၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့်လှစ် လုပ်ကိုင်နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေခက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘဝက ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘဝတခုလို့ ပြောလို့ရပါသလား။
ဖြေ။ ။ ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်မှာ ငယ်ငယ်က ဘ၀ ကြမ်းသလောက် မကြမ်းပါဘူး၊ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ ဘဝမှာ နေပျော်နေဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီအလုပ်အတွက် အချိန်တောင် မလောက်ပါဘူး။
မေး။ ။ နိုင်ငံတနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် တယောက် ဘဝကနေ ဒီလိုမျိုး ဈေးရောင်းရတဲ့ ဘဝတခုနဲ့ ဖြတ်သန်းဖို့ ဘယ်လိုစိတ်ကူး ရခဲ့တာလဲ။ အရင်ကတည်းက စိတ်ကူးထားခဲ့တာလား။
ဖြေ။ ။ ပြောင်းသွားတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါ။ နိုင်ငံတော်က အနားပေးလိုက်တယ် ဆိုတော့ နားလိုက်တာပေါ့။ နားချိန်မှာ အေးအေးဆေးဆေး နားချင်ပေမယ်လို့ အမျိုးသမီးရဲ့ လုပ်လက်စ ဒီဆိုင်လုပ်ငန်းကြီးရှိတော့ ကိုယ်က တယောက်တည်းကို လွှတ်ရုန်းလို့ မရဘူး။ မရတဲ့အခါ သူ့အလုပ်ကို ထောင့်ပေါင်းစုံ ဟာတဲ့ နေရာတွေမှာ လိုက်ဖြည့်ပြီး လုပ်ပေးတာပေါ့။ စားပွဲထိုး ၅ ယောက်လိုရင် အဲဒီနေရာကို ငါရအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံး ဗုန်းဗုန်းလဲသွားတဲ့ အထိပေါ့။ တချိန်တုန်းက နိုင်ငံ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ အချိန်တုန်းကလို မိသားစုနဲ့နေလည်း မိသားစု တာဝန် ကျေရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဖြစ်ခဲ့တာ။ အမျိုးသမီးကလည်း ကိုယ်မပါဘဲ တယောက်တည်း ပင်ပန်းနေခဲ့ရတာ ၁၀ နှစ်ကျော်ရှိပြီ။ ကိုယ်က အခု ဝင်လုပ်တာ လပိုင်းပဲ ရှိသေးတယ်။
မေး။ ။ နိုင်ငံတာဝန် ထမ်းဆောင်တာနဲ့ မိသားစုတာဝန် ထမ်းဆောင်တာ ဘယ်ဟာပိုခက်ခဲလဲ။
ဖြေ။ ။ ဒါကတော့ ရိုးစင်းတာပေါ့။ ဒါက ခက်ခဲပေမယ့် ခေါင်းမသုံးရဘူးပေါ့။ ဘာလို့လဲ ဆိုရင် အဆင့်နိမ့်တာကိုး။ တပ်တာဝန် ကတော့ ဒီထက် အဆင့်မြင့်တာပေါ့။ တပ်မှာလည်း အမြင့်ဆုံးပေါ့ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် လုပ်ခဲ့တာကိုး။ တပ်တာဝန်ကတော့ ကြီးတာပေါ့။ ကြီးတော့ ဦးဏှောက်စားရတာပေါ့။ ဒီဟာကတော့ ရိုးစင်းတဲ့ ဘဝလေးပါ။
မေး။ ။ ဒီဘဝကိုကော ကျေနပ်နှစ်သက်ရဲ့လား။
ဖြေ။ ။ ကျေနပ်တာပေါ့။ ကြိုက်လို့ပဲ အခု ဖြတ်သန်းတာပေါ့။ အခုက ဝတ္တရား ကျေပွန်အောင် လုပ်တာမျိုးမဟုတ်ဘူး။ စေတနာနဲ့ လုပ်တာပေါ့။ ဒီမှာ အသေးစိတ်ကအစ ကိုယ်တိုင်လုပ်တယ်။ ထန်းလျက် ထည့်တာကအစ သေချာထည့်တယ်။ စားပွဲကအစ ဝင်သုတ်တယ်။ ဒီလိုမျိုး ဖြတ်သန်းရတာက ဘာပဲပြောပြော စေတနာနဲ့ လုပ်ဆောင်နေတာမို့ စိတ်ချမ်းသာ နေရတာပေါ့။
မေး။ ။ အောက်ခြေသိမ်း အလုပ်ကို လုပ်ဆောင်တော့ အရင်ဘဝနဲ့ တော်တော် ကွာဟသွားပြီ။ ဒီလိုအချိန်မျိုးမှာ အခက်အခဲ မရှိဘူးလား။
ဖြေ။ ။ ပြောရရင် ဒီမှာ ခဏခဏ တပည့်တွေ လာစားတယ်။ နောက် ကိုယ့်သူငယ်ချင်းတွေ လာစားတယ်။ တခါတလေ တပည့်ဝိုင်းတွေကို သန့်ရှင်းရေး လုပ်ပေးရင် သူတို့က မစားရဲတော့ဘူး။ ကိုယ်က ပြောရတယ်၊ ငါ ဘာမှ မဟုတ်ဘူးလို့။ ဒီမှာက အဝေးပြေး ကားတွေက ၁ နာရီခြား၊ ၂ နာရီခြား လာတာဆိုတော့ အားချိန်မရှိဘူး။ ဒီအချိန်မှာ ငါသိတဲ့လူ ပါမှာပဲ ဆိုတဲ့စိတ်မျိုး မရှိဘူး။ ငါ့အလုပ် ငါလုပ်တယ်၊ နောက် ဒီအပေါ်မှာလည်း ဘာခံစားချက်မှ မရှိပါဘူး။
မေး။ ။ ဗိုလ်ချုပ်လွန်းမောင် အနေနဲ့ ဖြတ်သန်းရချိန်နဲ့ ဦးလွန်းမောင်အနေနဲ့ ဖြတ်သန်းရချိန် ဒီမှာ ကြုံလာတဲ့ လူတွေရဲ့ ဆက်ဆံမှု ဘယ်လိုကွာခြားလဲ။
ဖြေ။ ။ ကွာတယ်၊ တော်တော် ကွာတယ်။ ကိုယ့်ကို သိသူကတော့ အရင်က ဆက်ဆံမှုအတိုင်းပဲ ရှိပါတယ်။ လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ တော်တော်ကို မာနချရတယ်။ တခါကဆို မန္တလာမင်း ဒရိုင်ဘာက ဆိုင်ရှေ့မှာ တိုးရစ်ကား လာရပ်ထားတာကို တဘက်ကို ရွှေ့ဖို့ မပြောလို့ ကားမရှင်းထားရ ကောင်းလားဆိုပြီး ရန်လာတွေ့တယ်။ စော်ကားခံရတာတွေ အရမ်းများတယ်။ တော်တော် သည်းခံရတယ်။ ဟိုးတချိန်တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန်ကုန်မေ့လိုက်တော့မယ်။ ငါ အခု ဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန်တယောက်လို ငေါက်ငမ်း သွားတာမျိုးတွေတောင် ရှိတယ်။
မေး။ ။ နှစ် ၄၀ ကျော် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ သြဇာရှိတဲ့ လူတွေထဲမှာ တယောက် အပါအဝင် ဖြစ်ခဲ့တော့ လက်ရှိ အခြေအနေကို လက်ခံဖို့ လွယ်ကူခဲ့ရဲ့လား။
ဖြေ။ ။ ခက်တာတော့ တော်တော် ခက်ခဲတယ်။ ငယ်ငယ်ကတည်းက ခန္တီပါရမီ ရှိခဲ့တယ်လို့ ပြောရမှာပါ။ နောက်တခုက ဘဝလည်း မမေ့ခဲ့တာပါမယ်။ နောက် မာနကတော့ ထားလို့တော့ မရဘူးပေါ့။ မာနကို ဘယ်မှာမှ မထားချင်တာ။ ကိုယ်လည်း ဆင်းရဲတဲ့ ဘဝကနေ တက်လာခဲ့တယ်။ အဖေကော အမေကောက ရှမ်းတွေ၊ မြန်မာစကား မတတ်ဘူး၊ ကိုယ်လည်း ရှမ်းစကားပဲ တတ်ခဲ့တာ၊ ဒီလိုဘဝကနေ ကိုယ်က ဗိုလ်ချုပ်ဖြစ်လာခဲ့တာ။ အောက်သက် ကျေခဲ့တဲ့ လူတယောက်ပါ။ နောက် ဒီဘဝကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ ရာထူး ကြီးခဲ့ပေမယ့် သိပ်ပြီး မက်မက်မောမော မရှိခဲ့တော့ ခံသာပါတယ်။ အရင်က ဘဝကို သိပ်တွယ်တာ တပ်မက်နေတဲ့သူ ဆိုရင်တော့ ဘယ်ခံသာမလဲ။
မေး။ ။ ဗိုလ်ချုပ်ဘဝမှာ ကြုံခဲ့ရတဲ့ အချိန်ရှားပါးမှုနဲ့ အခု လက်ရှိဘ၀ အချိန်ရှားပါးမှု ဘယ်ဟာက ပိုပြီး ကျေနပ်ဖို့ ကောင်းတယ်လို့ ထင်လဲ။
ဖြေ။ ။ ပြောရရင် အခုအချိန်က လူပင်ပန်းတယ်။ ဗိုလ်ချုပ် ဘဝကျတော့ ပိုတည်ငြိမ်တာပေါ့။ လူကြီးဆိုတော့လေ။ ကိုယ်က အောက်က ကလေးတွေ တင်လာတဲ့ စာရင်းကို နိုင်ငံတော်အဆင့် မှန်မမှန် စစ်ပြီး လက်မှတ်ထိုးရတာ။ ကိုယ့်ထက် ကလေးတွေက ပိုအလုပ်များတယ်။ ဘယ်တော့မှ ဂုဏ်ယူမပြောဘူး။ ကိုယ် တခွန်းခိုင်းရင် သူတို့မှာ အလုပ်တွေရှုပ်ရပြီ။ တာဝန်ကြီးပေမယ့်လို့ အဆုံးအဖြတ် ပေးတဲ့အခါပဲ တာဝန်ယူရတော့ အဆုံးအဖြတ် မမှားဖို့ဘဲ။ ဒီမှာကျတော့ ဒီလို မဟုတ်ဘူးလေ။ တကယ့်ကို အချိန်ရှားတာ။
မေး။ ။ အနားပေးခံရတဲ့ အပေါ်မှာ ဘယ်လိုကြောင့် အပေးခံခဲ့ရတာလဲ။ အပြင်မှ သတင်းတွေ မျိုးစုံထွက်နေတော့ ကာယကံရှင်ကပဲ အမှန်တရားတခု ပြောပေးပါလား။
ဖြေ။ ။ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာအမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုး သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် အာဃာတ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့။ ကိုယ်စစ်ခဲ့တဲ့ စာရင်းတွေကို လွှတ်တော်က တဂျီဂျီ တောင်းခဲ့တယ်။ ဒါတွေက စစ်ပြီးသားတွေပဲလေ။ လွှတ်တော် ကလည်း ပေါ်လာခါစ ဆိုတော့ အလုပ်ကမရှိဘူး။ ဒီစာရင်းတွေ ရမှ ငွေစာရင်း ကော်မတီက အလုပ်လုပ်ရမှာ။ ဒီတော့ စစ်ပြီးသားတွေ ပေးလိုက်တယ်။ ဒါကို အစည်းအဝေးမှာ အသုံးချရမှာကို လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်လိုက်တယ်။ ကိုယ်က အဲဒီအချိန် အိန္ဒိယရောက်နေတာ။ ပြန်ရောက်တော့ သူငယ်ချင်း တင်အောင်မြင့်ဦးက ဘတ်ဂျက်ကိစ္စ ဝိုင်းကူပေးဆိုလို့ ကူညီပေးနေတာ၊ ဘာမှမသိလိုက်ရဘူး။ နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပေါ့။
မေး။ ။ ဒီစာရင်းတွေက အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို တော်တော်လေး တုန်လှုပ်သွားစေတဲ့ စာရင်းတွေ ဖြစ်ခဲ့တယ်၊ ဒါတွေကြောင့် အပြောင်းအလဲတချို့ ဖြစ်ခဲ့တယ်လို့ ပြောနိုင်လား။
ဖြေ။ ။ တပ်မတော် တုန်းကလည်း ငွေစာရင်းကွာတာတွေ အများကြီးပဲ။ တပ်မတော် စစ်ဆေးရေး အရာရှိလည်း လုပ်ခဲ့တာကိုး။ နိုင်ငံတော် စာရင်းစစ်ချုပ်ဆိုတာ တပ်မတော် အောက်မှာ လုပ်ခဲ့ရတာကိုး။ အမုန်းခံပြီး ဝန်ကြီးတွေကို တွယ်ခဲ့ရတာ။ ပြည်သူတွေ မသိခဲ့ဘူး။ ကုန်ကုန်ပြောရရင် ဝန်ကြီး တော်တော်များများ ကတော့ ဝမ်းသာမှာပါ။ ဘာကြောင့်ဆို ကိုယ့်ကို တော်တော် မုန်းကြတာ။ ကိုယ်တွယ်ခဲ့တာ မနည်းဘူး။ စကားမပြောတဲ့ ဝန်ကြီးတွေ အများကြီးပဲ။ လက်ရှိ နေပြည်တော် ဝန်ကြီးချုပ်တို့၊ သတ္ထုတွင်းကတို့ ဆိုရင် စကားတောင် ပြောတာ မဟုတ်ဘူး။
မေး။ ။ ဦးလွန်းမောင်ရဲ့ အဖြစ်အပျက်ကို မှန်လွန်းလို့ ရွာပြင်အထုတ်ခံရတဲ့ အဖြစ်တခုလို့ မြင်မိလား။ အပြင်မှာ တချို့က အဲဒီလိုပဲ ပြောနေကြလို့ပါ။
ဖြေ။ ။ ကိုယ်မှန်တယ်လို့ မပြောပါဘူး။ ယူသော် ရ၏ပေါ့။ မှန်တယ်လည်း မပြောဘူး၊ မှားတယ်လည်း မပြောဘူး။ သုံးသပ်သူ အပေါ်မှာပဲ မူတည်တာပေါ့။ ပထမတော့ စိတ်မကောင်း ဖြစ်ရတာပေါ့။ နောက်တော့ နားချိန်တန်လို့ နားရတာ လို့ပဲ တွေးတယ်။ ဒီအပေါ် ဘာမှ စိတ်ထဲမထားတော့ဘူး။ မှန်တယ်ထင်ပြီး လုပ်ခဲ့လည်း တဘက်က ကိုယ့်ကိုမငဲ့တော့ ဘာမှ မပြောလိုပါဘူး။ အဓိက မငဲ့ခဲ့သူကတော့ သူရ ဦးရွှေမန်းပေါ့။ သူက ကိုယ့်နောက်ကျော ဓားနဲ့ ထိုးခဲ့သူပေါ့။ သူနဲ့က ဟိုးငယ်ငယ် ကတည်းက၊ ဗိုလ်လောင်းထဲက သူက ၁၁၊ ကိုယ်က ၁၂။ မိုးကောင်းမှာလည်း အတူတူ တာဝန်ကျခဲ့တာ။ သို့သော် ကိုယ်မြင်တာက သူတို့မှာ အာဏာအတွက် ဆန္ဒရှိနေသေးတယ်၊ ကိုယ်ကတော့ မရှိတော့ဘူး။ ဒါကြောင့် ဒီလိုနေနိုင်တာပေါ့။
မေး။ ။ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ သမ္မတ အပေါ်မှာကော ဘယ်လိုမြင်လဲ။
ဖြေ။ ။ သူနားလည် ပါလိမ့်မယ်လေ၊ သူ့အပိုင်းတော့ သိပ်မပြောလိုပါဘူး။ သူလုပ်သင့်တယ် ထင်လို့ လုပ်ခဲ့တယ်လို့ပဲ မြင်ပါတယ်။ ကိုယ်ကတော့ ဘာမှ မပြောလိုတော့ပါဘူး။
မေး။ ။ နောက်လာမယ့် ရွေးကောက်ပွဲကျရင်ကော ပုံစံတခုအနေနဲ့ ဝင်လာဖို့ရှိသေးလား။ ပါတီနိုင်ငံရေး လုပ်ဦးမလား။
ဖြေ။ ။ မရှိဘူး။ စထွက်လာခဲ့ ကတည်းက စစ်စွပ်ကျယ်တောင် မဝတ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ တိုက်ပုံလည်း ဘယ်တော့မှ မဝတ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အလုပ်လုပ်တော့ စွပ်ကျယ်အဖြူက အပေတေ မခံလို့ စစ်စွပ်ကျယ် ဝတ်ဖြစ်တာ၊ နို့မို့ဆို ဝတ်ဖြစ်မှာ မဟုတ်ဘူး။
မေး။ ။ စစ်သား တယောက်ဘဝကို စိတ်နာခဲ့လို့လား။
ဖြေ။ ။ မရှိဘူး။ စိတ်လည်းမနာဘူး။ တခါတလေ စိတ်နာစရာတွေ ရှိခဲ့လည်း ချက်ချင်း ဖျောက်ပစ်တယ်။ ကိုယ်ဖြစ်ခဲ့တာ ဝဋ်ရှိလို့ပေါ့။ ဘာမှ မပြောလိုပါဘူး။ သတင်းမှာ ပါလာမှ ကိုယ်ပါတယ် သိတာ။ ကြိုလည်း မသိခဲ့ဘူး။
မေး။ ။ နောက်ဆုံးမေးခွန်း အနေနဲ့ လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေးအပေါ် ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ အကောင်း မြင်ပါတယ်။ ကောင်းတဲ့ဘက်ကို ဦးတည်တယ်လို့ပဲ မြင်တယ်။