လူအိုတွေ နိုင်ငံရေး မလုပ်သင့်ကြောင်း ပြောတဲ့ ဦးခင်ညွန့်နဲ့ …

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ နဝဒေး ပန်းချီပြခန်း၊ နဝဒေး ကော်ဖီကော်နာနဲ့ နဝဒေး အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေကို သူ့ခြံတွင်းမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဦးခင်ညွန့်ဟာ နအဖ စစ်အစိုးရလက်ထက်က တပ်မတော် ခေါင်းဆောင်ကြီးများ နေထိုင်ခဲ့ရာ နဝဒေးလမ်း ခြံအမှတ် ၂၇ မှာ ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာတွေ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။ တချိန်က ဘုန်းမီးတောက်ခဲ့တဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တဦးအနေနဲ့ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့သလဲ၊ ထောက်လှမ်းရေး ခေါင်းဆောင်ဘဝက အခြေအနေနဲ့ အခုအခြေအနေ ဘာကွာခြားလဲ၊ နိုင်ငံရေး လောကထဲကော ဝင်လာဖို့ အစီအစဉ်ရှိသလား ဆိုတာကို ဧရာဝတီ သတင်းထောက် လဝီဝမ်နဲ့ နန်းသီရိလွင်တို့က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။     ။ Art Gallery နဲ့ Coffee corner ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့တာပါလဲ။

ဖြေ။     ။ ဘဘက ပန်းဆယ်မျိုးကို သိပ်ပြီးတော့ အလေးထားတယ်။ ဘဘ လက်ထက်တုန်းက ပန်းဆယ်မျိုးပြပွဲကို နှစ်စဉ်နှစ်တိုင်း အင်ဗွိုင်းခန်းမမှာ လုပ်ခဲ့တာ။ ပန်းဆယ်မျိုးဆိုတာ မြန်မာတို့ရဲ့ တကယ့်ရိုးရာ အတတ်ပညာတမျိုးပဲ။ မြန်မာသမိုင်း ပေါ်ထွန်းစ အချိန်ကာလနဲ့ တွဲပြီးတော့ ပါလာတဲ့ တကယ့်အတတ်ပညာ၊ တခြားယဉ်ကျေးမှုတွေ ယုတ်လျော့ ပြီးတော့မှ တခြားယဉ်ကျေးမှုတွေကို ခိုးယူပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အတတ်ပညာ မဟုတ်ဘူး။ တကယ့် မြန်မာ့ရိုးရာစစ်စစ် အတတ်ပညာ ဖြစ်တယ်။ အဲဒီ အတတ်ပညာဟာ အခုထိ ထွန်းကားလာနေတုန်းပဲ။

သို့သော်ငြားလည်း တချို့ အတတ်ပညာတွေ နည်းနည်းလေး ညှိုးမှိန်သွားတာလေးတော့ ရှိတယ်။ ဒါလည်း ခေတ်ကာလ ပြောင်းလာတဲ့ အခါမှာ နည်းနည်းလေး ပြောင်းလာတာလည်း ရှိတယ်။ အဲဒါ ပံ့ပိုးတဲ့သူတွေ၊ ပြည်သူတွေ အားလုံးက ဝိုင်းပြီးတော့ မြတ်မြတ်နိုးနိုး ဖော်ထုတ်မယ် ဆိုလို့ရှိရင် ညှိုးမှိန်သွားစရာ အကြောင်းမရှိဘူး။ ဘဘက ပန်းဆယ်မျိုးထဲကမှ ဘဘ တတ်နိုင်တဲ့ဟာကို ဖော်ထုတ်တာဟာ အထောက်အကူ ပြုတာပဲ။ ဒါကတော့ ပန်းချီပေါ့နော်။ ပန်းချီဆိုတာကတော့ အခုအချိန်ထိကို ဘဘ အထောက်အကူပြုရမယ့် အချိန်လို့ ယူဆတယ်ပေါ့။ ဘာကြောင့်လဲ ဆိုတော့ ပန်းချီပညာကို အခုချိန်က စပြီးတော့ နိုင်ငံတကာကို စပြီး ခြေဆန့်နေပြီ။ နိုင်ငံခြားသားတွေ အဝင်အထွက်တွေ များလာပြီ။ မြန်မာရဲ့ ပန်းချီတွေကို တော်တော် စိတ်ဝင်စားတယ် သူတို့က။ စိတ်ဝင်စားပြီးတော့ ဝယ်သွားကြတဲ့ သူတွေလည်း ရှိကြတယ်။ အဲဒီ ပန်းချီတွေကို ဘဘကနေပြီးတော့မှ တန်ဖိုးရှိရှိနဲ့ ပန်းချီဆရာတွေကို တန်ဖိုးထားတယ်၊ ပန်းချီဆရာတွေ ဆွဲတယ် ဆိုတာကိုက သူတို့က တန်ဖိုးထားပြီး ဆွဲတာဖြစ်တယ်။ သူတို့တန်ဖိုးထားပြီး ဆွဲတဲ့ ပန်းချီတွေကို တန်ဖိုးရှိရှိနဲ့ နိုင်ငံတကာကို ရောက်သွား စေချင်တယ်။ တန်ဖိုးရှိရှိ ရောက်သွားဖို့ ဆိုတာကလည်း ဟောဒီလို ပန်းချီပြခန်းတွေ ရှိမှသာ တန်ဖိုးရှိရှိနဲ့ ရောက်သွားမှာပါ။ ဒီလိုပန်းချီပြခန်းတွေ မရှိဘဲနဲ့ အိမ်မှာထားမယ် ဆိုရင် ပန်းချီတန်ဖိုးတွေ ကျသွားမယ်။ ဘာကြောင့်လဲ၊ ပန်းချီကားတွေကို အရောင်းအဝယ် လုပ်တဲ့လူတွေက ပန်းချီတွေကို လိုက်ပြီး ဝယ်တယ်လေ။ တန်ဖိုးဖြတ်တယ်လေ။ အဲဒီတော့ တန်ရာတန်ကြေး မရရှာဘူးပေါ့။ မဟုတ်ဘူးလား။ အဲဒီတော့ ဒီလိုနေရာမျိုးမှာ တင်ရင် တန်ရာတန်ကြေး အပြည့်ရမယ်။ ဘဘက ဒါဆိုရင် Free of Charge ပဲ။ ဒီပြခန်းမှာ တင်တဲ့အတွက် အဖိုးမယူဘူး။ မယူတဲ့အတွက် ရွက်ပုန်းသီး ပန်းချီဆရာတွေ အားလုံး တင်လို့ ရတယ်၊ တင်နိုင်တယ်၊ တင်ခွင့်ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ တင်ရင် မရောင်းရလည်း အရှုံးမရှိဘူး။ အရင်းပဲ။ ရောင်းရလည်း သူတို့က အမြတ်ရတယ်။

မေး။     ။ ဒီမှာ ပန်းချီဆရာ တယောက်အနေနဲ့ လာပြချင်တယ် ဆိုရင် နာမယ်ကြီးမှ လာပြလို့ ရလား။ ဘယ်သူမဆို လာပြလို့ ရလား။

ဖြေ။     ။ နဝဒေး ပန်းချီပြခန်းက ဘာမှမခွဲခြားဘူး။ လူသားအားလုံး လူ့အခွင့်အရေး ရှိတယ်လေ။ မဟုတ်ဘူးလား။ မခွဲခြားဘူး။ ဒီမှာ လာပြီးပြချင်တဲ့ လူက နာမည်ကြီးလည်း ဖြစ်ချင်ဖြစ်မယ်၊ နာမည်မကြီးတဲ့ သူလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော်ငြားလည်းပဲ ပန်းချီဆရာ အစစ်တော့ ဖြစ်ရမယ်။ ပန်းချီဆရာ အတုတော့မရဘူး။ ပန်းချီဆရာအစစ်ဆိုရင် ဒီမှာလာပြီး ဘယ်အချိန်မှာ တင်လို့ရမလဲ ဆိုတာကို လာဆွေးနွေးပြီးရင် တင်လို့ရတာပေါ့။

မေး။     ။ ဦးခင်ညွန့်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေထဲက ပန်းချီဆရာတွေကို သူတို့အတွက် ကျေးဇူးဆပ်တဲ့ သဘောနဲ့ ဒီပြခန်း သုံးခွင့်ပေးမယ်လို့ လူမှုဝက်ဘ်ဆိုက်တွေမှာ သတင်းထွက်နေပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။     ။ အဲဒီလိုမျိုးတော့ မရှိပါဘူး။ နိုင်ငံရေး အကျဉ်းသားရယ်လို့တော့လည်း တခါမှ မပြောဖူးဘူး။ ဘဘရဲ့ ပန်းချီပြခန်းမှာ ဘာမှ ခွဲခြားမှုမရှိဘူး။ ဘာမှ ကန့်သတ်မှုမရှိဘူး။ အားလုံးပြလို့ရတယ်။

မေး။     ။ နေအိမ် အကျယ်ချုပ်ဘဝကနေ လွတ်မြောက်ပြီးတဲ့နောက် ၁ နှစ်ကျော် အခြေအနေ အတွင်းမှာ ဒီလို အခြေအနေ ဖြစ်လာအောင် ဘယ်လို ပြင်ဆင်ခဲ့ရလဲ။

ဖြေ။     ။ ဘဘဟာ နဂိုကတည်းက ဒီယဉ်ကျေးမှု အနုပညာတွေကို မြတ်နိုးတယ်ကွဲ့။ ဘဘလွတ်မြောက်လာတဲ့ အချိန်မှာ ဘဘရဲ့ စားဝတ်နေရေးကို တဘက်က ဖန်တီးရတာပေါ့။ ဘဘချမ်းသာတဲ့ သူမဟုတ်ဘူး။ ဘဘတချိန်တုန်းက လာဘ်စား ခဲ့တဲ့သူလည်း မဟုတ်ဘူး။ အမြတ်ကြီးစား လုပ်ခဲ့တဲ့သူလည်း မဟုတ်ဘူး။ စီးပွားရေး သမားတွေကို ပေါင်းဖော်ပြီးတော့မှ စီးပွားဖြစ်အောင် လုပ်ခဲ့တဲ့ လူစားလည်း မဟုတ်ဘူး။ အဲဒီတော့ ဘဘ လွတ်လာပြီးတဲ့နောက်မှ ဘဘရဲ့ မိသားစု ရပ်တည်ရေး အတွက် စပြီးတော့ ကြိုးစားခဲ့ရတယ်။ ဒါပထမဦးဆုံး လုပ်ဆောင်ချက်တော့ မဟုတ်ဘူး။ ပထမဦးဆုံး လူမှုရေး ဆောင်ရွက်ချက်မှာ ဒါက ဒုတိယ ဆောင်ရွက်ချက် ဖြစ်တယ်။ ပထမ ခြေလှမ်းက ဘဘမြို့မှာ ရွှေမှော်ဝန်း ဖောင်ဒေးရှင်းကို ထူထောင်ထားတယ်။ အဲဒါက ပညာရေး၊ ကျန်းမာရေး အထောက်အကူ ပြုဖို့အတွက် ပြီးခဲ့တဲ့ နှစ်မှာ စပြီး ဆောင်ရွက်ခဲ့တယ်။ အဲဒါပြီးရင် ဒါက ဒုတိယခြေလှမ်းပဲ။ ဒုတိယ ခြေလှမ်းမှာ ဘဘအေးချမ်းတဲ့ ဘဝကို တည်ဆောက်ချင်တယ်ကွယ်။ အခုလည်း အေးချမ်းပါတယ်။ ဒီထက်ပိုပြီး အေးချမ်းအောင်လို့ ဒါလေးကို ထူထောင်လိုက်ရင်တော့ ပိုပြီးအေးချမ်းမယ် ဆိုပြီးတော့ မျှော်မှန်းချက်နဲ့ ဒါလေးကို တည်ဆောက်ရတာ ဖြစ်တယ်။

မေး။     ။ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ လုပ်တဲ့ ရည်ရွယ်ချက်က လူထုနဲ့ ပြန်ပြီးတော့ ထိတွေ့ချင်တဲ့ ဆန္ဒရော ပါပါ သလား။

ဖြေ။     ။ လုံးဝမပါဘူး။ ဘာဆိုင်လို့ လူထုနဲ့ ထိတွေ့ရမှာလဲ၊ တိုက်ရိုက်မေးလိုက်၊ ဘဘ နိုင်ငံရေး လုပ်မလား မလုပ်ဘူးလား ဆိုတာ မေးလိုက်။ နိုင်ငံရေး လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး၊ လုံးဝမလုပ်ဘူး။ ၃ ကြိမ်တိတိ ဖြေတယ်နော်။ အဲဒါဆိုရင် မေးစရာ မလိုတော့ဘူး။ ဘဘ အေးချမ်းတဲ့ ဘ၀ ထူထောင်မှာလေ။ လူထုနဲ့တွေ့ဖို့ဆိုရင် ဘဘ အပြင်ထွက်မှာပေါ့။ အပြင်ထွက်ပြီး တွေ့တော့မှာပေါ့။ ဘဘရဲ့ ခြံဝန်းထဲမှာလေ၊ ဘဘရဲ့ အေးချမ်းတဲ့ ဘဝကို တည်ဆောက်တာ။ ဘဘ နိုင်ငံရေးလုပ်ဖို့ လုံး၀ ကြံရွယ်ချက် မရှိဘူး။ အရင်တုန်းကလည်း နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ဘူး။ နိုင်ငံတော်က တာဝန်ပေးလို့ ဘဘနိုင်ငံရေး လုပ်ခဲ့တာ။ အခုဆိုရင် ပိုပြီးတော့တောင် နိုင်ငံရေးလုပ်ဖို့ မစဉ်းစားဘူး။ ဘဘ တာဝန်ထမ်းဆောင်တာ နိုင်ငံတော်မှာ ၄၅ နှစ်။ ဘဘ အသက်ကြီးလာပြီ။ ဘဘ အသက်ဘယ်လောက် ရှိပြီထင်လဲ၊ ၇၄ နှစ် ရှိပြီ။ ဒီအသက်အရွယ်မှာ နိုင်ငံရေး လုပ်ရမယ့် အသက်အရွယ် မဟုတ်ဘူးလို့ ဘဘ ခံယူတယ်။ ဒီအသက်အရွယ်မှာ ဘာသာရေး လုပ်ရမယ်။ လူမှုရေးအလုပ်တွေ လုပ်ရမယ်။ အဲဒီတော့ သေဖို့အတွက် အချိန်တွေ နီးလာပြီ။ နိုင်ငံရေး လုပ်ရမယ့် အရွယ်မဟုတ်တော့ဘူး။ နိုင်ငံရေး လုပ်ရမှာက လူငယ်တွေ၊ လူလတ်တွေ၊ နောက် မျိုးဆက်သစ်တွေ။ သူတို့အတွက် နိုင်ငံရေး လုပ်ရမယ့်အချိန်။ ဘဘတို့ဘဝက အိုတဲ့ဘဝကို ရောက်သွားပြီ။ အိုတဲ့ဘဝမှာ နိုင်ငံရေးလုပ်ဖို့ စဉ်းစားဖို့ မကောင်းဘူးပေါ့ကွယ်။ အဲဒီတော့ ဘဘခံယူချက်က အဲဒီလိုမျိုးပဲ။ အဲဒီတော့ ဘဘက လူမှုရေးလုပ်မယ်၊ ဘာသာရေး လုပ်မယ်၊ ကုသိုလ်ရေး ကိစ္စပဲ လုပ်မယ်။ အကုသိုလ်ကိစ္စ မစဉ်းစားဘူး။

မေး။     ။ အခု Art Gallery နဲ့ Coffee Corner လုပ်တာက ဒုတိယခြေလှမ်း ဆိုရင် တတိယမြောက်က ဘာလုပ်ဖို့ စဉ်းစားထားပါသလဲ။

ဖြေ။     ။ တတိယ ဆိုတာကတော့ ဒီအနုပညာနဲ့ ပတ်သတ်လို့ ဘဘ အတိုင်းအတာနဲ့ ပံ့ပိုးဖို့ ကူညီဖို့အတွက် အခွင့်အလမ်း ရှိလာရင် လူမှုရေး ကိစ္စတွေကို ဘဘ စိတ်ဝင်စားတယ်၊ လူသားချင်း စာနာစိတ်နဲ့ ကူညီမယ်၊ ပံ့ပိုးမယ်၊ ဒါကတတိယအဆင့်။

မေး။     ။ အရင်တုန်းက အစိုးရအဖွဲ့ထဲမှာ ရာထူးကြီး၊ တာဝန်ကြီးနေရာ တခုကနေ ပါဝင် အမှုထမ်းခဲ့ပြီးတော့ အခု သာမန်လူ တဦး အဖြစ် ဘယ်လို ကွာခြားလဲ။

ဖြေ။     ။ ဟာ အေးချမ်းတာပေါ့ကွယ်။ အစိုးရ အလုပ်ဆိုတာ၊ နိုင်ငံတော် တာဝန်ဆိုတာ သိပ်ကြီးလေးတာ။ ဘဘ အခုနေရတဲ့ ဘဝနဲ့ အရင်တုန်းက ဆိုရင် အရင်တုန်းက တာဝန် သိပ်ကြီးတာပေါ့ကွယ်။ နိုင်ငံတော်ရဲ့ တာဝန် ယူရတယ်ဆိုတာ နည်းတာမှ မဟုတ်ဘဲ။ အခက်အခဲပေါင်း အများကြီးလည်း တွေ့ရမှာပဲ။ ကြိုးပမ်းမှုတွေလည်း အများကြီး လုပ်ရတာပဲ။ အများကြီး ကွာခြားပါတယ်။ အခုဘဝကတော့ အေးချမ်းတယ်။ မိသားစုဘဝဆိုတာ အေးချမ်းတယ်၊ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲတယ်၊ အုပ်ချုပ်တယ်ဆိုတာ သိပ်ခက်ခဲပါတယ်။ ဘဘ ကိုယ်ချင်းစာတယ်၊ အခုနောက်လုပ်နေတဲ့ လူတွေကို။

မေး။     ။ ဦးခင်ညွန့် တာဝန်ယူခဲ့စဉ်က ဒေသအလိုက် ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲမှုတွေ ဖြစ်လာတာကို တွေ့ရတယ်။ နောက်ပိုင်း အဲဒါတွေ ပျက်သွားပြီးတော့ အခု ငြိမ်းချမ်းရေးအတွက် ထပ်လုပ် နေကြတာတွေရှိတယ်။ အခုလက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ဘယ်လို မြင်လဲ။ ဘယ်လို လုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ အခုလုပ်နေတာက သွားဝေဖန်ဖို့ မသင့်ဘူးကွဲ့။ သူတို့ ကြိုးစားနေကြတာလေ။ ငြိမ်းချမ်းရေး ရဖို့အတွက် မဟုတ်ဘူးလား။ ကြိုးစားနေကြတာလေ။ ဒါ သူတို့က စေတနာနဲ့ လုပ်နေကြတာလေ။ စေတနာနဲ့ လုပ်နေတာကို ဘဘက ဝေဖန်ရင် ဒါအမှန်အကယ် ဝေဖန်တဲ့သူ မဖြစ်နိုင်ဘူးကွဲ့။ ဒါကြောင့် ဒါကို ဘဘက ဝေဖန်လို့ မရဘူး။ အခုအချိန်မှာ ဝေဖန်ဖို့ မသင့်ဘူး။ သူတို့ ကြိုးစားနေကြတာလေ။ ဟိုဘက်ကလည်း သံသယကင်းတယ်၊ ဒီဘက်ကလည်း သံသယ ကင်းတယ်ဆိုရင် ငြိမ်းချမ်းရေး ရကြမှာပဲ။ ဝေဖန်ရင်လည်း ဒါဝေဖန်တဲ့သူက အမှန်တရား ရမှာမဟုတ်ဘူး။ ခံစားချက်နဲ့ ဝေဖန်တဲ့သူပဲ ဖြစ်ချင် ဖြစ်မယ်။

မေး။     ။ တာဝန်ယူခဲ့စဉ်တုန်းက ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအပေါ် အောင်မြင်တယ်လို့ ခံစားခဲ့ရလား။

ဖြေ။     ။ တိုင်းပြည်အတွက် ငါလုပ်ရတယ်။ ငါလုပ်တဲ့အခါ အောင်မြင်တယ်။ ဒီခံစားချက်ပဲ ရှိတယ်။ ဒါကို လက်မထောင် ပြီးတော့ ငါလုပ်လို့ အောင်မြင်တယ်၊ ငါ့ကြောင့် အောင်မြင်တယ် ဆိုပြီးတော့ ခံစာချက်မျိုး ဘဘမှာ မရှိဘူး။

မေး။     ။ နိုင်ငံအတွက် ကိုယ်ပါဝင်ခဲ့တဲ့ အစိုးရလက်ထက် တုန်းက ဘာလုပ်နိုင်ခဲ့တယ် ဆိုတာမျိုး ရှိခဲ့လား။

ဖြေ။     ။ ဘဘ အောင်မြင်မှုဆိုတဲ့ နေရာမှာတော့ သူ့ကဏ္ဍနဲ့ သူပေါ့ကွယ်။ ဒါကတော့ အချိန်အခါနဲ့ အခြေအနေပေါ်မှာ မူတည်တာပေါ့ကွယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading