ဒဂုန်တာရာ မွေးနေ့ပွဲမှ အတွေးများ

ရွှေကူမေနှင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“လူ ဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာပဲ” ဆိုသော စကားကို လူငယ် လူကြီး အတော်များများ ပြောတတ်ကြသည်။ ကိုယ့်သမိုင်းကို လှပအောင် ရေးဖို့ကိုရော အပတ်တကုတ် အားထုတ်ကြရဲ့လား ဟု မေးစရာရှိနေသည်။

မြန်မာနိုင်ငံသည် ကံဆိုးလွန်းစွာ နှစ်ပေါင်းများစွာ တိုင်းတပါး လူမျိုးတို့ အုပ်စိုးမှုအောက်၌ နေခဲ့ရ၏။ ကိုယ့်မင်း ကိုယ့်ချင်းတုန်း ကလည်း လူတယောက်၏ ဓားအောက်၌ နေရခြင်းဖြစ်၏။ သားအဖချင်း ညီအစ်ကိုချင်း အာဏာလုပွဲ များက သက်ဆိုး ရှည်လှ၏။ အုပ်ချုပ်ခံဘဝမှာ ပြည်သူလူထုသည် ကိုယ့်ထမင်း ကိုယ် အေးအေးဆေးဆေး စားရဖို့ မျှော်လင့်ချက် အပြည့်အ၀ မရခဲ့ပေ။ သို့ဖြင့် တော်လှန်ရေးများ ဆက်တိုက် ပေါ်ခဲ့ရသည်။ တိုင်းပြည် လွတ်လပ်ရေး ဆိုပြီး အသက်သွေး စွန့်ကြရပြန်သည်။ အရင်းအနှီး ကြီးစွာ၊ အချိန်ကာလ ရှည်လျားစွာ တော်လှန်ရေး အဆင့်ဆင့်မှ “လွတ်လပ်ရေး” ပေါက်ဖွား လာတော့လည်း ထိုနှစ်မှာပင် အချင်းချင်း သဘောထား ကွဲလွဲမှုကြောင့် “ပြည်တွင်းစစ်” ပေါ်လာပြန်သည်။ လွတ်လပ်ရေး က ပြည်တွင်းစစ်မီးကို မွှေးပေးသလို ဖြစ်ခဲ့သည်။

နှစ်ပေါင်း လေးဆယ် ပြည်တွင်းစစ်။ ထို့နောက် နှစ်ပေါင်း နှစ်ဆယ်၊ တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှုများ။ ဆုံးပဲ မဆုံးနိုင်တော့။

မြန်မာလူမျိုးတို့သည် ဘာကြောင့်များ “ငြိမ်းချမ်းစွာ မနေနိုင်ကြသလဲ” ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ယင်း အချက်ကို ဘယ်သူမှ မငြင်းနိုင်။ ကံ ကံ၏ အကျိုးဟု ဘာသာတရား၏ လမ်းညွှန်မှုကြောင့် ဖြေသာနိုင်၊ ရှင်သန်နိုင်ကြခြင်း ဖြစ်ပေမည်။ သမိုင်း အစဉ်အဆက် အုပ်ချုပ်ရေး စနစ်များတွင် အေးချမ်း ငြိမ်းချမ်းခြင်း တကွက်မှ မရှိခဲ့။

ခေါင်းဆောင် ဟူသည် တော်လှန်ရေး၌သာ ထင်ရှားစွာ မွေးဖွား၏ ဟူ၍ အတွေ့အကြုံသမားများက သီအိုရီဖွင့်ကြ၏။ ဘာမှ မဖြစ်လျှင် ဘယ်သူမှ ခေါင်းဆောင်ပြီး တိုက်ပွဲဝင်ရန် လိုမည်မဟုတ်၊ တိုက်ပွဲ အတွင်းမှသာ ခေါင်းဆောင် အရည်အသွေး၊ ခေါင်းဆောင် စိတ်တို့ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဆိုလို၏။

သည်တော့ မြန်မာနိုင်ငံမှာ ခေါင်းဆောင်တွေ ပေါ်ပေါက်ခဲ့၏။ တော်လှန်ရေး ခေါင်းဆောင်၊ ငြိမ်းချမ်းရေး ခေါင်းဆောင်၊ အဖွဲ့ခေါင်းဆောင်၊ ပါတီ ခေါင်းဆောင် စသဖြင့်။ (ဤတွင် ခေါင်းဆောင်နှင့်ပတ်သက်ပြီး ချီးမွမ်း ချီးပ အမည်ပေး သညာ တပ် ခေါ်ဝေါ်ပညတ်သည့် “လူထု ခေါင်းဆောင်”၊ “ဒီမိုကရေစီ ခေါင်းဆောင်” ဟူသည့် မလျော်ကန်သော အချက်များ လည်း တွေ့ရပြန်သည်။ ခေတ်ဆိုးကြီးကို တော်လှန်ခဲ့ကြ ရာတွင် ထိုအချိန်က လူတိုင်းသည် မြို့တိုင်းမှာ ခေါင်းဆောင်ခဲ့ ကြသည်။ တက်ကြွလှုပ်ရှားခဲ့ကြသည်။ ထို့ကြောင့် မည်သူ တဦးတယောက်ကိုမျှ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင်ဟု ချီးပ ကင်ပွန်းတပ်ရန် မသင့်ပါ။ လူထု အားလုံး လှုပ်ရှားပါဝင်ခဲ့သဖြင့် ယင်းသို့ အမည်တပ်ခြင်းသည် အခြား လူများ၏ ထက်သန်သော ပါဝင်လှုပ်ရှားမှုနှင့် တက်ကြွမှုများကို ဥပေက္ခာပြုရာကျ၏။ စော်ကားရာ ကျ၏။ တကယ်တော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးသည် နိုင်ငံသားတိုင်း လုပ်ဆောင်ချက် ဖြစ်သည်။)

ဤသို့ နိုင်ငံ့သမိုင်း စဉ်တလျှောက်လုံး စစ်မီးလျှံများ ဝေစည်လောင်မြိုက်နေသာ နိုင်ငံတွင် လူတိုင်းသည် ငြိမ်းချမ်းရေးကို တောင့်တခဲ့ကြသည်မှာ သဘာ၀ ကျ၏။ သို့သော် လူတိုင်းကား ငြိမ်းချမ်းရေးအတွက် ဦးမဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ငြိမ်းချမ်းရေးကို လက်တွေ့ စည်းရုံးပါဝင် လှုပ်ရှားမှု မများခဲ့ချေ။ ပါဝင် လှုပ်ရှားမှုတိုင်းကိုလည်း ရက်စက်မှု သရဖူဆောင်း ထားသူများက မလှုပ်နိုင်အောင် နှိပ်ကွပ်ခဲ့၏။ “တကျွန်း” သူသော ဝေါဟာရသည် ထိုနှိပ်ကွပ်မှု၏ သာဓက တည်း။

မည်သို့ပင် ဖြစ်စေ..၊ ငြိမ်းချမ်းရေးကို တဖွဖွ အလျင်မပြတ် ပြောဆို စည်းရုံးခဲ့သူများသည် ငြိမ်းချမ်းစွာ သမိုင်းကို ပြုစုခဲ့ကြ သည်။ ထိုသူများ ထဲတွင် ထင်ရှားသူ တဦးမှာ “ဆရာ ဒဂုန်တာရာ” တည်း။

ဒဂုန်တာရာကား စစ်ဗိုလ်ချုပ် မဟုတ်။ သေနတ်ကိုင်သူ မဟုတ်။ ကလောင်ကိုင်သူဖြစ်သည်။ ကလောင်ဖြင့် တိုက်ပွဲဝင်သူ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆရာကြီး၏ စာပေလက်ရာများထဲမှ ကောက်နုတ်တင်ပြရလျှင် “ငြိမ်းချမ်းရေးကား ပြည်သူလူထု၏ ငြိမ်းချမ်းရေး ဖြစ်ရပေမည်။ မိမိအာဏာ တည်မြဲကာ ဆက်လက်နေနိုင်ရေး အတွက် ကိုယ်ကျိုးကြည့် ငြိမ်းချမ်းရေး မဟုတ်။ လက်ဝါးကြီးအုပ် ကုန်သည်များ၏ ငြိမ်းချမ်းရေး မဟုတ်ရ” ဟူ၍ ၁၉၄၈ ခုနှစ် ကတည်းက ရေးသားခဲ့ ပေသည်။

ဆရာကြီး၏ ၁၉၄၇ ခုနှစ်က ရေးဖွဲ့ခဲ့သော “မတ်လ တော်လှန်ရေး” ခေါင်းစဉ်နှင့် ကဗျာသည် ကဗျာသမားတိုင်း အလေး ဂရုပြုရသော ကဗျာမွန်ဖြစ်သည်။ ကဗျာ အဆုံးသတ်ဖြစ်သော စကားစုက “အနီထဲမှ ကြယ်ဖြူပွင့်” ဖြစ်၏။ ဆရာကြီးရေးဖွဲ့ လိုက်သော ကဗျာသည် ယနေ့ခေတ် အချိန်အထိပင် သွေး ရဲရဲ နီစေဆဲ ဖြစ်ပါ၏။

တဖန် “ဆိုဗီယက် ပြည်ထောင်စု၏ ပထမဆုံး ဖွဲ့စည်းပုံတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့် ရှိသည် ဆိုသော စကားရပ် ပါသည်။ ယင်း ခွဲထွက်ပိုင်ခွင့် ဟူသော အဓိပ္ပာယ်မှာ ခွဲထွက်သော နိုင်ငံများ ဟူ၍ အဓိပ္ပာယ် ကောက်ယူရန် မဟုတ်ဘဲ အချုပ်အချာ အာဏာပိုင်မှုနှင့် လွတ်လပ်မှုကို အသိအမှတ်ပြုသည့် သဘောဖြင့် ခွဲထွက်နိုင်ခွင့် ရှိသည်ဟု ဖော်ပြခြင်း ဖြစ်သည်ကို တွေရှိရ သည်။ ယင်းတို့သည် ကျနော် သိသမျှ ပြည်ထောင်စု၏ အဓိပ္ပာယ်…” (ပန်းကြာဝတ်မှုန်..)

“ထာဝစဉ် ငြိမ်းချမ်းရေးသို့ တစိုက်စိုက် ချီတက်ကြပေအံ့။..” (တာရာ ၁၉၄၆၊ အမှတ် ၁)

“ဆရာ မသေခင် ငြိမ်းချမ်းရေးကို မြင်သွားချင်တယ်.. ဟူသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ဆန္ဒကား ပြည့် မသွားရပါ တကား။  ။” (ဝတ္ထုတို၊ ၁၉၆၉)

ယခု ၂၀၁၃ တိုင်အောင်လည်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုက မပြီးသေး။ ငြိမ်းချမ်းမှု တည်ဆောက် မရနိုင်သေး။ အဲဒီတော့ ဘာဖြစ်လဲ ဟု မေးစရာရှိလာသည်။ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသမျှ ဖွံ့ဖြိုးရေးကို မလုပ်ဆောင်နိုင်။ ထို့ကြောင့် လူထု အတွက် ဆင်းရဲတွင်း နက်နေဦးမည်။ ဤ အချက်ကို ငြင်းလို့ မရ။ ယင်း အချက်ကို စာရေးသူ အနေနဲ့ ဝမ်းနည်း စိတ်မကောင်းစွာ သက်သေပြလိုက်ချင်သည်။

ဆရာကြီး ဒဂုန်တာရာ အသက် ၉၄ နှစ်ပြည့်ပြီ။ အိပ်ရာထဲ လဲနေပြီ။ အပေါ်သွေး ၉၀၊ အောက်သွေး ၄၀ ဟူသည့် သတင်း ကြောင့် ရန်ကုန်မှ စာရေးဆရာ ဆရာမများ အောင်ပန်းသို့ အပြေးသွားခဲ့ကြ၏။ (မန္တလေး အပါအဝင် အခြားမြို့များမှ စာပေသမားများလည်း လာကြပါသည်။) စာပေသမားများ သွားရောက်နိုင်ဖို့ ရွှေကြေးစည် ဘုရားဖူး ခရီးသွားလုပ်ငန်း ပိုင်ရှင် ဒေါ်စမ်းစမ်းအောင်က ရန်ကုန် – အောင်ပန်း အသွားအပြန် ကားကြီးတစီး စီစဉ် ကူညီပေးသည်။ စာပေသမား ၄၅ ဦးခန့်။ ၈ မိုင်တွင် ကားပြောင်းစီးရမည်။ ကား ပြောင်းစီးရန် စောင့်ဆိုင်းနေစဉ် အနီးနားရှိ စားသောက်ဆိုင်တခု ဝင်ကာ နာရီဝက်ခန့် စားသောက် ကြသည်။ ပါလာသည့် ပစ္စည်းများ ကားပေါ်တွင်ပင် ထားရစ်ခဲ့ကြသည်။ နာရီဝက်ခန့်ကြာပြီးနောက် ကားပေါ်မှ ပစ္စည်းအိတ်ကို ချလိုက်တော့ “ဘုရားရေ.. ကျမ အဝတ်အစား ထည့်ယူလာသော အိတ်မှာ သော့ခလောက် မရှိတော့ ပါလား”။ ချက်ချင်း စစ်ဆေးကြည့်ရာ ဘာ တခုမှ မပျောက်ရှပါ။ သို့သော် ကျမ အသေအချာ ခတ်ခဲ့သည့် သော့ခလောက် တော့ မရှိတော့။ အောင်ပန်းသို့ ခရီးအတူ သွားမည့် ဆရာမ မိချမ်းဝေကပင် “အစ်မက အမြဲ သော့ခတ်တယ်။ ငါ့ဖြင့် မခတ်ခဲ့မိဘူး” ဟု တွေးမိသေးကြောင်း ပြောသည်။

အိတ်လှလှလေးနှင့် သော့ခတ်ထား သဖြင့် တန်ဖိုးကြီးပစ္စည်း ပါမည်၊ သို့မဟုတ် ငွေ ပါမည်ဟု ထင်ပြီး သော့ကို ဖြုတ်ကာ ဖွင့်ယူ ရှာဖွေ ခိုးယူခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ခရီးသွားရာမှာ သုံးစွဲဖို့ ငွေအချို့မှာ ကျမ လွယ်ထားသည့် အိတ်ငယ် လေးထဲ၌ ထည့်ယူလာခြင်းကြောင့် ကျမ ကံကောင်းသွားသည်ဟု ဆိုရမည်။ ခိုးယူသူ အတွက် ကံမကောင်း၊ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်သွားပေပြီ။ မော်တော်ယာဉ် အသွားအပြန် ပို့ဆောင်ကူညီပေးသော အလှူရှင် ဒီအကြောင်း သိလျှင် စိတ်မကောင်း ဖြစ်မည် စိုးသဖြင့် အခြား မည်သူ့ကိုမျှ မပြောပြဖြစ်ခဲ့ပါ။

ဤ အဖြစ်အပျက်၏ အခြားတဖက်ကို စဉ်းစားကြည့်သည့် အခါ …၊ ဘာကြောင့် ခိုးယူ၊ ခိုးဝှက် လုပ်ရသနည်း။

ဆရာကြီး မွေးနေ့ပွဲကို အောင်ပန်းရှိ မဟာ ဂန္ဓာရုံ ကျောင်းတိုက်၌ ကျင်းပပါသည်။ ကျယ်ဝန်းပြီး အဆောက်အဦး များက သစ်လွင် ခန့်ငြားလှသည်။ ပရိတ်သတ် ၂၀၀ ကျော် ခန့် ထက်ရောက်၏။ ဓမ္မာရုံကြီးပေါ်မှာမို့ အားလုံးသည် ဖိနပ်များကို လှေခါးရင်း၌ ချွတ်ခဲ့ကြရ၏။ အခမ်းအနားက ၂ နာရီခန့် ကြာသည်။ အခမ်းအနားပြီး၍ ဓမ္မာရုံပေါ်မှ ပြန်ဆင်းလာသည့် အခါ စာရေးဆရာ တဦး၏ အောကတ္တီပါ အသစ်စက်စက် ဖိနပ် မရှိတော့။ အခြားသူများ သိလျှင်လည်း စိတ်မကောင်းဖြစ်မည်၊ စိတ် အနှောက်အယှက်ဖြစ်မည် စိုးသဖြင့် ဘာမှ မပြောဘဲ ဆိုင်တခုဝင်ကာ ဖိနပ် အသစ်တရံ ဝယ်လိုက်ရ၏။

ဤ အဖြစ်အပျက်၏ အခြားတဖက်ကို စဉ်းစားကြည့်သည့် အခါ …၊ ဘာကြောင့် ခိုးယူ၊ ခိုးဝှက် လုပ်ရသနည်း။ ဖိနပ်ကိုပင် ခိုးရသည်နည်း။

ဤ အကြောင်းအရာ အဖြစ်အပျက်များကို မွေးနေ့ရှင်ကိုရော မော်တော်ယာဉ် အသွားအပြန် ပို့ဆောင်ပေးသော အလှူရှင် တို့ပါ သိလျှင် စိတ်ကောင်း ရှာမည် မဟုတ်။ ယခု တင်ပြရေးသား ရသည်မှာလည်း စာရေးဆရာ စာနယ်ဇင်း သမား ဆိုတာ စတုတ္ထမဏ္ဍိုင်ပဲ မဟုတ်လား။ အမှန်အတိုင်း တင်ပြရမည့် ရေးသားရမည့် တာဝန်ရှိပေသည်။

ဆရာ ဒဂုန်တာရာ၏ အသက် ၉၄ နှစ်ပြည့် မွေးနေ့ပွဲမှ အပြန်တွင် “လူတယောက်၏ သမိုင်း” နှင့် “နိုင်ငံတခု၏ သမိုင်း”၊ “လူတယောက်၏ ဆင်းရဲမွဲတေမှု” နှင့် “နိုင်ငံတခု၏ ဆင်းရဲမွဲတေမှု”တို့သည် ယူနစ်တခုစီတိုင်း၌ အပြန်အလှန် ချိတ်ဆက် တွဲစပ် နေပါလားဟု စဉ်းစားမိပါတယ်။

သြော် …
မြန်မာနိုင်ငံ ဘယ်တော့ ငြိမ်းချမ်းရေး ရမှာလဲ။
မြန်မာနိုင်ငံ ဘယ်တော့ ဆင်းရဲမွဲတေမှု လျော့မှာလဲ။
အဖြေကို နိုင်ငံသားတိုင်း စဉ်းစားပေးကြပါ ဟု … ။     ။

 

ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။
Did you find apk for android? You can find new Free Android Games and apps.
Loading