၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ထိုစဉ်က အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) စစ်အစိုးရက ကျင်းပပေးခဲ့တာ ဒီကနေ့ဟာ ၂၃ နှစ်ပြည့်ခဲ့ပါပြီ။
၁၉၉၀ ခုနှစ်နောက်ပိုင်း ၂၀၁၀ ခုနှစ်လောက်ထိ မေလ ၂၇ ရက်နေ့ ရောက်တိုင်း အနိုင်ရ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အတိုက်အခံ အဖွဲ့တွေဟာ ရွေးကောက်ပွဲ အောင်ပွဲနေ့အဖြစ် နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ NLD က ဒီအခမ်းအနားကို မကျင်းပတော့ပါဘူး။
၁၉၉၀ ရွေးကောက်ပွဲဆိုတာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီး ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံက စစ်အစိုးရ ကျင်းပပေးတဲ့ ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ၁၉၈၈ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲများကို ပြန်စဉ်းစားမိပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ပေါ်လာတဲ့အကြောင်းအရင်း
တကယ်တော့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးစပြီး လုပ်တဲ့အချိန်တုန်းက နိုင်ငံရေးပါတီတွေလည်း မရှိသေးဘူး။ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်ဆိုတာလည်း မရှိသေးဘူး။ ဒီ့အပြင် ရှစ်လေးလုံးရဲ့ အမြင့်ဆုံး အမှတ်ကို ရောက်တဲ့အထိ ထင်ရှားတဲ့ နိုင်ငံရေး ဦးဆောင်မှု၊ နိုင်ငံရေး ခေါင်းဆောင်ဆိုတာ မပေါ်ထွန်းခဲ့ဘူး။
ဒါပေမယ့် ရှစ်လေးလုံးက တဆင့် လူသိများတဲ့ ပုဂ္ဂိုလ်တွေ (Public Figures) ပေါ်ထွက်လာခဲ့တယ်။ ဒါဟာ ခေါင်းဆောင် ပေါ်ထွက်လာခဲ့တာ မဟုတ်ဘဲ လူထုအုံကြွမှု လှိုင်းထဲမှာ ဝင်စီးခဲ့ကြတာဖြစ်ပြီး ဦးဆောင်မှု ထိထိရောက်ရောက် မပေးခဲ့နိုင်ဘူး ဆိုတာတော့ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမှာပါ။
ရှစ်လေးလုံး ကာလ ကြားဖြတ်အစိုးရ၊ စင်ပြိုင်အစိုးရ ဆိုတာတွေကလည်း ကြွေးကြော်သံ အဖြစ်သာ လေထဲ ကျန်ရစ်ပြီး အသက်ဝင် မလာနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာ မသိမ်းခင်အထိ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုကို မြန်မာလူထုက ဦးဆောင် တွန်းအားပေးခဲ့တာပါ။
ဒါပေမယ့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ကတော့ စစ်တပ်က အာဏာသိမ်းကာ မြန်မာ့နိုင်ငံရေးကို စစ်တပ်က ဦးဆောင်ခဲ့ပါတယ်။ ဒါဟာ ရှစ်လေးလုံးကာလ အာဏာလေဟာနယ်ကို အစားထိုးနိုင်ခဲ့တာ မရှိခဲ့လို့ အဖွဲ့အစည်းပုံစံနဲ့ အဆင်သင့်ဖြစ်နေတဲ့ စစ်တပ်က နေရာဝင်ယူလိုက်တာလည်း ဖြစ်ပါတယ်။
ဒီနောက် န.ဝ.တ စစ်အစိုးရက အာဏာသိမ်းပြီး ၂ နှစ်နီးပါမှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်ပေးကာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ထိုစဉ်က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မယ်လို့ ကမ္ဘာသိ ကတိပေးခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးနဲ့အတူ တကျော့ပြန်လူသိများလာခဲ့တဲ့ စစ်အရာရှိ ဟောင်းကြီးများ ဖြစ်ကြတဲ့ ဦးအောင်ကြီး၊ ဦးတင်ဦးနဲ့ တပ်မတော်ဖခင် ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အကြီးဆုံး အတိုက်အခံ NLD ပါတီက တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲအပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရလိုက်တာကတော့ စစ်အာဏာရှင် လက်အောက် နှစ်ပေါင်း ၃၀ လောက် နေခဲ့ရတဲ့ မြန်မာပြည်သူတွေက မြန်မာ့နိုင်ငံရေးကို မဲနဲ့ပြန်ပြီး ဦးဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့မှုတခုလည်း ဖြစ်ပါတယ်။
ထူးခြားတာတခုကတော့ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်ပေမယ့် တိုင်းရင်းသား ဒေသတွေကို အခြေခံပြီး ဖွဲ့စည်းယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ ရွေးချယ်မခံခဲ့ရတာပါ။ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ တချို့ တိုင်းရင်းသားပါတီက နေရာ နည်းနည်းသာ အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် န.ဝ.တ စစ်အစိုးရရဲ့ လက်ဦးမှုယူပြီး လုပ်ဆောင်ခဲ့တဲ့ အမိန့်အမှတ် ၁/၉၀၊ ၁၁/ ၉၂၊ ၁/၉၃ ဆိုတဲ့ အမျိုးသားညီလာခံ ကျင်းပဖို့ အကြောင်းပြချက် အမိန့်တွေနဲ့ စစ်တပ်က လူထုဆန္ဒကို ဆန့်ကျင်ပြီး မြန်မာ့နိုင်ငံရေး ဦးဆောင်မှုတွေကို ပြန်လည် ရယူခဲ့ပြန်ပါတယ်။
၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က စတင်လိုက်တဲ့ ကမ္ဘာ့အရှည်ကြာဆုံး အမျိုးသားညီလာခံကြီးကို မြန်မာစစ်အစိုးရက ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။
ထိုစဉ်က အမျိုးသားညီလာခံကို ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီဖြစ်တဲ့ NLD လည်း ၁၉၉၅ ခုနှစ်၊ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ပြန်လွတ်လာချိန်အထိ တက်ရောက်ခဲ့ပါတယ်။
အမျိုးသားညီလာခံ ကျင်းပနေစဉ် အတွင်းမှာ န.ဝ.တ စစ်အစိုးရက အမိန့်အမှတ် ၅/၉၆ ဆိုတဲ့ ညီလာခံကို ကာကွယ်တဲ့ ဥပဒေ ထုတ်ပြန်ခဲ့တယ်။
၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ န.ဝ.တ စစ်အစိုးရက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (န.အ.ဖ) အဖြစ် ပြောင်းခဲ့ပြီး ညီလာခံကို NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတချို့ မပါဘဲ ဆက်လက် ကျင်းပခဲ့ပါတယ်။
၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ NLD အပါအဝင် မဟာမိတ် တိုင်းရင်းသား နိုင်ငံရေးပါတီတွေ စုစည်းပြီး “ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ” (CRPP) ကို စတင် ဖွဲ့စည်းခဲ့ပြီး စစ်တပ်က တလျှောက်လုံး လျစ်လျူရှုခဲ့တဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်ဖို့ ပြန်လည် အားထုတ်ခဲ့ကြပါတယ်။ CRPP အနေနဲ့လည်း မြန်မာနိုင်ငံရေး ရလဒ်တခုကို မဆောင်ကျဉ်းနိုင်ခဲ့ပါဘူး။
ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခိုင်အမာ ဆုပ်ကိုင်လာခဲ့ရင်း တက်ကြွ လှုပ်ရှားသူတွေဟာ ဘဝတွေ၊ အသက်တွေ ပေးခဲ့ကြရပါတယ်။
ဒါပေမယ့် စစ်အစိုးရက လူ ၁ သိန်းခွဲကျော် သေဆုံးခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီး ရက်ပိုင်းမှာပဲ အမျိုးသားညီလာခံက ရေးဆွဲခဲ့ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်ပြီး အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲ လုပ်တဲ့အခါ ထိုစဉ်က စစ်အစိုးရက မဲလိမ်တာ၊ မဲခိုးတာတွေ လုပ်ခဲ့ပေမယ့်လည်း မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲ ဖြစ်လိုသူ ပညာတတ်တချို့ အပါအဝင် သာမန်ပြည်သူတချို့ကလည်း ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
သူတို့တွေရဲ့ ထောက်ခံမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စစ်တပ်ကို ထောက်ခံတာ မဟုတ်ပေမယ့် အပြောင်းအလဲကို လိုချင်လို့ ထောက်ခံခဲ့တာကတော့ သိသာပါတယ်။ ဒါနဲ့ပဲ နာဂစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ၉၃ ရာခိုင်နှုန်းကျော်နဲ့ အတည်ပြုပါတယ်ဆိုပြီး စစ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး န.အ.ဖ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ ကြိုတင်မဲတွေ၊ မဲလိမ်မှု၊ မဲခိုးမှုတွေနဲ့ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ တချိန်က လူမှုရေး အသင်းကြီးတဖြစ်လဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့တယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ထူးခြားမှု တခုအနေနဲ့ တွေ့ရတာက ၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်မှု မလုပ်ခဲ့တော့ တိုင်းရင်းသားဒေသတွေကို ကိုယ်စားပြု ရွေးချယ်တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ သူတို့ဒေသတွေမှာ အနိုင်ရကြပါတယ်။
ဒီနောက်မှာတော့ လွှတ်တော်တွေ ပေါ်ပေါက်လာပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ တိုင်းရင်းသား နိုင်ငံရေး နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်လာနိုင်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကနေ သမ္မတ ဦးသိန်းစိန် အစိုးရ ပေါ်ပေါက်လာပြီးနောက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။ န.အ.ဖ အစိုးရက ဖျက်သိမ်းထားတဲ့ သူဦးဆောင်တဲ့ NLD ပါတီကို ပြန်လည် မှတ်ပုံတင်ခွင့်ပေးခဲ့တယ်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ
အစိုးရအဖွဲ့မှာ တာဝန်ပြောင်းယူကြတဲ့အတွက် ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ အစား လစ်လပ်နယ်မြေ ၄၃ နေရာအတွက် ၂၀၁၂ ခုနှစ်မှာ ကြားဖြတ် ရွေးကောက်ပွဲကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံး ကျင်းပပေးခဲ့ပါတယ်။
NLD ပါတီကလည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပါတီမှတ်ပုံ ပြန်တင်ပြီး ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကာ မဲအပြတ်အသတ်နဲ့ အနိုင်ရလိုက်ပြန်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ မြန်မာ့နိုင်ငံရေးကို ပြန်လည် ဦးဆောင်ဖို့ နောက်ဆုံးကြိုးစားမှု တခုလို့ ပြောလို့ရပါတယ်။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီအပြင် တိုင်းရင်းသားပါတီ ၁၇ ခုကလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ကြပါတယ်။
ဒီနေရာမှာ ထူးခြားမှုတခုအနေနဲ့ ၁၉၈၈ ခုနောက်ပိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်တိုင်း တိုင်းရင်းသား ပါတီတွေဟာ သူတို့ဒေသတွေမှာ အနိုင်မရကြပါဘူး။
အခုဆို NLD ပါတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်သူ့လွှတ်တော် အမတ်တဦးဖြစ်လာတဲ့ အပြင် လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်လာပါပြီ။
လာမယ့် ၂၀၁၅ ခုနှစ်ဆိုရင်တော့ နောက်ထပ် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း သမ္မတ ဖြစ်လိုကြောင်းနဲ့ ရွေးကောက်ပွဲ မကျင်းပမီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးလုပ်ဖို့ လိုအပ်ကြောင်း တဖွဖွ ပြောလာပါတယ်။
လက်ရှိလွှတ်တော် ၂ ရပ်ပေါင်းမှာ ကြံ့ခိုင်ရေးပါတီက လွှမ်းမိုးထားကာ တိုက်ရိုက်ခန့်အပ်တဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ရှိနေပါတယ်။ NLD ပါတီကြီးအနေနဲ့ ယခင် ရွေးကောက်ပွဲက သင်ခန်းစာတွေယူပြီး ဒီမိုကရေစီ လိုလားသူ တိုင်းရင်းသားပါတီတွေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဘယ်လို ဖြတ်သန်းကြမယ် ဆိုတာတော့ စိတ်ဝင်စားစရာအဖြစ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။