သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ မစ္စတာ အိုဘားမားတို့ မေလ ၂၀ ရက်နေ့က သမ္မတ အိမ်ဖြူတော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စများ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပါအဝင် တိုင်းရင်းသား ကိစ္စရပ်များနှင့် ဘာသာရေး တင်းမာမှု ပြဿနာများ ဖြေရှင်းနိုင်ရေး စသည့် အရေးကြီး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်တွင် သမ္မတနှစ်ဦးက ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ သမ္မတဦးသိန်းစိန်က ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ရှေ့ဆက်သွားရန် ပြည်ပအကူအညီ ရယူလုပ်ဆောင်မည်ဟု သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အမေရိကန် ပြည်ထောင်စု၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပြည်တွင်းရှိ နယ်ပယ်ကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းပြီး ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဦးစိုင်းလိတ် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်- ပြောခွင့်ရပုဂ္ဂိုလ်)
ကျနော်ကတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးကောင်းလာတာကို အကောင်းမြင်တယ်။ အရင်က အိမ်နီးချင်းအင်အားကြီး နိုင်ငံတစ်ခုရဲ့ လက်ဝေခံဖြစ်နေတာကို ခြေဖျက်လိုက်တဲ့သဘောပဲ။ အခုလို တိုက်ရိုက်ထိတွေ့လာတာ ကောင်းတဲ့ပုံရိပ် တစ်ခုလို့ မြင်တယ်။နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်လာမယ်လို့ မြင်တယ်။ ဒီမိုကရေစီ အကူးအပြောင်းလုပ်နေတဲ့ အချိန်မှာ စီပွားရေး တိုးတက်ဖို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ တိုးတက်ဖို့ပဲ ဖြစ်ဖြစ် အဓိကအားဖြင့်တော့ ပြည်တွင်းငြိမ်းချမ်းရေး ရှိဖို့လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ တခြားကိစ္စတွေကို ထိထိရောက်ရောက် လုပ်နိုင်မှာ။ အမေရိကန်နဲ့ အဆင်ပြေရင် နိုင်ငံရေးမှာ အကျိုးအမြတ်တွေရှိမယ်။ စီးပွားရေးမှာလည်း အမေရိကန်ဆန်ရှင် မရှိတော့ရင် မြန်မာအတွက် အခွင့်အလမ်းတွေ အများကြီးပဲ။ အမေရိကန်က ဖွင့်ပေးလိုက်ရင် ဥရောပနိုင်ငံတွေရော၊ ဂျပန်နိုင်ငံရော ချမ်းသာတဲ့နိုင်ငံတွေက ဒီမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ကျနော်တို့က ရင်းနှီးမြုပ်နှံမှု ဥပဒေကောင်းကောင်းရှိရမယ်။ပြည်သူလူထုကို အကာအကွယ်ပေးနိုင်တဲ့ ပွင့်လင်းမြင်သာတဲ့ ဥပဒေဖြစ်ဖို့လိုတယ်။ ပညာရေးနဲ့ ပတ်သက်ရင်တော့ ကျနော်တို့နိုင်ငံက အများကြီးနောက်ကျနေပြီ။ အဲဒါကြောင့် ပညာရေးကတော့ အမေရိကန်အပါအဝင် တခြားတိုးတက်တဲ့ နိုင်ငံအားလုံးရဲ့ အကူအညီလိုတယ်။ အခု ပညာရေးကို အမေရိကန်က ကူညီမယ်လို့ ပြောတဲ့အတွက် ကျနော်တို့ ဝမ်းသာတယ်။ အရင်တုန်းကလို နိုင်ငံကြီးတစ်ခုကို လုံးဝအားကိုးစရာ မလိုတော့ဘူး။
ဒေါက်တာတူးဂျာ (ကချင်တိုင်းရင်းသားခေါင်းဆောင်)
ကျနော်တို့က နိုင်ငံတကာဆက်ဆံရေးမှာ အများကြီး ဆက်ဆံရေးကောင်းဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ မတင့်တယ်တာ ကြာပြီလေ။ အခုက ဒီမိုကရေစီအစိုးရ ဖြစ်လာပြီ။ အစစအရာရာ လမ်းကပွင့်လာပြီလေ။ မနှစ်ကလည်း အမေရိကန်သမ္မတကြီးက ကျနော်တို့ဆီ လာလည်တယ်လေ။ အခု ကျနော်တို့ ခေါင်းဆောင်က ပြန်သွားလည်တာ ဂုဏ်ယူစရာကောင်းပါတယ်။ အခုလိုတွေ့ဆုံမှုကနေ စပြီးတော့ ကျနော်တို့နိုင်ငံကလည်း ပွင့်လင်းမြင်သာစွာနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ လိုအပ်တယ်လေ။ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဆီကိုသွားဖို့ လိုအပ်နေပြီလေ။ တွေ့တယ်။ ပြောကြတယ်။ နောက်ပိုင်းကျတော့ ဘာမှ အကောင်အထည်ပေါ်မလာတဲ့ဟာတော့ မဖြစ်သင့်ဘူး။ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ရေရှည်တည်တံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆီသွားတဲ့ ပထမဆုံးခြေလှမ်းပဲ ဖြစ်စေချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမေရိကန် အကူအညီရဖို့ မျှော်လင့်ပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုတာ ကမ္ဘာမှာ အဖိနှိပ်ခံပြည်သူတွေကို ကူညီပေးနေတဲ့နိုင်ငံပဲလေ။ သူတို့ ကူညီခဲ့တာတွေလည်း ရှိပါတယ်။ အမေရိကန်ဆီကတောင် မရနိုင်ဘူးဆိုရင် ဘယ်နိုင်ငံကို မျှော်လင့်လို့ ရနိုင်မလဲ။ မြန်မာနိုင်ငံရေးကိုလည်း တခြားနိုင်ငံတွေထက် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်တယ်။
အမေရိကန်နဲ့ ဆက်ဆံရေးကောင်းလာတာကို တရုတ်က စိုးရိမ်စရာမလိုပါဘူး။ ကျနော်တို့က အနောက်တံခါးဖွင့်လိုက်ပေမယ့် အရှေ့တံခါးကို မပိတ်ပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဆက်ဆံရေးက သူဟာနဲ့သူ ရှိနေတာပါပဲ။ အထူးဦးစားပေးဆိုတာလည်း ရှိချင်မှ ရှိမှာပါ။ နိုင်ငံတကာဆက်ဆံရေးဆိုတာက သူ့အကျိုး ကိုယ့်အကျိုးရှိဖို့ လိုပါတယ်။ တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် အဆက်အသွယ် မလုပ်လို့မှ မရတာ။
အခုက တိုင်းပြည်မှာ နိုင်ငံရေးစနစ်ပြောင်းလဲဖို့လိုတယ်။ အဲဒါက ဖက်ဒရယ်ပြည်ထောင်စုပဲ။ အမေရိကန်က ဖက်ဒရယ်ပြည်ထောင်စုကို အပြည့်အ၀ လိုက်နာကျင့်သုံးနေတော့ သူ့ဆီက အကူအညီ အကြံဉာဏ်ရနိုင်ရင် အကောင်းဆုံးပါပဲ။
ဟံသာဝတီဦးဝင်းတင် (သတင်းစာဆရာကြီး၊ နိုင်ငံရေးသမား)
အမေရိကန်-မြန်မာဆက်ဆံရေးမှာ အရေးကြီးတာ နှစ်ချက်ပဲရှိတယ်။ အခုလို စီးပွားရေးပိတ်ဆို့မှုတွေ လျော့လိုက်ရင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးလာဖို့ရှိတယ်။ သူတို့ လာရင်မြန်မာနိုင်ငံက စီးပွားရေးပွင့်သွားမှာပဲ။ ဒါကတစ်ချက်။ နောက်တစ်ချက်က စစ်တပ်ကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ ထင်တယ်။ စစ်သားတွေ အမေရိကန်မှာ စစ်သင်တန်းတက်ဖို့ ကိစ္စတွေဘာတွေ ပေါ်လာနိုင်တယ်။ အဲဒါဆိုရင် စစ်တပ်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ အခုက စစ်တပ်က ဘယ်နေရာမှာ ရောက်နေမှန်းကို မသိဘူး။ အခုစစ်တပ်က ဗိုလ်သင်တန်းလက်ခံတဲ့ အရေအတွက်တွေ လျော့တယ်ဗျ။ ၃၀ ရာခိုင်နှုန်းလောက်ကို လျှော့ပစ်တယ် ပြောတယ်။ သူတို့ပြောတာကတော့ စစ်တပ်မှာ ဘတ်ဂျက်မရှိလို့တဲ့ဗျ။ တခြားဘာမှ မလှုပ်သေးဘူး။ အဲလိုမျိုး တခြားလှုပ်တာ မရှိသေးဘူး။
တရုတ်က မြန်မာအပေါ်မှာ စီးပွားရေးအရ စီးထားတယ်။ တရုတ်က မြန်မာနဲ့ ပတ်သက်ပြီးတော့ ဘာမှခံရတာ မရှိဘူး။ လက်ပံတောင်းကိစ္စမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဝင်ကယ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ဝင်ခံတာနဲ့ သူတို့အများကြီး သက်သာတယ်။ မြစ်ဆုံကိစ္စကိုလည်း ခဏခဏထုတ်ပြောနေတယ်။ ပြီးတော့ ရှမ်းပြည်က ဟတ်ကြီးတို့ အပါအဝင် သံလွင် တကြောက စီမံကိန်းတွေမှာ ဝင်လုပ်နေတယ်။ တရုတ်က တပြည်လုံးမှာ စီမံကိန်း ၃၈ လောက်လုပ်နေတာ။ ဗမာပြည်ကို အနောက်နိုင်ငံတွေက ဝင်လာလည်း တရုတ်က ဈေးကွက်ကိုစီးပြီးသား။ အစိုးရအဆက်ဆက်ကလည်း အမေရိကားတို့ ဘာတို့မသွားခင်မှာ နိုင်ငံရေးဂယက်ရိုက်မှာ မလိုချင်လို့ တရုတ်ကို ဂါရ၀ သွားပြုရတာ ရှိတယ်။
ရှင်းရှင်းပြောရရင် ဗမာပြည်အမေရိကန် ဝင်ရေးကိစ္စဟာ Geo-Politics ( ပထဝီနိုင်ငံရေး) နဲ့ ဆိုင်တယ်။ အမေရိကန်ရဲ့ ပထဝီနိုင်ငံရေးနဲ့လဲ တိုက်ရိုက်ပတ်သက်တယ်။ အမေရိကန်ရဲ့ ပေါ်လစီက ဗမာပြည်တစ်ခုတည်း ကွက်ကြည့်ပြီးတော့ ဝင်လာတာမဟုတ်ဘူး။ ဦးသိန်းစိန်ပြုပြင်ပြောင်းလဲရေး လုပ်တာတစ်ခုတည်း ကြောင့်လည်းမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လုပ်လို့လည်း ဝင်လာတာ မဟုတ်ဘူး။ အဓိက အကြောင်းရင်းက သူရဲ့ အရှေ့ဖျားကိစ္စ၊ ဥပမာ ကိုးရီးယားတို့၊ ဖိလစ်ပိုင်တို့ ဂျပန်တို့ကို အာရှတခုလုံး ခြုံကြည့်ပြီးတော့ ဝင်လာတာ။ အခု ပစိဖိတ်သမုဒ္ဒရာက ၂၁ ရာစုမှာ အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးတဲ့ နေရာဖြစ်လာတယ်။ ကုန်သွယ်ဖို့၊ ကာကွယ်ဖို့ အတွက် နေရာယူပြင်လာတာ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဝင်လာတာမဟုတ်ဘူး။ တရုတ်မှားလို့ ဝင်လာတာ မဟုတ်ဘူး။ ပစိဖိတ်ဧရိယာ တခုလုံးရဲ့ ပထဝီနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ ဝင်လာတာ။ ဗမာနဲ့ အမေရိကန်အဆင်ပြေတဲ့အတွက် တရုတ်ကို ဘာမှထိခိုက်စရာ မရှိပါဘူး။
ကိုမြအေး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
ကျနော်တို့နိုင်ငံက နှစ်ပေါင်းများစွာ စစ်အစိုးရ လက်ထက်တလျှောက်လုံး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အလွန်တရာမှ ကျဲခဲ့တယ်။ အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံကြီးတခုနဲ့ပဲ ဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်ခဲ့တယ်။ ချိန်ခွင်လျှာ ညှိဖို့အတွက် ကျတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ အရေးကြီးတယ်။သမ္မတနှစ်ယောက် တွေ့ကြတာကို ကြိုဆိုတယ်။ FDI အရ နိုင်ငံတကာရင်းနှီး မြှပ်နှံမှုတွေဝင်လာရင် အသိပညာ၊ အတတ်ပညာ နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်။ စီးပွားရေးတက်လာမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ဆီရောက်လာမမယ့် အမေရိကန် ကုမ္ပဏီတွေလည်း အကျိုးအမြတ်ရှိမှာပါ။
တခုပြောချင်တာက သမ္မတနှစ်ယောက်တွေ့ဖို့ရှိလို့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး မလိုချင်ဘူး။ ကျနော်တို့ကလည်း တိုင်းပြည်တည်ဆောက်ရေးမှာ ရိုးရိုးသားသားဝင်ကူမယ်။ ကျနော်တို့ကိုလည်း ရိုးရိုးသားသား ဆက်ဆံစေချင်တယ်။ အမေရိကန်သွားခါနီးကျမှ အကျဉ်းသား တချို့တဝက် လွှတ်ပေးလိုက်တာမျိုးကတော့ မကောင်းဘူးပေါ့ဗျာ။
အမေရိကန်နဲ့ဆက်ဆံလို့ တိုက်ရိုက်အကျိုးရှိမယ့်ဟာမျိုးကတော့ အမေရိကန်ရဲ့ မဟာမိတ် ဂျပန်က မြန်မာကို အကြွေးတွေ လျော်ပစ်လိုက်တယ်။ ဒါက တိုက်ရိုက်အကျိုးခံစားရတဲ့ဟာပဲ။ နောက်ပြီးတော့ ချေးငွေတွေ အကူအညီတွေ အများကြီးရမယ်။ ကျနော်တို့ နိုင်ငံကို မြင့်တင်ဖို့ ဆိုတာက သယံဇာတတွေကို ထုတ်ရောင်းနေလို့ မရဘူး။ လူ့စွမ်းအား ဖွံ့ဖြိုးဖို့အတွက် ပညာရေးအထောက်အပံတွေ အများကြီးလိုပါတယ်။ ကျန်းမာရေး အထောက်အပံတွေ တိုက်ရိုက်ရလာဖို့ မျှော်လင့်ပါတယ်။
ဒေါ်သန်းမြင့်အောင် (လူမှုရေးတက်ကြွလှုပ်ရှားသူ၊ စာရေးဆရာမ)
သမ္မတဦးသိန်းစိန်က သူတို့ဆီက အကူအညီတွေ ယူကောင်းယူပါလိမ့်မယ်။ ဒါပေမယ့် တခုယူပြီး တခုပြန်ပေးလိုက်ရတာမျိုးတော့ မဖြစ်စေချင်ဘူး။ ပြန်ပေးလိုက်ရတဲ့ဟာက ကိုယ့်နိုင်ငံက အရင်းအမြစ်တွေ ပါမသွားဖို့ အရေးကြီးတာပေါ့။ စေတနာ သန့်သန့်နဲ့ပေးရင်တော့ လိုချင်တယ်။ ယူမှလည်း ကိုယ့်နိုင်ငံက ဖွံဖြိုးတိုးတက်ရေးလုပ်ဖို့ အဆင်ပြေမှာ။ စီးပွားရေး၊ ကျန်းမာရေး အကူအညီနဲ့ အတတ်ပညာပိုင်းတွေတော့ အကူအညီယူ ရပါလိမ့်မယ်။ ယူတယ်ဆိုတဲ့နေရာမှာ ကိုယ်က ဘာပြန်ပေးရမလဲဆိုတာ ပြန်စဉ်းစားဖို့ လိုတာပေါ့။
ကျမတို့နိုင်ငံက သက်ကြီးရွယ်အိုတွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေမျိုးလိုချင်တယ်။ အမေရိကန်ပြည်ထောင်စုမှာ သက်ကြီးရွယ်အိုတွေအတွက် စောင့်ရှောက်မှုကောင်းတယ်လို့ ကြားတယ်။ ကျမတို့ လူအိုရုံမှာ အငြိမ်းစားဝန်ထမ်းတွေ အများကြီးပဲ။ တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းဆရာ ဆရာမတွေ။ ပြောမယ်ဆိုရင် ဋ္ဌာနဆိုင်ရာ ဝန်ထမ်းတွေ အများကြီးပဲ။ ရဲမှူးကြီး အငြိမ်းစားတွေတောင်ပါတယ်။ အသက်ကြီးလာပြီး သားသမီး ကျောထောက်နောက်ခံလည်း မရှိတော့ တကယ့်ကို ဒုက္ခရောက်ကုန်တာ။ အခု ပြောတာ အရင်တုန်းက ဝန်ထမ်းကြီးတွေပါ။ ဝန်ထမ်းဘဝပြီးသွားတဲ့ အခါကျတော့ စုဆောင်းထားတာ မရှိဘူး။ ပင်စင်နဲ့ စားမလောက်ဘူး။ ကျန်းမာရေးအတွက် အာမခံချက် မရှိဘူး။ ကျမတို့ ဝန်ထမ်းတွေအတွက် အာမခံချက် ရှိစေချင်တယ်။ စုဆောင်းဖို့အတွက် လုပ်ကြရင်းနဲ့ နိုင်ငံက လဘ်ပေးလဘ်ယူတွေ များလာသလား မပြောတတ်ဘူး။ အစိုးရက သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ပေးနိုင်ရင် တော်တော်ကောင်းမယ်။
ဦးကျော်သူ (နာရေးကူညီမှုအသင်း)
သမ္မတနှစ်ယောက်တွေ့တာ ဘာမှ မပြောလိုဘူး။ အစိုးရဆိုတာ ကိုယ့်ပြည်သူတွေပေါ်ကို ကောင်းဖို့လိုတယ်။ အစိုးရ ကောင်းပေမမယ့်လည်း ပြည်သူလူထုက လက်မခံရင် အလကားပဲ။ ကျနော်တို့ ပြီးခဲ့တဲ့ အပတ်က အမှိုက်လိုက်ကောက်တယ်။ ကောင်းတာလုပ်တယ်။ ပေးမလုပ်ဘူး။ ပြည်ပကူညီထောက်ပံမှုကတော့ လိုအပ်တာပဲ။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးတွေက ကူညီထောက်ပံမှုက ပိုတောင် လိုသေးတယ်။ အမေရိကန်အဖွဲ့တွေ ကျနော်ဆီလာတာရှိပါတယ်။ သမ္မတဦးသိန်းစိန်လည်း သူ့အိမ်က ကားလွှတ်ပြီး အလှူငွေ လာထည့်ဖူးတယ်။ ငွေပမာဏကိုတော့ မမှတ်မိတော့ဘူး။
ဦးဝဏ္ဍရွှေ (အစ္စလာမ်ဘာသာရေး ခေါင်းဆောင်)
အမေရိကန်နဲ့ မြန်မာဆက်ဆံရေး ကောင်းလာတာ မြန်မာဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ပိုလေးစားတဲ့ နိုင်ငံတစ်ခုဖြစ်လာမယ်။ နိုင်ငံအတွင်းမှာ လူမျိုးစုအခွင့်အရေးတွေ၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရလာမယ်လို့ ယုံကြည်တယ်။ အမေရိကန် ပြည်ထောင်စုဆိုတာ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် ရှိတဲ့နိုင်ငံပါ။ အမေရိကန်ပြည်ထောင်စုမှာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးထားသလို ဘာသာတစ်ခုနဲ့ တစ်ခု ထိခိုက်မှု မရှိအောင် ဘယ်လိုလုပ်ဆောင်သလဲဆိုတာ မြန်မာနိုင်ငံ အနေနဲ့ နမူနာယူလို့ ရပါတယ်။ သူတို့ဆီမှာ အသားရောင်ခွဲခြားမှု ရှိခဲ့ပေမဲ့ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တယ်။ ဒါပေမယ့် လူ့အခွင့်အရေး လေးစားမှုတွေ ရှိခဲ့တဲ့အတွက် သူတို့ အောင်မြင်ခဲ့တယ်။ ကျနော်တို့ဆီမှာလည်း အမေရိကန်ပြည်ထောင်စုကို နမူနာယူပြီးတော့ နိုင်ငံသားချင်း လေးစားတဲ့စိတ်ဓါတ် လူသားချင်း လေးစားတဲ့ စိတ်ဓါတ်တွေ ရှိလာရင် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုတွေရလာမယ်။
ဒေါက်တာ အေးမောင် ( ရခိုင်တိုင်းရင်းသားခေါင်းဆောင်၊ လွှတ်တော်အမတ် )
အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ခဲတဲ့နိုင်ငံတွေရဲ့သမိုင်းကို လေ့လာရမယ်။ တောင်ကိုးရီးယား တိုးတက်သွားတယ်။ ဂျပန် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရမ်းတိုးတက်လာတယ်။ ဖိလစ်ပိုင်၊ ထိုင်း အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းလို့ ဖွံ့ဖြိုးတိုးတက်လာတယ်။ နှစ်နိုင်ငံကြားမှာ အပြန်အလှန်အကျိုးရှိခဲ့ကြတယ်။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက တိုင်းပြည်တွေက အမေရိကန်နဲ့ အဆင်ပြေတဲ့ နိုင်ငံတချို့ကို လေ့လာကြည့်ပါ။ သူတို့ စီးပွားရေးလာလုပ်တာကို ကြိုဆိုရမယ်။ အိမ်နီးနားချင်းနဲ့ စီးပွားရေးလုပ်ရတာ အန္တရာယ်များတယ်။ မကျေနပ်ရင် ခြံစည်းရိုးဖျက်ဝင်လာမှာလေ။ အိမ်နီးချင်းနိုင်ငံက ပို့တဲ့ တောသားကြိုက် ပစ္စည်းတွေ သုံးရတဲ့ ဘဝက လွတ်သင့်ပြီ။
ဦးမော်သန်း ( စီးပွားရေးပညာရှင်)
အမေရိကန်ပြည်ထောင်စု ဆိုတာက စီးပွားရေးအရရော၊ နည်းပညာ အရရော ကမ္ဘာမှာ နံပါတ်တစ်ပဲလေ။ ဒီလိုနိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုတယ်။ မြန်မာနိုင်ငံကလည်း သယံဇာတပေါကြွယ်ဝတယ်။ မြန်မာနိုင်ငံမှာ အရင်းအမြစ်ကောင်းတွေ ရှိတဲ့အတွက် အမေရိကန်လုပ်ငန်းရှင်တွေလည်း လာလေ့လာသွားပြီ။ လူတွေကလည်း အဆင်သင့်ပဲဆိုရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေလာရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ပဲ ရှိတယ်။ လောလောဆယ်မှာတော့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ရင် ကိုယ်စားလှယ်ရုံးပဲ ဖွင့်ခွင့်ရှိသေးတယ်။ သူတို့ကတော့ အကျိုးအမြတ်ရမှာပဲ လာလုပ်မှာ။ မြန်မာနိုင်ငံမှာတော့ လယ်ယာစိုက်ပျိုးရေးကစ လာလုပ်လို့ရတာတွေ အများကြီး ရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကဏ္ဍတိုင်းမှာ ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာပါလိမ့်မယ်။ စီးပွားတက်ဖို့ကတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုက အားကိုးဖွယ်ရာပါပဲ။ တိုင်းပြည်အနေနဲ့ကတော့ သူတို့လာလုပ်ရင် ကိုယ်ပဲ အကျိုးအမြတ်ရရမယ်ဆိုတဲ့ စိတ်ပဲထားလို့မရဘူး။ အလုပ်အကိုင်ပွင့်လာမယ်။ နိုင်ငံခြားပို့ကုန်တွေလည်း တိုင်းပြည်စာရင်းထဲ ဝင်လာမယ်။ ကိုယ်ကလည်း သဘောထားကြီးဖို့လိုမယ်။ အမေရိကန်အတွက်လည်း မြန်မာနိုင်ငံနဲ့ ဆက်သွယ်လာတဲ့အတွက် သူတို့စီးပွားရေး အကျိုးအမြတ်သာမက နိုင်ငံရေး အကျိုးအမြတ်ပါရမယ်။