မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားတွင် ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာလျှင် ကျပ်ငွေ ၈၅၀ နှင့် ၈၇၀ အကြား ရှိခဲ့ရာမှ ယခု မေလ ဆန်းပိုင်းမှ စတင်၍ ဒေါ်လာတန်ဖိုးများ မြင့်တက်ခဲ့ရာ ယနေ့ မေလနှောင်းပိုင်းတွင် ၉၆၅ ကျပ်အထိ မြင့်တက်လာပြီး ယနေ့ မေလ ၂၇ ရက်နေ့တွင် တဒေါ်လာ ၉၅၄ ကျပ်ဝန်းကျင် ဈေးပေါက်လျက် ရှိသည်။ ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ပို့ကုန်သမားများ တွက်ခြေကိုက်ပြီး ပို့ကုန်တန်ဖိုးမြင့်တက်လာမည်ဟူသော သုံးသပ်ချက်များ ရှိသော်လည်း လက်တွေ့တွင် အဓိက သွင်းကုန် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး အကျိုးဆက်အဖြစ် ပို့ဆောင်ရေး ကုန်ကျစရိတ်လည်း တက်လာကာ အခြေခံစား သောက်ကုန်ပစ္စည်း ဈေးနှုန်းများပါ တရိပ်ရိပ်မြင့်တက်လာခြင်းကြောင့် စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များကို ဧရာဝတီက ဆက်သွယ်မေးမြန်းပြီး အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် (စီးပွားရေးပညာရှင်)
ဒေါ်လာဈေး အတက်အကျ ကြမ်းတာဟာ စီးပွားရေးအမြင်အရ ကောင်း၏ မကောင်း၏ ဆိုတာက စီးပွားရေးမှာ ကောင်းတာ တွေရှိသလို မကောင်းတာတွေလည်း ရှိတာပဲလေ။ Export လုပ်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ သွင်းကုန်လုပ် သူတွေကြတော့ အဆင်မပြေဘူး။ ကျနော်တို့ နိုင်ငံအတွက်ကတော့ ဒီနှစ်ခုကို ချိန်ရမှာပဲ။ ပို့ကုန်လုပ်ငန်းလုပ်သူတွေ ရမယ့် အကျိုးကျေးဇူးတွေနဲ့ သွင်းကုန်လုပ်ငန်းလုပ်သူတွေ ဆုံးရှုံးနစ်နာမှုဟာ နိုင်ငံစီးပွားရေးအတွက် ချိန်ရတယ်။ ကျနော်ထင်တာကတော့ နိုင်ငံတော်က ထုတ်ကုန်လုပ်ငန်းတွေကို အားပေးနေတဲ့ အချိန်ဖြစ်နေတဲ့အတွက် ထုတ်ကုန်လုပ်ငန်းလုပ်သူတွေအတွက် ပိုကောင်းတယ်လို့ ပြောလို့ရတယ်။
ပြီးတော့ ဒေါ်လာနဲ့ လစာရနေသူတွေ အတွက် ကောင်းတယ်။ အခြေအနေ တခုမှာ ကောင်းကျိုးတွေ၊ အားသာချက်တွေ ရှိတဲ့သူတွေ ရှိသလို ဆိုးကျိုးတွေရှိတဲ့ လူတွေလည်း ရှိတာပဲ။ စီးပွားရေးတခုလုံးကို ခြုံကြည့်ရင်တော့ အားသာချက် ရှိတဲ့သူတွေ များနေဖို့ပဲ၊ သူတို့အတွက် စဉ်းစားဖို့ပဲ လိုတာပေါ့။
တိုင်းပြည်အတွက် အားနည်းတဲ့ ငွေကြေးစနစ်ဖြစ်တဲ့အတွက် ဂျပန်မှာဆိုရင်တောင် သူတို့ငွေကြေးစနစ်ကို အားနည်းအောင်လုပ်တယ်။ တရုတ်လည်း ဒီလိုပဲ လုပ်သွားတာလေ။ ထုတ်ကုန်ကို အားပေးချင်တာကိုး။ ဒါကြောင့် သူ့ကို သူများတွေက ငွေကြေးတန်ဖိုးကို လျှော့ချတယ်ဆိုပြီး ရှုတ်ချကြတယ်။ တရုတ်ပြည်လုပ်တဲ့ ပုံစံကို ကြည့်လို့ရတာပဲလေ။
ပို့ကုန်လုပ်ငန်း လုပ်သူတွေ များများဝင်ငွေရလို့ နိုင်ငံခြားဈေးကွက်တွေ ရှိလာလို့ဆိုရင် ထုတ်ကုန်လုပ်ငန်းနဲ့ ပတ်သက်သူတွေအတွက် အကျိုးပိုရှိလာမယ်လို့ မှန်းပါတယ်။ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနိုင်မှာ ဖြစ်သလို သွယ်ဝိုက်သောနည်းနဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်မှာပါ။
ဒေါ်လာဈေး အတက်အကျ ကြမ်းတဲ့အတွက် ကောင်းကျိုး ဆိုးကျိုး တွေက အားလုံးက ဈေးနှုန်းလို့ ပြောရင် ဝယ်လိုအားနဲ့ ရောင်းလိုအား ပေါ့။ ဝယ်လိုအား ရောင်းလိုအား မျှခြေပဲလေ။ အရင်က တဒေါ်လာ ၈၀၀ ကနေ အခု တဒေါ်လာ ၉၀၀ ဖြစ်လာတယ်။ အခု ၉၀၀ ကနေ ၁၀၀၀ ကြား ဖြစ်လာပြီဆိုတော့ ကောင်းကျိုး၊ ဆိုးကျိုး ဆိုတာထက် ဒါကို ပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ အခွင့်အရေးယူပြီး ကောင်းအောင်လုပ်ကြပါလို့ပဲ တိုက်တွန်းရမှာပါ။
ဒေါက်တာ မောင်မောင်စိုး (အငြိမ်းစားပါမောက္ခ၊ ရန်ကုန်အဝေးသင် တက္ကသိုလ် ဘောဂဗေဒဌာန)
ဒေါ်လာဈေးအတက်အကျ ကြမ်းတာက စီးပွားရေးအမြင်အရ ပြောမယ်ဆိုရင် လုံးဝမကောင်းဘူး။ တိုင်းပြည်အတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုတော့ ငွေဖောင်းပွမှုက ပိုကြောက်ဖို့ကောင်းတယ်။ အခု ဒေါ်လာဈေး အတက်အကျက အရမ်းကြမ်းတယ်။ ဒါတွေ ဘာလို့ အခုလိုဖြစ်နေတာလဲဆိုတာ ကျနော် မပြောတတ်သေးဘူး။ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက လုံးဝမကောင်းဘူး။ အထူးသဖြင့် စီးပွားရေးအတွက် ပိုတောင် မကောင်းဘူး။ စီးပွားရေးအတွက် မကောင်းဘူးဆိုတာက အခု ဒေါ်လာက ဖောင်းပွနေတယ်။ ဒီတော့ ပေးချေတဲ့အခါမှာ ဒေါ်လာနဲ့ ချေရပြီ။ ဒီတော့ ပြည်သူတွေအပေါ် ထပ်ပိတာပေါ့။
ဦးကြည်မြင့် (လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဒေါ်လာဈေးထိုးတက်တာက နိုင်ငံသားအများစုအတွက် မကောင်းဘူး။ ဒီထက် ထပ်တက်မယ်ဆိုရင် ပိုပြီးတော့ မကောင်းဘူး။ ဒေါ်လာဈေးတက်တဲ့အတွက် သွင်းကုန်တွေပါ ဈေးတက်တယ်။ ဒါပေမယ့် ဂျာနယ်တွေမှာ ကြည့်ရင် ပို့ကုန်သမားတွေ ငိုပြတာကို တွေ့ရတာ များနေတယ်။ အမှန်ဆို သူတို့အတွက်က ဒေါ်လာဈေးတက်လေ ကောင်းလေပဲလေ။ သူတို့က ဒေါ်လာဈေးတက်အောင် လွှတ်တော်တွေ အစိုးရအဖွဲ့တွေကို ချဉ်းကပ်ခဲ့တယ်၊ ဒီတော့ ဈေးတက်ခဲ့တယ်။ ဈေးတက်လာတော့ သူတို့အတွက် ကောင်းကျိုးတွေ ရှိပေမယ့် လူအများစုအတွက်ကတော့ ဆိုးကျိုးတွေ ရှိလာနိုင်တယ်။
တိုင်းပြည်အတွက်တော့ ကုန်ဈေးနှုန်းတွေ ကြီးကုန်တာပေါ့။ သွင်းကုန်ဆိုတဲ့ အထဲမှာ စားသောက် ကုန်တွေတင် မဟုတ်ဘဲ ဓာတ်ဆီ၊ ဒီဇယ်ဆီလို စက်သုံးလောင်စာဆီတွေလည်း ပါတာကိုး။ ဒါတွေဈေးတက်မယ်၊ ကုန်ကြမ်းတွေ ဈေးတက်မယ်ဆိုရင် တိုင်းပြည်ရဲ့ ထုတ်လုပ်တဲ့ ကုန်စည်တွေအပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေပါ ဈေးတက် ကုန်မှာပေါ့။ ဒါတွေ ဈေးတက်ကုန်တော့ အလုပ်သမားတွေက လုပ်ခမလောက်လို့ လုပ်ခတွေ တိုးတောင်းလာမယ်။ မရပြန်တော့ လည်း ကိုယ့်ကိုကိုယ် သတ်သေတာတွေ၊ လုယက်မှုတွေ၊ ဆန္ဒပြမှုတွေ ထပ်ဖြစ်လာမှာပေါ့။
ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုကတော့ မွဲပြီးရင်းမွဲရင်းပဲ ထပ်ဖြစ်လာမှာပေါ့။ စောစောကပြောတဲ့ ထွက်ပေါက်တွေကို လိုက်လုပ်ကြတာတွေ များလာမှာပေါ့။
ဒေါ်လာဈေးအတက်အကျကြမ်းတာကြောင့် လူအနည်းစုအတွက် ကောင်းကျိုးတွေ ဖြစ်လာပေမယ့် လူအများစု အတွက်ကတော့ ဆိုးကျိုးတွေပဲ ဖြစ်လာနိုင်ပါတယ်။ ပို့ကုန်သမားတွေနဲ့ လက်ဝါးကြီးအုပ် သမားတွေအတွက် ကုန်ဈေးနှုန်းကို ကြိုက်သလို ဆွဲတင်လို့ရပြီပေါ့။ ဒေါ်လာဈေးတက်လာပြီး ကုန်ဈေးနှုန်းတက်လာချိန်မှာ အလုပ်သမား တွေကို လုပ်ခလစာတွေ တိုးပေးမယ် ဆိုရင်တော့ ကောင်းတာပေါ့။ တိုင်းပြည်က လူ အများစုနဲ့ အနည်းစုမှာ လူအများစုက တိုင်းပြည် ဝန်ထုပ်ဝန်ပိုးတွေ ကို ပုခုံးထမ်းပေးရမယ့် အနေအထားဖြစ်နေတယ်။
ဒေါက်တာ အောင်ကိုကို (စီးပွားရေးပညာရှင်)
ဒေါ်လာဈေး ထိုးတက်တာကို စီးပွားရေးအမြင်အရ အကျိုးသက်ရောက်မှုတွေကို ကြည့်မယ်ဆိုရင်တော့ အချက် ၄ ချက်ရှိ တယ်။ ဒေါ်လာဈေး အတက်အကျတွေကြောင့် ပို့ကုန်ဘယ်လောက်ထိ တိုးတက်လာသလဲ။ ပို့ကုန်အမျိုးအစားတွေ ပြောင်းလဲမှု ရှိသွားသလား။ သွင်းကုန်ဈေးနှုန်းတွေ တက်လာတဲ့အပေါ်မှာ စားသုံးသူတွေရဲ့ လက်လီ ဈေးနှုန်းတွေမှာ ဘယ်လောက်ထိ ပြောင်းလဲမှု ရှိ၊ မရှိ။ ပြောင်းလဲမှု ရှိ၊ မရှိဆိုတာက ဈေးတက်သွားတာကတော့ တက်သွားတယ်၊ ဘယ်လောက်ထိ တက်သွားသလဲ။ ပို့ကုန်နဲ့ သွင်းကုန် အချိုးအစားက နောင်လာမယ့် အခုဖြစ်သွားတဲ့ ပြောင်းလဲပြီး ဖြစ်ပေါ်လာတဲ့ ပို့ကုန်၊ သွင်းကုန် အချိုးအစားဟာ နောင်ဖြစ်လာမယ့် ဒေါ်လာ လဲလှယ်နှုန်းပေါ်မှာ ဘယ်လို ဖြစ်တည်စေမလဲ ဆိုတဲ့ အချက် ၄ ချက်လိုတယ်။
ဒေါ်လာဈေးကို တက်ဖို့လိုတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျ ကျနော်တို့ မသိရဘူး။ တချို့ကကြတော့ ပို့ကုန်တွေ လျော့နည်းလာလို့ဆိုတဲ့ အကြောင်းပြချက်ကို ပြောတယ်။
တချို့ကြတော့လည်း ကျပ်ငွေ မာလို့တဲ့။ ငွေမာတယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက ကောင်းနေရမှာပေါ့။ အခုက အဲဒီလိုလည်း မဟုတ်ဘူး။ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက စားသောက်ကုန်စည်ဈေးနှုန်းတွေ တက်လာတဲ့အတွက် ဝယ်ယူနိုင်လိုအား ကျသွားမှာပေါ့။ ပြည်သူတွေက ဒေါ်လာဈေး အတက်အကျကြောင့် ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူး။
ကောင်းကျိုး၊ ဆိုးကျိုးတွေမှာ စောစောက ပြောတဲ့ အချက် ၄ ချက်ပေါ်မူတည်တယ်။ အခုက ဒေါ်လာဈေးဟာ ဘယ်လောက်ထိ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေရမယ့် အခြေအနေမှာ ဖြစ်နေမယ်။ ဗဟိုဘဏ်က တိုင်းပြည်ရဲ့ လက်ရှိ Micro စီးပွားရေးအနေအထားကို ဘယ်လို ပြုပြင်သုံးသပ်ပေးမလဲ၊ ဒါတွေက သူတို့ရဲ့ သုံးသပ်ချက်တွေ ပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။
ဦးချစ်ခိုင် (မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ)
ဒေါ်လာဈေး အတက်အကျကြမ်းတာကို စီးပွားရေးအရ ကောင်းတယ် မကောင်းဘူးဆိုတာကို တသမတ်တည်းတော့ တွက်လို့မရဘူး။ ကိန်းဂဏန်းတွေကိုပါ သိမှ ပြောလို့ရမှာ။ သွင်းကုန်လုပ်နေသူ ဘယ်လောက်ရှိတယ်၊ ပို့ကုန် လုပ်နေတဲ့ သူ ဘယ်လောက်ရှိတယ် ဆိုတာသိမှ အတိအကျ ပြောလို့ရမှာလေ။ ဘယ်ဟာက ပိုများသလဲပေါ့။
အဓိကကတော့ ထွက်ကုန်ဆိုရင် လယ်ယာထွက်ကုန်နဲ့ ရေထွက်ပစ္စည်းပေါ့။ အဲဒါတွေက အခုဒီ ဘဏ္ဍာရေးနှစ်မှာ အခုချိန်ထိတော့ ဒီလုပ်ငန်းကို လုပ်ကိုင်သူ ၃၇၀၊ ၃၈၀ ရှိတယ်လို့ သိရတယ်။ သွင်းကုန်မှာ အခြေခံစားသောက်ကုန်နဲ့ တခြားဟာတွေပေါ့။ ဒါတွေကို လုပ်ကိုင်သူတွေကြတော့ ၁၀၀ ကျော်နဲ့ ၂၀၀ နီးပါးလောက်ရှိတယ်လို့သိရတယ်။ ဒီအချိုးအစားကို ကြည့်ရင် ထွက်ကုန်တွေက အချိုးအစားပိုများတဲ့အတွက် အကျိုးသက်ရောက်မှု ပိုရှိနိုင်မယ်လို့ ခန့်မှန်းလို့ရတယ်။
ဒါပေမယ့် ထင်သာမြင်သာ သိသာလွယ်တဲ့ အခြေခံစားသောက်ကုန်နဲ့ တခြားဆေးဝါးတို့အပြင်၊ စားသုံးဆီတွေပါ ဈေးတက်သွားတာတွေက ပိုပြီး ထင်သာမြင်သာရှိတယ်။ ဒီတော့ ထင်သာမြင်သာ ရှိတယ်ဆိုတော့ ထိခိုက်တယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် ထင်သာမြင်သာမရှိပေမယ့် အချိုးများတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေနဲ့ ရေထွက်ပစ္စည်းတွေကြတော့ အရေအတွက်များလို့ အကျိုးသက်ရောက်မှုက ချက်ချင်း သက်ရောက်မှု မရှိဘူး။ တဖြည်းဖြည်းနဲ့မှ သက်ရောက်နိုင်မှာပေါ့။ ကိန်းဂဏန်း အချိုးအစအားဖြင့် ထွက်ကုန်ကသာနေလို့ ထွက်ကုန်ကတော့ အကျိုးရှိနိုင်လိမ့်မယ်လို့ထင်တယ်။
လတ်တလော အခြေအနေအရတော့ အခြေခံ စားသောက်ကုန်တွေ ဈေးတက်သွားတော့ ပြည်သူတွေ အတွက် မကောင်းဘူး လို့ သုံးသပ်ကြတာပေါ့။ တဖက်ကကြည့်တော့လည်း ပို့ကုန်ဘက်က ကြည့်ရင် လယ်ယာထွက် ကုန်ထုတ် လုပ်သူတွေနဲ့၊ ရေထွက် လုပ်ငန်းလုပ်သူတွေရဲ့ ပမာဏက ပိုများတဲ့အတွက် သူတို့ရဲ့ ဝင်ငွေတွေ ပိုများလာတဲ့အတွက် တဖြည်းဖြည်းနဲ့ ကောင်းလာမယ့် အနေအထား ရှိတယ်လို့သုံးသပ်မိတယ်။
ဒေါ်လာဈေးက အခုလို အတက်အကျကြမ်းတာကတော့ မကောင်းဘူးပေါ့။ အခြေခံ လူတန်းစားတွေဖြစ်တဲ့ ပြည်သူ အများစုအတွက် ထိခိုက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဒေါ်လာဈေးက ၉၀၀ နဲ့ ၁၀၀၀ ကြားမှာ ငြိမ်နေမယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက်မျှပြီး အကျိုးရှိမယ်လို့ထင်ပါတယ်။
ဦးဝင်းအောင် (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ)
ဒေါ်လာဈေး အတက်အကျကြမ်းတာကြောင့် ကောင်းတာ တခုမှ မရှိဘူး။ စီးပွားရေး လုပ်ကိုင်တဲ့အခါ ကြိုတင်ခန့်မှန်းနိုင်မှု အနေအထား ခက်တဲ့အတွက်ကြောင့် အကာအကွယ်ကို လိုအပ်တာထက် ပိုယူရတဲ့အတွက် သာမာန်လုပ်ငန်း လုပ်ရသလို တည်ငြိမ်မှုရှိရှိနဲ့ လုပ်ကိုင်လို့ မရဘူး။
တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုကျတော့ စောစောက ဖြေထားသလို စားသုံးသူအတွက်လည်း မကောင်းဘူး။ ရင်းနှီး မြှုပ်နှံသူတွေအတွက်လည်း မကောင်းဘူး ထုတ်လုပ်သူတွေ အတွက်လည်း မကောင်းဘူး။ ထုတ်ကုန်လုပ်တဲ့သူတွေ အတွက်လည်း မကောင်းဘူး။ လုပ်ငန်းရှင်တွေအတွက်လည်း မကောင်းဘူး။ ဒီတော့ ဒါတွေဟာ ပြည်သူတွေပဲ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် လုံးဝမကောင်းဘူး။
ကောင်းကျိုးနဲ့ ဆိုးကျိုးကြတော့ လုပ်ငန်းကိုင်ငန်းလုပ်လို့ရတဲ့ ငွေလဲနှုန်းတရပ်မှာ တည်တည်ငြိမ်ငြိမ်လေး ရှိတာက အကျိုးရှိမှာပေါ့။ အဲဒီတော့ လုပ်လို့ကိုင်လို့ရတဲ့ နှုန်းထားမှာ တည်တည်ငြိမ်ငြိမ် မရှိဘဲနဲ့ အလွန်အမင်း မတည်မငြိမ်မှုတွေ ကျလိုက် တက်လိုက် ဖြစ်နေတာမျိုးဆိုရင် တိုင်းပြည်က လုပ်ငန်းကိုင်ငန်း လုပ်ရသူတွေအတွက် ထိခိုက်နိုင်တာပေါ့။
ဒေါက်တာ မောင်မောင်လေး (စီးပွားရေးလုပ်ငန်းရှင်)
ဒေါ်လာဈေးက အခုတလော အတက်အကျ ကြမ်းနေတယ်။ စီးပွားရေးအရ ဒီလို ဒေါ်လာဈေး အတက်အကျ မမှန်တာနဲ့၊ ကြမ်းတာ မကောင်းဘူး။ လုပ်ငန်းရှင်တွေက ငွေကြေးတန်ဖိုးတွေနဲ့ ပတ်သက်လို့ ပစ္စည်းတခုကို ဝယ်ရင် မြတ်မလား ရှုံး မလား ဆိုတာကို ခန့်မှန်းရတဲ့ အခြေအနေ ရှိတာမယ်။ ဒီတော့ ဈေးနှုန်းသတ်မှတ်ချက်တွေက အရေးကြီးတယ်။
သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ လူအများစုကတော့ ဒေါ်လာဈေး တက်တာကို မကြိုက်ကြဘူးပေါ့။ ထုတ်ကုန်လုပ်ငန်းရှင်တွေကျတော့ ကြိုက်ကြတယ်။ သူတို့က မြန်မာငွေ တန်ဖိုးကျမှ ကမ္ဘာကို ယှဉ်နိုင်မယ်ဆိုပြီး သဘောကျကြတယ်။ လူအများစုက ဒေါ်လာဈေး တက်တာကို မကြိုက်ဘူး။ ဘာလို့လဲဆိုရင်တော့ ဓါတ်ဆီ၊ ဒီဇယ်ဆီတွေကို နိုင်ငံခြားငွေနဲ့ ရှင်းရတယ်။ ဒီတော့ တခြား ကုန်ဈေးနှုန်းတွေလည်း လိုက်တက်သွားတယ်။
တိုင်းပြည်မှာ ငွေရေးကြေးရေးက အရမ်းကြီး အတက်အကျ မရှိဘဲ ပုံမှန်လေးပဲ သွားနေတာ ကောင်းတယ်။ ငွေကြေး အတက်အကျကို ထိန်းသိမ်းတာကြတော့ ဗဟိုဘဏ်နဲ့ပဲ ဆိုင်တာပေါ့။ တခါတလေတော့ ဗဟိုဘဏ်ကတောင် ထိန်းသိမ်းလို့မရတဲ့ အပိုင်းတွေ ရှိတတ်တယ်။ ဒါဆိုရင်တော့ တိုင်းပြည်အတွက် သိပ်မကောင်းဘူး။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း တွက်ရချက်ရတာ မှားသွားနိုင်တယ်။ ငွေကြေးတန်ဖိုး တည်ငြိမ်မှ သူတို့အတွက် တွက်ခြေ ကိုက်မယ်၊ မကိုက်ဘူး၊ ရင်းနှီးမြှုပ်နှံသင့်တယ်၊ မသင့်ဘူး ဆိုတာကို တွက်လို့ရမှာလေ။ တိုင်းပြည် ငွေရေးကြေးရေးက မမှန်တော့ သူတို့တွက်ရခက်ပြီး အမှားတွေ ဖြစ်လာနိုင်တယ်။ ဒါက Macro System ကို ပြတာပေါ့နော်။ တိုင်းပြည်က မဖွံ့ဖြိုးတော့ ပိုဆိုးသွားတာပေါ့။
ပြည်သူတွေ အတွက်ကတော့ ဓါတ်ဆီ၊ ဒီဇယ်ဈေးနှုန်းတွေ တက်လာတဲ့အတွက် အခြားကုန်ဈေးနှုန်းတွေ၊ ဥပမာ အခြေခံ စားသောက်ကုန်တွေကအစ မြင့်တက်လာတာတွေဖြစ်လာတယ်။ အခုလို ကုန်ဈေးနှုန်းတွေ တက်လာတော့ မကောင်းဘူး။ ပြည်သူတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တာပေါ့။ အရင်က တချို့တွေ ခန့်မှန်းကြတာကတော့ သွင်းကုန်လောက်ပဲ ဈေးတက်မယ်လို့ ထင်ထားကြပေမယ့် အခုတော့ အဲဒီလိုမဟုတ်ဘဲ အခြား ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာတာကို တွေ့ရတယ်။ ဒီတော့ ပြည်သူတွေအတွက် မကောင်းဘူးပေါ့။ စားသုံးသူတွေ၊ အခြေခံ ပြည်သူတွေ အတွက် ဝန်ထုတ်ဝန်ပိုးတွေ ပိုဖြစ်လာရတာပေါ့။
ဒေါ်လာဈေး မြင့်တက်လာတာ၊ ဒေါ်လာဈေး အတက်အကျကြမ်းတာကြောင့် မတည်ငြိမ်မှုကို ဆိုးကျိုးကို ပိုဖြစ်လာနိုင်တယ်။ ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုများနိုင်တယ်။ ငွေရေးကြေးရေးကို အာမခံချက် သိပ်မရှိတဲ့ ပုံစံမျိုးဖြစ်နေပြီး အလုပ်အကိုင်ကလည်း လုပ်ရကိုင်ရခက်တော့၊ တော်တော်လေးကို စဉ်းစားကြရတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဘယ်ငွေကြေးနဲ့ ဘယ်လိုတွက်မလဲဆိုတာကို မှားသွားနိုင်တယ်။ ဒါကြောင့်မို့ မကောင်းတာ ပိုများတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒေါ်လာဈေး ဒီလိုအတက်အကျကြမ်းတာ၊ ဒေါ်လာဈေး မတည်ငြိမ်တာကို မကြိုက်ဘူး။ ။