မြန်မာသတင်းစာများ ရှင်ပြန်ထမြောက်ခြင်း

သစ္စာနီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပုဂ္ဂလိက သတင်းစာများ မြန်မာပြည်တွင် ဆိတ်သုဉ်းနေခဲ့သည်မှာ အနှစ်လေးဆယ် ကျော်ခဲ့လေပြီ။ ပါလီမန် ဖ.ဆ.ပ.လ အစိုးရခေတ်က စတုတ္ထ မဏ္ဍိုင်ဟု ဆိုသည်နှင့်လျော်ညီစွာ ပုဂ္ဂလိက သတင်းစာများသည် အားကောင်းမောင်းသန် အပြိုင် အဆိုင် ရှိခဲ့သည်။ ဗမာ့ခေတ်၊ လူထု၊ မြန်မာ့အလင်း၊ ရန်ကုန်၊ ဟံသာဝတီ၊ ကြေးမုံ၊ အထောက်တော်၊ မိုးကြိုး စသဖြင့်..။ ထိုသတင်းစာများသည် ပြည့်ဝသော မီဒီယာလွတ်လပ်ခွင့်လည်း ရခဲ့ကြသည်။ အစိုးရနှင့် ဝန်ကြီးများကိုပင် ပြောင်ပြောင် တင်းတင်း ဝေဖန်ခဲ့ကြသည်။ သတင်းစာ ဆရာ ဆိုသူများမှာလည်း သိန်းဖေမြင့်၊ ဇဝန၊ အောင်ဗလ၊ ညိုမြ၊ အထောက်တော် လှအောင်၊ လူထု ဦးလှ စသဖြင့် ထိတ်ထိတ်ကြဲ ပညာရှင်ကြီးများ ဖြစ်သည်။

သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာ ကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

တော်လှန်ရေး ကောင်စီ အစိုးရ တက်လာပြီး မကြာမီပင် ပုဂ္ဂလိက သတင်းစာများ ပိတ်သိမ်းခံရသည်။ ကြေးမုံ၊ ဟံသာဝတီ၊ မြန်မာ့အလင်းတို့မှာ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက် ရောက်သွားသည်။ ပြည်သူပိုင် သတင်းစာဟု အမည်ခံကာ အစိုးရ၏ ဝါဖြန့်ချိရေး လုပ်ငန်းကိုသာ ဆောင်ရွက်ကြတော့သည်။ လုပ်သားပြည်သူ့နေ့စဉ် ဆိုသော သတင်းစာလည်း ထုတ်ဝေသည်။ ဒီကတည်းက လူထုသည် သတင်းစာဖတ်လျှင် နာရေးကြော်ငြာကိုသာ ဂရုထားကြတော့သည်။ ထို့ကြောင့် သတင်းငတ်မွတ်နေသော၊ သတင်း အစစ်အမှန် လိုလားသော ပြည်သူတို့သည် ပြည်ပ သတင်းဌာနများ၏ ထုတ်လွှင့်ချက် များကို အားကိုးလာကြတော့သည်။ သူတို့ကမူ ထိုသတင်းဌာနများကို “မိုးလုံးပြည့် မုသာဝါဒ”ဟု ရှုတ်ချသည်။ နိုင်ငံ အရေး တော်ပုံနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ထိုပြည်ပ သတင်းဌာနများ၏ ထောက်ပံ့မှုများ အထိုက်အလျှောက် ပါဝင် ခဲ့သည်မှာ ငြင်းမရသော အချက်ဖြစ်ပါသည်။

ယခု နိုင်ငံတော်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို အကောင်အထည် ဖော်နေလေရာ မီဒီယာ လွတ်လပ်ခွင့်လည်း အပါအဝင် တခုဖြစ်လေသည်။ နိုင်ငံတနိုင်ငံတွင် စာပေ လွတ်လပ်ခွင့် ရှိ မရှိ အကဲဖြတ်ရာ၌ အင်မတန် လွယ်ကူသော အချက် တချက်ရှိ၏။ ထိုနိုင်ငံတွင် ပုဂ္ဂလိကပိုင် သတင်းစာ ဘယ်နှစ်စောင် ရှိသလဲ ဟူသည့် အချက်ဖြင့် ဆန်းစစ်ကြည့်ဖြစ်သည်။ ယခုအခါ နိုင်ငံအတွင်းတွင် မီဒီယာလွတ်လပ်ခွင့် ရှိသည်ကို နိုင်ငံတကာအား သက်သေပြရန် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုခဲ့လေသည်။ ထုတ်ဝေခွင့် ပြုလိုက်သော သတင်းစာ ၂၆ စောင် ရှိကာ လောလောဆယ် ၁၀ စောင်မျှ ထုတ်ဝေဖြန့်ချိနေပြီ ဖြစ်သည်။ နိုင်ငံပိုင်၊ ဌာနဆိုင်ရာပိုင် သတင်းစာများနှင့် ဆိုလျှင် သတင်းစာ အစောင် ၃၀ ကျော်လေသည်။ ကြားသိရသလောက် အရှုံးခံကာ စတင်ထုတ်ဝေနေခြင်း ဖြစ်သည်။ တရက်ကို ၇ သိန်း အရှုံးခံ ထုတ်ဝေကြရသည်။ ထုတ်ဝေသူ တဦးကမူ ပထမနှစ်အတွက်  ဒေါ်လာ တသန်း အရှုံးခံမည်ဟု ဆိုသည်။ ကြီးမားသော စွန့်စားမှု ဖြစ်သည်။ ယခု ထုတ်ဝေနေသော၊ နောင်ထုတ်ဝေလတ္တံ့သော သတင်းစာများ အနက် စောင်ရေ ဘယ်လောက်များ ခရီးဆက်နိုင်မည်နည်း။

သတင်းစာနှင့် ထိတွေ့ရသော ပရိတ်သတ်များက သတင်းစာ အများစုမှာ နေ့စဉ်ထုတ် ဂျာနယ်တွေနဲ့ တူနေသည်ဟု မှတ်ချက်ချကြသည်။ သတင်းစာ အတွေ့အကြုံနှင့် အဆက်ပြတ်ခဲ့သည်မှာ နှစ်ကြာရှည်နေခြင်းက လက်ငင်း သတင်းစာ ထုတ်ဝေသောအခါ အခက်အခဲဖြစ်၍ လာသည်။ လေလောဆယ် ကျနော့် အမြင်တော့ ဒေးလီးအလဲဗင်း (Daily Eleven) ကို သဘောကျမိသည်။ ပါတီ သတင်းစာ အဖြစ် ဒီလှိုင်း ထွက်ပေါ်လာလျှင် အကဲဖြတ် ကြည့်ရှုရမည်။ အသက်ထင်ရှား ရှိနေသူများတွင် ဦးဝင်းတင်သည် ဝါရင့်သတင်းစာ ဆရာ စစ်စစ်ဖြစ်သည်။ ကြေးမုံ၊ ဟံသာဝတီ စသော သတင်းစာများကို ဦးစီးထုတ်ဝေခဲ့သည်။ မေ ၇ ရက်နေ့က မြန်မာပြည်တွင် ပထမဆုံး ထုတ်ဝေသည့် အခမဲ့ သတင်းစာ မက်ဆင်ဂျာ (Messenger) ထွက်လာသည်။ စောင်ရေ နှစ်သောင်းကျော် ရိုက်သော်လည်း ဆင့်ပါးစပ်နှမ်းပက် သလို ရှိသည်။ အင်္ဂလန်တွင်လည်း ဒီလို လူစည်ကားရာ အရပ်တွင် အလကား ထုတ်ဝေသော အခမဲ့ သတင်းစာတွေ တွေ့ရသည်။ သူတို့က ကြော်ငြာမှ ရရှိသော အမြတ်အစွန်းနှင့် ရပ်တည်နေခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် ထုတ်ဝေနေသော သတင်းစာ အမျိုးအစားမှာ ၆၅၀၀ ကျော်ရှိသည်။ စောင်ရေမှာ ၃၉၅ သန်းကျော် ရှိသည်။ ၂၀၀၈ နောက်ပိုင်းတွင် အွန်လိုင်းသတင်းစာများ ထွက်ပေါ်လာသဖြင့် in print ခေါ် ပုံနှိပ်သတင်းစာများ အခက်အခဲ အနည်းငယ်ကြုံနေရလေသည်။ ပုံမှန်အားဖြင့် ဆိုလျှင် သတင်းစာ တစောင်မှာ လက်ငင်း လတ်တလော အဖြစ်အပျက်များ သတင်းအချက်အလက် ဆောင်းပါးများ၊ အယ်ဒီတာ အာဘော်၊ ပြည်တွင်းနဲ့ နိုင်ငံတကာ နိုင်ငံရေး အရေးအခင်းများ၊ နာမည်ကျော်တို့၏ ပုဂ္ဂိုလ်ရေး သတင်းများ၊ ရာဇဝတ်မှု မှုခင်း၊ လုပ်ငန်းကိစ္စ၊ ဖျော်ဖြေရေး၊ အားကစား၊ ဝေဖန်ရေး၊ အထွေထွေ ကော်လံစား ဆောင်းပါများ စသည်ဖြင့် ပါရှိရပေမည်။ လူကြိုက်များသော (တချို့က လူပြိန်းကြိုက်ဟု ဆိုသည်) သတင်းစာများတွင် အပျင်းပြေစေရန် ပဟေဠိ ကစားကွက် (Croos Word, Sudoku) အကြံပေးစာ၊ အစားအစာ၊ မိုးလေဝသ သတင်း၊ ရေဒီယို ရုပ်မြင်သံကြား အစီအစဉ်များ၊ ပြဇာတ် ရုပ်ရှင် ရီးဗျူးများ၊ ကာတွန်း ရုပ်ပြ ဇတ်လမ်း စသည်တို့ ပါဝင်သည်။

ပထမဆုံး သတင်းစာမှာ ရှေးခေတ် ရောမနိုင်ငံတွင် ဂျူးလီးယက် ဆီဆာ အမိန့်ဖြင့် ဘီစီ ၅၉ လောက်က ထုတ်ဝေခဲ့သော Acta Diura (Daily Acts) ဖြစ်သည်ဟု ဆိုသည်။ အစိုးရက သတိပေး ထုတ်ပြန်ချင်သော ကြေငြာချက်များကို သတင်းလွှာ အဖြစ် ထုတ်ဝေခြင်း ဖြစ်ကာ လူအများ ဖတ်ရှုနိုင်ရန် လူစည်ကားသော နေရာများတွင် ချထားတတ်လေသည်။

တရုတ်ကမူ အေဒီ ၂ ရာစု ဟန် မင်းဆက်လက်ထက်တွင် Tipao ခေါ် သတင်းစာ ထုတ်ဝေခဲ့သည်ဟု ဆိုသည်။ တန်မင်းဆက်တွင် (Kalyuan Az Bao) Bulletin of the court ကို ထုတ်ဝေခဲ့သည်။ ထိုသတင်းစာမှာ ပိုးထည်ပေါ်တွင် စုတ်ဖြင့် လက်ရေးနှင့် ရေးထားခြင်း ဖြစ်ကာ အစိုးရ အရာရှိများသာ ဖတ်ရှုခွင့် ရကြသည်။

လွတ်လပ်သော မြန်မာနိုင်ငံတွင်မူ အစောဆုံး သတင်းစာကို မင်းတုန်းမင်း ကြီးလက်ထက် ၁၈၇၅ ခုနှစ်က ထုတ်ဝေခဲ့သော ရတနာပုံ (ပုံနှိပ်သတင်းစာ)ဟု သတ်မှတ်ကြသည်။ (အင်္ဂလိပ် အုပ်ချုပ်မှုအောက် အောက်မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်ဝေသော သတင်းစာမှာ ၁၈၃၆ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် သတင်းစာမှာ မော်လမြိုင်ခရွန်နီကယ် (Moulmein Chronicle) ဖြစ်သည်။) ရတနာပုံ အယ်ဒီတာမှာ ဖိုးဝဇီရ ဖြစ်သည်။ မင်းတုန်းမင်းက “ငါမကောင်းရင် မကောင်း ကြောင်း ရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေ မကောင်းကြောင်း ရေး” ဟု နှုတ်မှ မိန့်ကာ သတင်းစာ လွတ်လပ်ခွင့် ပေးခဲ့သည်။ သို့သော် ဂုတ်ပေါ်ဓားဝဲနေသော သက်ဦးဆံပိုင်ခေတ်တွင် ဘယ်သတင်းစာဆရာက မင်းနဲ့ မိဖုရား မကောင်း ကြောင်း ရေးရဲပါမည်နည်း။

ယခုတော့ ခေတ်ပြောင်းသွားပြီ။ ဒီမိုကရေစီ ခေတ် ဟုဆိုလေရာ သတင်းစာဆရာများလည်း ရဲရဲဝံ့ဝံ့ ရေးနိုင်လိမ့်မည် ထင်ရပါတော့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading