ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကုထုံး (၁)

အန်ဒရူး ရေးနိုးစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပညာရှင်များ၊ နိုင်ငံရေးနှင့် လူမှုပဋိပက္ခများကို ဖြေရှင်းရန် တာဝန်ပေးခြင်း ခံထားရသူများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်း ပညာရပ်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်း ကိစ္စရပ်သည် ဒီမိုကရေစီ နိုင်ငံများတွင်သာမကဘဲ လတ်တလော ပဋိပက္ခဖြေရှင်းရေး ရည်မှန်းချက်များနှင့်လည်း အများဆုံး ပတ်သက်နေသည့်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရန် ကြိုးပမ်းနေကြသည့် နိုင်ငံများ၌လည်း ဆောင်ရွက်နေသည့် ကိစ္စရပ် ဖြစ်သည်။  တောင်အာဖရိကနှင့် ဘော့စနီးယားမှသည် ဖီဂျီ၊ မြောက် အိုင်ယာလန်၊ အာဖဂန်နစ္စတန်နှင့် အီရတ်တို့ အပါအဝင် ကမ္ဘာပေါ်ရှိ ပဋိပက္ခဒဏ် အခံစားရဆုံး နိုင်ငံတချို့၏ ငြိမ်းချမ်းရေးနှင့် လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ပေါ်ထွန်းရေးအတွက် ကြိုးပမ်း အားထုတ်မှုများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့် ဝိဇ္ဇာ သို့မဟုတ် သိပ္ပံပညာရပ်သည် အဓိကကျသည်။

အက်စ်တိုးနီးယားနှင့် သီရိလင်္ကာမှသည် ဂွာတီမာလာ၊ အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယားနှင့် ဖိလစ်ပိုင် အပါအဝင် မရေမတွက်နိုင်သည့် နိုင်ငံများစွာတို့သည် ရွေးကောက်ပွဲစနစ်များ ပြင်ဆင်ခြင်း၊ နယ်စပ်ဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးသည့်  သဘောတူညီချက်များ သို့တည်းမဟုတ် နိုင်ငံတော်အလံအောက်တွင် အပြည့်အ၀ မစုစည်းနိုင်သည့်တိုင် အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြင်ပမှ ဖျက်ဆီးပစ်နိုင်သည့် အုပ်စုအသီးသီးဖြင့် ပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်၍ ယင်းတို့၏ အဖွဲ့ဝင်များကို အစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးနေရာများနှင့် အခြားသော ရာထူးနေရာများကို ခွဲဝေပေးခြင်း အစရှိသည့် ပဋိပက္ခများကို ဖြေရှင်းသည့် စမ်းသပ်မှုများ  ပြုလုပ်ခဲ့သည်။

ကမ္ဘာပေါ်ရှိ ခေါင်းအမာဆုံး အာဏာရှင်စနစ်များ မည်သို့ နိဂုံးချုပ်အောင် ပြုလုပ်ရမည်နှင့် ယင်းတို့ အုပ်စိုးမှုကြောင့် နိုင်ငံတွင် ထိခိုက်ပျက်စီးခဲ့ရသည်များကို မည်သို့ စတင်ပြင်ဆင်ရမည် အစရှိသည်တို့ဖြင့် သက်ဆိုင်သည့် ဆွေးနွေးမှုများတွင်  ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ဆိုင်ရာ မေးခွန်းများက မကြာခဏ လွှမ်းမိုးထားသည်ကို မျက်မှောက်ကာလတွင် ပိုမိုသိသာထင်ရှားစွာ ရှိနေသည်ကို တွေ့ရှိရသည်။ အီရတ်၊ ကွန်ဂို၊ ဆူဒန်၊ လိုက်ဘေးရီးယားနှင့် မြန်မာ ကဲ့သို့သော နိုင်ငံများတွင် အာဏာရှင်စနစ် ကျဆုံးလျှင် ဘာဖြစ်မည်နည်းဆိုသည့် ခန့်မှန်းချက်များ၊ တင်ကြို ဟောကိန်းထုတ်မှုများ ရှိကြသည်။ ယင်းခန့်မှန်းချက်များမှနေ၍ အာဏာဝေခွဲရေး အစီအမံများ၊ အစိုးရအဖွဲ့တွင် လူနည်းစု တိုင်းရင်းသားများ ပါဝင်ရေးနှင့် ဖယ်ဒရယ်စနစ် သို့တည်းမဟုတ် ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ ဆွေးနွေးမှုများကို မလွှဲမရှောင်သာ ဖြစ်ပေါ်လာစေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးပညာရပ်သည်  ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ကြီးမားသည့်  ပညာရပ်ဆိုင်ရာ ခြေလှမ်းများကို လှမ်းခဲ့နိုင်သော်လည်း ပြီးပြည့်စုံသည် မဟုတ်သေးဘဲ ယခုအချိန်အထိ တိုးတက်ကောင်းမွန်အောင် လုပ်ရန် လိုအပ်လျက်ရှိသည်။ အထူးသဖြင့် သီးခြား ဝိသေသလက္ခဏာများရှိသော နိုင်ငံများတွင် ပဋိပက္ခများ ဖြစ်ပေါ်ရသည့်  အကြောင်းရင်း ဇစ်မြစ်ကို ရှာဖွေသည့်အခါနှင့် ရရှိခဲ့သည့် သင်ခန်းစာများကို ခြုံငုံသုံးသပ်ခြင်းတို့တွင် ဖြစ်သည်။

ဤနေရာတွင် ဆေးသိပ္ပံပညာဖြင့် နှိုင်းယှဉ်ခြင်းသည်  အသုံးဝင်နိုင်သည်။ သမားတော်၏ အတတ်ပညာနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ၏ အတတ်ပညာတို့တွင် တူညီသည့်အချက်များ အများအပြား ရှိသည်။ ဆရာဝန်က လူနာ၏ ရောဂါလက္ခဏာများကို စစ်ဆေးခြင်းနှင့်  လိုအပ်သည့် ကုသမှုပေးခြင်းကဲ့သို့ပင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူသည်လည်း ပဋိပက္ခကြောင့်  ဒုက္ခဆင်းရဲများ ခံစားနေရသည့်  လူ့အဖွဲ့အစည်းကို လေ့လာကြည့်ရှုပြီး ထိုလူ့အဖွဲ့အစည်း၏ ရေရှည် ကျန်းမာရေးအတွက် ပဋိပက္ခ ဆိတ်သုဉ်းကာ ဒုက္ခဆင်းရဲများမှ လွတ်မြောက်ရန် မည်သို့ ဆောင်ရွက်ရမည်ဆိုသည့်  လမ်းကြောင်းကို ရေးဆွဲရလေသည် (အများလက်ခံနိုင်မည့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်မှုအဆင့်များ ရေးဆွဲပြီး ကျယ်ပြန့်စွာ ဖွင့်ဆိုထားရမည်)။

ရောဂါ (ပဋိပက္ခ) ကို ကုသမှု ပြုခြင်းထက်၊ ရောဂါ လက္ခဏာများကို သက်သာအောင် ပြုလုပ်ခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းကို ပိုမိုလုပ်ဆောင်ရတတ်ကြောင်း လူမှုသိပ္ပံပညာရှင် အများစုက ယခုအခါ လက်ခံလာကြသည်။ သို့သော်လည်း လုံး၀ ချို့ယွင်းမှုရှိနေသည့် နိုင်ငံတခုတွင်မူ ယင်းကဲ့သို့ ရောဂါလက္ခဏာများ သက်သာအောင် ကောင်းမွန်စွာ ကုသပေးခြင်းသည်ပင်လျှင် အကျိုးကျေးဇူး အများအပြား ဖြစ်ထွန်းစေနိုင်သည်။

နိုင်ငံတခု၏ အသက်ဇီဝိန်ကို ဇီဝဗေဒအမြင်ဖြင့် ရှုမြင်သုံးသပ်သည့် အယူအဆသည် ရှေးပဝေသဏီကပင် ရှိခဲ့ပြီး ဂရိနိုင်ငံ အစောပိုင်း ကာလကတည်းက ရှိခဲ့ကြောင်း ပလေတို၊ အရစ္စတိုတယ်၊ စီစာရို၊ မာခီယာဗယ်လီ၊ လော့ခ်၊ ရူးဆိုး၊ ဟေဂယ်၊ တီအိတ်ချ် ဂရင်း နှင့် အခြားသော အတွေးအခေါ် ပညာရှင်များ၏ စာပေများကို လေ့လာကြည့်ခြင်းဖြင့် သိရှိနိုင်သည်။

ရောဂါရှာဖွေခြင်း (Diagnosis) ဆိုသည့် ဝေါဟာရသည်ပင် ဂရိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဂရိ စကားလုံး gnosis သို့မဟုတ် knowledge (ပညာဗဟုသုတ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ နိုင်ငံရေးတွင် ဖြစ်စေ၊ ဆေးပညာတွင် ဖြစ်စေ၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ပညာဗဟုသုတ ရှာဖွေခြင်းဆိုသည်မှာ လက်တွေ့လေ့လာ ဆန်းစစ်နိုင်သည့် အချက်အလက်များကို စုစည်းခြင်းနှင့် ယင်းတို့ကို အသေးစိတ် ဆန်းစစ်ခြင်းတို့မှ စတင်သည်။ ကံကောင်းထောက်မစွာပင် ထိုကဲ့သို့သော အချက်အလက်များ ကောက်ခံ၍ ရနိုင်သည့် နိုင်ငံအရေအတွက်မှာ ဒီမိုကရေစီ တတိယလှိုင်းနှင့်အတူ ၁၉၇၀ ပြည့်နှစ်များက စတင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့ကြသည့် လက်တင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့နှင့် အလယ်ပိုင်း ဥရောပရှိ နိုင်ငံများကြောင့် ယခင်ကထက် လွန်စွာ များပြားလာခဲ့သည်။

သို့သော်လည်း အသစ်ပြင်ဆင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အများအပြားသည် ပဋိပက္ခများကို အောင်မြင်စွာ မဖြေရှင်းနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းဖွဲ့စည်းပုံ အသစ်များကို ရေးဆွဲသူများသည် (နိုင်ငံခြားသားဖြစ်စေ၊ ပြည်တွင်းမှ ပုဂ္ဂိုလ်များဖြစ်စေ) ကောင်းမွန်သည့် ရောဂါရှာဖွေမှုနှင့် ကုသမှု၏ အခြေခံ သဘောတရားများကို ဂရုမပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ ရောဂါရှာဖွေမှုနှင့် ကုသမှု ပြုလုပ်ရာတွင် ကုသသူ သမားတော်သည် ကျင့်ဝတ်နှင့်အညီ ရိုးသားစွာ ကုသပါမည်၊ ဝေဒနာရှင်ကို ထိခိုက်နစ်နာအောင် မလုပ်ပါဟုသော ကျမ်းကျိန်မှုဖြင့် စတင်ရပါမည်။

၁၉၉၀ ခုနှစ်များအတွင်းက အင်ဂိုလာနိုင်ငံကို လေ့လာကြည့်သင့်သည်။ အနည်းဆုံး လူပေါင်း ၁.၅ သန်းကျော် သေကြေခဲ့ရသည့် ၁၅ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရန် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းသူများသည် Eduardo Dos Santos ဦးဆောင်သည့် အာဏာရ MPLA ပါတီ နှင့် Jonas Savimbi ဦးဆောင်သည့် ယူနီတာ (UNITA) သူပုန်များအကြား ၁၉၉၁ ခုနှစ် သဘောတူညီချက် စာချုပ်ကို စေ့စပ်ညှိနှိုင်းပေးခဲ့ကြသည်။ သို့သော် အဆိုပါ သဘောတူညီချက် ပျက်ပြယ်ခဲ့ရသည်။ အကြောင်းမှာ နိုင်သူ အကုန်ယူ (winner-take-all) သမ္မတ ရွေးချယ်တင်မြှောက်သည့် ရွေးကောက်ပွဲစနစ်ကြောင့် ဖြစ်သည်။ ယင်းစနစ်သည် စိတ်ဓာတ်ကျစရာ ကောင်းသော လွှတ်တော်တွင်း “သစ္စာရှိအတိုက်အခံ” အဖြစ် တာဝန် ထမ်းဆောင်ရန် MPLA ထက် သေးငယ်သည့် ယူနီတာ ပါတီကို မည်သည့်မက်လုံးမျှ မပေးနိုင်ခဲ့ချေ။ ၁၉၉၂ ခုနှစ် စက်တင်ဘာ ရွေးကောက်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း Dos Santos က Savimbi ကို ၄၉-၄၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသည့်အခါ ပြည်တွင်းစစ်မီး ပြန်လည် တောက်လောင်ခဲ့သည်။ သိန်းနှင့်ချီသော ပြည်သူများ ထပ်မံ သေဆုံးခဲ့ရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသူများ အနေဖြင့် နိုင်ငံတနိုင်ငံ၊ လူ့အဖွဲ့အစည်းတခုတွင်  ဒုက္ခဆင်းရဲများ ပဋိပက္ခများကို မည်သည့်အရာများက ဖန်တီးပေးနေသနည်း ဆိုသည်ကို ကောင်းစွာ ရှာဖွေတတ်ရန် လိုအပ်လျှင် ယင်းတို့အနေဖြင့် မည်သည့် နည်းလမ်းကို ကျင့်သုံးပြီး ရှာဖွေသင့်သနည်း။ ဆေးပညာဆိုင်ရာ ရောဂါရှာဖွေမှုတွင် ခန္ဓာကိုယ်ကို စစ်ဆေးခြင်းနှင့် လူနာ ရာဇဝင်ကို လေ့လာဆန်းစစ်ခြင်းတို့ ပြုလုပ်ဆောင်ရွက်သည်။ လိုအပ်လျှင် အထက်ပါ လေ့လာဆန်းစစ်မှုများမှ တွေ့ရှိချက်များကို အတည်ပြုပေးနိုင်မည့် တခြားသော လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်လေ့ရှိသည်။ ရောဂါရှာဖွေမှုကို ဆေးဘက်ဆိုင်ရာ နည်းစနစ်ဖြင့် စတင်သည်။ ယင်းစနစ်သည် အချက်အလက်များကို မည်သို့ စုစည်းရမည်၊ လူနာ ရာဇဝင်နှင့် ခန္ဓာကိုယ် စစ်ဆေးခြင်းတို့မှ တွေ့ရှိချက်များကို မည်သို့ အဓိပ္ပာယ် ဖေါ်ဆောင်ရမည်ကို  လမ်းညွှန်ပေးသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့် နယ်ပယ်တွင်မူ ယင်းရောဂါရှာဖွေမှု နည်းစနစ်ဆိုသည်မှာ လူမှုစီးပွား၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ ညွှန်းကိန်းများအား ဆန်းစစ် လေ့လာမှုပြုခြင်းကို အဓိက ဦးစိုက်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ယင်းညွှန်းကိန်းများကို ဆန်းစစ် လေ့လာမှုပြုခြင်းသည် ရောဂါရှာဖွေမှုအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိနိုင်သည်။

ထိုညွှန်းကိန်းများမှ တဆင့် ရောဂါရှာဖွေသူသည် Etiology ခေါ် ရောဂါလက္ခဏာများ ပေါ်ပေါက်ရခြင်း၏ အကြောင်းရင်းများကို ဖော်ထုတ်သွားမည် ဖြစ်သည်။ နှိုင်းယှဉ်ခွဲခြား ရောဂါရှာဖွေမှု (Differential diagnostic) သည် စနစ်တကျ ရောဂါရှာဖွေမှု နည်းစနစ်ဖြစ်ပြီး လူနာ ရောဂါဖြစ်ရခြင်း၏ ဖြစ်နိုင်ခြေ အကြောင်းရင်းများကို ယင်းတို့၏ ဖြစ်နိုင်ခြေ၊ ရောဂါအတိမ်အနက်နှင့် ကုသနိုင်မှုအပေါ် မူတည်ပြီး အဆင့်များ သတ်မှတ်ပေးသည်။ (Differential diagnosis ဆိုသည်မှာ ရောဂါလက္ခဏာများ၏ အဖြစ်နိုင်ဆုံး ရောဂါအကြောင်းရင်းကို ဖော်ထုတ် သတ်မှတ်ခြင်း ဖြစ်လေသည်။ ဆေးကျောင်းသားများအား ရောဂါရှာဖွေမှုနှင့် ပတ်သက်ပြီး နမူနာတခုပေးထားသည်။ ယင်းမှာ မြင်းခွာသံကြားလျှင် မြင်းကိုရှာ၊ မြင်းကျားကို မရှာနှင့်ဟု ဖြစ်လေသည်။ အရိုးဆုံး ရောဂါရှာဖွေမှုနှင့် စတင်ရန် ဖြစ်သည်။ နှာစေးလျှင် အအေးမိခြင်း ဖြစ်သည်ဟု အရိုးရှင်းဆုံး ရောဂါရှာဖွေမှုနှင့် စတင်ရန်ဖြစ်သည်။ ယင်း အအေးမိသည်ဟု ရောဂါရှာဖွေမှုကို ဖယ်ရှားပြီးမှသာလျှင် အခြား ပိုမိုရှုပ်ထွေးသည့် ရောဂါရှာဖွေမှုများကို ပြုလုပ်ရမည် ဖြစ်သည်။) ပြီးမှသာလျှင် ရောဂါရှာဖွေမှုဆိုင်ရာ ဆေးစစ်ဆေးခြင်းများ (Diagnostic tests)  ပြုလုပ်ရမည် ဖြစ်သည်။ ဤအဆင့်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်သူ ပညာရှင်အနေဖြင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု၏ အဓိကအကြောင်းရင်းကို လေ့လာဆန်းစစ်ရန် မည်သည့် အချက်အလက်များ စုစည်းကောက်ခံရန် လိုမည်နည်းဟု စဉ်းစားဆင်ခြင်ရမည်။ နောက်ဆုံးအဆင့်တွင် Prognosis ဟုခေါ်သည့် ကာလတခုအတွင်း ပြောင်းလဲလာနိုင်သည့် လူနာ၏ အခြေအနေနှင့် ရောဂါဆက်လက် ကြီးထွားလာပြီး အခြားရောဂါများ ဝင်လာနိုင်မှုတို့ကို တင်ကြိုခန့်မှန်းခြင်းကို ဆောင်ရွက်သည်။ ဤအဆင့် ၅ ဆင့်ပါဝင်သည့်  လုပ်ငန်းစဉ်မှ ကြိုတင်ကာကွယ်မှု၊ ကုသမှုနှင့် မိမိကိုယ်ကို ပြန်လည် ကျန်းမာအောင် ဆောင်ရွက်သည့် မဟာဗျူဟာများ ပေါ်ထွက်လာမည် ဖြစ်သည်။

ဆေးပညာ နည်းစနစ်များကို ဒီမိုကရေစီစနစ်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရာတွင် လက်တွေ့အသုံးချရာ၌ စတင်အသုံးပြုရန် အကောင်းဆုံးနည်းလမ်းမှာ နာမကျန်းမှု၏ အခြေအနေများကို ကျယ်ပြန့်စွာ အုပ်စုခွဲခြား ကြည့်ရှုခြင်းနှင့် ယင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆေးညွှန်းနှင့် မည်သို့ဆက်စပ်သည်ကို စစ်ဆေးခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဖွဲ့စည်းပုံအခြေခံ  ဥပဒေဆိုင်ရာ ရောဂါရှာဖွေသူ အနေဖြင့် အောက်ပါမေးခွန်းများကို မေးမြန်းနိုင်သည်။

(၁) ပဋိပက္ခ အဆုံးသတ်ရန် လေ့လာသုံးသပ်နေသည့် နိုင်ငံတွင် ပါတီနှင့် ရွေးကောက်ပွဲ နိုင်ငံရေးသည် မည်မျှအထိ အဆင့်မြင့်စွာ သို့မဟုတ် ချိနဲ့စွာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ သက်ဝင်လှုပ်ရှားနေသနည်း။

(၂) အာဖဂန်နစ္စတန်မှာကဲ့သို့ နိုင်ငံတော်အစိုးရသည် လုံး၀ ပြိုလဲသွားခဲ့ပြီလား၊ သို့တည်းမဟုတ် မြန်မာနိုင်ငံမှာကဲ့သို့ ပဋိပက္ခ အခြေအနေများထဲမှာပင် အစိုးရယန္တယားသည် ယင်း၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းရွက်နေပါသလား။

(၃) အုပ်စုများအကြား ယေဘုယျ မုန်းတီးမှုနှင့် နှိုင်းယှဉ်လိုက်လျှင် အမှန်တကယ် အကြမ်းဖက်မှုများ၏ အခြေအနေသည် မည်သို့ရှိသနည်း။ ဥပမာအားဖြင့် ဖီဂျီနှင့် သီရိလင်္ကာ နှစ်နိုင်ငံစလုံးတွင် ခါးသီးသော လူမျိုးရေး ဂိုဏ်းဂဏ ကွဲပြားမှုများ ရှိနေသည်။ သို့သော် ဖီဂျီနိုင်ငံတွင် နိုင်ငံရေးနှင့် ဆက်နွှယ်၍ အကြမ်းဖက် သတ်ဖြတ်မှုများသည် ကံအားလျော်စွာ နည်းပါးလေသည်။ အဘယ်ကြောင့် ထိုသို့ ကွဲပြားခြားနား နေရသနည်း။

(၄) အဆိုပါနိုင်ငံတွင် မတူညီသည့် တိုင်းရင်းသား လူမျိုးစုနှင့် တခြားဒေသဆိုင်ရာ အုပ်စုပေါင်း မည်မျှရှိသနည်း။ ယင်းတို့၏ လူဦးရေ စုစုပေါင်း မည်မျှရှိကြသနည်း။ ယင်းတို့သည် မည်သည့် အရပ်ဒေသများတွင် နေထိုင်ကြသနည်း။

(၅) အဓိက တိုင်းရင်းသားလူမျိုးစုများနှင့် ဒေသဆိုင်ရာ အုပ်စုများသည် ဘာသာရေး၊ စာပေ၊ ဘာသာစကား၊ တိုင်းရင်းသားလူမျိုးစု၊ အမျိုးသားရေး ခံစားချက်၊ အရပ်ဒေသကို အခြေခံ၍သော်လည်းကောင်း သို့တည်းမဟုတ် ယင်းအချက်များထဲမှ အချက်အချို့ ပေါင်းစပ်ပြီးသော်လည်းကောင်း စည်းလုံးညီညွတ်မှု ပျက်ပြားနေကြပါသလား။

(၆) ပဋိပက္ခ၏ အဓိက အကြောင်းတရားသည် မြေယာ သို့မဟုတ် ရေနံကဲ့သို့သော အရင်းအမြစ်များ ပိုင်ဆိုင်မှုအပေါ် အငြင်းပွားမှုများနှင့် ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေး ဓလေ့ထုံးတမ်းများ ကွဲပြားခြားနားမှုများအပေါ် အခြေခံပါသလား။ အရင်းအမြစ်များ ပိုင်ဆိုင်မှုအပေါ် အငြင်းပွားမှုများထက်လည်း ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေး ဓလေ့ထုံးတမ်းများ ကွဲပြားခြားနားမှုများ အပေါ် ပိုမို အခြေခံနိုင်ပါသလား။

ထိုကဲ့သို့သော မေးခွန်းများကို မေးမြန်းခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာရှင်သည် ၎င်းရင်ဆိုင် ဖြေရှင်းနေရသည့် နိုင်ငံကို အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းတွင် တိုးတက်လာလိမ့်မည် ဖြစ်သည်။ အတော်အတန် ရှင်းလင်းသည့် ဥပမာ ၂ ခုကို လေ့လာကြည့်ကြစို့။ အင်အားကောင်းသည့် နိုင်ငံရေးပါတီများ၊ ကောင်းစွာ လည်ပတ်နေသည့် အစိုးရယန္တရား၊ မတူသည့်ဘာသာဝင်များ ရောယှက် နေထိုင်နေကြသည့် နယ်မြေဒေသများရှိသည့် မြောက် အိုင်ယာလန် နိုင်ငံသည် အာဏာလွန်ဆွဲပွဲတွင် ပိတ်မိနေသည်။ ရံဖန်ရံခါ ဆန္ဒပြမှုများနှင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများလည်း ရှိနေသည်။

သို့သော် ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများ  ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ပတ်သက်ပြီး လုံးဝမကြားဖူးသော၊ အစိုးရ ပြိုလဲခဲ့သော၊ လူမျိုးစု အုပ်စုများသည်လည်း ယင်းတို့၏ သက်ဆိုင်ရာ နယ်မြေများတွင်သာ သီးခြားနေထိုင်လျက်ရှိပြီး အကြမ်းဖက်မှုများက နေရာအနှံ့ပြန့်နှံ့လျက် နိုင်ငံရေး ဆွေးနွေးမှုများမှာလည်း အရင်းအမြစ်များ ခွဲဝေရေးအပေါ် ယှဉ်ပြိုင်မှုများက လွှမ်းမိုးထားသော (ယနေ့ထိ ကျယ်ပြန့်သည့် အတိုင်းအတာတခုထိ လွှမ်းမိုးလျက်ရှိဆဲ) အာဖဂန်နစ္စတန်နိုင်ငံနှင့် မြောက်အိုင်ယာလန် နိုင်ငံသည် များစွာ ကွဲပြားခြားနားသည်။ နိုင်ငံတနိုင်ငံတွင် အလုပ်ဖြစ်သည့် အစီအမံများသည် အခြားတနိုင်ငံတွင် အလုပ်ဖြစ်ချင်မှ ဖြစ်မည်ဟု အလွယ်တကူ သိမြင်နိုင်သော်လည်း ရောဂါရှာဖွေခြင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများကို အသုံးပြုခြင်းသည် ဤနိုင်ငံ ၂ နိုင်ငံတွင် ပဋိပက္ခများ လျော့နည်း ပြေလည်သွားရေးအတွက် မရှိမဖြစ် လိုအပ်သည့် ပထမအဆင့်ဖြစ်ပြီး လိုက်နာဆောင်ရွက်ရမည့်  နည်းလမ်းများ ညွှန်ကြားမှုကိုလည်း ခိုင်မာစေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သမားတော်အနေဖြင့် နာမကျန်းဖြစ်နေသည့် နိုင်ငံအား ပေးနိုင်သည့် ဆေးညွှန်းတွင် အဓိကပါဝင်သည့် ဆေးများမှာ မည်သူများက အုပ်ချုပ်မည်၊ ယင်းတို့အား မည်သို့ ရွေးချယ် တင်မြှောက်မည်ဟူသော ကျယ်ပြန့်သည့် ရွေးချယ်စရာများ ပါဝင်နိုင်သည်။ မည်သူများနှင့် အစိုးရ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းမည်၊ မည်သည့် အာဏာများကို ပေးအပ်ထားမည်၊ လွှတ်တော်သည်  မည်သည့် အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားမည်၊ လွှတ်တော် ကိုယ်စားလှယ်များကို မည်သို့ ရွေးချယ်တင်မြှောက်မည်၊ လွှတ်တော် အမတ်နေရာများအား မည်ကဲ့သို့ ခွဲဝေမည်၊ လွှတ်တော်တွင် အထက်နှင့် အောက် လွှတ်တော် ၂ ရပ် ရှိမည်လား၊ သို့တည်းမဟုတ် တပေါင်းတစည်းထဲ လွှတ်တော် တရပ်သာ ထားရှိမည်လား၊ အစိုးရအာဏာကို မည်သည့် အတိုင်းအတာထိ ဗဟိုဦးစီး ချုပ်ကိုင်မှုဖြင့် ကိုင်စွဲထားမည်နည်း၊ ထူးခြားသည့် ဝိသေသရှိသည့် ဒေသကြီးများနှင့်  တိုင်းရင်းသား လူနည်းစုများ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိနိုင်မည်လား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိပါက မည်သည့်ပုံစံဖြင့် ဖြစ်မည်နည်း။ ဒီမိုကရေစီ ရှင်သန်ကြီးထွားလာစေရန် အထက်ပါ မေးခွန်းများနှင့် အခြားသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ မေးခွန်းများကို ဖြေကြားပေးမည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းများ ခိုင်မာစွာ ရှိနေရမည် ဖြစ်သည်။

သို့တည်းမဟုတ် လူ့အဖွဲ့အစည်းတခုတွင်  ဖြစ်ပွားနေသည့် ပဋိပက္ခကို ထိန်းချုပ်ရန် အဓိက သော့ချက်မှာ ရွေးကောက်ပွဲများနှင့် အာဏာကို အဆင့်ဆင့် ခွဲဝေပေးထားသည့်  အုပ်ချုပ်ရေး စနစ်အပေါ် မူမတည်ဘဲ၊ တရားစီရင်ရေး အဆောက်အအုံ၊ မြေယာပြုပြင်ရေး အခြေအနေ၊ ပြုပြင်ပြောင်းလဲထားသည့် ပညာရေးစနစ်၊ တရားဥပဒေ စိုးမိုးရေးကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့် ရဲတပ်ဖွဲ့များ၊ ထိလွယ်ရှလွယ်ပြီး စိတ်ခံစားမှုများ အကြီးအကျယ် ဖြစ်စေသည့် အမှန်တရား ရှာဖွေဖော်ထုတ်ရေး ကော်မရှင်များ၊ အုပ်စုများအတွင်း ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင်  ဆောင်ရွက်ပေးနိုင်သည့် အရပ်ဘက် အဖွဲ့အစည်းများ သို့မဟုတ် ယင်းအချက်များအားလုံး ပေါင်းစည်းထားခြင်းမျိုးအပေါ် ပိုမို မူတည်နိုင်လေသည်။ မည်သို့ပင် ဆိုစေကာမူ ကျယ်ပြန့်သည့်  ရွေးချယ်စရာများ ရှိနေဖို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပညာရှင်၏ ဆေးအညွှန်းစာအုပ်အတွက် အရေးအကြီးဆုံး ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခြင်းကို ဆေးပညာတွင် ဆိုင်ရာ ရောဂါရှာဖွေခြင်း၊ ကုသမှုပေးခြင်းတို့ဖြင့် နှိုင်းယှဉ်ချက်မှ စမ်းသပ်စစ်ဆေး၍ရသည့် အဆိုပြုချက် ၆ ချက် ပေါ်ထွက်လာခဲ့သည်။ ယင်းအချက် ၆ ချက်အပေါ် မူတည်၍လည်း နည်းနာရွေးချယ်ခြင်း လုပ်ငန်းများ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနိုင်သည်။ ယင်းတို့မှာ –

(၁) စည်းလုံးညီညွတ်မှု မရှိသည့် (သွေးကွဲနေသည့်) လူ့အဖွဲ့အစည်းများတွင် နိုင်ငံရေးဆိုင်ရာ အင်စတီကျုးရှင်းများ မအောင်မြင်ရခြင်းသည် ပြဿနာရောဂါကို စစ်ဆေးရာတွင် မှားယွင်းသောကြောင့် ဖြစ်သည်။

(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံးများဖြင့် ကုသသည့်အခါတွင်လည်း ဆေးဘက်ဆိုင်ရာ ကုထုံးမှာကဲ့သို့ပင် အရေးပေါ်ကုသမှု၊ နာလန်ထနှင့် ရေရှည်ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုအစရှိသည့် အဆင့်ဆင့် ကုသမှု နည်းစနစ်အတိုင်း လိုက်နာသင့်သည်။

(၃) နိုင်ငံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် တခုနှင့်တခု အပြန်အလှန် သဟဇာတ ဖြစ်ရမည်။

(၄) ဒီမိုကရေစီ အခြေခိုင်မာဖို့ဆိုလျှင် နိုင်ငံတော်လူနာအား မကြာခဏ ပြုလုပ်လေ့ရှိသည့်  ရောဂါ အမြစ်မပြတ်ခင် ကုသခြင်းကို ရပ်ဆိုင်းပစ်ခြင်းမျိုး မပြုလုပ်ရ။

(၅) မတည်မငြိမ်ရှိနေပြီး အန္တရာယ်များ ဝိုင်းရံနေသည့် နိုင်ငံတနိုင်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေများ၏ အထောက်အပံ့နှင့်  အကာအကွယ်ကို ရယူရာတွင် အကန့်အသတ်များ  ရှိသည်။

(၆) ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများအား ယင်းတို့ ကြိုက်နှစ်သက်သည့် နိုင်ငံရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများကို ကျင့်သုံးရန် တနေ့တခြားတိုးမြှင့် အကြံပြုနေကြသော အနောက်နိုင်ငံမှ ပညာရှင်များသည် သက်ဆိုင်ရာ နိုင်ငံ၏ ယေဘုယျ အခြေအနေများကို လုံလောက်စွာ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ နေလေ့ရှိသည်။

(၁) ရောဂါရှာဖွေမှု မှားယွင်းခြင်း

နိုင်ငံရေးသိပ္ပံ ပညာရှင်များအကြား လတ်တလော အဓိက အကြိတ်အနယ် ငြင်းခုံဆွေးနွေးနေမှုများအား လေ့လာ သုံးသပ်ကြည့်ခြင်းအားဖြင့် နိုင်ငံတနိုင်ငံ၏ ပကတိအခြေအနေနှင့့် နိုင်ငံတွင်း ဒုက္ခဆင်းရဲများကို ဖြစ်စေသည့် အကြောင်းရင်းများကို သိရှိရန် အရေးကြီးပါသည်။ နိုင်ငံရေးသမားတော်များသည် ပဋိပက္ခများကြောင့်  ဆင်းရဲဒုက္ခ ခံစားနေရသည့်  နိုင်ငံများကို အများဆုံး ပေးလေ့ပေးထရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံး၂ မျိုး၏ အားသာချက်၊ အားနည်းချက်များကို (နှိုင်းယှဉ်) ချိန်ထိုးကြည့်နေကြချိန်တွင် အဆိုပါ ဆွေးနွေးငြင်းခုန်မှု ဒီရေသည်လည်း နိမ့်ချည်မြင့်ချည် ဖြစ်လျက်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကုထုံး ၂ မျိုးအနက် ပထမတမျိုးမှာ အများအားဖြင့် Consociationalism  (အာဏာခွဲဝေမှုစနစ်ကို ကျင့်သုံးပြီး ပူးပေါင်းဆောင်ရွက်ခြင်း) ဟု သိရှိကြသည်။ ဒုတိယ ကုထုံးကိုမူ အစွန်းတရားရှောင် အလယ်အလတ် ဦးစိုက်သည့် မက်လုံးပေးဝါဒ moderation-focused incentivism ဟု ခေါ်ဆိုနိုင်သည်။ အဆိုပါ ကုထုံး ၂ မျိုးအနက် တမျိုးမဟုတ် တမျိုးကို ထောက်ခံ အားပေးသူများအကြား ဆွေးနွေးဖလှယ်မှုများသည် အစိုးရနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို နှိုင်းယှဉ်လေ့လာမှု ပညာရပ်၏ အဓိက အစိတ်အပိုင်း တခုဖြစ်လာခဲ့သည်။ နှစ်ဘက်စလုံးတွင် ထင်ရှားသည့် ပညာရှင်များ ပါဝင်ကြသည်။ ဤနေရာတွင် ကျွနု်ပ်တို့ကို ယင်းကုထုံး ၂ မျိုး၏ အသေးစိတ်  အချက်အလက်များနှင့် ယင်းတို့၏ အငြင်းပွားစရာ အချက်များအကြောင်း ဆွေးနွေးခြင်းဖြင့် အချိန်ကုန်ခံရန် မလိုအပ်ပေ။ မှတ်သားရမည်မှာ ယင်းကုထုံး ၂ မျိုးအနက် တမျိုးကို အသုံးမချမီတွင် မည်သည့်အရာများက နိုင်ငံတနိုင်ကို ပဋိပက္ခများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေသနည်း ဆိုသည်ကို အတိအကျ သိရှိရန်မှာ အရေးကြီးသည့်အချက် ဖြစ်သည်။

Consociationalism သည် ရန်ဘက်အုပ်စုများအကြား သဘောတူညီချက် ရရှိရန် မျှော်လင့်ချက် ကင်းမဲ့နေသည့် သွေးကွဲနေကြသော လူ့အဖွဲ့အစည်းများတွင် ပဋိပက္ခများ လျော့နည်းသွားအောင် ဆောင်ရွက်သည့် ထိရောက်သည့် နည်းလမ်းများကို ပေးအပ်နိုင်သည်။ သို့သော် ယင်းသည် အုပ်စုများအကြား သွေးကွဲနေမှုများကို ပိုမိုခိုင်မာလာစေပြီး သဘောတူညီချက် ရရှိရန် အလားအလာရှိသည့် နိုင်ငံတနိုင်ငံကို ကပ်ဘေးအန္တရာယ်လည်း ကျရောက်အောင် ပြုလုပ်နိုင်သည်။ တနည်းဆိုသော် Consociationalism သည် အချို့သော ဝေဒနာရှင်များကို ပိုမို နာမကျန်းဖြစ်အောင် ပြုလုပ်နိုင်သည့် အပြင်းစား (ဓာတ်ကြမ်းတိုက်) ကုထုံးဖြစ်သည်။ ထို့အတွက်ကြောင့် တခြား အပျော့စား ကုထုံးများဖြင့် ကုသ၍မရသည့်  မျှော်လင့်ချက် ကင်းမဲ့နေသည့်  ရောဂါအခြေအနေမျိုးတွင်သာ ယင်းကုထုံးဖြင့်  ကုသသင့်သည်။

Consociationalism ကုထုံးကဲ့သို့ပင် အစွန်းရောက်မှုများ လျော့နည်းသွားစေရန် မက်လုံးများ ပေးသည့် ကုထုံးများသည်လည်း အန္တရာယ်ရှိနိုင်သည်။ သို့မဟုတ် နည်းလမ်းများစွာဖြင့် အခြေအနေများ လွဲမှားနေခဲ့လျှင် ပေးသည့်  မက်လုံးများသည် အလုပ်မဖြစ်ဘဲ နိုင်ငံသည်လည်း အုပ်စုတစု သို့မဟုတ် ဒေသတခုက အလွန်လွယ်ကူစွာ လွှမ်းမိုးထားနိုင်သည့် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းများဖြင့် ကျန်ခဲ့နိုင်လေသည်။ အတင်းအကျပ် သဘောတူညီချက် ရရှိအောင် ပြုလုပ်ခြင်းနှင့်  ကွဲပြားခြားနားသော်လည်း အကျိုးဖြစ်ထွန်းစေသည့် အတွေးအခေါ် အယူအဆများ မရှိခြင်းကြောင့် ပဋိပက္ခ ဆိတ်သုဉ်းရေး တိုးတက်ဖြစ်ပေါ်မှုကို အနည်းဆုံးအားဖြင့် ထိခိုက်စေနိုင်သည်။ အဆိုးဆုံးမှာ လူများစု၏ အာဏာရှင်စနစ်သည် တိုင်းပြည်အတွက် ပြဿနာဖြစ်လာခြင်း ဖြစ်သည်။ အရေးကြီးဆုံးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံးကို  အသုံးချတော့မည့် အချိန်တွင် နိုင်ငံ၏ အခြေအနေများကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်းသည်  ဤကျယ်ပြန့်သည့်  ကုထုံး ၂ မျိုးထဲမှ ၁ မျိုးကို ရွေးချယ်မှု၏ အဓိက သော့ချက်ဖြစ်သည်။

မှားယွင်းစွာ ရောဂါရှာဖွေမှုကြောင့် ရောဂါနှင့် မအပ်စပ်သည့် ဆေးညွှန်းအမှားကို ပေးတတ်ကြသည်။ သို့သော် ထိုသို့ ရောဂါရှာဖွေမှု မှားခြင်းသည် အဘယ်ကြောင့် ဖြစ်လေ့ဖြစ်ထရှိသည့် အရာတခု ဖြစ်နေရသနည်း ဆိုသည်ကို ရောဂါလက္ခဏာများကို လေ့လာကြည့်ခြင်းဖြင့် သိရှိနိုင်သည်။ ရောဂါဖြစ်စေသည့် အခြေခံအကြောင်းရင်းများ  ကွဲပြားခြားနား ကြသော်လည်း (ဥပမာ အစိုးရပြိုလဲသွားခြင်း၊ လူမျိုးစုများအတွင်း ဖြစ်ပွားသည့် ပဋိပက္ခ) ရောဂါ လက္ခဏာများသည် ဆင်တူယိုးမှား ရှိကြသည်။ အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် တင်းမာမှုများ၏ အခြေခံ အကြောင်းရင်းသည်  မျိုးဆက်ပေါင်းများစွာ အမွေဆက်ခံခဲ့သည့် လူမျိုးစုနှင့် ဘာသာစကား ကွဲပြားခြားနားမှုအပေါ် အခြေခံခြင်းလား၊ သို့တည်းမဟုတ် သက်ဆိုင်ရာ နယ်မြေဒေသများကို ထိန်းချုပ်ထားကြသည့် စစ်ဘုရင်များ၏ အရင်းအမြစ်များ ခွဲဝေမှုနှင့် အာဏာပြိုင်ပွဲများဖြင့် ပိုမိုသက်ဆိုင်သည်လား။ မြောက် အိုင်ယာလန် နိုင်ငံတွင် ပါဝင်သည့် နယ်မြေဒေသ ၆ ခု၏ အခြေခံ ပြဿနာသည် ရိုမန်ကက်သလစ် ကိုးကွယ်သည့် ဘာသာဝင်များ၏ မလုံခြုံမှုနှင့် ပရိုတက်စတင့် ဘာသာဝင်များ၏ ဘာသာရေး သည်းခံမှု မရှိခြင်းကြောင့်လား၊ သို့တည်းမဟုတ် ဘာသာရေး အခြေခံ စီးပွားရေးအရ မညီမျှမှုကြောင့်လား။

အာဖရိကတိုက် အလယ်ပိုင်းတွင် တည်ရှိသည့် မာလာဝီ နိုင်ငံငယ်လေးသည် ရောဂါ မှားယွင်းစွာ ရှာဖွေမှု၏ ထင်ရှားသည့် သာဓကတခုဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် မာလာဝီနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်စိုးနေသည့် အာဏာရှင် ဟေစ်တင်း ကူမူဇ် ဘန်ဒါ (Hastin Kumuz Banda) သည်  ပြည်တွင်းနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့်  ပါတီစုံ ရွေးကောက်ပွဲများ  ကျင်းပရန် သဘောတူခဲ့ရပြီး ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်များကို သတ်မှတ်ပေးခဲ့ရသည်။ အတိုက်အခံ နိုင်ငံရေးသမားများ၊ ဓနသဟာယနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် အလှူရှင်နိုင်ငံများသည် မာလာဝီနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ဘန်ဒါနှင့် တနိုင်ငံလုံး၊ အာဏာရှင်နှင့် ဒီမိုကရက်များ၊ လူဟောင်းနှင့် လူသစ်များအကြား ဖြစ်ပွားနေသည့် ပြဿနာဟု အလွန်ရိုးစင်းစွာ ရှုမြင်ခဲ့ကြသည်။

တိုင်းရင်းသား လူမျိုးစုများ တဖြည်းဖြည်းခြင်း အတူတကွ ရောနှောနေထိုင်လာခြင်းနှင့် အပြန်အလှန် လက်ထပ် ထိမ်းမြားခြင်းများက Identity politics ဟု ခေါ်ဆိုသည့် ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ ကျား၊ မနှင့် ဒေသ အစရှိသည့် အခြေခံတူအုပ်စုများ နိုင်ငံရေးကို  မထင်မရှား ခြိမ်းခြောက်မှုတခု အနေဖြင့်သာ အများဆုံး ယူဆခဲ့ကြသည်။ ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့သည့် မာလာဝီနိုင်ငံသည် ဗြိတိန်နိုင်ငံတွင် ကျင့်သုံးသည့်  Westminster-style Majoritarianism  ဟုခေါ်သည့် (တမဲဖြင့် ကပ်နိုင်စေကာမူ) မဲများသူ အနိုင်ရသော ရွေးကောက်တင်မြှောက်သည့်စနစ်နှင့် တန်ခိုးအာဏာထွားသည့် သမ္မတစနစ်ကို မာလာဝီက ဆက်လက် ကျင့်သုံးခဲ့သော်လည်း မည်သူကမျှ စိုးရိမ်ပူပန်မှု မဖြစ်ခဲ့ချေ။ အပေါ်ယံလွှာ အောက်တည့်တည့်တွင် ခိုအောင်းနေသည့် အရာမှာ ယခင် အကွဲအပြဲဟောင်းများ အတိုင်း ဆက်လက် ဖြစ်ပွားနေသော်လည်း ပုံစံအသစ်ဖြင့် ခြိမ်းခြောက်နေသော အခြေခံတူ အုပ်စုများ၏ နိုင်ငံရေးပင် ဖြစ်သည်။

ဤသတိမမူခဲ့မိသည့်  အန္တရာယ်မှာ ဒေသစွဲဝါဒပင် ဖြစ်လေသည်။ ရာစုနှစ်ပေါင်းများစွာ ဒေသခံတိုင်းရင်းသား အချင်းချင်းအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၊ ကိုလိုနီစနစ်၊ ခရစ်ယာန်ဘာသာ ပြန့်ပွားရေး ဆောင်ရွက်နေသည့် ခရစ်ယာန်ဘုန်းကြီးများနှင့် ဘန်ဒါ၏ အနှစ် သုံးဆယ် အုပ်စိုးမှုတို့ ပေါင်းစပ်လိုက်သည့် အခါတွင် မာလာဝီနိုင်ငံ အလယ်ပိုင်း ဒေသသားများက ထိပ်ဆုံးနေရာတွင် ရှိနေပြီး တောင်ပိုင်းသားများက ဒုတိယလွှာနှင့် မြောက်ပိုင်းသားများက တတိယလွှာတွင် ရှိနေကြသည်။

၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် ၅ နှစ်အကြာ ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှာလည်း မဲစုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းသော မဲများကို ပါတီသုံးခုက ခွဲဝေယူသွားကြသည်။  ယင်းပါတီ သုံးခုစလုံးသည် နိုင်ငံ၏ မတူသည့် ဒေသအသီးသီးတွင် အခြေစိုက်ထားကြသည်။ သမိုင်းက မာလာဝီနိုင်ငံအတွက် ဒေသအပေါ် အခြေခံသည့် နိုင်ငံရေးစနစ်ကို ဖန်တီးပေးခဲ့သည်။ ယင်းကို မှားယွင်းစွာ သုံးသပ်ပြီး ရေးဆွဲခဲ့သည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပိုမို ကွဲပြဲအောင် ပြုလုပ်ပေးလိုက်ပြီး မြောက်ပိုင်းနှင့် တောင်ပိုင်း ဒေသများသည် နိုင်ငံတော်အာဏာ မရရှိနိုင် ဖြစ်နေသည်။ ယနေ့အခါတွင် မာလာဝီနိုင်ငံသည် ဒါဏ်ရာ အနာတရများ ရရှိအောင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကျဆုံးမှုနှင့် နိုင်ငံရေး အကွဲအပြဲများကို ပြေလည်အောင် ရုန်းကန်လှုပ်ရှားနေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ မာလာဝီနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံရေးစည်းမျဉ်းများသည် တိုင်းပြည်ကို ဆိုးရွားစွာ ကွဲပြဲစေသည့် ဒေသဆိုင်ရာ အကွဲအပြဲများ လျော့နည်းသွားအောင် မည်သို့မျှ မဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။

(၂) အရေးပေါ် ဆေးဝါးကုသမှုနှင့် နာလန်ထ ပြုစုစောက်ရှောက်မှု

နိုင်ငံရေးဆိုင်ရာ စည်းမျဉ်းများ ရေးဆွဲခြင်းသည် နာမကျန်းဖြစ်နေသည့် လူနာကို ကုသမှု ပေးသကဲ့သို့ပင် အချိန်ကာလများ ခွဲခြားသတ်မှတ်ရန် လိုအပ်သည့် ကိစ္စတခုဖြစ်သည်။ သမားတော်တဦးအတွက်  ရောဂါ၏ ပြင်းထန်မှုနှင့် ရောဂါအခြေအနေ အဆင့်ဆင့်အတွက် မတူသည့်ကုသမှု အမျိုးမျိုးပေးရန် လိုအပ်သည်ဆိုသည်ကို  ကောင်းစွာ သိရှိနိုင်သော်လည်း နိုင်ငံရေး သမားတော်များသည် ထိုဆေးပညာဆိုင်ရာ အခြေခံ သဘောတရားကို သဘောမပေါက်ကြသည်မှာ အံ့သြဖွယ် ကောင်းသည်။ ပို၍အတိအကျ ပြောရလျှင် အရေးပေါ် အခြေအနေတွင် အသက်ကယ်ရန် ပေးသည့် ဆေးဝါးကုထုံးသည်  ရေရှည် ပျောက်ကင်းအောင် ကုသရန်အတွက် အဆင်မပြေနိုင် ဆိုသည့်အချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံးပေးကြသည့့် သမားတော်များသည် မမြင်နိုင်၊ သို့မဟုတ် လက်မခံလိုကြချေ။

ပြောရလျှင် ၁၉၉၅ ခုနှစ်တွင် ဘော့စနီးယားနိုင်ငံ၊ ၁၉၉၆ ခုနှစ်တွင် ဆယ်ရာလီယွန်နိုင်ငံနှင့် ၂၀၀၂ ခုနှစ်တွင် အာဖဂန်နစ္စတန် နိုင်ငံတို့တွင် ဆွေးနွေးညှိနှိုင်းပြီး၊ သို့တည်းမဟုတ် အတင်းအကျပ် ချမှတ်ပေးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများသည် ရှေးဦးသူနာပြုစုနည်းများ ဖြစ်ကြသည်။ ယင်းတို့၏ ရည်မှန်းချက်သည် လူနာအား စစ်မြေပြင်တွင် သွေးတိတ်အောင် ပြုလုပ်ပေးပြီး အသက်ရှင်အောင် ထားခြင်းမျိုး ဖြစ်သည်။ ယင်းနောက်တွင် အရေးပေါ် ကုသမှု လိုက်လာမည် ဖြစ်သည်။ ယင်းကုသမှုတွင် နိုင်ငံတကာ၏ ထောက်ပံ့ကူညီမှုများဖြင့် အာဏာခွဲဝေခြင်း၊ ဒေသန္တရ အုပ်ချုပ်စီမံမှု၊ မတူညီသည့် အတိုင်းအတာများဖြင့် လူနည်းစု ကိုယ်ပိုင်အုပ်ချုပ်ခွင့် (ဥပမာ – တောင်အာဖရိကနှင့် ကိုဆိုဗိုနိုင်ငံများ) နှင့် ခွဲထွက်ခွင့်များ (အရှေ့ တီမောနိုင်ငံ) အစရှိသည့် စည်းမျဉ်းများ ဥပဒေများ ပါဝင်သည်။

အဆိုပါ ကုသမှု ပြီးသည့်အခါတွင် နာလန်ထနှင့် ရေရှည် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတို့ လိုအပ်လာသည်။ နိုင်ငံရေးတွင် ရေရှည် တည်တံ့ခိုင်မြဲသည့် ဒီမိုကရေစီ အခြေခိုင်မာမှုကို မြှင့်တင်ပေးမည့် စည်းမျဉ်းများကို ပြန်လည် ပြင်ဆင်ခြင်း၊ ပြန်လည် ရေးဆွဲခြင်းကဲ့သို့သော ဆောင်ရွက်ချက်များကဲ့သို့ ထို့နောက်ပိုင်း ကုသမှုအဆင့်များ ပါဝင်သင့်သည်။ သို့သော် ထိုကဲ့သို့သော ဆက်လက် ဆောင်ရွက်သင့်သည်များကို ပညာရှင်များ အနေဖြင့် ဆွေးနွေးခြင်းသည် နှိုင်းယှဉ်ကြည့်ပါက အင်မတန် နည်းပါးသည်ကို တွေ့နိုင်သည်။ လက်တွေ့တွင်လည်း မဆောင်ရွက်ကြသည်ကို တွေ့ရှိရသည်။ ကံအားလျော်စွာပင် ပထမအဆင့် စည်းမျဉ်းများသည် နောက်ဆက်တွဲ ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်မှုအတွက် အဟန့်အတားများ ဖြစ်လာကြသည်ကို တွေ့ရှိရသည်။

ဤအချက်ကို နိုင်ငံ ၂ နိုင်ငံက မတူညီသည့် အတိုင်းအတာများဖြင့် သက်သေပြခဲ့ကြသည်။ ၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံအတွက် ရွေးကောက်ပွဲများ ကျင်းပသည့်အခါ လက်တွေ့လိုအပ်ချက်နှင့် နိုင်ငံရေး ပကတိ အခြေအနေများကြောင့် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ (Proportional  Representation – PR) နှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ဖော်မပြသည့် စနစ်များကို ကျင့်သုံးခဲ့သည်။ ဤအစီအမံသည် ဝါဒရေးရာ၊ လူမျိုးရေး၊ ဘာသာစကားနှင့် ကျားမခွဲခြားမှု Gender အရ ကိုယ်စားပြုမှု (Representativeness) နှင့် ပါဝင်မှု (Participation) ကို အများဆုံး မြှင့်တင်ပေးနိုင်ခဲ့သည်။

ယင်းသို့ မြှင့်တင်ခြင်းသည်လည်း အသားအရောင် ခွဲခြားသည့် လူဖြူအစိုးရ အုပ်ချုပ်မှုအပြီး အစောပိုင်း ကာလများအတွက် အရေးကြီးဆုံး ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ သို့သော်လည်း  ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ၏ ဆက်ဆံရေးသည် တိုက်ရိုက် မဟုတ်ဘဲ တဆင့်ခံ ဖြစ်နေသည်။ ရွေးကောက်ပွဲစနစ်အရ မဲဆန္ဒရှင်များ အနေဖြင့် ပါတီကိုသာ မဲပေးခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံရရန်မှာ ပါတီခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေသည်။ ထိုအခါ အမတ်များအနေဖြင့် ပါတီခေါင်းဆောင်များကိုသာ ကြည့်ရန်လိုပြီး မဲဆန္ဒရှင်များအပေါ် အမတ်များ၏ တာဝန်ခံမှုသည် အားနည်းသွားသည်။ ယင်းအတွက် ပြည်သူများအနေဖြင့် များစွာ ပေးဆပ်ရသည်။

၁၉၉၄ ခုနှစ်နှင့် ၁၉၉၉ ခုနှစ် ရွှေးကောက်ပွဲ ၂ ကြိမ်စလုံးတွင် တောင်အာဖရိကနိုင်ငံမှ မဲဆန္ဒရှင်တဦးသည် သူ၏ရပ်ရွာ သို့မဟုတ် မြို့ (တိုင်းဒေသကြီး အဆင့်အောက်) အတွက် ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းကို အမည်နာမ အတိအကျဖြင့် မရွေးချယ်နိုင်ချေ။ ထို့အတူ ပါတီတခုအတွင်းမှ ကိုယ်စားလှယ်လောင်းများကိုပင်  ခွဲခြားပြီး ရွေးချယ်နိုင်သည့် အခွင့်အာဏာ မရှိခဲ့ပေ။ အသွင်ကူးပြောင်းရေးကာလ ၁၀ နှစ်တာ ကြာပြီးသည့်အခါတွင်မူ  ဒေသခံပြည်သူ မဲဆန္ဒရှင်များအပေါ် တာဝန်ခံမှုကို မြှင့်တင်ရန်အတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ရန် လိုအပ်ကြောင်းကို အများသဘောတူ လက်ခံလာကြသည်။ သို့သော် အာဏာရ အာဖရိကန် အမျိုးသား ကွန်ဂရက်ပါတီမှ နိုင်ငံရေးသမားများ အပါအဝင် လက်ရှိ ရွေးကောက်ပွဲစနစ်မှ အကျိုးအမြတ် ဖြစ်ထွန်းနေသူများအား ကျော်လွှားရန် မလွယ်ကူကြောင်း သက်သေပြခဲ့သည်။ အရေးပေါ်ကာလတွင် ဒီမိုကရေစီ၏ အနှစ်သာရကို ကောင်းစွာ ဖော်ဆောင်နိုင်ခဲ့သည့် ရွေးကောက်ပွဲစနစ်သည် ယခုအခါတွင် ပြည်သူလူထု၏ ပါဝင်မှုနှင့် ပြည်သူလူထုအား တာဝန်ခံမှုကို အနှောင့်အယှက်ပေးသည့် အရာဖြစ်လာသည်။ ထိုအတွက်ကြောင့် ဒီမိုကရေစီ အခြေခိုင်မာရေးအတွက်လည်း အနှောင့်အယှက် ဖြစ်နေသည်။

ဘော့စနီးယားနိုင်ငံ အရေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပေါ် ရှေးဦးသူနာပြုနည်းနှင့် ရေရှည် ကျန်းမာရေး စောက်ရှောက်မှုတို့အကြား အဆက်ပြတ်နေမှုကို ပိုမိုသိသာ ထင်ရှားစေသည်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ချုပ်ဆိုခဲ့သည့်  ဒေတန် သဘောတူစာချုပ်သည် ၁၉၉၂ ခုနှစ်ကစပြီး ယခင် ယူဂိုဆလားဗီးယားနိုင်ငံ ဘော့စနီးယား-ဟာဇီဂိုဗီနား ဒေသတွင်  ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သည်။ ဤစစ်ပွဲကြောင့် လူပေါင်း ၁ သိန်းကျော်  သေကြေပျက်စီးခဲ့ရပြီး ဘော့စနီးယားလူမျိုး အားလုံး၏ ထက်ဝက်နီးပါးကိုလည်း အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့တွင် ငြိမ်းချမ်းရေးအတွက် ပေါက်ဖွားခဲ့သည့် မျှော်လင့်ချက်များသည် နိုင်ငံရေးအဆောက်အအုံများ အပေါ်တွင် တည်မှီနေခဲ့သည်။ ယင်း အဆောက်အအုံများသည် ဘော့စနီးယား နိုင်ငံရေးကို လူမျိုးစုအပေါ် အခြေခံစေပြီး အဆိုပါဒေသရှိ ပြည်သူများကိုလည်း နိုင်ငံရေးအရ လည်းကောင်း၊ နယ်မြေဒေသအလိုက် လည်းကောင်း ခွဲခြားသတ်မှတ်ထားသည်။ လူမျိုးစုအားလုံးကို  မဲဆွယ်စည်းရုံးရန် ဆန္ဒလည်းရှိ၊ အရည်အချင်းလည်းရှိသည့် အစွန်းမရောက်သည့် အလယ်အလတ်လမ်းစဉ် ကျင့်သုံးသည့် ပါတီများ ပေါ်ထွန်းရန် နေရာ လုံး၀ မရှိဖြစ်ခဲ့သည်။

ဤစာချုပ်အရ ဘော့စနီးယားနိုင်ငံကို ဆာဘ့်လူမျိုး အများစု နေထိုင်သည့် Republicka Srpska နှင့် နိုင်ငံအကျယ်အဝန်း စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းရှိပြီး ကက်သလစ် ခရိုအတ် (Catholic Croats) လူမျိုးများနှင့် မွတ်စလင် ဘော့စနီးယက် (Muslim Bosniaks) လူမျိုးများ နေထိုင်သည့် နယ်မြေဖယ်ဒရေးရှင်းဟု ၂ ပိုင်း ပိုင်းခြားလိုက်သည်။

အမျိုးသားလွှတ်တော်တွင် အထက်လွှတ်တော်ရှိပြီး လူမျိုးစုတခုစီမှ အမတ် ၅ ဦးစီဖြင့် ဖွဲ့စည်းထားသည်။ အမတ်နေရာ ၂၈ နေရာဖြင့် ဖွဲ့စည်းထားသည့် အောက်လွှတ်တော်တွင်မူ တဝက်ကို ဖယ်ဒရေးရှင်းမှ ရွေးချယ်တင်မြှောက်ပြီး ကျန်တဝက်ကို Republicka Srpska မှ ရွေးချယ်သည်။ နိုင်ငံတော် သမ္မတရာထူးကို သမ္မတ ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ဆာဘ့်များက ၁ ဦး၊ ခရိုအတ်များက ၁ ဦး၊ မွတ်စလင်များက ၁ ဦး ရွေးချယ်သည်။ အုပ်စုတိုင်းတွင် ဗီတိုအာဏာရှိပြီး မိမိလူမျိုးများ၏ အဓိက အကျိုးစီးပွားကို  ထိခိုက်မည်ဟု ထင်သည့်  ဥပဒေကြမ်းအားလုံးကို ပယ်ချနိုင်သည်။ ဗဟိုအစိုးရသည် နှိုင်းယှဉ်ကြည့်ပါက အာဏာမရှိဘဲ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ကိစ္စများတွင်သာ အာဏာကို သုံးနိုင်သည်။ အာဏာကို အဓိက ကိုင်စွဲထားသူများမှာ ဖယ်ဒရေးရှင်းနှင့် ရီပတ်ဗလစ်တို့၏ လွှတ်တော်များ ဖြစ်သည်။ ထိုလွှတ်တော် ၂ ရပ်သည်လည်း ဘော့စနီးယား တနိုင်ငံလုံးရှိ မဲဆန္ဒရှင်များ၏ လိုလားချက်များကို ဖြည့်ဆည်း တုန့်ပြန်မည် မဟုတ်ချေ။ အာဏာကို ဗဟိုမှသည် အောက်ခြေသို့ အဆင့်ဆင့် ခွဲဝေပေးထားသည့် ဘော့စနီးယားအစိုးရ၏ အာဏာကို အဆင့်တိုင်းတွင် အပြန်အလှန် ထိန်းညှိထားခြင်းခံရသည်။ အမှန်စင်စစ်တော့ ဘော့စနီးယားရှိ လူမျိုးစုများကို သက်ဆိုင်ရာ အုပ်စုအလိုက် ပိုင်းခြားထားသည့် စနစ်ဖြစ်သည်။ ဒေတန် သဘောတူညီချက်အရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် အမှန်တွင် သက်ဆိုင်ရာ လူမျိုးစုများ၏ လူဦးရေ သန်းခေါင်စာရင်း ကောက်ခံခြင်းသာ ဖြစ်သည်။

မျှမျှတတပြောရလျှင် လူမျိုးစုများအကြား အုပ်စုပိုကွဲသွားစေသည့် အဆိုပါ Consociational ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပဋိပက္ခဖြစ်ပွားနေသည့် ဘော့စနီးယား နိုင်ငံအတွက် ဒေတန် သဘောတူညီချက် စာချုပ်ပေါ်တွင် လက်မှတ်များ ရေးထိုးရန်နှင့် သွေးချောင်းစီးမှုကို ရပ်တန့်ရန် လိုကောင်းလိုအပ်နိုင်ခဲ့သည်။ သို့သော်ငြားလည်း လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သေရေးရှင်ရေး လိုအပ်နေပြီး ချက်ခြင်းလက်ငင်း အကျိုးရလဒ်များအပေါ် ဦးစိုက်ခဲ့မှုသည် လူမျိုးစု နိုင်ငံရေးကို ဦးစားပေးမှုနှင့် လူမျိုးစုများအကြား အုပ်စုကွဲမှုကို ပိုမိုခိုင်မာစေခဲ့သည် ဆိုသည်ကိုမူ ငြင်းချက်မထုတ်နိုင်ပေ။ ထိုသို့ လူမျိုးစုနိုင်ငံရေး ပေါ်ပေါက်လာခြင်းသည် လူမျိုးစုများအကြား ပေါင်းစည်းရေး နှင့် ဒီမိုကရေစီ အခြေခိုင်မာရေးအတွက် ရေရှည် အလားအလာများအပေါ် ဝန်ခံရလျှင် မလှပသည့် အဟန့်အတားများကို ပိုမိုဖန်တီးပေးခဲ့သည်။ အုပ်စုများအကြား လူမျိုးရေးအခြေခံ မဲဆွယ်စည်းရုံးမှုများ  လျော့နည်းသွားစေရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် ဒေတန် သဘောတူစာချုပ်အနေဖြင့် အကြောင်းပြချက် မပေးနိုင်ခဲ့ချေ။

ထို့အတူ ကုလသမဂ္ဂ မဟာမင်းကြီး (UN High Representative) သည်လည်း နဂိုမူလ ငြိမ်းချမ်းရေး အစီအစဉ်က ဘယ်သောအခါမှ ထည့်သွင်း မျှော်မှန်းမထားသည့် ဆောင်ရွက်မှုဖြင့် လစ်ဟင်းနေသည့် အာဏာကွက်လပ်ကို ဖြည့်ဆည်းရန် ကြိုးပမ်းခဲ့သည်။ ၁၉၉၆ နှင့် ၁၉၉၉ ခုနှစ်များတွင် ကျင်းပခဲ့ကြသည့် ရွေးကောက်ပွဲများတွင် မျှော်လင့်ထားသကဲ့သို့ပင် ပါတီအားလုံံးတို့သည်  ရန်လိုပြီး ပိုမိုအုပ်စုကွဲပြားစေသည့် လူမျိုးစု အသိုင်းအဝန်းနှင့်  မတူညီမှုအပေါ် အခြေခံ၍ မဲဆွယ်စည်းရုံးကြသည်။ ၂၀၀၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင်မူ ပိုမိုအစွန်းရောက်သည့် အမျိုးသားရေးဝါဒ အခြေခံ ဘော့စနီးယက်နှင့် ဆာဘ့်ပါတီများဘက် အလေးသာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ မည်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကမှ ဤမျှလောက်  အုပ်စုများ အထင်ကရ ကွဲနေကြသည့်  ဘော့စနီးယား နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ နိုင်ငံတော်တခု ထူထောင်ရန်အတွက် အာမခံချက် ပေးနိုင်လိမ့်မည်မဟုတ်ဟု တချို့က ငြင်းချက်ထုတ်နိုင်သည်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျည်းများကို မပြင်မချင်း လူမျိုးစုများအား အုပ်စုကွဲသွားရန် ဝတ်ဆင်ပေးထားသည့် ကိုယ်ကျပ်အကျႌမှ လွတ်မြောက်ရန် ဘော့စနီးယား နိုင်ငံသားများအတွက် မျှော်လင့်ချက် မရှိချေ။ ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအဆင့်များ သတ်မှတ် ရွေးချယ်စေသည့် ဆန်းသစ်တီထွင်ထားသော ရွေးကောက်ပွဲစနစ်များ (Preference voting) နှင့် ဒေသတခုတည်းကို အခြေမခံဘဲ ဒေသအများအပြားရှိ မဲဆန္ဒရှင်များ လိုလားတောင့်တသည့် မူဝါဒများကို အခြေခံ စည်းရုံးသိမ်းသွင်းသည့် ပါတီများအား ဆုချီးမြှင့်ခြင်းတို့သည် အုပ်စုများအကြား စေ့စပ်ညှိနှိုင်းသည့် အပြုအမူတို့ ဖြစ်ပေါ်ရန် တွန်းအား ဖြစ်နိုင်သည်။ (ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအဆင့် သတ်မှတ် ရွေးချယ်သည့် ရွေးကောက်ပွဲစနစ် ဖြစ်သည်။ ဦးစားပေး (၁)၊ ဦးစားပေး (၂)၊ ဦးစားပေး (၃) အစရှိသဖြင့် သတ်မှတ်ပေးရသည်။)

ဆက်လက်ဖော်ပြပါမည်။

(အင်ဒရူး ရေးနိုးစ် (Andrew Reynolds) သည် အမေရိကန်ပြည်ထောင်စု မြောက် ကာရိုလိုင်းနား တက္ကသိုလ်၊ ချာပယ်ဟေးလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခတဦး ဖြစ်သည်။ သူသည် အာဖဂန်နစ္စတန်နှင့် ဆူဒန်နိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် ရွေးကောက်ပွဲ စနစ်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ကျွမ်းကျင်သူ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။ သူ၏ နောက်ဆုံး ထုတ်ဝေခဲ့သည့် စာအုပ်မှာ “The Architecture of Democracy: Constitutional Design, Conflict Management and Democracy (2002)” ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading