲ့ ထောက်ပံ့မှုတွေ ရှိလာနိုင်တာ မဆန်းဘူးလို့လည်း ဘာတေးလ် လစ်တနာရဲ့ ဆောင်းပါးမှာ သုံးသပ်ပြထားပါတယ်။

တချိန်က သင်ခန်းစာတခု ထုတ်ပြရမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ State to State ဆိုတဲ့ နိုင်ငံအစိုးရချင်း ဆက်ဆံမှုမျိုး ရှိနေစဉ်မှာ တရုတ်ကွန်မြူနစ်ပါတီက ထိုစဉ်က မြန်မာအစိုးရကို ဆန့်ကျင်ပုန်ကန်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ Party to Party ဆိုတဲ့ ပါတီချင်း ဆက်ဆံရေး ရှိခဲ့တယ်လို့လည်း တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း သခင် ချန်ထွန်းက ဧရာဝတီကို ပြောပါတယ်။

အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်ကတော့ တရုတ်နဲ့ အမေရိကန်အကြား မြန်မာဟာ ချိန်ညှိ ဆက်ဆံခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဦးနေဝင်းအလွန် မြန်မာစစ်ခေါင်းဆောင်တွေကတော့ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန်အခြေအနေက ပျက်ယွင်းသွားပြီးနောက်မှာ အိမ်နီးချင်း တရုတ်ကို အားကိုးဆက်ဆံမှုတွေ လုပ်ခဲ့တာပါ။

တရုတ်ဟာ အခုအထိ မြန်မာ့နိုင်ငံရေးမှာ တစုံတရာ လွှမ်းမိုးမှု ရှိနေတယ်၊ သြဇာညောင်းမှု ရှိနေတယ် ဆိုတာကတော့ အသေအချာပါပဲ။

ထင်ရှားတဲ့ သာဓကတွေ ထုတ်ပြရမယ်ဆိုရင် မြန်မာအစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အပစ်အခတ်ရပ်စဲရာကနေ တိုက်ပွဲတွေ ပြင်းထန်လာပြီး နယ်စပ်တည်ငြိမ်ရေးလည်း ထိခိုက်လာပြီးတဲ့နောက် တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့်သာ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တို့အကြား ငြိမ်းချမ်းရေး စကားပြောဆိုမှု ပြန်စတင်နိုင်ခဲ့တာ မကြာသေးပါဘူး။

တရုတ်အစိုးရကလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်အကျိုးစီးပွား ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား ကာကွယ်ဖို့အတွက် မူရှိပြီးသားဖြစ်တယ်ဆိုတာ မကြာခဏ တရုတ်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ တရုတ်လေ့လာရေး အဖွဲ့တွေက ပြောဆိုလေ့ ရှိပါတယ်။

ခြုံပြီးပြောရရင် မြန်မာ- တရုတ်- အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေးဟာ အလွန်မဟာဗျူဟာ မြောက်သလို ဒီချိန်ခွင်လျှာကို အနာဂတ်မှာ ဘယ်လို ထိန်းညှိသွားကြမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Loading